တတ်နိုင်သလောက်

black chawNovember 2, 20111min14419

တန်ဆောင်မုန်း လပြည့်နေ့ နီးလာပြီ ဖြစ်သည့်အလျောက် ရပ်ကွက်ထဲမှ ကထိန် အလှူတစ်ခုမှ ဖွင့်သည့် သီချင်းသံကို ကြားမိရာမှ ဒီပို့စ်လေးကို ရေးဖြစ် ပါသည်။ မြန်မာတွေ အလှူအတန်းမှာ ဝါသနာ ထုံကြပါသည်။ နိုင်ငံ့ မျက်နှာဖုံး သူဌေးကြီးတွေကလည်း ဘွဲ့တံဆိပ်တွေ ချီးမြှင့်ခြင်းခံရလောက်အောင် တိုင်းသိပြည်သိ လှူကြတန်းကြပါသည်။ လူလတ်တန်းစား ကလည်း လူလတ်တန်းစား အထွာနှင့် လှူကြတန်းကြသလို ရပ်ကွက်ထဲမှ ဆိုက်ကားနင်းသည့် လူတွေကလည်း ဆိုက်ကားသမားများ ကထိန် ဆိုပြီး အလှူအတန်းကို နိုင်သလောက်လုပ်ကြသော လူမျိုးဖြစ်ပါသည်။ နာဂစ် မုန်တိုင်းကြီး မွှေသွားလို့ စိစိညက်ညက် ဖြစ်သွားသော ဒေသများကိုလည်း တတ်နိုင်သလောက် မည်သူ့တိုက်တွန်း ချက်မှ မပါပဲ ကားကိုယ်စီဖြင့် အခက်အခဲများကြားမှ လိုအပ်နေသော အရာများကို လှူနေတန်းနေကြသည်ကို ကြည့်ပြီး ပီတိဖြစ်မိပါသည်။ မနေ့တနေ့က ချောင်းရေ ရုတ်တရက် မြင့်တက်လာလို့ ဒုက္ခရောက်နေသူများကိုလည်း လက်မလွှတ်ပါ။ တတ်နိုင်သလောက် သွားရောက်လှူတန်းနေကြတာ မြင်နေ ကြားနေရပါသည်။ ရပ်ကွက်များတွင်လည်း ဘယ်လမ်း ဝင်လိုက်ဝင်လိုက် အလှူခံမရှိသော လမ်းက ခတ်ရှားရှား။ လှူချင်လို့ကတော့ အချိန်မရွေး ကောက်လှူလို့ရသော နိုင်ငံ။ ဒါန အတွက်တော့ စိတ်ချရသော လူမျိုး ဟု ခေါင်းစဉ် တတ်လို့ရပါသည်။ သို့သော်…………………..။

သို့သော် ကိုယ်ကျင့်တရား နှင့် ပတ်သက်၍မူကား နည်းနည်းများလျော့နည်းလာနေသလားလို့ ထင်မိပါသည်။ လတ်တလော ပုဂံဒေသမှ ဆိုင်ကယ်ကယ်ရီ သမား တစ်ယောက်၏ ဂျပန်နိုင်ငံသူလေးအပေါ် အပြုအမူ က မြန်မာလူမျိုး၏ ဂုဏ်သိက္ခာကို တည့်တည့်ကြီး ထိခိုက်ရပါသည်။ ညနေခင်းများရဲ့ စိတ်ဖြေရာ ဟု ဆိုကာ ဘီယာစတေရှင်များတွင် လူငယ်များနှင့် ပြည့်နေပါသည်။ အိမ်ထောင်ရေး ဖေါက်ပြန်မှုများကိုလည်း ခတ်စိတ်စိတ်တွေ့လာနေရပါသည်။ ကျွန်တော့် သူငယ်ချင်း အသိုင်းအဝိုင်းမှာပင် သားကြီးသမီးကြီးရှိပါလျက် မယားငယ်ယူထားသူ သုံးလေးယောက်ရှိနေပါသည်။ တချို့ မိန်းမများကတော့ စဉ်းစားဆင်ခြင်နိုင်မှု မြင့်မားသဖြင့် အိမ်ထောင်မပျက်အောင် ထိန်းသိမ်းနိုင်ပါသော်လည်း တချို့မိန်းမများ ကတော့ စိတ်မြန်လက်မြန် ချက်ခြင်းကွာကြရှင်းကြနှင့် မိသားစုဘဝလေးပျက်သွားရသူများ တွေ့နေရပါသည်။  လောင်းကစား ဒိုင်များကလည်း အရေးယူနေပါသည် ဆိုနေတဲ့ ကြားက အချိန်တန်ရင် ဘာထွက်သွားလဲ မေးနေကြသံများကို ကြားနေရဆဲဖြစ်ပါသည်။ ဘောလုံးပွဲ လောင်းကြစားကြတာတွေလည်းရှိနေဆဲဖြစ်ပါသည်။ လောင်းကစားကြောင့် ကွဲကြကွာကြသော အိမ်ထောင်ရေးတွေကိုလည်း တွေ့နေရပါသည်။ ယောင်္ကျားလုပ်တာ ကျမနဲ့ ဘာမှ မဆိုင်ပါကြောင်း နှင့် ၎င်းနှင့် ပတ်သက်သောကိစ္စ အဝဝ ကို တာဝန်မယူပါ ဆိုသော ကြော်ငြာတွေ သတင်းစာများမှာ

တွေ့နေရဆဲ  ဖြစ်ပါသည်။ ကုမ္ပဏီ လုပ်ငန်းခွင်များတွင်လည်း ကိုယ်နေရာရဘို့ တစ်ခြားတစ်ယောက်ကို ချောက်တွန်းဘို့ ဝန်မလေးသူများ များလာနေပါသည်။ အန္တောအနန္တ ငါးပါးတွင်ပါဝင်ပါလျက် ကျောင်းသားကျောင်းသူများထံမှ လက်ဆောင်ကို မျှော်လင့်နေတတ်သော ဆရာဆရာမများ များလာနေပါသည်။ ရထားသောအာဏာကို အလွဲသုံးစား ပြုကြသူများလည်း များလာနေပါသည်။ ကျင့်ဝတ်သိက္ခာကို ဂရုမစိုက် ကြတော့တာတွေလည်း များလာနေပါသည်။ လမ်းဘေးတွင် ခေါ်မည့်ကားကို ရပ်စောင့်နေကြရှာသော မိန်းကလေးငယ်များ ပိုများလာနေသည်ပါသည်။ ကိုယ့် ဘဝရပ်တည်မှုအတွက် ဘာကိုပဲလုပ်ရလုပ်ရ ဆိုသောလူတွေ များလာနေပါသည်။ သို့သော်…………………………။

သို့သော် မြန်မာတွေ အလှူအတန်းကို နိုင်သလောက်လုပ်နေကြသည်ကို မြင်နေရ ကြားနေရ၍ ဝမ်းသာပါသည်။ လက်ခုတ်တီးပေးပါသည်။

သို့သော် မြန်မာတွေ ကိုယ်ကျင့်တရား ကိုလည်းတတ်နိုင်သလောက် ထိန်းကြစေချင်ပါသည်။ တတ်နိုင်သလောက် ကိုယ်ချင်းစာစိတ်လေးတွေမွေးကြစေချင်ပါသည်။ တတ်နိုင်သလောက် မိမိ အိမ်ထောင်ရေးကို သစ္စာရှိကြစေချင်ပါသည်။ တတ်နိုင်သလောက် လောင်းကစားကိစ္စများကို လျှော့ကြစေချင်ပါသည်။ တတ်နိုင်သလောက် သူတပါးကိုချောက်တွန်းတာမျိုးကို ရှောင်ကြစေချင်ပါသည်။ တတ်နိုင်သလောက် မေတ္တာ စိတ်လေးတွေ မွေးကြစေချင်ပါသည်။ ဒီလိုရေးလိုက်လို့ မင်းကကော ဘယ်လောက်ကောင်းလို့လဲ  ဟုမေးလာပါအံ့။ ကျွန်တော်လည်း မြန်မာလူမျိုးပဲမို့ ကိုယ့်ကိုယ်ကို ပြန်ဆုံးမခြင်း ဖြစ်ပါကြောင်း ဝန်ခံပါသည်ခင်ဗျား။

တန်ဆောင်မုန်း အတွက် တတ်နိုင်သလောက် ကောင်းမှုလေးတစ်ခု ပြုခြင်းဖြစ်ပါသည်။

19 comments

  • ပေါက်ဖော်

    November 2, 2011 at 10:04 pm

    ကျနော်တော့.ရွာထဲရောက်မှ..ကိုယ်ကျင့်တရားလေးနဲနဲကောင်းလာ..ကိုချင်းစာစိတ်လေး နဲနဲ ရှိလာတာ
    ဦးချောရဲ့… 😆

    ဂေဇတ်ကြော်ငြာ 😀

    အကျင့်ကောင်းဖို ့..ဗီဇလဲ ကောင်းဖို ့လိုသေးတယ်ထင်တာပဲ..

  • koyinmaung

    November 2, 2011 at 10:14 pm

    ဟုတ်ပ ကိုဘလက်ရေ ကိုယ်ကျင့်တရားစောင့်ထိမ်းဘို့ကတော့
    လူတိုင်းမှာတာဝန်ရှိကြတာပါဘဲ….
    ဒါပေမဲ့အလုပ်အကိုင်ရှားပါတဲ့ကျနော်တို့နိုင်ငံအနေနဲ့ဝမ်းရေးကပိုအရေးကြီးတော့
    ဒီလိုဘဲစိတ်မကောင်းစရာမြင်ကွင်းတွေကတော့ရှိနေအုံးမှာပါ…

  • thit min

    November 2, 2011 at 10:43 pm

    ဆရာမောင်စိန်ဝင်းရဲ့ စာပေဟောပြောပွဲတိုင်းမှာ ကိုယ်ကျင့်တရားနဲ့ အမှန်ကိုချစ်မြတ်နိုးမှုလို့
    အမြဲပြောတတ်ပါတယ်။(၂၀၀၉ ခုနှစ်စင်ကာပူဟောပြောပွဲမှခုထိပါဘဲ)။
    သူဆက်ပြောထားတာရှိပါတယ်။
    အဲဒီ ၂ခုဟာ ဘယ်လက်နဲ့ညာလက်ပါဘဲတဲ့။
    တဘက်ကညစ်ပေနေရင် တဘက်က”ဆေးကြော” ပေးနိုင်ပါတယ်တဲ့။

  • Koyin Sithu

    November 2, 2011 at 10:57 pm

    အရေးအသားက မိုက်ပါ၏
    အတွေးအခေါ်ကို ခိုက်ပါ၏
    အော်ခေါ်သံသည် အားပေးမှုဆိုလျှင်
    အိုင်စီရှိူးပွဲတွေမှာ ပရိတ်သတ်တွေက မျိုးကြီး မျိုးကြီး မျိုးကြီးလို့ အော်ခေါ်ကြတယ်…
    ဂေဇက်ရှိူးမှာတော့ ….
    ကိုချော.. ကိုချော… ဂေဇက်တံခါးစောင့်ကြီး ကိုချောလို့..
    အားပေးလိုက်ပါရစေ….

    ချစ်ခင်စွာဖြင့်
    ကိုရင်စည်သူ

  • pan pan

    November 3, 2011 at 10:15 am

    ပိုက်ပိုက်ရှာတာ လှူဖို့နဲ့ ဖြုန်းဖို့၊ သုံးဖို့လို့ တချို့ကပြောတယ်
    တချို့က ရတဲ့ပိုက်ပိုက်ကိုလှူတယ်
    တချို့က သုံးတယ်
    တချို့က စည်းစိမ်ခံဖို့ငွေရှာတာ ဖြုန်းမယ်၊ စပွန်ဆာထားမယ်၊
    ရတုန်းဇိမ်ခံမယ်ဆိုတာကနေ ကိုယ်ကျင့်တရားပါပျက်သွားကြတယ်ထင်ပါတယ်
    (ရိုင်းသွားရင်ခွင့်လွှတ်ပါ)
    ဇိမ်ခံသူရှိလို့ ဇိမ်မယ်ရှိတာပြောပြော
    ဇိမ်မယ်ရှိလို့ ဇိမ်ခံတာပြောပြော
    အရက်ဆိုင်ပေါလို့ပဲပြောပြော
    အရက်သောက်သူတွေရှိနေလို့ ရောင်းတာပဲပြောပြော
    ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီတွေပါပဲ
    ဦးချောဖြစ်စေချင်သလို “တတ်နိုင်သလောက်”ကတော့
    နောက်လာမယ့်ကလေးတွေကို ထိန်းနိုင်ဖို့လိုမယ်ထင်ပါတယ်
    နို့မို့ ပိုဆိုးဖို့ပဲရှိတော့တယ်

    • Foreign Resident

      November 3, 2011 at 2:26 pm

      pan pan ရဲ့
      Sponsor / မယားငယ် ထားတာ ။
      ဇိမ်မယ် / ပြည့်တန်ဆာ နှင့် ပျော်ပါးတာ ။
      အပြစ်မှ မဟုတ်တာကွယ် ။
      အကျင့်စာရိတ္တ ပျက်ပြားတာလဲ မဟုတ်ဘူးလေ ။
      ဘုရားရှင်လက်ထက်ကတည်းက ရှိခဲ့ပြီး ။
      ဘုရားရှင်ကလည်း မတားမြစ်ထားပါကွယ် ။
      ” ကိုယ်ကျင့်တရား ” ဆိုတာကတော့ အဘသေချာမသိဘူး ။
      ” ကိုယ်ကျင့်တရား ” ကိုဘယ်သူပြဌာန်း ထားတာတုန်း ။
      အဘ မသိလို့ပါကွယ် ။

      • pan pan

        November 3, 2011 at 2:59 pm

        ပြည့်တန်ဆာလုပ်တာက ဘုရားရှင်လက်ထက်ကတည်းကရှိပေမယ့်
        ဒီဖက်ခေတ်ကျတော့ စပွန်ဆာခေတ်တို့၊ ဘာညာခေတ်တို့ဖြစ်လာရော
        သူတို့ဟာသူတို့ လုပ်ငန်းသဘောအရ ကတိတည်ပြီး ကောင်းကောင်းမွန်မွန်အဲဒီအလုပ် လုပ်စားတယ်ဆိုရင်ထားပါတော့
        ခုဟာက တချို့ပတ်ဝန်းကျင်မှာတွေ့တာပြောပါတယ်၊ အားလုံးတော့မဟုတ်ပါဘူး
        အိမ်ထောင်ရှိတဲ့ ဦးလေးကြီးတွေက ကာရာအိုကေတို့၊ မာဆတ်တို့မှာသွားကဲတယ်
        နောက်တော့ အဲလိုပဲအမျှင်မပြတ် အပြင်ထိပါဇာတ်တွေရှုပ်တော့
        ပထမလူတစ်ယောက်ကြုံတုန်းက အတည်ယူခိုင်းတယ်
        မယူရင်ဘာညာလုပ်မယ်၊ ငွေလည်းမလိုချင်ဘူးပေ့ါ
        အဲဒီလူက အစိုးရဝန်ထမ်း၊ အရှက်ကွဲမှာ အလုပ်မှာထိခိုက်မှာလည်းစိုးတယ်
        အတည်ယူရအောင်လည်း သူ့မှာမိန်းမနဲ့ ကလေးနဲ့
        နောက်တော့လည်း ဖြောင်းဖြောင်းဖြဖြနဲ့ ငွေလျှော်ပေးတော့ ရသွားပါတယ်
        အဲဒီအချိန်တုန်းကတော့ သူတို့မိသားစု ဒုက္ခရောက်နေကြတာပေ့ါ
        နောက်လူတစ်ယောက်ကျတော့ အတည်ယူဖြစ်တယ်
        ခုအဲဒီလူက မယားကြီးရော၊ မယားငယ်ရောနဲ့ ကြားထဲမှာ
        ကလေးက အကြီးနဲ့ရော အငယ်နဲ့ရော ရှိတယ်
        အဲဒီနှစ်ယောက်လုံးက အဲလိုကာရာအိုကေတို့၊ မာဆတ်တို့ကပဲ တွေ့ခဲ့တာပဲ
        ကျမပြောချင်တာက ကိုယ့်ကျင့်တရားပျက်တယ်ဆိုတာ မိမိလုပ်တဲ့အလုပ်ဟာ
        သူများကို တနည်းနည်းနဲ့ ထိခိုက်ပျက်စီးအောင်(တချို့က ရည်ရွယ်ချက်ရှိရှိ၊ တချို့ကတော့ အခြေအနေအရ) လုပ်တာ/လုပ်ချင်တာကိုပြောချင်တာပါ
        အဲဒါလည်း စိတ်ထဲတွေးမိသလောက်ပြောတာဦးဖောရေ
        တချို့ဟာကျတော့လည်း ပြောသာပြောချင်တာ သေချာမရှင်းတတ်ဘူး 😀

        • pan pan

          November 3, 2011 at 3:04 pm

          မယားငယ်တွေယူတာ ဘုရားရှင်ကမတားမြစ်ပေမယ့်
          အိမ်ထောင်ရေးအရ ကျေနပ်သူရှားပါလိမ့်မယ်
          ဘယ်သားသမီးမှ ကိုယ့်အဖေ ကိုယ့်အမေ အငယ်အနှောင်းတွေနဲ့ ရှုပ်နေတာကြိုက်မယ်မထင်ပါဘူး
          ယောက်ျားတွေ ကျွေးနိုင်လို့ယူတာ ကိစ္စမရှိဘူးဆိုပေမယ့်
          ပထမဆုံးယူထားတဲ့မယားက စိတ်ချမ်းသာပ့ါမလား
          စိတ်ချမ်းသာတဲ့မိန်းမမျိုးတော့ ရှိမလားမသိ
          ခုထိတော့ မတွေ့ဖူးသေးဘူး 🙂

        • Foreign Resident

          November 3, 2011 at 3:43 pm

          pan pan ရဲ့
          ” ပထမဆုံးယူထားတဲ့မယားက စိတ်ချမ်းသာပ့ါမလား ”
          စိတ်မချမ်းသာတာသေချာရင်တော့ ကွာလိုက်ပေါ့ကွယ် ။
          ပြဿနာမရှိပါဘူး ။

        • Foreign Resident

          November 3, 2011 at 3:49 pm

          Australia မှာ အဘ အသိထဲမှာ
          ယောက်ကျားတယောက်
          သူ့မိန်းမ နှင့် ကလေး နှစ်ယောက် ကို
          ငါနင်နှင့် မပေါင်းချင်တော့ဘူး
          နင်စားစရာမရှိရင် အစိုးရဆီက တောင်းစား
          လို့ပြောပြီး ဒီအတိုင်း ဆင်းသွားတယ် ။
          နောက်မိန်းမယူတာ မဟုတ်ဘူးနော် ။
          ပျင်းလာလို့တဲ့ ။
          ဗဟုသုတပါကွယ် ။

        • pan pan

          November 3, 2011 at 3:50 pm

          အင်းပေ့ါလေ
          ပြဿနာမရှိဘူးလို့တွေးလို့ရသလို
          တဖက်ကတော့လည်း အိမ်ထောင်ရေးပြိုကွဲသွားတော့ မကောင်းဘူးပေ့ါလေ
          မကောင်းဆို မကောင်းဘူးပေ့ါ
          သားသမီးတွေများရှိရင် ပိုလို့တောင်မကောင်းသေးတယ်
          စိတ်ဓါတ်ပိုင်းဆိုင်ရာက အနည်းနဲ့အများထိခိုက်တတ်ပါတယ်
          မရင့်ကျက်ဘူးပဲဆိုဆို 🙁

        • pan pan

          November 3, 2011 at 4:05 pm

          သူများတွေတော့မသိဘူး
          ရွာက ကျမတို့အဒေါ်(အဖေ့ညီမ)တို့ဆို တဖက်သားဖက်က သိပ်တွေးပေးတတ်တာ
          ကိုယ်ချင်းစာတယ်
          ရိုးလွန်းလို့ အ,တယ်ပဲပြောပြောပေ့ါ
          သူ့သားရဲ့ကောင်မလေး အိမ်ကိုခဏခဏလာတော့ (လိုတာထက်တော်တော်ပို)
          သူကတောင် ပြန်အားနာနေတာ
          သူ့စိတ်ထဲဘယ်လိုတွေးသလဲဆိုတော့
          ငါ့သမီးလေးသာ အဲလိုဆိုရင်ငါဘယ်လိုခံစားရပ့ါမလဲဆိုပြီးတော့တဲ့
          ကောင်မလေးကို အထင်မသေးရက်ရှာဘူး
          သနားနေတာ
          ဒါက ဥပမာပြောတာပါ
          ““Australia မှာ အဘ အသိထဲမှာ
          ယောက်ကျားတယောက်
          သူ့မိန်းမ နှင့် ကလေး နှစ်ယောက် ကို
          ငါနင်နှင့် မပေါင်းချင်တော့ဘူး
          နင်စားစရာမရှိရင် အစိုးရဆီက တောင်းစား
          လို့ပြောပြီး ဒီအတိုင်း ဆင်းသွားတယ် ။
          နောက်မိန်းမယူတာ မဟုတ်ဘူးနော် ။
          ပျင်းလာလို့တဲ့ ။”” ဆိုတာမျိုးတော့
          ကျမအနေနဲ့ဆိုရင် ယောက်ျားကလုပ်တာဖြစ်ဖြစ်၊ မိန်းမကလုပ်တာဖြစ်ဖြစ်
          လုံးဝ(လုံးဝ) လက်မခံနိုင်ပါဘူး
          အကြောင်းကြောင်းကြောင့် အဆင်မပြေဖြစ်လို့ ဆက်ပေါင်းလို့မရလို့
          ကွဲကြပြဲကြတာ နားလည်လက်ခံပါတယ် ဖြစ်သင့်ပါတယ်
          ခုလို ကိုယ်တစ်ယောက်တည်း ပျင်းလာလို့ရုန်းထွက်တာ(တနည်း စိတ်သာယာဖို့)တော့
          ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး
          လူအမျိုးမျိုး စိတ်အတွေထွေဆိုပေမယ့်
          လူဖြစ်လာပြီဆိုရင် ယောက်ျား မိန်းမမဟူ မိမိတို့တာဝန်ကို မိမိတို့ကိုယ်တိုင် သိရပါမယ်
          သားသ္မီးတွေကို မိစုံဖစုံနေနိုင်အောင် လုပ်မပေးနိုင်ရင်တောင် တန်သလောက်တာဝန်သိရပါမယ်
          တာဝန်ယူနိုင်ရပါမယ်၊ ထမ်းဆောင်နိုင်ရပါမယ်
          လူမှာ ကြင်နာတရားရှိပါတယ်
          တစ်ကိုယ်ရည်ရုန်းဖို့ အင်အားကြီးနေရင် ကျမကတော့ လုံးဝမကြိုက်ပါဘူး 🙂

        • Foreign Resident

          November 3, 2011 at 4:17 pm

          pan pan ရဲ့
          ဒီ Australia မှာတော့
          အဲလို
          မိန်းမ နှင့် သားသမီးကို လုပ်ကြွေးဖို့
          တာဝန် သိပ်မရှိဘူးကွယ့် ။
          ဘယ်သူမှ တာဝန်မယူရင်
          အစိုးရက တာဝန်ယူတယ် ။
          အဲဒါကလည်း လုံလောက်တယ် ။
          အခြေအနေ မတူတော့
          အတွေးအခေါ်တွေ မတူဘူးပေါ့ကွယ် ။

        • pan pan

          November 3, 2011 at 4:57 pm

          သူ့အရပ်နဲ့ သူ့ဇာတ်ကိုး ဦးဖောရေ
          အစိုးရက တာဝန်ယူနိုင်တယ်ဆိုတော့ တော်တော်ဝမ်းသာပါတယ်
          ဒီမှာတော့ ဒါမျိုးမရဘူးလေ
          အင်း….ဒီမှာသာ အဲလိုသာအစိုးရကတာဝန်ယူမယ်ဆိုရင်လည်း ဗြောင်းဆန်ကုန်တော့မှာပဲ
          ကိုယ်ပိုင်အသိရှိသူတွေအားနည်းနေလို့ 🙁

  • inz@ghi

    November 3, 2011 at 10:29 am

    သူတပါး ချောက်တွန်းတာနဲ့ပဲ စလိုက်ချည်စို့ရဲ့ ဆြာချောရေ့

    ဘာတဲ့ နေရာဆိုတာ ယူတတ်မှ ရတာတဲ့ ….
    အရည်အချင်းပြည့်ရင် နေရာဆိုတာ အလိုလို တည်ဆောက်ပြီးဖြစ်မယ် ဆိုတာ မသိကြဘူးထင်ပါ့…
    သူများ ချောက်တွန်းမှ ..တယောက်ယောက် သေပေး ဖယ်ပေးမှ နေရာ ရမယ်ဆိုတာကတော့ …
    ၆၃မကျဘဲ နေရာယူချင်တဲ့ လူတွေ ရဲ့ စရိုက်လို့ ရဲရဲကြီး ဝေဖန်လိုပါကြောင်း…..

    ကိုယ်တတ်စွမ်းသမျှ နဲ့ ယှဉ်ပြိုင် ရင်း ဖင်ထိုင်ခဲ့ရသူတွေ က
    သူရို့ မယှဉ်သာသူတွေ တချက်အမှားမှာ…..
    အဆင်း ဘီးတပ် ဘီးကို ဆီစွပ် နောက်ကနေလည်း
    နည်းနည်း အရှိန်လေးရအောင်တွန်းလိုက်ဦး..

    ဒါမျိုးလုပ်တာတော့ မသတီတာ အမှန်ပဲဗျ….

    ဟိုလူတွေက သူရို့ကို ချောက်တွန်းပီးမှ သူတို့ အပေါ်ရောက်လာတာမှ မဟုတ်ဘဲဗျာ ….နော့်…

    တိုက်ဆိုင်လို့ ပေါက်ကွဲ ဖြစ်ပါသည်….
    ပြင်းထန်နေလျင် ခွင့်လွှတ်ပါဆြာခင်ည…

    ၆၃မကျသော ၆ရေးမပါသူများအား ၆ဂရု မစိုက်တတ်သူ
    iNZ@GHI

    • pan pan

      November 3, 2011 at 11:06 am

      ကိုဇာ စိတ်လျှော့၊ စိတ်လျှော့

      ရွာထဲ တစ်ပတ်ပတ်ခိုက်
      လူပျိုလျှောက်လှည့်လိုက်
      ကောင်မလေးက ပြန်မကြိုက်
      ကိုဇာ ခေါင်းငိုက်စိုက်
      အသည်းကွဲလည်း ခပ်မိုက်မိုက်
      ဘော်ဘော်တွေနဲ့ ထန်းရည်ကျိုက်
      ကိုဇာ နိဗ္ဗာန်ဆိုက် 😛

  • AKKO

    November 3, 2011 at 11:06 am

    ကိုဘလက်ချောပြောသလိုပါပဲ မြန်မာလူမျိုးတွေ အလှူတန်းရက်ရောကြတယ် အတွင်းနေစိတ်ထားလေးတွေ နူးညံ့သိမ်မွှေ ့ပြီး စိတ်ကောင်းရှိကြပါတယ် ဒါပေမယ့်နောက်ပိုင်း လိုချင်တပ်မက်မှုတွေ ၊ နေရာရလိုမှုတွေ ၊ တဏှာရာဂထကြွမှုတွေကြောင့် နဂိုစိတ်ဓါတ်လေးတွေအရောင်ပြောင်းသွားတော့တယ် ။
    လူတွေကမ်းကုန်အောင် ဆိုး ၊ ပေတေ ၊မိုက် လို့ရပါတယ် ပတ်ဝန်းကျင်ရဲ့ဒဏ်ကို ခံနိုင်လျှင်ပေါ့ ။ ဒါပေမယ့် မယုတ်မာသင့်ဘူး ။ တချို့လူတွေ သွေးအေးအေးနဲ့ အရမ်းယုတ်မာတတ်ကြတယ် ။ ယုတ်မာလိမ်လှည့်ဖျားမှုထဲမှာ အဆိုးဆုံးကတော့ သာသနာကိုဗန်းပြပြီး အမြတ်ထုတ်မှုတွေပါပဲ ။ သူတို့အမြတ်ထုတ်မှုတွေကြောင့် ကိုယ့်ကိုးကွယ်ရာ သာသနာကို သူတပါး အယုံကြည်မဲ့ပျက်ရယ်ပြုခြင်း ခံရနိုင်ပါတယ် 🙄

  • blackchaw

    November 3, 2011 at 9:39 pm

    ပေါက်ဖေါ် ၊ koyinmaung ၊ ကိုသစ်မင်း ၊ Koyin Sithu ၊
    ဂေ့အင်ဇာဂီ ၊ AKKO ၊ pan pan နဲ့ အဘ FR တို့ ကွန်းမန့်များ
    စိတ်ဝင်တစား ချီးမြှင့်ပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
    အမှန်တော့ ဒီပို့စ်ကို ရေးချင်ဇောများပြီး တက်သုတ်ရိုက်ရေးလိုက်ရတဲ့အတွက်
    ပို့စ်တင်ပြီးမှ ထည့်ရေးရမယ့် အကြောင်းအရာလေးတွေ အများကြီးကျန်ခဲ့သေးတာ သတိရပါတယ်။
    ဥပမာပေါ့ဗျာ။ အမေအရင်းခေါက်ခေါက်ကြီး ကို ဘုရားဇောင်းတန်းမှာ စွန့်ပစ်ကြတာမျိုးလေးတွေလည်း
    ထည့်ရေးသင့်တာပေါ့။ တတ်နိုင်သလောက် မိဘကို ပြုစုစောင့်ရှောက်ကြဘို့ ဆိုတာမျိုးလေးတွေပေါ့။
    ဘာပဲပြောပြော ကျေးဇူးတင်ပါတယ်ဗျာ။

  • kai

    November 4, 2011 at 3:41 am

    ဒါမျိုးတွေများများရေးစေချင်တာ.. ကိုရင်ဘလက်ချောရေ..
    FR ရေးတာက.. လွယ်လွယ်ပေါ့ပေါ့လေးထင်စရာဖြစ်ပေမဲ့.. အထဲ.. အင်မတန်လေးနက်ပါတယ်..။
    ဒီအတွေးအမြင်နဲ့က.. သာယာတဲ့အိမ်ထောင်ရေးနဲ့..တဦးချင်းစီ. စိတ်ချမ်းသာမှု အပြည့်ဆောက်နိုင်တယ်ထင်တာပဲ..။
    မချစ်မနှစ်သက်တဲ့သူနဲ့.. (ယဉ်ကျေးမှုမျက်နှာဖုံးကြီးတပ်) အတင်းကာရော.. ပေါင်ထုပ်နေစရာမှ မလိုတာနော..။

    ယူအက်စ်လည်း.. အဲဒါမျိုးပဲတွေးကြတာပါ..။ :mrgreen:

Leave a Reply