ဒိုင်ယာရီရဲ့ အိုဟောင်းနေတဲ့ စာမျက်နှာ အပိုင်းအစများ…
♫ ♫ နှစ်ကိုယ်တူချစ်သမျှတွေ.. အလိုတူရှစ်ဆကဲနေ.. ကြည်သာပြုံး မမုန်းတမ်းစိတ်မှာလေ.. ဒီပါလုံးတစ်မိုးအောက် တစ်ယောက်ထင်နေ မောင့်ချစ်ပန်းတွေ တစ်မျိုးလန်းနေ မညိူးနွမ်းစေ♫ ♫
ကျတော် ဆိုတဲ့လူက ပိတောက်ပွင့်လျှင် ရင်ခုန်တတ်တယ်။
ပိတောက်ပွင့်မှမဟုတ် ပါဘူးလေ.. ပိတောက်တွေပွင့်တော့မည်ဟု
အမှတ်ပြုမိချိန်မှစကာကျတော် ရင်ခုန်လေမြဲဖြစ်သည်။
ကျတော်နဲ့ ပိတောက် အိမ်ချင်းကပ်လျှက်မို့ ငယ်စဉ်ကတည်းက ကစားဖော် အဖြစ်နဲ့ အတူတူကြီးပြင်း လာခဲ့ကြပြီး ကျောင်းတက်တော့လည်း တူတူ တက်ခဲ့ကြတယ်။ ငယ်ငယ်ကတည်းက ပိတောက်နဲ့ အတူတူ ဆော့ကစားပြီး သူဖြစ်ချင်တာကို လိုက်လုပ်ပေးတတ်တာ ကျတော့ အကျင့်ပါ။ မူလတန်း အထိ ကျောင်းအထိအတူတူ တစ်ခန်းတည်း အတူတူနဲ့ တက်ခဲ့ကြပြီး ကျောင်းမှာ ရွယ်တူ ကလေး အချင်းချင်း စနောက်တဲ့ အခါ ကျတော်က ပိတောက်ရှေ့က ရပ်ပြီး သူကို ကာကွယ်ပေးတတ်တာလည်း ကျတော့ အကျင့်ထဲမှာ အပါအဝင်ပါပဲ အဲဒီတုန်းက ကျတော်ဟာ ပိတောက် ရဲ့ စိတ်ထဲမှာ မဟာသူရဲကောင်းကြီးများ ဖြစ်နေလိမ့်မလား တွေးမိပါတယ်။ အလယ်တန်းကျောင်းတက်တဲ့ အခါမှာတော့ ယောင်္ကျားလေးကျောင်း နဲ့ မိန်းကလေးကျောင်း သီးသန့် ခွဲထားတဲ့ ကျောင်းတွေဖြစ်တဲ့ အတွက် အထက ၁ မှာ ကျတော် တက်ခဲ့ပြီး အထက ၂ ကို ပိတောက်ရောက်သွားတယ်။ ကျောင်းအချိန်တွေ မတူကြတော့တဲ့ အတွက် မနက်ပိုင်းတော့ ကျောင်းလိုက်ပို့နိုင်ပြီး ကျောင်းပြန်ချိန်တော့ မကြိုနိုင်တော့ပါဘူး ကျောင်းချိန်ဖြစ်နေပါတယ်။ မှတ်မှတ်ရရ ဒါဟာ ပထမဆုံး အကြိမ် သူနဲ့ ခွဲပြီး ကျောင်းတက်ခဲ့ရပြီပေါ့။ ကျတော် စိတ်ထဲ တမျိုးကြီးပဲ ခံစားရသလို ပိတောက်ကလည်း ဝမ်းနည်းသလို အရိပ်အရောင်တွေ ပြခဲ့တာမျိုး ကျတော် မြင်တွေ့ခဲ့ရပါတယ်။ ညနေ ကျောင်းဆင်း ချိန်မှာတော့ ကျတော်က ထုံးစံမပျက် ပိတောက် အိမ်ကို ရောက်နေတတ်ပြီး သူနဲ့ စကားပြော ပိတောက် အမေ ကလည်း ငယ်ငယ်ကတည်းက သား တယောက်လို ဖြစ်နေတော့ သူခိုင်းတာတွေ လုပ်ပေးပြီး ညနေစာ ပိတောက် အမေချက်တဲ့ ထမင်းဟင်းကို တခါတရံ စားခဲ့ပါတယ်။ ထိုအချိန်တုန်းကတော့ အခုခေတ်တွေလို ခလုပ်နိပ်ရင် ရေမထွက်တော့ ပိတောက် အမေ က သားရေ ရေလေး လုပ်ပါအုန်းဆိုရင် ညနေပိုင်း စဉ့်အိုးနဲ့ ရေခပ်ပေးခဲ့ရပါသေးတယ်။ ညနေ အိမ် အတွက် ရေသယ် ပိတောက် အိမ် အတွက် ရေသယ် နဲ့ အလုပ်တော့ ရှုပ်ခဲ့တာ အမှန်ပါပဲ။ အချိန်တွေ ကျော်ဖြတ်လာခဲ့ကြတာ ၁ဝတန်းကို ရောက်ခဲ့ပါပြီ။
၁ဝတန်း စာမေးပွဲ အတွက် နှစ်ယောက်လုံး ရင်တွေပူပြီး စိတ်တွေလောနေကြပါတယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့ လိုတယ် ဆိုတာ သိကြပါတယ်။ မိဘတွေကလည်း အားပေးကြတော့ ကျတော်တို့ နှစ်ယောက်လုံး ၁ဝတန်းကို နှစ်ချင်းပေါက် အောင်ခဲ့ကြပါတယ်။ စာမေးပွဲ အောင်စာရင်းထွက်တဲ့နေ့မှာ ပိတောက် နဲ့ ကျတော် နှစ်ယောက်လုံး ရင်တွေ ခုန်နေကြပါတယ်။ အောင်ပါ့မလား ဆိုပြီး ရင်ထဲ တလှပ်လှပ်နဲ့ ရင်ခုန်သံတွေ မြန်ဆန်စွာနဲ့ အောင်စာရင်းကို ကြည့်လိုက်တဲ့ အခါ နှစ်ယောက်လုံး အောင်တာ သိရလို့ အလွန်ဝမ်းသာခဲ့ရသလို ပိတောက်နဲ့ ကျတော် ဝမ်းသာပီတိ ဖြစ်တဲ့ အကြောင်း ပါးစပ်က စကားမဟခင် မျက်လုံးချင်းဆုံတဲ့ အချိန်မှာ ရင်ခုန်သံတွေ ပိုမြန်လာ သလား ထင်မိပါတယ်။ ကျတော် မျက်စိထဲမှာ ဘယ်လိုကြည့်ကြည့် သူလှနေတာ အမှန်ပါပဲ။ ရင်တွေ ခုန်နေလို့လား မသိဘူး မျက်စိထဲမှာ သူက လွဲလို့ မမြင်တော့ပါဘူး။ ချစ်တယ် ဆိုတာ ဒါမျိုးများလား မသိဘူး ဆိုတဲ့ အတွေးနဲ့ ည အိပ်တဲ့ အချိန်အထိတောင် သူ့နဲ့ မျက်လုံးချင်းဆုံပြီး ရီမောခဲ့တာတွေ မျက်စိထဲက မထွက်လောက်အောင် စိတ်ထဲမှာ တရေးရေးနဲ့ ပေါ်နေပါတယ်။
တက္ကသိုလ်ကျောင်းမတက်ခင် ၁၉၉ဝခုနစ် သင်္ကြန်ရက်မှာ ပိတောက်ကို သန်လျင် ကျိုက်ခေါက် စေတီကို စက်ဘီးပေါ်တင်နင်းပြီး ဘုရားသွားခဲ့ပါတယ်။ သူက ကဗျာလေးတွေကို ဖတ်ရတာ စိတ်ဝင်တစား ရှိတတ်ပါတယ်။ ဘုရားက အပြန်လမ်းက ခရေပန်းပင်ကြီး တပင်နားမှာ စကားထိုင်ပြောကြတယ်။ ခရေပန်းတွေ ကြွေကျတာကိုမြင်တဲ့ အခါ ပိတောက်က မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာလေး ရွတ်နေတာ မှတ်မှတ်ရရ ယခုထိတိုင် ရှိနေတုန်းပါပဲ။
အချစ်ဦး
တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါဝါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့
ပန်းခြောက်လေးပဲမြတ်နိုးမယ်။
မောင်စိန်ဝင်း (ပုတီးကုန်း)
သူကဗျာလေး ရွတ်လို့ အပြီး
♫ ♫ ငွေမှုန်ဖွေးဖွေး..မြှားတန်သွယ်သွယ်..ခရေပန်းတွေတဖြိုက်ဖြိုက်ကြွေတယ်
နွေခရေပင်ရိပ်ဝယ်.. ပန်သူမဲ့မှာဆိုးထင့်ကာရယ်. .မြေနီလမ်းကဆီးလို့သာကွယ်
ကြိုနေမယ်ချစ်သည်းရယ်. .မွှေးကြူပါတယ်ပန်ဆင်ကွယ်
ကြင်နာစွာရယ်လှရာရွေးချယ်. .မေ့ဆံမြထက်ဝယ်
သင်းသန့်သန့်ချစ်ပန်းကလေးတွေ..နှိုင်းဆရည်ရွယ်..မောင်လက်ဆောင်ကွယ်
အို.. .ပန်စေချင်တယ် …အို.. .ပန်လှည့်တော့ချစ်ဦးငယ်.. ♫ ♫
ကျတော် ကလည်း သူကို သီချင်းဆိုပြလိုက်ပါသေးတယ်။ မပြန်ခင်မှာ ချစ်တဲ့ အကြောင်း ဖွင့်ပြောခဲ့ပါတယ်။ ပိတောက်ကလည်း ကြိုသိပြီးသား ကိစ္စတခုလိုပါပဲ.. အမှန်တော့လည်း ငယ်ငယ်ကတည်းက တူတူတွဲလာခဲ့ကြတာ ဆိုတော့ အခုမှ ဖွင့်ပြောတာ နောက်တောင်ကျနေသလို ဖြစ်နေခဲ့တာပါ။ တက္ကသိုလ်တူတူ တက်ပြီး တက္ကသိုလ်ကျောင်းသား ဘဝကို ကုန်ဆုံးစေခဲ့ပြီး သူနဲ့ နှစ်ယောက်တစ်ဘဝ တည်ဆောက်ဖို့ ဘဝဆိုတဲ့ စစ်ပွဲကို ဝင်နွဲဖို့ ကျည်ဆံတွေ စုရပါတော့မယ်။ ဘွဲ့ရ ပညာတတ်တယောက်အနေနဲ့ အလုပ်တွေ မယ်မယ်ရရ မရှာမရခဲ့လို့ ကျတော် စိတ်ပျက်ခဲ့ရပါတယ်။ ဒီလို ပုံစံနဲ့ ဘယ်လိုများ ဘဝကို တည်ထောင်ကြမလဲ စိတ်ညစ်ခဲ့ရတဲ့ ရက်ပေါင်းတွေလည်း မနည်းမနော ဖြစ်ခဲ့ရပါတယ်။ ချစ်သူသက်တမ်း ၆နှစ်ကြာတဲ့ အချိန်အထိ ဘာမှ လက်ထဲမှာ စုမိဆောင်းမိတာမရှိတဲ့ အတွက် ပတ်ဝန်းကျင်က လူငယ်တွေ နိုင်ငံခြားကို ထွက်ပြီး စီးပွားရှာသလိုပဲ ထွက်ခွာဖို့ စိတ်ကူးလိုက်ပါတော့တယ်။ အဓိကတော့ သူနဲ့ နီးစပ်အောင် ပိုက်ဆံ ထွက်ရှာချင်လို့ပါပဲ။
၁၉၉၆ မှာ နိုင်ငံခြားကို ထွက်ခဲ့ပါတယ်။ နိုင်ငံခြားကို ရောက်ပြီး သိပ်မကြာခင်မှာ သူဆီက ဖုန်းတခုရပါတယ်။ ကို ရေ ဘယ်လို လုပ်ရမလဲ အိမ်က အိမ်ထောင်ချပေးဖို့ လုပ်နေပြီ အမြန် ပြန်ခဲ့ပါ။ ဆိုတဲ့ စကားသံကို ဖုန်းထဲမှာ ကြားလိုက်တဲ့ အခါ နားထဲကို ကွက်ပြီး မိုးကြိုးတွေများ ပစ်လိုက်လေသလား ဦးနှောက်တွေပူထူပြီး ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိတော့ပါဘူး။ လုပ်လက်စ အလုပ်ကို ပစ်ပြီး အမြန်ဆုံး ပြည်တော်ပြန်ဖို့ ကြိုးစားပါတယ်။ ကံကြမ္မာက လှည့်စားခဲ့တာကတော့ တော်တော်ကို မယုံနိုင်လောက်အောင်ကို ဖြစ်ခဲ့ရပါတယ်။ ထိုအချိန်တုန်းက မြန်မာနိုင်ငံကို ပြန်တဲ့ လေယာဉ်က တပတ်မှာ ၂ရက်ပဲ ရှိပါတယ်။ သတင်းကြားကြားပြီးချင်း လေယာဉ်လက်မှတ်ဝယ်ပြီး ပြန်ဖို့ ကြိုးစားပေမဲ့ လုံးဝ မရခဲ့ဘူး။ လေယာဉ်လက်မှတ်ရတဲ့ အခါမှာတော့ သူ မင်္ဂလာဆောင်ပြီးသွားပါပြီ။ ကံကြမ္မာရယ် လုပ်ရက်လေချင်းလို့သာ အော်ဟစ် ဆူပူချင်စိတ်များသာ ဖြစ်လာပါတော့တယ်။ အမှန်တော့ ပိတောက်ရဲ့ အမေ က ပေးစားချင်တဲ့ လူစိတ်ထဲမှာ ရှိနေခဲ့တာပါ။ ကျတော် နဲ့ ပိတောက် သိပ်ချစ်နေကြမှန်း သိလို့ ခွဲမရမှန်းသိတဲ့ အတွက် ကျတော်ကို နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ တိုက်တွန်းပြီး နိုင်ငံခြားသွားတာ စောင့်ပြီး သေချာတဲ့ အချိန်မှာ ပိတောက်ကို အိမ်ထောင်ချပေးလိုက်တာပါ။ တနယ်တကျေးမှာ ကျတော်ရောက်နေတာဆိုရင်တော့ သူလိုက်လာနိုင်ပါလိမ့်မယ်။ ကျတော် တမင် ပြန်မလာဘူး ဆိုပြီး ပိတောက်ကတော့ စိတ်နာသွားခဲ့ပါတယ်။ ကျတော် ဘယ်လို ရှင်းပြရမလဲ။ ကိစ္စတွေက လွန်ခဲ့ပြီဆိုတော့ ကျတော် ရှင်းပြလည်း သူစိတ်ညစ်တာပဲ ပိုတိုးလာမလား တွေးပြီး ကျတော် ပြန်တော်ကို လုံးဝ မပြန်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။
ဒါပေမဲ့ သူနဲ့ တချိန်က ပြောခဲ့တဲ့ စကားအတိုင်း နှစ်ဆန်း ၁ရက်နေ့တိုင်း ကျိုက်ခေါက်ဘုရား တနေကုန် သွားစောင့်နေဖို့ အတွက် နှစ်တိုင်း သင်္ကြန်ဆိုရင်တော့ ပြန်တော်ကို ပြန်လာတတ်တာ ကျတော် အကျင့်ပါပဲ။ အမှန်တော့ သူအိမ်ထောင်ကျလို့ ကလေး ၂ယောက် ရနေပါပြီ။ သမီးလေး ၂ယောက် မှာ အငယ်မလေးက သူ ငယ်ငယ်က ရုပ်အတိုင်း တော်တော်ဆင်ပါတယ်။ ကျတော် ပြန်ရောက်တိုင်း ကျိုက်ခေါက်ဘုရား က အပြန်မှာ သူနေတဲ့ အိမ်နားကို တပတ်ပတ်ပြီး လှည့်ကြည့်တတ်ပါတယ်။ သူအဆင်ပြေရဲ့လား သူ့နေလို့မှကောင်းရဲ့လား ဆိုတဲ့ မိတ်ဆွေ သူငယ်ချင်း စိတ်မျိုးမွေးပြီး အဝေးက လှမ်းလှမ်းကြည့်တတ်ပါတယ်။ သူကတော့ သိနိုင်မှာ မဟုတ်ပါဘူး။ ကျတော် အခုထိ နှစ်ဆန်း ၁ရက်နေ့တိုင်း ဘုရားသွားစောင့်တာ ကျတော် ရူးနေလို့ပဲ ဖြစ်မှာပါ။
ဒီလိုနဲ့ ၂၀၁၁ အထိ တစ်နှစ် တခါ စောင့်ရင်းနဲ့ ၁၅ကြိမ်တိတိ ရှိခဲ့ပါပြီ။ မှတ်မှတ်ရရ သူကို ဘုရားမှာ တွေ့ခဲ့ပါတယ် သူက သမီးလေး ၂ယောက် လက်ဆွဲပြီးတော့ ဘုရားလာဖူးတာပါ။ တခါမှ အနီးကပ် မမြင်ခဲ့ရပေမဲ့ မျက်နှာချင်းဆိုင် သူနဲ့ တွေ့တဲ့ အခါမှာ ကျတော် ရင်တွေ ခုန်နေတုန်းပါပဲ။ မျက်တောင်မခတ်ပဲ သူကို ကြည့်နေမိတယ်။ အရင်လိုတော့ နုနယ်တဲ့ မျက်နှာလေးမဟုတ်တော့ဘူး အရင်ကထက် ပိုပြီးလည်း ဝလာတယ် နောက်ပြီး ထူးခြားတာကတော့ တည်ငြိမ်ရင့်ကျက်နေပြီ ဖြစ်တဲ့ အပြုံးမျက်နှာနဲ့ ကျတော်ကို ကြည့်ပြီး ကို.. ကိုစိုး မတွေ့တာ အတော်ကြာပြီနော်.. ဆိုတဲ့ စကားသံကို ကြားတဲ့ အခါ ကျတော် ရင်ဘတ်ကို မီးလောင်နေတဲ့သံပူအိုးကြီး တခု လာစောင့်သလို ပူပူကြီးနဲ့ အောင့်ကနဲ ခံစားသွားရတယ်။ ကျတော် လည်း ဟန်မပျက် သူကို ပြုံးပြလိုက်တယ်။ သမီး ၂ယောက်ကတော့ သူတို့ တခါမှ မမြင်ဖူးတဲ့ လူတယောက်နဲ့ သူတို့ အမေ နှုတ်ဆက် စကားပြောနေတာကို ကြည့်ပြီး ထူးဆန်းတဲ့ မျက်လုံးနဲ့ ကျတော်ကို ကြည့်နေကြတယ်။ စကားပြောရင်းနဲ့ အရိပ်အမြွက် သိခဲ့ရတယ် ပိတောက် အိမ်ထောင်ရေး အဆင်မပြေဘူး ဆိုတာပါပဲ။
ကျတော် ရင်တွေ ပူလိုက်တာ သူ စိတ်ချမ်းသာပြီး ပျော်နေမယ် ထင်ထားတာ အိမ်ထောင်ရေး ပြသနာ ရှိနေတယ် ဆိုတော့ ဘာတွေ လုပ်ပေးလို့ လုပ်ပေးရမှန်းလည်း မသိဘူး အဆင်တော့ ပြေစေချင်တာ အမှန်ပါပဲ။ နောက်ဆုံး ကျတော် တွေးပါတယ်။ သူအိမ်ထောင်ဖက်က မကောင်းလို့ ကွာမယ် ဆိုရင်တောင် ကျတော် သူနဲ့ သူ့ သမီးလေး ၂ယောက်ကိုပါ စောင့်ရှောက်ပေးဖို့ အထိပါပဲ။ ထိုနှစ်မှာတော့ ကျတော် လည်း မပြန်ချင်တော့တာနဲ့ သူတို့ သားအမိတွေ လိုအပ်ချက်တွေ လိုက်လုပ်ပေးပြီး သမီးလေး ၂ယောက်နဲ့ပါ အတော်လေး ရင်းနှီးခဲ့ပါတယ်။
ကျတော် မိသားစုက သူတို့ သားအမိတွေနဲ့ အလုပ်ရှုပ်နေတာ သိတဲ့အခါ ကျတော် အမေ တော်တော် စိတ်ဆိုးခဲ့ပါတယ်။ ကျတော်ကို မိန်းမ တယောက်နဲ့ အတင်းပေးစားဖို့ တိုက်တွန်းခဲ့ပါတယ်။ အမေ စိတ်ချမ်းသာအောင် တွေ့ခဲ့ပြီး တွဲနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ သူနာမည်ကလည်း ထူးထူးဆန်းဆန်း ခရေ ဖြစ်နေခဲ့ပါတယ်။ ကျတော် ဘဝ မှာ တိုက်ဆိုင်စွာ တွေ့တဲ့ မိန်းမတွေက ပန်းနာမည်နဲ့ မိန်းကလေးတွေ ဖြစ်နေပါတယ်။ ကျတော် ပိတောက်ကို စွန့်ပြီး ခရေကို ချစ်ကြည့်ဖို့ ကြိုးစားပါတယ်။ ခရေက ကျတော်ထက် ငယ်ပါတယ် လှလည်း လှပါတယ်။ ဒါပေမဲ့ ပိတောက် ကို မြင်ရင် ကျတော်ရင်တွေ ခုန်မိသလိုတော့ သူ့ အလှက ကျတော်ကို မဆွဲဆောင်နိုင်ခဲ့ပါဘူး။ အူတိုပြီး အနိုင်ယူတတ်တဲ့ ခရေ ကိုတော့ ကျတော့် ဘဝ လက်တွဲဖော် အဖြစ် မဖြစ်နိုင်ဘူး ဆိုတာ အမေ ကို ဖွင့်ပြောလိုက်ပြီး နောက်ဆုတ်လိုက်ပါတယ်။ အမေကတော့ သားရေ သူများ မိသားစု ပြိုကွဲချင်နေတာ သွားမနှောက်ယှက်ပါနဲ့ သူတို့ အချိန်တန်လို့ အဆင်ပြေရင် သားက လူဆိုးကြီး ဖြစ်လိမ့်မယ် သား ပြန်လိုက်တော့လို့ ပြောတဲ့ အတွက် ပိတောက်တို့ သားအမိ ကို ထားပြီး ကျတော် အဝေးကို ပြန်လည် ထွက်ခွာခဲ့ပါတော့တယ်။ မကြာခင်မှာ ကျတော် သတင်းတွေ ကြားရပါတယ် ပိတောက် နဲ့ သူ့ခင်ပွန်း အဆင်ပြေလို့ သာယာတဲ့ မိသားစု ဘဝကို ရနေပြီ ဆိုတာပါပဲ။ သမီးလေး ၂ယောက် ရဲ့ အမေ ဘဝ နဲ့ တည်ငြိမ်ရင့်ကျက်တဲ့ ဘဝကို ကျတော် ဗီလိမ် လူကြမ်း မလုပ်ခဲ့မိတာ မှန်ပါတယ်လို့သာ တွေးရင်း ကျတော် ဘဝ ရဲ့ အိုဟောင်းနေတဲ့ ဒိုင်ယာရီ စာအုပ်ကို ပိတ်သိမ်းလိုက်ပါတော့မယ်။
ကျတော် ဒိုင်ယာရီ ထဲက မင်းသမီး ချောချော ပိတောက်လည်း အိုနေပါပြီ။ ရှာပုံတော် မင်းသားကြီး ကျတော်လည်း အိုနေပါပြီ။ ကျတော်နဲ့ သူနဲ့ ဝေးခဲ့ရတာ ၁၅နှစ် ကျော်ခဲ့ပေမဲ့ အခုထိမမေ့နိုင်သေးပါဘူး။ သင်္ကြန်ရက်မှာ ပြည်တော်ပြန်ပြီး အတိတ်က အနာဟောင်းမတူးစွတော့ပဲ သင်္ကြန်ရက်မှာ အေးချမ်းစွာပဲ တရားအားထုတ်ပြီး သာသနာဘောင်ဝင်ဖို့ ကြိုးစားပါတော့မယ်။
28 comments
ကိုပေါက်(မန္တလေး)
September 22, 2011 at 9:33 pm
တရားဘောင်ဝင်မယ်ဆိုတဲ့အတွက် သာဓု သာဓု
တကယ်ဝတ်ရင် တစ်ခါခေါ်ပေးမယ်နော်.
ဒီတစ်ခါထပ်တွေ့ရင်နှင်းဆီအလှည့်ဘဲဖြစ်မယ်ထင်တယ်။
ဆူး
September 23, 2011 at 11:58 am
တနှစ်တခါ ဒီပြန်လာပြီး သင်္ကြန်မှာ ဘုန်းကြီးဝတ်မယ်လို့ ရေးထားတာပါ.. အပြီးဝတ်မှာ မဟုတ်ဘူးလေ။ နှစ်တိုင်း သွားထိုင်မစောင့်တော့ဘူး လို့ ပြောတာပါ။အဲလို အဓိပ္ပါယ် သက်ရောက်နေလို့လား။
windtalker
September 22, 2011 at 9:46 pm
အင်း..
မယ်သီဝတ်စုံ တစ်စုံလောက်တော့
ပြေးဝယ်ထားဦးမှပါ ပဲ
ကျုပ်တို ့တက္ကသိုလ်တက်တုန်း ကတော့
ကောင်မလေး တွေ ကို တွေ ့ရင်
“ နမ်းမလားရှင် ” ဆိုပြီး စနောက်ခဲ့ဖူးသဗျ
ဖွားဆူး က တော့ “ ဒါန ဆန်ပါရှင် ” ပေါ့
🙂
သက်ဆိုင်သူ ကတော့
“ မောင်ငိုမယ် မိုးသည်းထဲမှာလေ ” လို ့ဆိုနေမှာ
မြင်ယောင်နေမိသဗျို ့
ဟီဟိ
TTNU
September 23, 2011 at 12:43 am
တရားထိုင်ရင်းနဲ့ တသသဖြစ်နေမှ ဒုက္ခဗျ။ ကိုယ့် မိတ်ဆွေ တစ်ယောက်ရဲ ့ မောင်လေး လိုဖြစ်နေဦးမယ်။
တရားစခန်းဝင်တာ (မဟာစည်) ပိန် ပိန် ဖောင်းဖောင်း မှတ်တော့ ၊ တော်ပြီဆိုပြီး Check out လုပ်လာတယ်
တဲ့။ ဘာပြုလို့ လဲ ဝိုင်းမေးကြတော့ သူ့ချစ်သူနာမည်က ဖောင်းဖောင်း မို့လို့ သမထ ကို မှတ် မရတော့ဘူးလို့
ပြောသတဲ့။
surmi
September 23, 2011 at 2:00 am
ပွင့်လျှင် လည်း နမ်း
နွမ်း လျှင် လည်းကောက်
ခြောက် လျှင်လည်းသိမ်း
တိမ်း ညွှတ် တွယ် မက်
ဒီ တစ် သက်မှာ
တစ် ပွင် ့ သာလေ
စွဲ လန်း နေ မည်
ဝေ ဝေ ကြွေ ကြွေ မြတ် နိုး ၏ ။
မောင် ရင် ့ ကဗျာ နဲ ့ ခေတ် ပြိုင် ကဗျာလေး ပါ ။ရေး သူ က နွမ် ဂျာ သိုင်း လို ့ ထင် တယ်။
အောက် ကကျုပ် ရဲ ့ ရင်တွင်း ဖြစ်
ပန်း ပိ တောက် မို ့ ၊ နွမ်း ခြောက်နေ လျက်
မပစ် ရက်ဘူး ၊ တစ် သက် တစ် ခါ
မြတ် နိုး ပါ မည် ၊ ပွင် ့လွှာ လည်း ကွဲ
ဝတ် မှုံ ကြဲ လည်း ၊ တစ် ခက် တည်း ပဲ သိမ်း ထား မယ် —-။
( အမှတ် တရ လက် ဆောင် ပါ )
kai
September 23, 2011 at 5:01 am
ဆရာနွမ်ဂျာ ..ဒီလောက်မရဘူးထင်ပါတယ်..။ 🙂
“ထာဝရ “က ဆရာမောင်စိန်ဝင်းပါပဲ..။
=
ဒါကတော့ ကျုပ်ရဲ့.. ဖန်တီးသစ်..
သုရာရှင်
ပွင့်လျှင်လည်းနှိုက်
စိုက်လျှင်လည်းရစ်
ပစ်လျှင်လည်းပြေး
စေးညစ်တွယ်ခက်
သည်တရက်မှာ
တခွက်သာလေ
သောက်၍နေမည်
သေသေကြေကြေ ကပ်တီး၏။
ကြောင်ကြီး
September 23, 2011 at 8:07 am
ဘိန်းစား
ဖိနပ်လည်းခိုး
ထမီလည်းသုတ်
ဆဲလျင်မဖြုံ
ဖမ်းလျင်လိုက်သွား
အစဉ်အမြဲ
သူ့စိတ်ထဲမှာ
ရှုဖို့သာ။
weiwei
September 23, 2011 at 8:25 am
ဒီဇာတ်လမ်းကို သိနေသလိုကြီးပဲ …
တကယ့်အဖြစ်အပျက်လား? စိတ်ကူးယဉ်ထားတာလား?
ဆူး
September 23, 2011 at 11:47 am
တနေ့က သူငယ်ချင်းက သူရဲ့ အဖြစ်အပျက်တွေကို ဖိုရမ်ထဲမှာ စိတ်ကူးပေါက်တိုင်း အသည်းကွဲခဲ့တာတွေကို စုစည်းပြီး ပိုစ်တခုဖြစ်အောင် ရေးပေးပါ ဆိုလို့ ရေးပေးထားတာပါ
windtalker
September 23, 2011 at 12:35 pm
သူငယ်ချင်းလေးပါတဲ့
သူငယ်ချင်းလေး ပဲတဲ့ကွယ်…
တူနယ် တဲ့နယ်
🙂
True Answer
September 23, 2011 at 8:30 am
ဝေးခဲ့ပြီ
ပန်းခရမ်းပြာ
ကြည်နူးခဲ့ကြ –
စိတ်ကောက်ခဲ့ကြ –
ညောင်ညိုပင်ရိပ်တွေ –
မြမြက်စိမ်းစိမ်းတွေ –
ဘယ်ဆီမှာလည်း –
မသိတော့ပါ ။
ဝယ ဓမ္မါ သင်္ခါရာ
ဖြစ် ပျက် သ မျှ အရာရာ
အတည်ယူလို့မရ ။
ဆုပ်ကိုင်လို့မရ ။
အဓိက ထားလို့ မရ ။
အဟုတ်ထင်နေလို့ မရ ။
နွယ်ပင်
September 23, 2011 at 9:38 am
ဆူးစိတ်ကူးလို့ ရေးထားပင်မယ့် ဇာတ်လမ်းလေးက တကယ့်အဖြစ်အပျက်လားလို့တော့ ထင်ရတယ်
ဆက်ရေးပါ ဆူးရေ အားပေးနေမယ်နော် ……..
manawphyulay
September 23, 2011 at 11:36 am
တကယ့်အဖြစ်အပျက်ဟာကို နွယ်ပင်ရယ်… ထင်ရတယ်လို့နော်။ ကျတော်ကို ဖတ်ရတာ တစ်မျိုးပဲ။ ကျွန်တော်ဆို ဖတ်ရတာ ပိုပြီး အသက်ဝင်မယ်ထင်မိပါတယ် ဆူးရေ…
ဆူး
September 23, 2011 at 11:46 am
မနောရယ် ခေတ်ပြောင်းစနစ်တွေ ပြောင်းနေပြီ.. ကိုယ်ပိုင်မူနဲ့ စာတွေစီတဲ့ အတွက် ကိုယ်ပိုင် စတိုင်ဖြစ်အောင် ကျတော် လို့ သေချာ မမှားအောင် ပေါင်းထားတာ..
အမြင်တမျိုးဖြစ်နေရင် စိတ်ထဲမှာ ကျတော် မြင်တိုင် ကျွှန်တော်လို့သာ စိတ်နဲ့ မှန်းပြီးသာ ပေါင်းပြီး ဖတ်လိုက်.. ဒီအရွယ်ရောက်အောင် စာသင်ခဲ့တာ မသိလို့ မဟုတ်ဘူး တမင်ထွင်ထားတာ.. မနောလည်း ထွင်လုံးတွေနဲ့ ကော်ပီများများ ကူးနိုင်ပါစေ။
windtalker
September 23, 2011 at 12:57 pm
“ မနောလည်း ကော်ပီများများ ကူးနိုင်ပါစေ။ ”
ဘာကြီးတုန်းဟင်…..?
ဖွားဆူး….
kai
September 23, 2011 at 3:47 pm
ကျွန်တော် = ကျေးတော်မျိုးကျွန်တော်မျိုးကို ရည်ညွှန်းပြီး ကျွန်စော်နံသော သက်ဦးဆံပိုင်..ပဒေသရာဇ်ခေတ်က.. စကားလုံး..။
ဆိုတော့..
တော်တော်များများ… ကျနော် လုပ်ကြတယ်..။ ဆူမမက..ထွင်လုံးအသစ်နဲ့.. ကျတော်လို့တမင်တကာရေးတာ.. သတိထားမိပါတယ်.။
ထွင်နိုင်စေသတည်း..။ 🙂
windtalker
October 25, 2011 at 12:35 pm
ဟုတ်ဘီဗျာ
သဂျီး ရဲ ့ဆန္ဒ အရ
ယနေ ့မှ စရွေ ့“ ကျွန်တော် ” အစား “ကျုပ်” လို ့ပဲ ပြောင်းသုံးတော့မည်
ပုံ “မစ်စတာပေ”
စုံ စုံ
September 23, 2011 at 12:04 pm
ကျတော်ဆိုတဲ့သူကတော်တော်အစွဲလမ်းကြီးအချစ်ကြီးတာဘဲနော်
အမှန်ဆိုရင်ကွဲကွာခဲ့တာနှစ်ပေါင်းများစွာကြာပြီ
မေ့မယ်ဆိုလဲမေ့လောက်နိုင်ပါရဲ့
ခုထိလဲမမေ့နိုင်သေးဘူးဆိုတော့ ငယ်ကချစ်တော့နှစ်တရာမမေ့သာဆိုတာ
သူ့ကိုညွှန်းထားတာဘဲဖြစ်ရမယ်
ပိတောက်ဆိုတဲ့အမျိုးသမီး ကျတော်နဲ့သာအမှန်တကယ်ဖူးစာဖက်ခဲ့ရရင်
ဘယ်လောက်များကံကောင်းလိမ့်မလဲ
Shwe Ei
September 23, 2011 at 2:35 pm
ဆူးမမ ရဲ့ ပို့စ်နဲ့ ကွန်မန့်တွေထဲက မောင်စိန်ဝင်းကဗျာတွေ ကူးသွားပါတယ်ဗျို့။ ဒါမျိုးလေးတွေ များများဖတ်ချင်ပါတယ်။ ကဗျာနဲ့ စာနဲ့တွဲရက်လေးတွေ။ ကဗျာသီးသန့်ဖတ်ရတာ တခါတရံ နားမလည်လို့။
ဆူး
September 23, 2011 at 7:50 pm
ဆူး က ကဗျာ ရေးတာ ဖတ်တာ သိပ်နားမလည်တတ်လို့ သိပ်မဖတ်ဘူး။
သူငယ်ချင်းက သူရဲ့ အကြောင်း ရေးပေးပါဆိုပြီး အချက်အလက်ပေးတုန်းက ကဗျာလေးတွေ ထည့်ရေးပေးလို့ အဓိက ကျတဲ့ နေရာမှာ ပါနေလို့ ထည့်ပေးထားတာ.. ကိုယ့်ဟာကိုယ်ဆိုရင် ကဗျာက ဦးနှောက်ထဲမှာ ထွက်လာမှာတောင် မဟုတ်ဘူး။
ကရင်လေး
September 23, 2011 at 9:24 pm
ဆူးစိတ်ကူးနဲ့ရေးထားတာတွေဖတ်လို့ကောင်းပါတယ်
ဆူးရေးထားတာဖတ်ပြီးဆရာတက္ကသိုလ်ဘုန်းနိုင်
ရေးတဲ့(ရင်တွင်းမှပိတောက်ပန်း)ကဗျာလေးကိုသတိရတယ်
ကိုယ့်ဘဝ
ပွင့်လာရချစ်ဦးလွှာ
ပိတောက်ကိုပမာခိုင်း
နိုင်းချင်ရဲ့မောင်သက်လျာ
တသက်တွင်သည်တချစ်
တချစ်သည်တယောက်ထဲ
မဖေါက်လွှဲပါတဲ့ခိုင်သစ္စာ
မေတ္တာနှစ်သင်္ကြန်ပန်း
ဪ….မဆင်ငြင်းရင်လှ
ပင်မင်းမှာမာလာသုန်းသည်သို့
ဘဝမှာပိတောက်တုံးပေလိမ့်
ဆံထုံးနောင်မပြင်နဲ့
တာသဘင်တကြိမ်သစ်မည်က
သံသရာဟိုတခေတ်မှာမို့
(ကွယ်)လွမ်းရစ်တော့မငိုတန်း…….
(တက္ကသိုလ်ဘုန်းနိုင်)
တညင်သား
September 24, 2011 at 12:06 am
တိုက်ဆိုင်လိုက်တာများဗျာ………..ဂီမန်နွေသင်္ကြန်ရက်
ဆိုးချက်က ရင့်နင့်စရာ…
ဗလောင်ဆူတဲ့ရင်ခွင့်နဲ့……….သန်လျင်ကိုပြန်တော့
နေပူပူလမ်းတွေဖြတ်ခဲ့ ….
သူမရှိတော့ပေမဲ့…………ပိတောက်တွေပွင့်တဲ့ရက်
တနှစ်တခေါက်တော့ …ကျိုက်ခေါက် ကိုရောက်အောင်သွားရမယ်…. 😛
ဆူး
September 24, 2011 at 6:34 pm
အချိန်တန်လို့ ပိတောက်တွေပွင့် အချိန်လွန်တော့ ပိတောက်တွေကြွ
ပိတောက်ပန်းခြောက်တွေ လေထဲမှာ ဝဲလွင့်လို့လေ
လေအပင့်မှာ ကြွေဆင်းလို့သာ မြေခရတယ်။
ပိတောက်ချစ်သူ အပြစ်မယူ စာနာစိတ်ထား မုဒိတာနှလုံးသား တွင်တွင်ထားလို့ ရင်နင့်စွာနဲ့ပြုံးပြုံးမိတယ်။
ကရင်လေး
October 12, 2011 at 6:11 pm
ခပ်စိမ်းစိမ်းပဲနေပါ့မယ်
သံယောဇဉ် အမျှင်တန်းကို
ရှင်ခန်းဘယ်သူဖြတ်နိုင်ပါ့
ပူတတ်သူတစ်သက်လွမ်းရော့လို့
လက်ကမ်းကာဝေဒနာမမျှချင်လည်း
ဘဝနွေအနုသယတောမှာ
သမုဒယအမော
တစ်ဇာတ်သိမ်းအောင်
ဪ…အခုတော့
ခပ်စိမ်းစိမ်းပဲနေပါ့မယ်
မောင်စိန်ဝင်း(ပုတီးကုန်း)
kocho
October 12, 2011 at 6:25 pm
ခံစားမိပါ၏ လွမ်းမိပါ၏(အတိတ်ကို) စာရေးကောင်းတဲ့မဆူး ဗာရေးရေးဖတ်လို့ ကောင်းဗာ၏
ဆူး
October 25, 2011 at 12:23 pm
အလုပ်တွေ နည်းနည်း ခေါင်းရှုပ်သက်သာသွားလို့ ဆရာရေ တပည့် ရွာထဲ ကို ပြန်ဝင်လာပြီနော်။ အားပေး အားပေး.. ဟိဟိ..
koaung
December 6, 2011 at 7:32 pm
ကျနော်ဇတ်လမ်းဟောင်းလေးအတိုင်းပဲ လိုက်ဖက်တဲ့သီချင်းလေးနားထောင်ကြည့်ကြပါ
http://www.youtube.com/watch?v=mk7wszRrw1Q
ဆူး
December 7, 2011 at 4:06 pm
ပေးထားတဲ့ ဗွီဒီယိုဖိုင်ကို ကြည့်လိုက်ပါသည်။
လိုင်းက သိပ်မကောင်းတော့ သီချင်းက ထစ်နေသလို ဖြစ်နေတယ်။
လိုက်ဖက်ညီတဲ့ သီချင်း ရှာပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။