သစ်ဆွေးအိမ် – ညိုခက်ကျော်

kaiAugust 10, 20111min13912
မှောင်မည်းတိတ်ဆိတ်သော အခန်းကျဉ်းကလေးထဲမှာ အသက်ကို တပင်တပန်း ရှူရှိုက်နေရစဉ် ညတိုင်း ချောက်ချားနေရမြဲဖြစ်သော အသံတို့က တဖျတ်ဖျတ်နှင့် နားထဲသို့ ဆိုးဆိုးရွားရွား ဝင်ရောက်လာသည်။ ဒါ … အဲဒီအသံ။ ဘုရား ဘုရား … လူ့ဘဝမှာ အသက်ရှင်နေထိုင်ရစဉ် ခဏလေးမှာ အဲဒီအသံတွေက ဘာဖြစ်လို့ ညစဉ်လို လိုက်ပြီး နှိပ်စက်နေရတာလဲ။ လူတဦးတယောက် ဒဏ်ရာတွေ ဗရပွနဲ့ ဒယိုင်းဒယိုင် ပြိုလဲနေတဲ့အ ချိန်မှာ အဲဒီသတ္တဝါတွေက ဒီလောက် နားဝင်ဆိုးလှတဲ့ အသံတွေမျိုးစုံ အော်ဟစ်ပြပြီး ပျော်ရွှင်မြူးထူးပြနေဖို့ မကောင်းဘူးဟု ထင်ပါသည်။ သူတို့မှာ ဦးနှောက်လည်းမရှိ၊ နှလုံးသားလည်း မရှိ၊ ဒါကြောင့် ကိုယ်ချင်းစာတ ရားရှိကြောင်းလည်း စိုးစဉ်းမျှ မျှော်လင့်နေစရာမလို။

ထို့အပြင် သူတို့မှာ (သူတို့ကိုလည်း ရန်မပြုပါဘဲနှင့်) လူတွေကို ရောဂါပိုးပေါင်းများစွာ လှလှပပလေး မသိမ သာကလေး ဖြန့်ဝေပေးနိုင်စွမ်းလည်းရှိကြသေးသည်။ သူတပါး ပင်ပန်းကြီးစွာ ချက်ပြုတ်ထားသော အစားအ စာပေါင်းများစွာကို ခိုးယူတမျိုး၊ ပြောင်တမျိုးနှင့် မြိန်ရေရှက်ရေ တဝတပြဲ စားသောက်ပြီးနောက် အဲဒီပန်းကန် အိုးခွက်ထဲမှာပဲ မစင်စွန့်ခဲ့ကြ၊ ဥတွေ ဥချခဲ့တတ်ကြတဲ့ သူတို့ဟာ ဟောဒီလောကကြီးထဲက ၃၁ ဘုံ သတ္တဝါ တွေထဲ စာရင်းရှိနေဖို့ မကောင်းပါ။ “သားရေပေါ်အိပ် သားရေနားစား” ဆိုတဲ့ စကားပုံဟာ သူတို့တွေအတွက် အထိုက်တန်းဆုံး ဆုလာဘ်တခုဖြစ်မည်။

ဟော … ကြည့်။ ကျွန်မရဲ့ခြင်ထောင်ထောင့်စွန်းနားဆီ သူတို့ ဝဲပျံလာကြပြီ။ ကျွန်မ ကြားဖူးတဲ့ စကားပုံတခု ရှိတယ်။ Fight or Fly တဲ့။ ရယ်စရာကောင်းလိုက်တာ။ ကျွန်မမှာ တွန်းလှန်ရန် ကျွန်မရဲ့လက်တွေက လှုပ်မ ရအောင် နာကျင်ကိုက်ခဲနေပါတယ်။ ပြေးရန် ခြေထောက်တွေကလည်း မွေးစကလို မသန်စွမ်းတော့ပါ။

အို … ပြေးတယ်ဆိုတာ ကျွန်မရာဇဝင်မှာ ဘယ်တုန်းကများ ရှိခဲ့လို့တုန်း၊ ဘယ်တော့မှ မပြေးဘူး။ လေးဘက် နာဒဏ်ရာနှင့် တီဘီအဆုတ်ရောဂါဒဏ်တို့ ပေါင်းစည်းခံနေရသော မိန်းမတယောက်အတွက် ထွက်ပေါက် အားလုံးသည် နံရံထူထူ ပိတ်ပိတ်ကြီးတွေသာ ဖြစ်လိမ့်မည်။ အမှန်စင်စစ် သူတို့သည် ဗီဇအားဖြင့် ပျံသန်း သော သဘာဝအစဉ်မရှိကြပါ။ သူတို့နှင့် အမြင့်ပေါ်ဝေ့ဝဲနေ ပျံသန်းနေခြင်းတို့ တစက်ကလေးမှ လိုက်ဖက်ညီ မျှခြင်း မရှိကြပါ။ သို့သော် မိတ်လိုက်ပျော်မြူးကြသောအခါများနှင့် ရာသီဥတု ဆိုးရွားသောအခါများတွင်တော့ အရှိန်ခပ်ပြင်းပြင်းနှင့် ဟိုဒီပျံသန်းကြပါသည်။ နောက်ပြီး သူတို့မှာ ကျွန်မချစ်သော ငှက်ကလေးတွေလို လှပ နူးညံ့စွာ၊ ကျွမ်းကျင်စွာ ပျံသန်းနိုင်စွမ်းလည်းမရှိကြပါ။ တစုံတရာကို ကြောက်ရွံ့ထိတ်လန့်သဖြင့် ကမူးရှူးထိုး ပျံသန်းခြင်းမျိုး သို့မဟုတ် ရန်သူကို မာန်ဖီပြီး ဒေါသအာဃတတွေနဲ့ တိုက်ခိုက်မယ့် ပျံသန်းပုံမျိုး။ သူတု့ိကိုယ် သူတို့တော့ အင်မတန် မြင့်မြတ်ဂုဏ်ယူစရာကောင်းတဲ့ သတ္တဝါတွေလို့ ထင်ချင်ထင်နေမှာ။ နောက်ပြီး လေ ထဲမှာ စက္ကန့်ပိုင်းလေးလောက်ပဲ ဟန်ရေးပြပျံသန်းပြီး တွေ့ရာ အရာဝတ္ထုတွေပေါ် ဘုတ်ခနဲ ပြုတ်ကျလိုက်၊ စ တိုင်ကျကျ နားနေလိုက်၊ နောက်မှ အရှိန်ယူပြီး ထပ်ပျံလိုက်နဲ့ ဆတ်တောက် ဆတ်တောက် နိုင်တာမျိုးကို လည်း သူတို့မေ့ချင် ယောင်ဆောင်ထားကြမှာပါပဲ။ ဟော … လွန်လာပြန်ပြီ။ သူတို့ရဲ့ နံစော်ဆိုးရွားလှတဲ့ အ နံ့အသက်တွေ ပျံ့လွင့်လာပြီ။

ကျွန်မ အသက်ငယ်ငယ်က အကြောက်ဆုံးသတ္တဝါမှာ တီကောင်ဖြစ်သည်။ သို့သော် လူတွေ ဆားနှင့် ပက် လျှင်တောင် ဘာတခုမှ ရန်မူခြင်းမပြုဘဲ တွန့်လိမ်ကွေးကောက်ကာ သေဆုံးသွားရရှာသော တီကောင်သည် ကျွန်မအတွက် ရန်သူမဟုတ်မှန်း တဖြည်းဖြည်းချင်း သိလာခဲ့သည်။ ကျွန်မကို အမြဲတစေ ရန်လိုနေသော သတ္တဝါတို့သည် ညိုညစ်ညစ်အဆင်းရှိကြ၏။ ရန်သူဖြစ်စေ၊ အစာဖြစ်စေ ဦးစွာထိုးထွင်း သိရှိနိုင်သော ဦးမှင် တစုံလည်း ပိုင်ဆိုင်ကြ၏။ မျက်စိနှင့်ဆက်လျက် ဦးခေါင်းကို သူတပါးရန်မှ ကာကွယ်နိုင်စွမ်းသော အကြေးခွံ လိုမျိုး ခပ်မာမာအခွံတခုလည်း ရှိ၏။

သူတို့၏ အမွေးအမှင်တွေ တွယ်ကပ်နေသော ခြေခြောက်ချောင်းသည် ပတ်ဝန်းကျင်အခြေအနေကို လိုက်ပြီး နှေးနှေးတဖုံ၊ မြန်မြန်တမျိုး ပြုမူလှုပ်ရှားတတ်ကြ၏။ နောက်ပြီး လူ့လောကတခုလုံးအတွက် ကြောက်လန့်စ ရာကောင်းလှသည့် ရောဂါပိုးပေါင်းမြောက်မြားစွာကိုလည်း သူတို့လည်ပင်းထဲရှိ တံတွေးအိတ်ထဲတွင် တနင့် တပိုးကြီး ပြွတ်သိပ်စွာ သိုလှောင်ထားကြသည်။

သူတို့ကို ‘ပိုးဟပ်’ဟု ခပ်တိုတိုခေါ်ဆိုကြသော်လည်း ကမာ္ဘ့ဇီဝဗေဒပညာရှင်ကြီးက Periplaneta Americana ဟု ရှည်လျားစွာ အမည်ပေးသတ်မှတ်ထား၏။ နောက်ပြီး သူတို့၏မျိုးပေါင်းစုနှင့် မျိုးပေါင်းတို့ကို Arthropoda နှင့် Insecta ဟု တခမ်းတနား သတ်မှတ်ပေးထားပြန်၏။ သိပ္ပံပညာရှင်ကြီးတွေကို သူတို့ အကျိုးပြုမပြုတော့ ကျွန်မ မသိပါ။ သူတို့ ကျင်လည်စားသောက်နေသော ကျွန်မတို့၏ သစ်သားအိမ်ကလေးကတော့ သူတို့ရဲ့ ဒဏ်တွေကို တစိမ့်စိမ့် ခံစားနေရဆဲ။ အိမ်ထောင်ဦးစီးလည်းဖြစ်၊ တအိမ်လုံးမှာ အသက်အကြီးဆုံးလည်းဖြစ် သော ကျွန်မ၏ ကြီးတော်သည် သူနေထိုင်ရာ အိပ်ခန်းနှင့် အိမ်ရှေ့ဧည့်ခန်းကိုသာ လှသည်ထက်လှအောင် တခမ်းတနား ပြင်ဆင်ပြီး အိမ်နောက်ဖေး မီးဖိုချောင်နှင့် ကျွန်မအခန်းကျဉ်းလေးထဲရှိ သတ္တဝါတွေကို တချက် မှ လှည့်မကြည့်ဘဲ မသိချင်ယောင်ဆောင်နိုင်လွန်းတာကတော့ ဝမ်းနည်းစရာကောင်းလှပါသည်။

ကျွန်မ ဖေဖေနှင့် မေမေ အသက်ရှင်စဉ်က ကျွန်မတို့၏ အိမ်ကလေးသည် ထိုသတ္တဝါများ တကောင်မျှပင် မရှိ ဘဲနှင့် သပ်ရပ်သန့်ရှင်းလှပခဲ့ပါသည်။ ဖေဖေ၊ မေမေ၊ အစ်ကိုကြီး၊ ကျွန်မ၊ မောင်လေး မိသားစု ငါးယောက် သာနေထိုင်သော အိမ်ကလေးသည် နောင်နှစ်ပေါင်းများစွာကြာသောအခါ ခုလို ရှုပ်ပွပျက်စီးလာလိမ့်မည်ဟု ဖေဖေနှင့် မေမေ တွေးကြည့်ခဲ့ဖူးပါသလား။ နောက်ပြီး ကျွန်မတို့ ပိုင်ဆိုင်သော ခြံဝင်းကြီးသည် ကြီးတော် ဖဲ့ဖဲ့ ရောင်းစားခဲ့သော ခေါင်းရင်းမှ မြေကွက်သုံးကွက်၊ ခြေရင်း မြေတကွက်၊ အိမ်နောက်ဖေး စက်ရုံမြေတကွက် တို့ အပါအဝင် ကျယ်ပြန့်သာယာခဲ့ပါသည်။

ကျွန်မမိဘများ ကွယ်လွန်ပြီးချိန်၌ ကျွန်မ တသက်လုံး မျှော်လင့်မထားခဲ့သော မိစာ္ဆသတ္တဝါများသည် မည် သည့်နေရာဒေသကို အမှီသဟဲပြုပြီး ရှင်သန်ပေါက်ပွားခဲ့ကြပါသလဲ။ နောက်ပြီး သူတို့ကို တချက်ကလေးမှ အနှောင့်အယှက်မပြုခဲ့သော အိမ်ကလေးကို အဘယ့်ကြောင့် အမျက်ရန်ငြှိုးကြီးမားစွာဖြင့် ညစ်ထေးအကျည်း တန်စေခဲ့ရပါသလဲ။ အချို့သော သဘာဝတရားပြောင်းလဲမှုများသည် သက်ရှိသတ္တဝါပေါင်းများစွာကို ဖန်တီး ပေါက်ပွားပေးနိုင်ကြောင်းတော့ ကျွန်မ ကြားဖူးသည်။ ဥပမာ – သစ်သားတွေ ရေစိုဆွေးမြည့်လျှင် ခြကောင် တွေ ပေါက်လာတာမျိုး၊ ထိုသို့သော သဘာဝတရားသည် ဤမျှ နှောင့်ယှက်ရန်မူတတ်သော အကောင်ဗ လောင်တွေကို ကမာ္ဘမြေကြီးအတွက် ဆု တစ်ဆုအဖြစ် မပေးအပ်နိုင် ဟု တော့ ယုံကြည်ရာ၏။ ဒါဆို အပြစ် တခုအဖြစ်လား။

သူတို့ ကျွန်မထံသို့ စတင်ဝင်ရောက်ချဉ်းကပ်ပုံက ဘယ်လိုမှ မရိပ်မိနိုင်အောင် လိမ္မာပိရိကြ၏။ ကျွန်မ စတွေ့ စက တကောင်တည်း။ တကယ့်ကို တကောင်တည်းမှတကောင်တည်း။ တသက်လုံး ဥပုသ်စောင့် သတ်သတ် လွတ်စားထားတဲ့ သတ္တဝါတကောင်လို။ နောက်ပြီး သူတို့ရဲ့ပျံသန်းနိုင်တဲ့ စွမ်းရည်တွေကို ခြေသံလုံလုံနဲ့ အ တောင်ပံတွေအောက်မှာ တိတ်တိတ်ကလေး သိုဝှက်လို့။ တွေ့စက ခုလို မီးဖိုချောင် ဟင်းအိုးတွေနား၊ ကြောင် အိမ်ထဲ၊ ထမင်းစားပွဲ၊ ကျွန်မ၏ အိပ်ခန်းတွေထဲမှာမဟုတ်။ နောက်ဖေးစတိုခန်းထဲက မီးသွေးခြင်းတွေကြား မှာ။ မောင်လေးက မီးသွေးယူရင်း “မမရေ … ဒီမှာ လာကြည့်စမ်း” ထိတ်လန့်တကြား အော်သံကြောင့် အိမ် ရှေ့ပန်းပင်စိုက်နေတဲ့ ကျွန်မ အပြေးအလွှား သွားကြည့်တော့ မီးသွေးခြင်းတွေကြားမှာ ပိုးဟပ်တကောင် …။

သိပ်ပြီး မထူးဆန်းလှပေမယ့် အကောင်ဗလောင်တွေ ကင်းမဲ့တဲ့ ကျွန်မတို့အိမ်က မောင်နှမတွေအတွက်တော့ နည်းနည်း အံ့ဩစရာပေါ့နော်။ အံမယ် … ကိုယ်တော်ချောက ခပ်တည်တည်။ တချက်မှ မလှုပ်။ မောင်လေးက “လွှတ်ပစ်လိုက်မယ်နော်” ဆို သူ့ ဦးမှင်က ဆွဲလိုက်တော့တောင် ကျွန်မက စေတနာဗရပွနဲ့ “မောင်မျိုးရယ် … သူ့ဟာသူ နေပါစေ၊ သေသွားဦးမယ်၊ ငါတို့ကို ဒုက္ခပေးတာမှ မဟုတ်တာ” ဆိုပြီး တားမြစ်ခဲ့သေး။ အဲဒါ ပြောတာပေါ့၊ ခြေနှစ်ချောင်းလည်း မကယ်ကောင်းဘူးတဲ့၊ ခုတော့ ခြေခြောက်ချောင်း ကယ်မိတဲ့ ကျွန်မ ခံ ပေရော့ပဲ။ ဒီလိုနဲ့ သိပ်မကြာလိုက်ပါဘူး။ နောက်သုံးလေးလလည်း ကြာရော ခြေခြောက်ချောင်းကနေ ခြေအ ချောင်း ခြောက်ဆယ်ဖြစ်လာ၊ နောက်ကျ အချောင်းခြောက်ရာနား ကပ်လာပါလေရော။ ကျွန်မတို့မောင်နှမ တွေ ဘယ်လောက်နုံအ,သနားတတ်သလဲဆိုရင် ရေချိုးခန်းအထွက်ရေမြောင်းထဲမှာ မျောပါသွားတဲ့အကောင် တကောင်ကိုတောင် ကမန်းကတန်း လိုက်ဆယ်မိပေးသေးရဲ့။ နောက် ခြောက်လကြာလို့ ကျွန်မ သိလိုက်ရ တာကတော့ လောကမှာ ကြောင်တွေတင်မဟုတ်ပါဘူး လက်သည်းဝှက်တတ်တဲ့ တခြားသတ္တဝါတွေလည်း အများအပြား ရှိနေပါသေးလားဆိုတာပါပဲ။

သူတို့သည် နေ့ဘက်မှာထက် ညဘက်မှာ ပို၍ သွက်လက်စွာ လှုပ်ရှားတတ်၏။ ဒါလည်း လောကနိယာမတခု ပါပဲ။ အမှောင်ဆိုတာ ဘယ်သူ့ကိုမဆို လုပ်ချင်ရာ လုပ်ခွင့်ပေးထားတာပါပဲ။ သူတို့ဟာ မှောင်ရိပ်ခိုကြရုံတင် အားမရလှဘဲ လောကတခုလုံးကို မှောင်ရိပ်ချပစ်ချင်တဲ့ သတ္တဝါတွေလေ။ တကယ်ပြောတာပါ။ သူတို့တွေ တစုတဝေးနဲ့ တဖျတ်ဖျတ် ပျံသန်းကြပြီဆို ကျွန်မတို့ရဲ့မီးဖိုတခန်းလုံး မှောင်ခနဲ မည်းသွားတာပဲ။ အစက သူ တို့လူပါးမဝခင် (ပိုးဟပ်ပါး မဝခင်ဆိုပါစို့) က ကြီးမေ ကြော်ပြီး ပစ်စလက်ခတ် ပစ်သွားတဲ့ ကြက်ဥခွံတွေထဲ ခေါင်းကလေး အသာထိုးပြီး ကြည်ဥရည် အကျန်အကြွင်းတွေကို ဟိုကြည့်ဒီကြည့်နဲ့ တစိမ့်စိမ့်စုပ်ယူကြတယ်။ အဲ … လူလာပြီဆိုရင်တော့ မသိမသာလေးနဲ့ ဘာမှမဟုတ်ခဲ့သလို ချောင်တချောင်ထဲ ပြေးဝင်ပုန်းခိုလိုက်ကြ တယ်။ နောက် လူလစ်တာနဲ့ ဗြုန်းခနဲ ပြန်ထွက်လာကြပြီး ပြန်စားသောက်ကြမယ်။

ဒါနဲ့ ကျွန်မတို့ကလည်း အမှတ်တမဲ့ပေါ့။ လူ အသုံးမလိုတဲ့ အမှိုက်တွေ စားချင်စားကြပါစေပေါ့လေ။ နောက် တပတ်လည်းကြာရော မီးဖိုချောင်မှာ ကြောင်လေးတွေ ကျွေးဖို့ ပုစွန်ခြောက်နဲ့ နယ်ထားတဲ့ ထမင်းတွေကို ခိုး စားကြပြန်တယ်။ ကြောင်တွေ လာပြီဆိုရင်တော့ ပြေးတတ်လိုက်ကြတာ ကမာ္ဘ့မာရသွန်သမား ဖိုင်ဒစ်အီဒစ် ကတောင် ထိုင်ငိုရလောက်တယ်။ ဒီလိုနဲ့ပဲ သူတို့က ခိုးစားလိုက် ပြေးလိုက် သံသရာလည်နေတယ်ပေါ့လေ။ သနားတော့ သနားစရာပါပဲ။ သူတို့အနေနဲ့လည်း ပိုင်ရှင် မသိအောင် ခိုးရပြေးရနဲ့ မောချင်မောမယ်ပေါ့။ ပျင်း စရာလည်း ကောင်းချင်ကောင်းလာမယ်ပေါ့လေ။ ကျွန်မ သနားလို့ပဲ မဆုံးချင်သေးဘူး။ သူတို့က နောက်ထပ် ပြဇာတ်အသစ်တပုဒ် ကကြပြန်ပြီလေ။

ညလယ်လောက် နောက်ဖေးအိမ်သာ ထအသွား ဟင်းအိုးတွေတင်ထားတဲ့ စင်ပေါ်မှာ အား လား လား … မြင်ရက်စရာမရှိလောက်အောင် အိုးအဖုံးက တဝက်ပွင့်နေပြီ။ သူတို့စုစုပေါင်း ငါးကောင်က ဟင်းအိုးနှုတ်ခမ်း အတွင်းပိုင်းပတ်ပတ်လည်မှာ …။ ဘယ်လောက် ညစ်ပတ်စုတ်ပြတ်လိုက်ပါလိမ့်။ သူများတွေ နောက်နေ့ ထ မင်းဘူး ထည့်ဖို့ ဒီနေ့ မစားရက်ဘဲ ချန်ထားတဲ့ ဟင်းတွေ။ မနက် အစောကြီးတည်းက ထချက်ထားရတာ။ လက်နှစ်ဖက်က တပင်တပန်း ချက်ရပြီး ပါးစပ်ပေါက်များစွာက အမြိန့်သား ထိုင်စားနေတာ ဘယ်လောက်တ ရားမျှတမှု ကင်းမဲ့လိုက်လဲ။ ကြီးမေလား၊ အစ်ကိုကြီးလား၊ မောင်လေးလား … မဖြစ်နိုင်။ သူတို့က ညဘက် အိမ်သာ ထမသွားတတ်။ ဘုရား ဘုရား… ကြည့်စမ်းပါဦး၊ နောက်ထပ် ပိုးဟပ်ခြောက်ကောင်က ထမင်းစားပွဲ ပေါ်က အုပ်ဆောင်းကို ချီမနေပုံများ။ ဘုရားသခင်သည် အညွှန့်ခူးစားတတ်သော သတ္တဝါတွေကို ဘာကြောင့် ဒီလိုစွမ်းရည်ထူးတွေ ပိုင်ဆိုင်စေခဲ့ရပါသလဲ။

ကျွန်မက မနက်မိုးလင်းလို့ ကြီးမေကို ပြောပြတော့ ကြီးမေ မျက်လုံးတွေ ဆန်ကောလောက် ပြူးထွက်ပြီး “ညည်းနှယ်အေ … ဗီဒီယို သိပ္ပံခွေတွေ ကြည့်ပြီး ကယောင်ကတမ်းနဲ့၊ မဖြစ်နိုင်တာ …” ကျွန်မလည်း ဘာရမ လဲ ညဘက် ကြီးမေကို နှိုးပြီး မီးဖိုချောင်ထဲလည်း ခေါ်သွားရော သတ္တဝါကောင်တွေ ပွဲတော်ကြီး ကျင်းပနေ လိုက်ကြပုံများ။ အဲဒီနေ့က ဟင်းအိုးတွေ ကြောင်အိမ်ထဲသွင်းပြီးထားတော့ သူတို့ထမင်းစား စားပွဲပေါ်နဲ့ နံရံ တွေပေါ်မှာ ရှစ်ကောင်ကိုးကောက်လောက် ပြေးလွှားဆော့ကစားနေကြတာပေါ့။

ကြီးမေကတော့ ဧည့်ခန်းနဲ့ သူ့အကြွေးစာရင်းတွေက လွဲပြီး ဘာမှခေါင်းထဲမထည့်သူပီပီ “ဟဲ့ မီးဖိုထဲ ပိုးဟပ် ကြည့်တာ ဘာဆန်းလဲ မိတူးရဲ့၊ အလကား အိပ်ရေးပျက်တယ်”။ “မနက်ဖြန် ဈေးသွားရင် အဆိပ်မြေဖြူတွေ ဝယ်လာပြီး ကျွေးရင်ကောင်းမယ်နော် ကြီးမေ”။ “အို … ညည်းမု့ိ သူများအသက်ကို ကြံကြံဖန်ဖန် အေ၊ အကု သိုလ်ဆိုတာ သေရာပါတတ်တယ်ကွဲ့၊ ငါတို့အမျိုးတွေ ငါးပါးသီလ ဘယ်လောက်လုံကြတယ်ဆိုတာ ညည်းအ သိပဲ” ကြီးမေ၏ဆုံးမစကားနှင့် ကျွန်မ၏သနားလွယ်မှုတို့ကြောင့် ကျွန်မ၏အကြံအစည်မှာ စက္ကန့်ပိုင်းလောက် မှာတင် လေထဲလွင့်ပါသွားသည်။ ဒါပေမယ့် သူတို့တွေရဲ့ ကွေ့ပတ်လိမ်ကောက်မှုတွေကတော့ တစထက်တ စ ပိုမိုသိပ်သည်းလာခဲ့တယ်။

ကျွန်မ ပထမနှစ်သင်တန်းတုန်းက သူတို့ရဲ့ပြင်ပလက္ခဏာ၊ အစာချေအဖွဲ့အစည်း၊ မျိုးပွားအင်္ဂါစုတွေကို လက် တွေ့ လေ့လာဖြေဆိုခဲ့ရဖူးတယ်။ သူတို့ရဲ့ခန္ဓာကိုယ်ဟာ သူတို့ရဲ့အကျင့်ဗီဇနဲ့ တစက်မှမတူဘူး။ ကိုင်လိုက်ရင် အဆီတမျိုးနဲ့ ချောမွေ့နေပြီး ပျော့စိစိနဲ့။ နူးညံ့သယောင်ယောင်ပေါ့။ အဲဒီတုန်းက မေ့ဆေးပေးထားတဲ့ အ ကောင်တွေရဲ့ ဦးမှင်နှစ်ချောင်းကို ဘယ်ဘက်လက်ညှိုးနဲ့ လက်ခလယ်ကြား ညှပ်ကိုင်၊ ညာလက်က ကတ် ကြေးနဲ့ သူတို့အတောင်ပံတွေ ညှပ်ပစ်ရတာ ကျွန်မဖြင့် သနားလွန်းလို့ မျက်ရည်တောင် ကျမိပါသေးတယ်။ အရေခွံလည်း ခွာလိုက်ရော အမယ်လေး ဘယ်လောက်များ သူများ မသဒ္ဓါရေစာတွေ မျိုဆို့ထားကြတယ် မ သိဘူး။ အဖြူရောင်စနိုးလို အဆီတွေက ပြည့်လို့။ အဲဒါတွေကို ဇာဂနာနဲ့ ဆွဲဖယ်ရတာကလည်း အသည်းယား စရာ ကောင်းပါတယ်။ အင်မတန်လည်း ခေါင်းမာတဲ့ သတ္တဝါတွေ၊ ဦးနှောက်သာမရှိပေလို့၊ ဦးခေါင်းကို ကာ ထားတဲ့ အခွံကလည်း ဆွဲခွာရခက်လိုက်သည့်ဖြစ်ခြင်း။ မေးရိုး၊ အောက်နှုတ်ခမ်းတွေ ခွာရတာ လွယ်သ လောက် အပေါ်နှုတ်ခမ်းက မာလိုက်တာ တအားပဲ။ စကားများ မများတော့မသိဘူး။ လျှာက ဆွဲထုတ်လိုက် ရင် အရှည်ကြီးပါလာတယ်။ ကျွန်မကတော့ သူတို့အကြောင်းမသိခင် သနားစရာကောင်းလိုက်တဲ့ သတ္တဝါတွေ ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဘုရားရှိခိုးတိုင်း ဆုတောင်းမိပါသေးရဲ့။ သူတို့ကတော့ ကျွန်မရဲ့သနား ကြင်နာမှုတွေကို သူတို့ ခိုးယူစားသောက်နေကြသော ထမင်းတစေ့လောက်မှ အရေးတယူမရှိကြပါ။

ထိုသတ္တဝါတွေ သုံးလေးရက်လောက် ပျောက်ကွယ်သွားတော့ ကျွန်မမှာ ကိုယ့်ကိုယ်ကိုတောင်မယုံနိုင်။ မေတ္တာရောင်ပြန်ဟပ်လို့ သူတို့အိမ်ကနေပြီး တိတ်တဆိတ်များ ထွက်ခွာသွားကြလား ဘာလားပေါ့။ အမှန်က တော့ ကျွန်မ မမြင်နိုင်တဲ့ နေရာတနေရာကနေ ဝုန်းခနဲ တိုက်ခိုက်ဖို့ ချောင်းနေတာ။ အဲဒါနဲ့ ညနေ ဟင်းအိုး နွှေးဖို့ ကြောင်အိမ်လည်း ဖွင့်ရော ကျွန်မမှာ အသက်ရှူရပ်သွားမလား အောက်မေ့ရတယ်။ ပိုးဟပ်တပ်ဖွဲ့ကြီး က ကြောင်အိမ်အပေါ်ထပ် အောက်ထပ်မှာ အကောင် ၃ဝ လောက်က တစည်းတလုံးကြီး။ သတ္တဝါတကောင် ရဲ့မျိုးပွားနှုန်းဟာ ဘာကြောင့် ဒီလောက်မြန်ဆန်နေရပါလိမ့်။ ကမာ္ဘမှာ အင်မတန်ရှားပါးနေတဲ့ ပန်ဒါဝက်ဝံ လေးတွေက မျိုးသုဉ်းလုနီးပါးရှိပြီး ဒီဆန်ကုန်မြေလေး သတ္တဝါတွေကျ များသထက်များလာတာ။ အဲဒါပြော တာပေါ့။ လောကကြီးရဲ့ ချိန်ခွင်လျှာဟာ ကိုးဆယ်ဒီဂရီ ဘယ်တော့မှမရှိဘူးလို့ …။

ဒီလိုနဲ့ ဒီလိုနဲ့ပဲ … အဲဒီသတ္တဝါတွေဟာ မသိသားဆိုးရွားလှစွာပဲ နောက်ဖေးမီးဖိုချောင်ကနေ ကပ်လျက် ကျွန် မအခန်းဆီ တဖြည်းဖြည်းချင်း ချီတက်လာပါတယ်။ သူတို့ဟာ လွတ်လွတ်လပ်လပ် စားရဖန်များလာတော့ နေ့ကိုလည်း မကြောက်ကြတော့ဘူး။ အလင်းရောင်ဆိုတာလည်း သူတို့အတွက် လက်နက်တခုမဟုတ်မှန်း သိသွားကြပြန်ရော။ ပြောင်ပြောင်တင်းတင်းမှ တကယ့်ပြောင်ပြောင်တင်းတင်းပါပဲ။ အကြွင်းအကျန်မဟုတ်ဘဲ ပြင်ဆင်ထားတဲ့ ထမင်းဟင်းတွေဆို စားလိုက်တာမှ ပြိုက်ခနဲပဲ။ တခုတော့ရှိတယ်။ ပူလောင်တဲ့ အစားအစာ တွေဆို အသာကလေး တို့ကြည့်ပြီး နောက်ဆုတ်သွားကြပြန်ရော။ ကိုယ့်အသက်ကျ ကိုယ်နှမြောတတ်ကြ သားနော်။

ပူအိုက်တဲ့ ရာသီတွေဆို သောက်ရေအိုးနှုတ်ခမ်းသားနားမှာတောင် လာအအေးခိုကြသေးရဲ့။ အံမယ် … သူ များအစားအစာကို ခိုးယူတမျိုး၊ ပြောင်တမျိုးအပြင် လုပြီး တိုက်ပြီးတောင် ပါးစပ်ထဲ ထည့်ကြသေး။ နံရံက ပု ရွက်ဆိတ်မည်းမည်းတွေ အသားစတွေဘာတွေ ချီလာပြီဆို ဘေးကနေ ဖျတ်ခနဲလုပြီး အတင်းပဲမျိုချကြသေး ရှင့်။ ပုရွက်ဆိတ်ကလေးတွေကတော့ သဘာဝကပေးတဲ့ စွမ်းရည်လောက်သာပိုင်ဆိုင်ကြတာမို့ အားမတန်လို့ မာန်သာလျှော့လိုက်ရတာပေါ့။ ပုရွက်ဆိတ်လေးတွေ တစည်းတလုံးနဲ့ အတန်းလိုက် သွားနေတာမြင်ရင် မာန် ဖီနေလိုက်ကြတာများ ဘာပြောကောင်းမလဲ။ သူတို့အဖို့ကျ သိတတ်လိုက်တာ မပြောပါနဲ့။ အိမ်မြှောင်တွေနဲ့ ပုရွက်ပျံအနီတွေဆိုရင်တော့ အနားတောင် မသီဝံ့ဘဲ ကုပ်နေလိုက်ကြတာ။ အသက်ကလည်း သိပ်ပြင်းဆိုပဲ။ ခေါင်းပြတ်နေတဲ့ ပိုးဟပ်တကောင်ဟာ တပတ်လောက်ထိ အသက်ရှင်နိုင်တယ်တဲ့။

ကျွန်မဟာ သူတို့သယ်ဆောင်ဖြန့်ဝေခဲ့တဲ့ ရောဂါဒဏ်ကို တလူးလူး တလှိမ့်လှိမ့် ခုခံနိုင်စွမ်းမရှိဘဲနေဆဲမှာ သူ တို့စကားသံတွေကို တဖြည်းဖြည်းနားလည်လာနိုင်ခဲ့ပါတယ်။ ဟိုးတနေ့က ပိုးဟပ်အမ (သူ့စအိုဝနားမှာ အတံ လေးခုပါတယ်။ အထီးဆို နှစ်ခုပဲရှိတာ) က သူ့ယောက်ျားကို ပူဆာနေတာ ကြားလိုက်ရတယ်။ “… ကို ရှော့ ပင်းထွက်ချင်လို့တဲ့” ကျွန်မရဲ့ အစ်ကိုကြီးကတော့ သိပ်ပြီးအားကိုးရတဲ့ သူရဲကောင်းပါပဲ။ ကျွန်မ အဲဒီအ ကြောင်းတွေ ပြောပြတိုင်း ဝတ်ကျေတမ်းကျေ နားထောင်ပြီး သူ့အခန်းထဲက ကက်ဆက်ကိုဖွင့်ပြီး ငြိမ့်နေတာ ပဲ။ သူက ဒုက္ခဆိုတာကို မြင်မှမမြင်ဖူးတာ။ အိမ်ကိုပြုပြင်ဖို့လည်း စိတ်မကူး၊ သန့်ရှင်းဖို့လည်း စိတ်မကူး။

အိမ်ပြိုကျရင်တောင် အမြီးသပ်ပြီး လွတ်ရာကျွတ်ရာ ဦးဆုံးထွက်ပြေးမယ့် လူမျိုး။ ကြီးမေကတော့ အိမ်ရှေ့ ခန်းကို ဝါ၊ စိမ်း၊ နီ၊ ပြာ အမျိုးမျိုးခြယ်သ၊ ပန်းတွေ ဝေနေအောင် ထိုး၊ ကော်ဇောတွေ တမျိုးပြီးတမျိုး ဝယ်၊ သူ များ ပြန်ဆပ်တဲ့ အတိုးတွေ အရင်းတွေ၊ အပေါင်ခံပစ္စည်းတွေနဲ့ တပြုံးပြုံး။ ငွေစက္ကူသာရှိရင် သူ့ဘဝဟာ အား လုံးပြည့်စုံပြီ။ တခြားကိစ္စတွေ သူနဲ့မဆိုင်။ ပြီးတော့ “တို့များတော့ သူများအသက်ကို စိတ်နဲ့တောင် မပြစ်မှား သေးဘူး” ဟု မရေမနား ရေရွတ်ဆဲ။ ကျွန်မကတော့ စိုးရွံ့ထိတ်လန့်တဲ့ မျက်လုံးတွေ၊ အကြိမ်ကြိမ် မျိုချပစ်ရ တဲ့ စကားလုံးတွေ၊ တရွေ့ရွေ့ အတိုက်စားခံရတဲ့ အားမာန်တွေ၊ အငွေ့ပျံသွားတဲ့ အိပ်မက်တွေ၊ အရည်ပျော် သွားတဲ့ မျှော်လင့်ချက်တွေ၊ တိမ်တွေလို အလွယ်တကူ လွင့်မျောသွားတဲ့ ရည်မှန်းချက်တွေကို ပြန်စုစည်း လိုက်၊ အတင်းဆွဲထားလိုက်နဲ့ ရုန်းရင်းကန်ရင်း အသက်ရှင်နေရတုန်းပါပဲ။ ခြေတွေ လက်တွေလှုပ်မရတာက တော့ ဆိုးရွားလွန်းလှချည့်။ မောင်လေးကတော့ ကျွန်မရဲ့ခြေတွေ လက်တွေ ဆုပ်ကိုင်ပြီး တဖွဖွ အားပေးရှာ ပါရဲ့။ ဒါပေမယ့် သူလည်း ဘာများတတ်နိုင်မှာမို့လဲ။ အားဆေးတခွက်တော့ ဖြစ်ခဲ့ပါရဲ့။

တနေ့ မောင်လေးဟာ စူးစူးဝါးဝါးကြီး အော်ပြီး ကျွန်မဆီ ပြေးလာတယ်။ သူ့မျက်နှာမှာ ချွေးတွေပြန်နေတယ်။ ဆံပင်တွေလည်း ထောင်နေတယ်။ မျက်လုံးတွေကလည်း မီးဝင်းဝင်းတောက်။ ကျွန်မ အိပ်ရာပေါ်က လူးလဲ ထလိုက်တယ်။ “မောင်မျိုး ဘာဖြစ်လဲ”၊ “မမ လိုက်ခဲ့စမ်း” ကျွန်မကို ကူညီထူမပြီး သူ့အခန်းထဲ ခေါ်သွားတယ်။ “ဟိုမှာ ကြည့်စမ်း” ကျွန်မ ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့ မြင်ကွင်း …။

“ဟိုမှာ ကြည့်စမ်း” ပြတင်းပေါက်ကနေ လှမ်းမြင်ရတဲ့မြင်ကွင်း။ ကျွန်မ နှလုံးသွေးတွေ အပြင်းဆုံး အရှိန်နှင့် ပွက်ပွက်ဆူအောင် ခုန်နေကြပြီ။ ဘယ်လောက် ယုတ်မာလွန်းလှပါလိမ့်။ ဖေဖေ မသေခင် တလက စိုက်ခဲ့တဲ့ ယုဇနပင်ရဲ့ ကိုင်းတွေပေါ်မှာ သူတို့က ပျံဝဲလိုက် နားနေလိုက်နဲ့။ မစင်တွေ စွန့်ထားတာများလည်း မြင်မ ကောင်း။ ကြည့်ရတာ သစ်ကိုင်းတွေ၊ အရွက်တွေ၊ အပွင့်တွေကို ကိုက်ဖြတ်ဝါးမျိုးလို့ မရလို့ ဆင်ကြံကြံခဲ့တာ ပဲ။ ပြတင်းပေါက်ကနေ အိမ်ခန်းပြတင်းပေါ် တင်နေတဲ့ သစ်ကိုင်းတခုလုံးကလည်း မစင်တွေ၊ ဥတွေနဲ့ ရုပ် ပျက်ဆင်းပျက်။ ကျွန်မ ဘာကိုမှမကြောက်တော့။ “မောင်မျိုးရေ … မနက်ဖြန် ဈေးရောက်ရင် ဆေးဘူးတွေ ဝယ်ခဲ့တော့” မောင်လေးက တက်ကြွရွှင်လန်းစွာနဲ့ ကျွန်မကို ကြည့်ပြီး “မမ … ငါတို့ လက်ပိုက်ကြည့်မနေကြ တော့ဘူးနော်” တဲ့။

ကျွန်မလည်း မရေရာတဲ့မနက်ဖြန်တွေကို လည်ပင်းရှည်အောင် တမျှော်လင့်လင့်နဲ့ပေ့ါ။ ဒီကြားထဲ မောင်လေး က စာမေးပွဲဖြေနေတော့ မတွေ့ဖြစ်။ ကျွန်မနားထဲမှာတော့ သူတို့ပျံဝဲသံတွေက မကြားသလို ကြားသလိုနဲ့။ အိပ်မက်ထဲမှာလည်း သူတို့ပိုးဟပ်ဘုရင်ကြီးက တဟားဟားရယ်မောရင်း ကျွန်မကိုလာပြောသတဲ့။ “နင်တို့အ ကြံ ဒါအကုန်ပဲလား” တဲ့။ ကျွန်မမှာ ရင်ခုန်မျှော်လင့်နေရတဲ့ နာရီသံတွေကို ဖြတ်သန်းရင်း ဖြတ်သန်းရင်း …။

စားမေးပွဲပြီးတဲ့နေ့မှာ မောင်လေးက ထိတ်လန့်တကြား ကျွန်မကို လာခေါ်ပြန်တယ်။ ဒီတခါ သူ့မျက်နှာဟာ အလွန်အမင်း အံ့ဩစရာကောင်းတဲ့ စေတန်ဂြိုလ်သားကို ကမာ္ဘပေါ်မှာ တွေ့လိုက်ရတဲ့ မျက်နှာမျိုး။ “မောင်မျိုး ရေ … အခြေအနေ ဘယ့်နှယ်လဲဟင်” မောင်လေးဟာ အသက်ကို ခပ်ပြင်းပြင်းရှူရင်း “နင့်ကို ငါ အဲဒါပြောမ လို့ မမ၊ ငါလေ နံရံတွေရော ကြောင်အိမ်တွေမှာရော မြေဖြူတွေ လျှောက်ခြစ်ထားတယ်၊ အို … ငါ အဆိပ်မြေ ဖြူဖိုး ၈ဝ တောင်ကုန်တယ်”။ “အဲဒီတော့ …”။ “အဲဒီတော့ မမ … နင်လိုက်ကြည့်ဟာ”။ မီးဖိုထဲလည်းရောက် ရော ကျွန်မမျက်လုံးတွေ ကျွန်မ မယုံနိုင်စရာ …။

အို … ဘုရား ဘုရား …။ ခန္ဓာကိုယ်တွေက နဂိုထက် ပိုမိုကြီးမားလာသယောင်၊ တချို့က ပျံဝဲလို့၊ တချို့က သွက်သွက်လက်လက်၊ တချို့က ဘာမထီဟန်နဲ့ အစာတွေခဲလို့။ နံရံပေါ်က မြေဖြူဆိပ်ကွက်တွေပေါ်မှာ သွားလာနေလိုက်ကြပုံများ၊ ပြီးတာ့ ဘယ်လိုမှ လက်ခံနိုင်စရာမကောင်းတဲ့မြင်ကွင်း။ မီးဖိုချောင်ဘေးက သစ် သားနံရံမှာ လက်ညှိုးတချောင်းဝင်စာ အပေါက်ကြီးနဲ့ ဘေးပတ်လည်မှာ ဆွေးမြည့်လို့။ ဘယ်သူ့လက်ချက်လဲ လို့ သေချာမပြောနိုင်ပေမယ့် အဲဒီအပေါက်ထဲက မြူးထူးစွာ ထွက်လာကြတာက သူတို့တွေ …။

အဆိပ်တွေကို မြိန်ရေရှက်ရေ သုံးဆောင်နေကြသော သူတို့ကိုကြည့်ရင်း ကျွန်မရင်ထဲတွင် နေအစင်းပေါင်း များစွာ လောင်ကျွမ်းလာကြသည်။ သူတို့အချင်းချင်းလည်း ပြောနေကြသေး၏။ “ဂုဏ်သရေအရှိဆုံး ညစာစား ပွဲတဲ့”။ သက်ဆိုးရှည်တယ်ဆိုတာ အဲဒါကို ခေါ်တာများလား။ ကျွန်မ သွေးရူးသွေးတန်းနှင့် အကျယ်လောင်ဆုံး အော်ပစ်လိုက်တယ်။ “မစားနဲ့၊ အဲဒါအဆိပ်တွေ”။ မမှု။ မကြားတာလား မကြားချင်ယောင် ဆောင်တာပဲလား မသိ။ ဘာကိုမှ ဂရုမမူဘဲ စားကြသောက်ကြမြဲ။ သေချာတယ်။ ကမာ္ဘလောကကြီးမှာ တခုခုတော့ လွဲချော်နေ ပြီ။

မောင်လေး ဝယ်ခဲ့သော အဆိပ်က အတုမို့လား။ သူတို့မှာပဲ အဆိပ်ပြီးတဲ့ စွမ်းရည်တွေ ရှိနေကြလို့လား။ ဒါမှ မဟုတ် အချိန်ကာလကပဲ အဆုံးအဖြတ်ပေးမှာမို့လား။

ဘာပဲဖြစ်ဖြစ် ကျွန်မနှင့် မောင်လေးကတော့ ဆွေးမြည့်စပြုနေပြီဖြစ်သည့် ကျွန်မတို့၏ ချစ်လှစွာသော အိမ်က လေး ဘယ်တော့ပြိုကျသွားလေမလဲဆိုတာ တထိတ်ထိတ် စိုးရွံ့နေရင်းနဲ့ ဒီသတ္တဝါတွေ မျိုးပြုန်းဆိတ်သုဉ်း သွားမယ့် အချိန်တချိန်ကို စောင့်ဆိုင်းနေဆဲပါပဲလေ …။     ။

ညိုခက်ကျော်
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ ၁၉၉၇၊ ဩဂုတ်လ)

မှတ်ချက် ။ ။ ထိုစဉ်က နအဖစစ်အုပ်စု၏ စာပေစိစစ်ရေး အတားအဆီးကို ကျော်လာနိုင်ခဲ့သော ဝတ္ထု ကောင်းတပုဒ်ကို ပြန်လည်ဖော်ပြခွင့်ရသည့်အတွက် အင်တာနက်မှတဆင့် ရှာဖွေပေးပို့လာသည့် ဘလော်ဂါ ခင်မင်းဇော်ကို ကျေးဇူးအထူးတင်ရှိပါသည် (ဝတ္ထု၏ မူရင်းသရုပ်ဖော်ပုံကို ရေးဆွဲပေးခဲ့သူမှာ ကွယ်လွန်သူ ဆရာပန်းချီဝသုန် ဖြစ်သော်လည်း မူရင်းသရုပ်ဖော်ပုံကို ဝတ္ထုစာသားနှင့် တွဲလျက်မတွေ့ရသဖြင့် တင်ဆက် ပေးနိုင်ခြင်းမရှိပါ)။

 

မှတ်ချက်။  ။ http://drlunswe.blogspot.com/2011/08/blog-post_10.html

ဒေါက်တာလွဏ်း ဘလော့ဂ်မှ တိုက်ရိုက်ကူးယူပါသည်။

12 comments

  • lusoegyikoko

    August 10, 2011 at 8:29 am

    နအဖ သိ မသ်ိတော့မသ်ိဘူး။ ပိုးဟပ်တွေက လူက်ို အကျုိုးပြုတယ် ဆိုပဲ readers digest ၈၊ ၁၁ မှာရေထားတယ်။ မူလ ရည်ရွယ်ချက်နဲ့ဆိုင်ဘူးနော်။ ပိုးဟပ်အကြောင်းပဲသက်သက်ပြောတာ။

  • researcher

    August 10, 2011 at 9:17 am

    အရေးအသား အဖွဲ့အနွဲ့လေးက ကောင်းလိုက်တာ။

  • weiwei

    August 10, 2011 at 9:37 am

    ဖတ်ရင်းနဲ့ ဖတ်ဖူးပါတယ်လို့ ထင်နေမိတာ … နောက်ဆုံးမှပဲ တကယ်ဖတ်ဖူးမှန်းသေချာသွားတော့တယ် …

  • ကြောင်ကြီး

    August 10, 2011 at 10:54 am

    အတွေးကမြင့် စာကရှည် အကြောင်းအရာကလည်း ရွံဖို့ကောင်း ေဩာ် ဒုက္ခ ဒုက္ခ….

  • Shwe Ei

    August 10, 2011 at 11:34 am

    ဖတ်ရင်း ဖတ်ရင်း ခေါင်းတွေပူလာတယ်။
    အား….ဘာမှတိတော့ဝူး။

  • manawphyulay

    August 10, 2011 at 12:13 pm

    ခုတော့ စာရေးဆရာတွေကြီးပဲမှမဟုတ်တော့ဘူး ပန်းချီဆရာတွေလည်း တစ်ယောက်ပြီး တစ်ယောက်သွားရှာပြီနော်။ ခုလည်းပန်းချီ မောင်မောင်သိုက် ကွယ်လွန်ပြန်ပါပီ။ နောက်ကော ……

  • aungnng87

    August 10, 2011 at 12:31 pm

    အရေးအသားကတော့ကောင်းပါတယ်။ ဒါပေမဲ့ဖတ်ရင်းဖတ်ရင်းနဲ့သင်ခန်းစာရတယ်။ ဒီကောင်မလေးနေရာမှာငါသာဆိုရင်ဘာလုပ်မလဲ။ တခါကတော့အကုသိုလ် ယူကိုယူရမှာဘဲ။ စစချင်းပိုးဟပ်
    တကောင်၊ ၂ကောင် တည်းရှိတုံး ရှင်းပစ်ရမှာ။ ဒါမှပိုးဟပ်အများကြီးမလာနိုင်မှာ။ ဒါကြောင့် ဘုရားကပြောတာ။ သံသရာဆိုတာအရှည်ကြီးတဲ့။ သံသရာတိုချင်ရင် လူတွေနဲ့ခပ်ဝေးဝေးမှာနေတဲ့။

  • kai

    August 10, 2011 at 2:33 pm

    စာပါဇတ်ကောင်တွေဟာ.. ကိုယ်စားပြုသူတွေပါ..။
    ဒီဝတ္ထုလေးရဲ့ အဓိကအသက်ကအဲဒါပဲ..။
    အဲဒါကို မိအောင်မဖတ်ရင်..ဆိုလိုချက်မသိရင်… အရသာမဲ့နေမှာပေါ့…။

    Hint:
    အဲဒီ..ဆွေးမြေ့အိမ်ဟာ.. အဖမြန်မာပြည်လို့… တင်စားမြင်ကြည့်ပေါ့နော…။ 🙂

  • researcher

    August 10, 2011 at 3:47 pm

    စကားမစပ် သူကြီးရေ…

    ဘာလို့ အဖမြန်မာပြည်လို့ သုံးတာလဲ သိချင်ပါတယ်။ ဦးနေဝင်းလက်ထက်က တပ်မတော် ဂုဏ်ပြုတေး
    တွေမှာ အဖတိုင်းပြည်လို့ ရေးသားသုံးနှုန်းခဲ့ကြတယ်နော်။ ကျွန်တော်ကတော့ အမိမြန်မာပြည်ဆိုတာကိုပဲ သဘောကျပါတယ်။ ရင်ထဲမှာ နှစ်နှစ်ကာကာရှိတယ်လို့ ခံစားရပါတယ်။ အဖတိုင်းပြည် ဆိုတာ က နွေးထွေးမှုမရှိသလိုပါပဲ။ တိုင်းပြည်နဲ့ ပြည်သူ၊ ပြည်သား တသားတည်းမကျသလိုမျိုး ခံစားရပါတယ်။

  • naywoonni

    August 10, 2011 at 7:52 pm

    existentialism (-ဖြစ်တည်မှု ပဓာနဝါဒ ) နဲ့ ရေးထားတဲ့ စာတစ်ပုဒ်ကို ရှားရှားပါးပါး ဖတ်လိုက်ရလို့ ကျေးဇူးပါပဲ ကိုခိုင်ရေ…။ ဒီစာကိုဖတ်ပြီး ဆရာမကြည်အေးရဲ့ နွမ်းလျ အိမ်ပြန်ကို သတိရတယ်…။ ကမျူးရဲ့ သည် အောက်ဆိုဒ်ဒါကို သတိရတယ်..။ နောက် လူနာဆောင် အမှတ်-၆ ကိုသတိရတယ်ဗျာ …။ တစ်ချိန်တုန်းက တစ်ရှိုက်မက်မက် ဖတ်ခဲ့ရတာတွေပေါ့……….။

  • zaw min

    August 11, 2011 at 12:45 am

    အဲဒီဆွေးမြေ့နေတဲ့ အိမ်ကြီးမှာမှီခိုပြီး ကပ်စားနေတဲ့ ခြင်ကောင်တွေ၊ခြကောင်တွေ၊ဂျပိုးတွေ၊ပိုးဟပ်တွေ၊အဲဒီသွေးစုပ်ဖုတ်ကောင်သတ္တဝါတွေကို လက်ပိုက်ကြည့်နေမှာလား၊မျိုးတုံးပြီး ဟောဒီအိမ်ကြီးကနေပျောက်ကွယ်သွားအောင် ဘယ်လိုဝိုင်းဝန်းဆောင်ရွက်သင့်တယ်၊ဘယ်လိုလုပ်ကြမယ်လို့ ဆွေးနွေးကြရင်ပိုကောင်းတာပေါ့ဗျာ….

Leave a Reply