ကျွန်မနှင့် ကုလားထိုင်များ
ကျွန်မလူမှန်းစသိတတ်တဲ့အရွယ်ကထဲက ကုလားထိုင်များကို အလွန်ကြိုက်ပါသည်။ ကုလားထိုင်ပေါ်မှာ ထိုင်နေရတာကိုက ဇိမ်ရှိတယ်လို့ထင်တတ်ပါသည်။ ကုလားထိုင်ပေါ်မှာထိုင်ပြီး စာအုပ်ဖတ်သည်။ တီဗီကြည့်သည်။ ဗွီဒီယိုရုပ်ရှင်ကြည့်သည်။ မိသားစုတွေနဲ့ စကားစမြည်ပြောကြပါသည်။ ထိုင်နေရင်းနဲ့ တွေးနေမိတာတွေလဲ ရှိခဲ့ပါသည်။ အဲဒီတုန်းက ထိုင်ခဲ့တဲ့ ကုလားထိုင်က ရိုးရိုး ကြိမ်နဲ့ယက်ထားတဲ့ သစ်သားဆက်တီ (old model) တစ်ခုသာဖြစ်ခဲ့ပါသည်။
နဲနဲအတန်းကြီးလာပြီး ၉ တန်း ၁ဝ တန်းလောက်အချိန်မှာ ကျွန်မတဆင့်တက်ပြီး ပက်လက်ကုလားထိုင်လိုချင်တယ်လို့ ပူဆာခဲ့ဖူးပါသည်။ ဘာပဲလိုချင်လိုချင် အဖိုးကိုသာပူဆာရတာမို့ အဖိုးကို ပက်လက်ကုလားထိုင်နဲ့စာဖတ်ရတာ အရမ်းဇိမ်ရှိလို့ ပက်လက်ကုထားထိုင် (ခြေထောက်ပါတင်လို့ရတဲ့ဟာ) ဝယ်ပေးပါလို့ ပူဆာခဲ့ဖူးပါသည်။ ဖိုးဖိုးက အဲဒါတော့ သဘောမတူဘူးတဲ့ … ဖိုးဖိုးကိုယ်တိုင်လဲ မသုံးဘူး။ အိမ်မှာလဲ တစ်ခါမှ မဝယ်ထားခဲ့ဖူးပါဘူး။ ဖိုးဖိုးက ပုံပြင်တစ်ခုပြောပြတယ်။ ဖိုးဖိုးတို့ငယ်ငယ်က သူတို့တွေနေတဲ့ရပ်ကွက်ထဲမှာ အရမ်းအလုပ်လုပ်တဲ့ တရုတ်ကြီးတစ်ယောက်ရှိတယ်တဲ့။ မိုးလင်း မိုးချုပ်အလုပ်နဲ့လက်မပြတ်အောင် အလုပ်လုပ်နေလို့ ကြီးပွားချမ်းသာလာတယ်တဲ့။ အဲဒါကို မနာလိုဖြစ်နေတဲ့ သူ့မိတ်ဆွေတစ်ယောက်က ပျက်စီးရာပျက်စီးကြောင်း ကြံစည်တယ်တဲ့။ အဲဒါနဲ့ အကြံရပြီး အဲဒီတရုတ်ကြီးအိမ်ကို ပက်လက်ကုလားထိုင်တစ်လုံး လက်ဆောင်ပေးလိုက်တယ်တဲ့။ တရုတ်ကြီးလဲ ပက်လက်ကုလားထိုင်လက်ဆောင်ရပြီးကထဲက အဲဒီခုံမှာ ထိုင်ရတာဇိမ်တွေ့ပြီး အလုပ်လုပ်တာ တဖြည်းဖြည်းလျော့သွားပြီး စီးပွားလဲကျသွားတယ်တဲ့။ အဲဒါကို မြင်ထားလို့ ကျွန်မအဖိုးက ပက်လက်ကုလားထိုင်ကို ဝယ်လဲမဝယ် ထိုင်လဲမထိုင်ပဲ ရိုးရိုးကုလားထိုင်ကိုသာထိုင်တာပါဆိုတော့ ကျွန်မကိုလဲ အပျင်းစိတ်ကြီးလာမှာ စိုးရိမ်ကို မဝယ်ပေးခဲ့ပါဘူး။
တက္ကသိုလ်ကျောင်းသူဘဝရောက်တော့ ရန်ကုန်မှာနေတာများကြီး အမြင်ကျယ်လာချိန်မှာ ဆိုဖာဆက်တီလိုချင်တယ်လို့ ပူဆာခဲ့ပါသေးတယ်။ ဖိုးဖိုးက ဘာကြောင့်လိုချင်တာလဲလို့ မေးတော့ ကျွန်မက သူငယ်ချင်းအသစ်တွေ အများကြီးရထားကြောင်း၊ ယောက်ျားလေးသူငယ်ချင်းများလဲရှိကြောင်း အိမ်ကို သူတို့လာလည်ကြတဲ့အခါ ဆက်တီအဟောင်းကြီးက မလှတော့ကြောင်း၊ ဆိုဖာဆက်တီလေးနဲ့ ဧည့်ခံရရင် ပိုကောင်းမှာဖြစ်ကြောင်း၊ ကျွန်မက အရမ်းပိန်လွန်းလို့ ရိုးရိုးခုံနဲ့ထိုင်ရတာ အရိုးတွေထိပြီး နာကြောင်း နဲနဲပိုပိုသာသာပြောပေးလိုက်တာနဲ့ ဖိုးဖိုးက သဘောတူပြီး ဝယ်ပေးခဲ့ပါသည်။ ရှမွိုင်းသားနဲ့ချုပ်ထားတဲ့ ဆိုဖာဆက်တီက ကြာကြာထိုင်ရင် ပူလွန်းလို့ တစ်အိမ်သားလုံး ဘယ်သူမှ ကြာကြာမထိုင်ပေမယ့် ကျွန်မကတော့ ထိုင်နိုင်ပါတယ်။ တစ်နေကုန်ထိုင်ပြီး စာဖတ်နိုင်သူဖြစ်ပါသည်။ (အခု အဲဒီဆက်တီကို အခမဲ့ဆေးခန်းတစ်ခုကို လှူလိုက်ပြီး ပိုကောင်းတဲ့ ဆက်တီတစ်စုံ ထပ်ဝယ်ဖြစ်ခဲ့ပါတယ်)
ကျွန်မအလုပ်လုပ်ဖြစ်တော့ ပထမဆုံးဝယ်ဖြစ်တဲ့ပစ္စည်းက ဆုံလည်ကုလားထိုင်လေးတစ်လုံးဖြစ်ပါတယ်။ ဆိုဖာနဲ့ပြုလုပ်ထားပြီး အနိမ့်အမြင့် ချိန်လို့လဲရ၊ လှည့်လို့လဲရ၊ တွန်းလို့လဲရတဲ့ အဲဒီကုလားထိုင်လေးကို ကျွန်မ အလွန်နှစ်သက်ပါသည်။ တွေးဖို့ ငေးဖို့ အလွန်ဝါသနာပါတဲ့ကျွန်မအတွက် ကုလားထိုင်လေးတွေက မိတ်ဆွေကောင်းလေးများသဖွယ် အမြဲတမ်းအသင့်ရှိနေခဲ့ကြပါသည်။ ကုလားထိုင်ပေါ်မှာထိုင် စာဖတ်ပြီး အိပ်ပျော်သွားလို့ မိုးလင်းခဲ့တဲ့ ညတွေလဲ ရှိခဲ့ဖူးပါသည်။
ကုလားထိုင်များကို ဇိမ်ကျဖို့ထက်ပိုပြီး အတွေးမနက်ခဲ့တဲ့ ကျွန်မအတွက် အစိုးရပိုင် ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်တော့မှ အတွေးပိုလေးနက်သွားပါတော့သည်။ ကျွန်မအလုပ်စဝင်တဲ့နေ့က ကျွန်မက ရာထူးသေးသေးလေးနဲ့ခပ်ငယ်ငယ်ဆိုတော့ ကုလားထိုင် ခပ်စုတ်စုတ်လေးနဲ့သာ ထိုင်ရပါသည်။ ထိုင်ခုံလေးကိုမြင်ပြီး ငိုချင်စိတ်ပေါက်မိပါတော့သည်။ ကိုယ့်ဟာကိုယ် ကုလားထိုင်တစ်လုံး ဝယ်ပြီး ဒီကိုယူလာလို့ မရဘူးလားလို့မေးမိလို့ ကျွန်မကို သနားစရာသတ္တဝါတစ်ကောင်လို ဝိုင်းကြည့်ကြတာကို ခံလိုက်ရပြီးကထဲက နားလည်သင့်သလောက် နားလည်သွားခဲ့ပါသည်။ ကုလားထိုင်ဆိုတာ ပိုက်ဆံပေးဝယ်လို့မရတဲ့နေရာတွေလည်းရှိပါသေးလားလို့ပေါ့။
ကျွန်မတို့ အစည်းအဝေး မကြာခဏလုပ်ဖြစ်ကြပါသည်။ အကြီးဆုံးအဆင့်မှသည် အငယ်ဆုံးအဆင့်အထိဖြစ်ပြီး ကုလားထိုင်တွေလဲ မတူတာသတိထားမိခဲ့ပါသည်။ ကျွန်မက နောက်ဆုံးတန်းလေးရဲ့ သစ်သားထိုင်ခုံလေးမှာ ထိုင်ခဲ့ရတဲ့ဘဝကနေ စခဲ့ရသူဖြစ်ပါသည်။ အစည်းအဝေးမှာ ထိုင်နားထောင်ရုံအဆင့်နဲ့ အဲဒီကုထားလိုင်လေးနဲ့ အခုတွေးကြည့်တော့လဲ အတော်ပေါ့ပါးတာပါလား။ အဲဒီလိုကနေ ကျွန်မရဲ့ကုလားထိုင်လေး ပုံစံနဲနဲချင်းပြောင်းလာပါသည်။ လက်တန်းမပါတာကနေ လက်တန်းပါလာတယ်။ ကြိမ်ကနေ ဆိုဖာပါးပါးလေးဖြစ်လာတယ်။ တဖြည်းဖြည်း ကုလားထိုင်က ရှေ့နားရောက်လာပါတော့တယ်။ ရှေ့ဆုံးကို မရောက်သေးပေမယ့် နောက်ကိုလှည့်ကြည့်လိုက်တော့ အလယ်မှာရှိနေတဲ့အနေအထားပါလား။
အလယ်မှာရောက်နေချိန်မှာ နောက်ကိုပြန်ဆင်ခြင်ဖို့နဲ့ အရှေ့ကိုတွေးကြည့်ဖို့ အခြေအနေအကောင်းဆုံးလို့ထင်ပါသည်။ ကျွန်မတွေးကြည့်မိတယ်။ ဒီကုလားထိုင်မှာထိုင်ရတာ အရင်ကုလားထိုင်မှာထိုင်ရတာထက် ပိုပင်ပန်းပါသည်။ ကျွန်မဝင်ဆွေးနွေးရမယ့်အပိုင်းတွေ ပါလာသည်။ ကုလားထိုင်က ပိုသက်တောင့်သက်သာရှိလာပေမယ့် စိတ်က မသက်သာတော့ပါ။ တပည့်တွေ ပြသနာနဲ့ ဆရာတွေပြသနာကြားမှာ ကြားညပ်တဲ့ အနေအထားမို့ အလွန်လဲ ပါးနပ်အောင်ကြိုးစားရပါသေးသည်။ ရှင်းအောင်ပြောရရင်တော့ စိတ်ညစ်သည်ပေါ့။ အရှေ့ကိုတွေးကြည့်မိသည်။ အကောင်းဆုံး ဆိုဖာဆက်တီကို မြင်နေရသည်။ အဲဒီမှာထိုင်ရဖို့ အချိန်အားဖြင့်သိပ်မလိုတော့ဘူးလို့ စိတ်ထဲကသိနေသည်။ ဒါပေမယ့် အားကျစိတ်နဲ့ ထိုင်ချင်စိတ် မရှိတော့ပါ။ နောက်ဆုံးတန်းက ကျွန်မထိုင်ခဲ့ဖူးတဲ့ခုံလေးကို လှည့်ကြည့်မိသည်။ အဲဒီခုံလေးကို ကျွန်မနှစ်သက်စိတ်ဖြစ်မိသွားသည်။ အဲဒီခုံလေးမှာ ထိုင်နေတုန်းက ကျွန်မစိတ်တွေတက်ကြွခဲ့သည်။ ရှေ့ဆုံးတန်းက ဆိုဖာခုံကြီးကို အားကျခဲ့သည်။ တစ်နေ့နေ့တော့ ထိုင်ရအောင်ကြိုးစားအုန်းမည်လို့ စိတ်ကူးယဉ်ခဲ့သည်။
အချိန်တွေပြောင်းလာတာနဲ့အမျှ ကျွန်မ၏ ကုလားထိုင်များအပေါ်ထားရှိတဲ့ စိတ်ခံစားချက်တွေပြောင်းလဲလာခဲ့သည်။ ကုလားထိုင်ဆိုတာ ထိုင်ဖို့သက်သက်သာမဟုတ်ပဲ တာဝန်ယူမှုကိုလဲ တစ်ဖက်တစ်လမ်းက သတိပေးနေသလိုပဲ။ ကျွန်မအခု ဆိုဖာဆက်တီများကို မကြိုက်တော့ပါ။ ဖင်ပူသည်ဟု ခံစားမိလာသောကြောင့်ဖြစ်ပါသည်။ ပလက်စတစ်ကုလားထိုင်လေးနဲ့ ခြံထဲက သစ်ပင်အောက်မှာထိုင်နေရတဲ့ အရသာကို ပိုကြိုက်လာပါသည်။
စာဖတ်နေတဲ့သူတွေရော ဘယ်လိုကုလားထိုင်မျိုးကို ကြိုက်ပါသလဲ ???
61 comments
NK
November 30, 2011 at 12:17 pm
ကုလား ပါတာဆိုဘာမှကိုမကြိုက်တာ….ဈေးဝယ်တာတောင် မြန်မာဆိုင်ပဲဝယ်တယ်..
blackchaw
November 30, 2011 at 12:21 pm
ဖတ်သွားပါတယ်ဗျို့။
nozomi
November 30, 2011 at 12:21 pm
မဝေကြီး မြင်တတ်ပုံလေးတွေကို အားကျမိတယ် ဟိုတစ်ခါလဲ အခန်းအပြင်ထုတ်လို့ မရတဲ့ စားပွဲခုံးကြီး ရေးခဲ့တယ် ၊ ဖတ်ကောင်းတယ် ၊ ထပ်တွေးမိတယ်
“အစိုးရပိုင် ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်တော့မှ ” အစိုးရပိုင် တဲ့ ကုမ္ပဏီ ဆိုတာ ဘယ်လို မျိုးပါလိမ့် ဦးပိုင်၊ MEC တို့လို မျိုးများလား
အလယ်လူ ဖြစ်လာတဲ့ အချိန်မှာ တော်တော်များများက သဘောမကျ ကြဘူး ၊ အောက်ကလူလိုလဲ မသက်သာ အပေါ်ကလူလိုလဲ ဦးဆောင်ခွင့်မရ ၊ တကယ်က အဲဒီအဖွဲ့ အစည်းမှာ အလယ်လူတွေ ကောင်းမှ တိုးတက်မှု မြန်မှာ ၊ ကျွန်တော်မြင်တာတော့ အလယ်လူ တွေက ဘက်ခမ်းလို လူမျိုးပဲ ရှေ့တန်းလူတွေ ဂိုးသွင်းနိုင်အောင် လဲ ကူညီပေးနိုင်တယ် ၊အခြေအနေပေးရင် ရှေ့တန်းတက် ဂိုးသွင်းပေးရတယ်၊ လိုအပ်ရင် နောက်တန်းကိုလဲ ဆင်းကာကွယ်ပေးနိုင်တယ် ရှေ့နဲ့ နောက် ကြား မှာ နားလည်မှု ရှိရှိနဲ့ ကစားသွားရတဲ့ လူတွေရဲ့ တာဝန်က မသေးဘူးနော
ကျွန်တော်တို့တွေက ကလေးတုန်းက လူကြီးသိပ်ဖြစ်ချင်ကြတယ် လူကြီးဖြစ်လာတော့ ပြန်ငယ်ချင်ကြပြန်ရော မရနိုင်တာကို တောင့်တကြတာ ကို ၊ ဒါပေမဲ့ တကယ်ဘယ်ဖြစ်မလဲ စိတ်အာသာပြေပေါ့ ၊ ကောင်းတာတော့ ငယ်တဲ့ အချိန် အငယ် တာဝန်ကျေဘို့ ၊ ကြီးလာတဲ့ အချိန် အကြီးတာဝန်ကျေဘို့ အရေးကြီးတာပဲ
ပေါ့ပေါ့ ပါးပါး သက်တောင့် သက်သာ ဖြစ်တဲ့ ခုန်လေးတွေ ကြိုက်တယ် ၊ ကြိုက်တိုင်း ထိုင်လို့ ရတာတော့လဲ မဟုတ်ဘူးပေါ့
ဆူး
November 30, 2011 at 12:37 pm
(((တပည့်တွေ ပြသနာနဲ့ ဆရာတွေပြသနာကြားမှာ ကြားညပ်တဲ့ အနေအထားမို့ အလွန်လဲ ပါးနပ်အောင်ကြိုးစားရပါသေးသည်။ ရှင်းအောင်ပြောရရင်တော့ စိတ်ညစ်သည်ပေါ့။ အရှေ့ကိုတွေးကြည့်မိသည်။)))
မဝေ အနောက်မှာရှိတုန်းက သိပ်ပြီး အာရုံမစားရဘူး အလယ်ရောက်တော့ အနောက်လူနဲ့ အရှေ့လူကြား ညပ်တယ် ဆိုရင် မထူးဘူး အရှေ့ဆုံး ခုံမှာ ရအောင် ထိုင်ဖို့သာ ပြင်ထားပေတော့.. ဒါဆို မညပ်တော့ဘူး။ ဟိဟိ.. မြှောက်ပေးတာ..
ဆူး ကတော့ ကုလားထိုင် နဲ့ ပတ်သတ်ပြီးတော့ သိပ်ပြီးတော့ အဲလိုမျိုးမတွေးမိဘူး။
ကျောင်းတုန်းကလည်း စာကျက်ရင် ထိုင်ရတာ ပျင်းလို့ မတ်တပ်ရပ် သို့မဟုတ် လမ်းလျှောက်ကျက်တယ်။ အခုလည်း ထိုင်စရာ သီးသန့်ရယ်လို့ မရသေးဘူး။ အမ လို သီးသန့် ကိုယ်ပိုင် ထိုင်ခုံလိုမျိုး မရှိသေးဘူး.. ထိုင်ခုံရအောင်လည်း မကြိုးစားတာပါတယ်။ အိမ်မှာကတော့ ကွန်ပြူတာ တင်ထားတဲ့ စားပွဲရှေ့က ခုံက ဆူး ထိုင်ခုံ သူများ ထိုင်ရင် ဖယ်ခိုင်းလိုက်တယ်။ ရွာထဲ ဝင်ဖို့ လမ်းကြောင်းပိတ်မှာစိုးလို့..ဟိဟိ..
Moe Z
November 30, 2011 at 12:37 pm
ဆိုဖာတော့မကြိုက်ဘူး ထိုင်ပြီးရင်တော်ရုံနဲ့ပြန်မထဖြစ်တော့လို့
ထိုင်ခုံဆိုရင်တော့ သက်တောင့်သက်သာရှိတဲ့ကြိမ်ခုံလှလှလေးတွေသဘောကျတယ် 🙂
မမဝေရဲ့စိတ်ကူးကိုတော့ လူကြီးတွေပဲဝေဖန်ကြပါစေ..
ကြောင်ကြီး
November 30, 2011 at 12:50 pm
ကုလားထိုင်ဆိုတဲ့ အသုံးအနှုန်း မှားနေဒယ်။ လူတွေထိုင်တာမို့ လူထိုင်ဖြစ်သင့်တယ်။ တိရစာ္ဆန်များပါထိုင်ရင် သတ္တဝါထိုင်၊ မမြင်ရတဲ့ ပရလောကသား၊ နတ်ဒေဝါများပါ ထည့်စဉ်းစားချင်ရင် သုံးဆဲ့တဘုံထိုင် လို့ပြောင်းလဲ ခေါ်ဝေါ်သင့်ပါသည်။။။။ 😀
Shwe Tike Soe
November 30, 2011 at 1:52 pm
မဝေ ပြောမှပဲ ကုလားထိုင်နဲ.ရာထူး ကို တွဲမြင်တော့တယ်ဗျာ.. အခုရုံးမှာ ကျွန်တော်ထိုင်တဲ့ ကုလားထိုင်က နဲနဲကောင်းတယ်ဆိုတော့ ဟဲဟဲဟဲ….
ကျွန်တော်ကတော့ ကြိမ်နဲ.လုပ်တဲ့ ဆက်တီ တွေကြိုက်တယ်…
အစုံလိုက်မဝယ်နိုင်လို. တစ်လုံးချင်းစုဝယ်နေတယ်
မှော်ဆရာ
November 30, 2011 at 2:43 pm
ကြိမ်နဲ့လုပ်တဲ့ ဆက်တီတွေ လိုချင်ရင်တော့ ရခိုင်မှာ ရှိတယ်ဗျို့ ပေါလဲ ပေါတယ် ..။ ပက်လက်ကုလားထိုင် အကောင်းစားတစ်လုံးမှ ၃၀၀၀ဝ ဝန်းကျင်ပဲရှိမယ် ..
ဂွမြို့နယ် အပိုင်ထဲက ကျိန္တလီ မှာဆို ပေါပါတယ်..။ အသိရှိရင် လှမ်းသာမှာ …။
အိမ်ရောက်ရင်တော့ လိုက်ကာတင်ဖို့ အရင်လုပ်… သူတို့က ပေါလစ်ပဲတင်ပေးလိုက်တာ …။ ကြာရင် မဲလာလိမ့်မယ်…။ ခိုင်လဲခိုင်တယ်.. ဖင်လဲ မပူဘူး .. သက်တောင့်သက်သာလဲ ရှိတယ်…
သံတွဲ အဖွဲ့ကလူတွေကို လှမ်းမှာကြည့်ပါလား …. 🙂 🙂
Shwe Tike Soe
December 1, 2011 at 11:02 am
ဟုတ်ကဲ့ ကိုမှော်ကြီး ရေ ကျေးဇူးဗျာ.. သံတွဲမှာ အသိရှာလိုက်အုံးမယ်..
လိုက်ကာ တင်ရသေးတယ် ဟုတ်လား.. မသိဘူးဗျာ.. မှုတ်ဆေးလိုက်ကာလား..
မှော်ဆရာ
December 1, 2011 at 11:48 am
မှုတ်ဆေးနဲ့ဆို အများကြီးကုန်မယ်ဗျ .. သူက အပေါက်တွေနဲ့ ထိုင်ခုံကိုး ..
ိရိုးရိုးလိုက်ကာဝယ်ပြီး .. စုတ်တံနဲ့သာသုတ် ..
zaymdy
November 30, 2011 at 3:37 pm
တစ်ခါတစ်လေ လည်းရိုး၂ထိုင်ခုံထပ် ဇိမ်ကြလှသည် ဆိုဇာထိုင်ခုံကြီးများတွင် ထိုင်ချင်မိသည် တစ်ခါတစ်လေလည်း သစ်ရိပ်ဝါးရိပ် အောက်မှာ ရိုးရာဝါးကုးလားထိုင်ခုံလေးထိုင်ပြီး စာတွေဖတ် စာတွေရေးပြီး အေးဆေးနေချင်မိသည် သို.ပေမယ်လည်းအသက်လေးရယ် ငယ်သေးတော. မိသားစုအရေး နိုင်ငံအကျိုး လူမျိုးအကျိုး ဘာသာ သာသနာအကျိုးလေး တက်နိုင်သလောက် ဆောင်ရွက်သွားမယ်လို. စိတ်ကူးကြိုးစားရင်း……အားပေးနေပါတယ် မဝေ…
စုံ စုံ
November 30, 2011 at 3:41 pm
မဝေပေးတဲ့မက်ဆေ့ချ်ကိုအရမ်းသဘောကျတယ်
ကုလားထိုင်နဲ့တာဝန်ယူမှုဆိုတာ တကယ်တော့ဆက်စပ်နေတဲ့အရာတခုဘဲနော်
အရင်ကထိုင်ခဲ့ရတာ ပလတ်စတစ်ထိုင်ခုံလေး ပေါ့ပေါ့ပါးပါးဘဲ
နောက်ပိုင်းတော့ ရိုးရိုးကုလားထိုင်လေး ကနေ အခုနောက်ဆုံးတော့
လယ်သာဆုံလည်ထိုင်ခုံရှည်ကြီး
ပြန်တွေးကြည့်ရင် ထိုင်ရတာ စီးစီးပိုးပိုးရှိလာတာနဲ့အတူတူ တာဝန်ယူမှုဆိုတာကြီးကလဲ
ဝန်ထုပ်ဝန်ပိုးကြီးတခုလိုဘဲ ကပ်ပါလာတာသတိထားမိလာတယ်
မဝေရေ ကျမကတော့မဝလိုပလတ်စတစ်ထိုင်ခုံလေးနဲ့ သစ်ပင်အောက်မှာတော့ထိုင်ချင်စိတ်မဖြစ်မိဘူး
တခါထဲသာ သင်ဖျုးဖျာလေးပေါ်မှာ ခြေပစ်လက်ပစ်လှဲပြီး မျက်လုံးလေးတွေခနမှိတ်ထားချင်ပါရဲ့
MaMa
November 30, 2011 at 4:13 pm
ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ အတူတူ စက်ရုံဆင်းတော့ ကိုယ့်စီနီယာကြီးတွေရဲ့ အသံတွေကြားရပြီး ငါ့အလှည့်ကျရင် စက်ရုံကြီးတာ သေးတာ အရေးမကြီးဘူး။ သူများဩဇာ ပေးတာ မခံချင်ဘူး။ အလုပ်လုပ်ရင် စက်ရုံမှုးကပဲ စဝင်ချင်တယ်ပြောလို့ ဝိုင်းဟားတာ ခံရတယ်။
အခုအသက်အရွယ်မှာ တာဝန်ယူလုပ်ရတဲ့နေရာရောက်လာတဲ့အခါမှာ သူငယ်ချင်းတွေနဲ့
ဆုံဖြစ်တော့ င့ါကို အခုနေရွေးခိုင်းရင် ဂျာရူးဝါလားပဲ လုပ်ချင်တော့တယ်လို့.. 😀
naywoonni
November 30, 2011 at 10:58 pm
ကုလားထိုင်တော့ မကြိုက်ဖူး…..။ ရောက်တဲ့နေရာ ဖိနပ် ဖင်ခုထိုင်လိုက်တာက အေးတယ်…။ လွတ်လပ်တယ်….။ တောသားပီပီ………..။
pooch
November 30, 2011 at 11:49 pm
မမဝေရေ ကျမတော့ အခုလက်ရှို laptop ကို စားပွဲခပ်နိမ့်နိမ့်မှာ တင်ပြီး အောက်က ရိုးရိုးအခင်း လေး တခုနဲ့ပဲ ထိုင်ရတာ အဆင်ပြေနေပါတယ်။ ခေါင်းငုံတဲ့ အလေ့အကျင့်ကို ရှောင်ဖြစ်ကထဲကပါ ။အာရုံကြောညှပ်ပြီးထဲက ဆိုပါတော့ ။တီဗွီ ကြည့်ရင်လည်း အခန်းထဲမှာမှီအိပ် အိပ်ကြည့်တတ်ပါတယ် ။စာဖတ်တာကိုလည်း ကုတင်ပေါ်မှာ မှီပြီး ဖတ်မှ ဖတ်နိုင်ပါတယ်..။. လုံးဝ မငုံနိုင်တော့လို့ပါ..။
မမဝေ ပေးတဲ့ အတွေးစလေးကို ဖြန့်ကြည့်လိုက်တော့ မဝေထိုင်တဲ့ ကုလားထိုင်က လူတိုင်းမြဲအောင် ထိုင်နိုင်ဖို့ ခက်လှပါတယ်။ ..လူတော်တွေ အရည်အချင်းရှိသူများသာ ထိုင်နိုင်တာပါ..
ကျမကိုယ်တိုင်ကတော့ ကိုယ့်မင်းကိုယ်ချင်း ကိုယ်လုပ်ချင်တာကိုသာ စိတ်တိုင်းကျ လုပ်ခဲ့နေခဲ့တဲ့ အတွက် ခုချိန်မှာ ထိုင်စရာကုလားထိုင်ဆိုတာ မရှိပါဘူး ။
တနေရာထဲမှာ ထိုင်ရတာကို ဖင်ပူတယ် လို့ ခံစားမိတာရော ထိုင်ဖို့ရာ အရည်အချင်းမရှိတဲ့ အတွက်ရော ပါ ။ သို့သော် အမြဲတစေ ကြွေးကြော်တတ်တာကတော့ ကိုယ့်လမ်းကိုယ်ဖောက်မယ်လို့ပါ။
ဖောက်ခဲ့တဲ့လမ်းများ ပျောက်လေတော့ ခုတော့ အိမ်ရဲ့ ထိုင်ခုံများမှာ ကြုံတဲ့နေရာ ဝင်ဝင်ထိုင်ရပါတော့တယ် ။ အဲ့ဒီလို ကြုံသလို ထိုင်ပြီး နေရတာကို လည်း မသိမသာနဲ့ အသားကျနေပါပြီ။
parlayar46
December 1, 2011 at 12:20 am
ဒီအက်ဆေးလေးကို ကြိုက်လိုက်တာ…
သွေးတိုးနေလို့ ကွန်ပျူတာအသိမ်းခံထားရတာနဲ့ ရွာထဲမရောက်တာ ကြာပေါ့။
ရောက်ရောက်ချင်း ဒီစာလေးဖတ်မိတော့ ရေအေးအေးလေးတခွက်သောက်လိုက်ရသလိုပဲ။
ကွန်မင့်ရေးချင်လို့ လှည့်ပတ်ပြီး ရေးကွက်ရှာကြည့်တော့လဲ
ပိုစ့်အရသာမပျက်အောင် မရေးတတ်ပြန်ဘူး။
ဂျွန်စတိုင်းဘက် ရဲ့ ဝတ္ထုတအုပ်က အချီးစကားလေး အမှတ်ရမိတယ်။
ရေထဲမှာနေတဲ့ နုနုနယ်နယ်သတ္တဝါငယ်ကလေးတွေကို ကြည့်ရှု့လေ့လာတဲ့အခါ ကော်ခပ်ဆယ်ယူပြီးကြည့်ရင် ပျက်စီးသွားတတ်ပါသတဲ့။
ဒါကြောင့် လုပ်ရမယ့်နည်းကတော့ သူ့ရှေ့မှာ တုတ်ချောင်းလေးချထား – အဲဒီကောင်လေးတွေ သူ့ဘာသာတက်လာတာကို စောင့်ပြီး ဆယ်ယူကြည့်ရပါသတဲ့။
အခုလဲ စိတ်ထဲမှာ ပိုစ့်ထဲကအတွေးလေးချထားကြည့်ဦးမယ်။
weiwei
December 1, 2011 at 11:03 am
ဦးပါလရာမန့်လိုက်မှ ကျွန်မလဲ ကုလားထိုင်နဲ့ လွတ်သွားတယ် .. လေထဲနဲနဲမြောက်သွားလို့ … 🙂
ကျေးဇူးတင်ပါတယ် … နောက်ထပ် တွေးနိုင် ရေးနိုင်ဖို့ အားပိုရှိသွားပါတယ် …
kai
December 1, 2011 at 4:23 am
ဂျပန်ရှေးရိုးတွေအိမ်တွေ ..ဧည့်ခန်းမှာလေ..
ကုလားထိုင်လည်းမရှိ… သုံးဆဲ့တဘုံထိုင် လည်း မထား..
ကြမ်းပြင်ပေါ် ထိုင်ရတာ…။
နောက်တာပါ..။ 😆
အခုတင် သတိရပြီး.. ဘယ်သူတွေဘယ်လိုထိုင်နေပါလိမ့်လို့… ရုံးဧည့်ခန်း(အစည်းဝေးခန်း)သွားကြည့်တာ…
ထိုင်ခုံတွေက.. အကုန်တူတူချည်းပဲ..။
ကြုံလို့လေ့လာဝေဖန်နိုင်အောင်… အိမ်ဖြူတော် စစ်ကျူရေးရှင်းအခန်းဓါတ်ပုံလေး တင်ပေးလိုက်တယ်..။
ဆိုတော့…
အနောက်နိုင်ငံတွေက.. ကုလားထိုင်ကို.. ကုလားထိုင်လို့ပဲ.. မြင်ကြပုံပေါက်ပါတယ်..။
မတူတဲ့အတွေးနဲ့ ဖြည့်ပေးတာပါနော…
အက်ဆေးလေးတော့.. ကြိုက်ပါတယ်..။
weiwei
December 1, 2011 at 8:21 am
ကျွန်မတကယ့်စိတ်ကူးက သူကြီးပေးတဲ့ ကွန်မန့်အတိုင်းပါပဲ ….
အက်ဆေးတစ်ပုဒ်ဖြစ်အောင် အနုပညာမြောက်အောင် ရေးသားထားပေမယ့် ရင်ထဲမှာတော့ ကုလားထိုင်ကို ကုလားထိုင်လိုပဲ မြင်ချင်ပါတယ် … အဆင့်အတန်းခွဲခြားခြင်းကို လုံးဝ (လုံးဝ) မကြိုက်ပါ …
htoosan
December 1, 2011 at 11:04 am
ဒီမှာ ဆိုရင်တော့ အိုမြန်မာ ဘေးက ကောင် ပြုတ်ပြီ။ ဘင်လာဒင် ကို ဝင်စီးနေတာ ကြည့်နေတဲ့ ပုုံထင် တယ်။
ဒီမှာတော့ အခန်းအနားတစ်ခု လုပ်မယ်ဆို မတူတဲ့ ခုံ ရှာရတာ အမော။ သဘာပတိ ကြီး က ဘယ်လို ခုံ ။ နောက် အကောင် ကြီး အတွက် ဘယ်လိုခုံ ။ သူ့အောက် အတွက် ဘယ်လိုခုံ စသဖြင့် စသဖြင့် ….
ဒါပေမဲ့ တစ်ခါတစ်လေ ကျရင် အောက်လူက ပိုတာတွေ လည်း အများကြီး။
True Answer
December 1, 2011 at 8:16 am
ချယ်လ်စီးအသင်း နည်းပြထိုင်ခုံရယ်။
သူတပါးဆီက မတရားသိမ်းပိုက်ပြီး အတင်းလုထိုင်နေရတဲ့ထိုင်ခုံရယ် ဒီနှစ်မျိုးက လွဲရင်
ကျွန်တော့်အတွက် ဘယ်ထိုင်ခုံမဆို အဆင်ပြေပါတယ်။
ဒါပေမယ့်
မဝေ ဖားအောက်ရိပ်သာက ထိုင်ခုံ မပါပဲ ထိုင်ခဲ့တဲ့ အထိုင် လေးကိုတော့ အကြိုက်ဆုံးပါ။
nikita
December 1, 2011 at 10:04 am
ကြမ်းပြင်ပေါ်မှာ ထိုင်ရတာ အကြိုက်ဆုံးပဲ 😛
လင်းဝေကျော်
December 1, 2011 at 10:13 am
ဘာပဲပြောပြော ပက်လက်ကုလားထိုင် ကို ကြိုက်တယ်။
သူ့အချိန်နဲ့ သူ ထိုင်ပေါ့။ ပစ္စည်းကောင်းဆိုတာ အချိန်အဆတော့ လိုတာချည်းပဲလေ။
kyeemite
December 1, 2011 at 11:04 am
ရာထူး ကိုလိုက်ပီး ထိုင်ခုံပုံစံ ခွဲခြားတာက အင်းဂလိပ်တွေစပေးခဲ့ တာလို့ထင်တယ်..
အစိုးရ ဋ္ဌာနတွေတင်မကဘူးဗျ….ပုဂ်ဂလိက ကုမ်ပဏီတွေမှာလဲခွဲ..တုံးဘဲ..
မိုက်ကယ်ဂျော်နီအောင်ပု
December 1, 2011 at 11:11 am
သူများနဲ့မတူအောင်တွေးပြီးပြောရမယ်ဆိုရင်တော့
ကုလားထိုင်နဲ့မထိုင်ကြပါနဲ့
ပလ္လင်နဲ့ထိုင်ကြဘာ
မှော်ဆရာ
December 1, 2011 at 11:52 am
ပလ္လင်က အချွန်တွေ အတက်တွေနဲ့ဗျ… မတော် ဖင် အချွန်နဲ့ထိုးမိရင် ဘယ့်နဲ့လုပ်မတုန်း
KING
December 1, 2011 at 12:27 pm
ကျွန်တော်လည်း တခြားဟာ စဉ်းစားပြီးပြောမယ်ဗျာ ..
ကိုပုက ပလ္လင်နဲ့ ထိုင်ကြပါလို့ပြောတယ်
ကျွန်တော်ကတော့ ဘာနေရာမှာပဲထိုင်ထိုင် တစ်သက်လုံးမထိုင်ကြပါနဲ့
အညောင်းပြေအညာပြေလည်း ထကြပါလို့ .. 😀
အခုလောလောဆယ်တော့ ကိုယ့်ဖာသာကိုယ် ထဖို့ တော်တော်ကြိုးစားရအုံးမယ်ဗျို့ … 😀
laypai
December 1, 2011 at 11:38 am
ကုလားထိုင် အနား ယူ တဲ့ အချိန်၊ သတင်းစာ ဂျာနယ် စာစောင် တွေ ဖတ်တဲ့ အချိန် မှာ မှာ တော့ ကောင်းကောင်း အသုံး ပြုတယ်။
musicalpunk
December 1, 2011 at 12:01 pm
နှီးနဲ့ ရက်တဲ့ ဖျာပဲ ကြိုက်တယ်ဟေ့……..ထိုင်ရတာ အေးးးးးးးးးးးးးးလို့ေကောင်းမှကောင်းပဲ ဟဲဟဲ
နွယ်ပင်
December 1, 2011 at 12:05 pm
မဝေရေးထားတဲ့အကြောင်းအရာနဲ့ message လေးကိုသဘောကျမိတယ်
မဝေထိုင်ဖြစ်တဲ့ ကုလားထိုင်တွေကလည်း တော်တော်များခဲ့တာပဲ ဒါကလည်း လူတိုင်း
မြဲအောင်ထိုင်ဖို့ကတော့ ခက်ခဲမှာပါပဲ .. တော်ရုံလူ ထိုင်ဖို့ခက်တဲ့ နေရာမှာထိုင်
နေရတာကလည်း အရည်အချင်းရှိသူ တစ်ယောက်ဖြစ်မှသာ ထိုင်ခွင့်ရှိတာပါ
ဒါပေမယ့် ဝန်ထုပ်ဝန်ပိုးကြီးတခုလို တာဝန်ယူမှုဆိုတာကြီးကလဲ
ကပ်ပါလာတက်ပါတယ် . ဒါကြောင့်လဲ တစ်ခါတစ်လေ မဝေပြောသလို
ပလက်စတစ်ကုလားထိုင်လေးနဲ့ သစ်ပင်အောက်မှာထိုင်နေရတဲ့ အရသာကို
လိုချင်မိတာဖြစ်မယ် …….
မောင်သန်းထွဋ် ဦး
December 1, 2011 at 12:17 pm
မှန်တဲ့ အတွေးလေးပါ ကိုခိုင်နဲ ့မမဝေရေ။ကုလားထိုင်ကို ကုလားထိုင်လို ့ဘဲမြင်ရမှာပေါ့။ကျေးဇူးတင်ပါတယ်နော့။
R Ga
December 1, 2011 at 1:11 pm
အဟမ်း..အဟမ်း ပြောရမယ်ဆိုရင်တော့ အဖိုးရှိတုန်းက အဖိုးထိုင်တဲ့ ကုလားထိုင်ကို ကြိုက်တယ်။ သူလစ်တာနဲ့ သူကုလားထိုင်းကို ထိုင်တော့တာပဲ။ အဖိုးဆုံးတော့ အိမ်က TV ရှေ့မှာ ထားတဲ့ အခြား ဆက်တီ တွေထက် အဖေထိုင်တဲ့ ကုလားထိုင်ကို အဖေမရှိရင် အမြဲတမ်းမောင်နှမတွေလုထိုင်လေ့ရှိတယ်။
အခုတော့ ဘယ်ကုလားထိုင်မှမထိုင်ချင်တော့ဘူး ……….။
water-melon
December 1, 2011 at 1:14 pm
ကုလားထိုင်ကြိုက်ဘူး။ ထိုင်ပြီးရင် မထချင်တာရယ်။ပျင်းကြောဆွဲချင်ရာကြောင့် ကြိုက်ပါဘူး။
တစ်ခုုတော့ကြိုက်တယ်ဗျ။ မြန်မာလုပ်တဲ့ ဝါးကုလားထိုင်ရယ် ရွာမှာကိုယ်တိုင်လုုပ်တဲ့ ထန်းလက်ကုလားထိုင်တော့ကြိုက်မိပါတယ်
koyinmaung
December 1, 2011 at 1:36 pm
ထိုင်ခုံဆိုလို့ဦနေဝင်းလက်ထက်ကပါတီညီလာခံတွေမှာဦနေဝင်းထိုင်တဲ့ခုံက
သူများတွေထိုင်တဲ့ခုံနဲ့အတော်မြင့်နေတာသတိထားမိတယ်…..
moeyan309
December 1, 2011 at 3:16 pm
တချိုု့တွေကတော့ ပလင်ပေါ်မှာထိုင်ရတာကို သိပ်သိပ်သဘောကျတာ
etone
December 1, 2011 at 3:19 pm
မဝေရေ .. ကျွန်မကတော့ ပေါ့ပေါ့ပါးပါး ကြမ်းပြင်ပေါ်ထိုင်ချရတာကိုပဲ အားရလှပါတယ် … ။ 🙂
တစ်နေကုန် ကွန်ပျူတာကြီးပြူးကြည့်ရတဲ့ ဒုက္ခကဝေးအောင်ပေါ့ ….
ကျွန်မတို့ အလုပ်တွေက အစိုးရအလုပ်လိုမဟုတ်တော့ .. ဝင်တုန်းကလည်း ဒီနေရာပဲ … နောက်လည်း ဒီနေရာပဲလေ … ဘယ်လောက်ကြိုးစားပါစေ .. ဘာမှဖြစ်မလာဘူး … ။
ဒါကြောင့်ခုံတွေနဲ့ပတ်သတ်တဲ့ ဖီလင်သိပ်မရှိဘူး .. တာဝန်ယူမှုတိုးတက်လာတာနဲ့အမျှ ခံစားခွင့်လေးတွေတော့ နည်းနည်းကွာခြားလာတာပေါ့လေ … ။ ဒါပေမယ့်လည်း သူများ အလုပ်ဆိုတဲ့ အသိကြီးနဲ့ … သက်ပြင်းချနေရတဲ့ နေ့တွေထက် … ကိုယ်ပိုင်အလုပ်လေးနဲ့ … အေးအေးဆေးဆေး ဖျာလေးခင်းပြီး ထိုင်ချင်တဲ့စိတ်က ပိုပြင်းပျနေမိတယ် ။
သုံးလေး
December 1, 2011 at 3:26 pm
ရွေးချယ်ပိုင်ခွင့် ရှိရင်တော့ နောက်ဆုံးမှသည် အလယ် နောက် ရှေ့ဆုံး အထိ တော့ သွားချင်ပါတယ်။ ရှေ့ဆုံးတော့ မသေချာပေမဲ့ ..
thit min
December 1, 2011 at 5:38 pm
ကုလားထိုင်လို့ မဝေဝေ ကရေးနေပေမဲ့
အဲဒီ စကားလုံးတိုင်းကို “နေရာ” လို့
ပြောင်းမြင်ပြီး ဖတ်သွားမိတယ်။
တော်တော်ကောင်းသောကုလားထိုင်ဖြစ်သော်လည်း
ကုလားထိုင်၏ တာဝန်လည်းယူစရာမလိုသော
ကုလားထိုင် များသည်
ငရဲသို့ သွားရာလမ်းများဖြစ်သည် လို့။(တွေးမိတယ်)
ဘာဘဲ ဖြစ်ဖြစ် တော်တော်ကောင်းသော ပို့စ်လေးပါ။
ကိုရင်စည်သူ
December 1, 2011 at 6:04 pm
တို့ကတော့ ပက်လက်ကုလားထိုင်ပဲ ကြိုက်တယ်…
ဘာကုလားထိုင်ပဲဖြစ်ဖြစ်… ထိုင်ခုံတစ်လုံးက
ထိုင်ခုံတစ်လုံးပါပဲ… 🙂
alinsett
December 1, 2011 at 6:29 pm
အင်း ကျွန်တော်လည်း ကျွန်တော်နှင့်စားပွဲခုံများ..ဆိုတဲ ့ပို့စ်တင်ချင်တယ် ။
စာရေးရတာ ခုံတွေ က အဆင်မပြေတာများနေလို ့…
အခုလို ရသ ပြည့်ဝတဲ ့ ပို့ စ်လေးတင်ပေးတာ ကျေးဇူးပါပဲ..။
koyinmaung
December 1, 2011 at 9:12 pm
ကုလားထိုင်ဆိုတဲ့အမည်က
အယင်ကကုလားလူမျိုးတွေထိုင်တာမြင်လို့
ဒီအမည်ကိုပေးတာလား……
ဘဘ
December 2, 2011 at 5:58 am
အရှေ့ကလာရင်တရုတ်၊ အနောက်အရပ်ကလာရင်ကလား။ မျက်နာဖြူ အဂ်လိပ်တွေကျ ကုလားဖြူ။ သူတို့ထိုင်တဲ့ဟာကို ကုလားထိုင်။ 🙂
blackchaw
December 2, 2011 at 10:30 am
အခုမှ အေးအေးဆေးဆေး ပြန်ဖတ်မိပါတယ်။
ဆရာမ ဂျူး ရေးတဲ့ စာလေးတွေကိုတောင် သတိရမိပါတယ်။
ဖတ်လို့ ကောင်း တွေးလို့ ကောင်း ပါတယ်ဗျာ။
ကိုပေါက်(မန္တလေး)
December 2, 2011 at 1:22 pm
မဝေရေ
မဝေပြောမှပြန်စဉ်းစားမိတယ်။
အခုကျနော်လက်ရှိလုပ်နေတဲ့အလုပ်မှာ ကျနော်အတွက် သီးသန့်စားပွဲလဲမရှိတော့ထိုင်စရာခုံလဲမရှိဘူး။
သူများနဲ့တွဲသုံးရတဲ့ကွန်ပြူတာနားမှာတော့ အောက်ကအပေါက်ပါတဲ့ပလပ်စတစ်ထို်င်ခုံနဲ့ထိုင်ရတာပေါ့။
ထို်င်စရာစားပွဲမရှိတာ တစ်ခုတော့ကောင်းသဗျာ။
ကျနော်ပျောက်နေတာ လူမသိတော့ဘူးလေ။
အိမ်မှာလဲ သစ်သားဆက်တီခုံဘဲသုံးတယ်။
တကယ်ဖြစ်ချင်တာလေးပြောရရင် သစ်ပင်ရိပ်အောက်မှာ သစ်သားခုံတန်းလျားရှည်လေးချပြီး
အိပ်ရင်းစာဖတ်လိုက်ရရင်တော့ ဇိမ်ဘဲ။
padonmar
December 3, 2011 at 1:32 am
ကျွန်မကတော့ အလုပ်ကဟိုသွားလိုက်ဒီသွားလိုက်ဆိုတော့ အမြဲထိုင်မရှိဘူး၊
ကိုယ်ရောက်ရင် တပည့်တွေက အကောင်းဆုံးလို့ယူဆကြတဲ့ ခုံကို ဖယ်ပေးကြတယ်။
ကိုယ်ကလည်း ကိုယ့်ထက်ကြီးတဲ့သူရောက်လာရင် ထိုင်နေရာကဖယ်ပေးလိုက်တယ်။
ဒီနေရာမှာ တကယ်အလုပ်လုပ်မယ့်သူဟာ ဒီခုံမှာထိုင်ရမယ့်သူ ဖြစ်ရမှာပေါ့။
ဒါငါ့နေရာ ငါ့ခုံလို့ အမြဲမသတ်မှတ်ထားရင် စိတ်လက်ပေါ့ပါးကြမယ်ထင်ပါတယ်။
(ကုလားထိုင်ကိုကုလားထိုင်ဘဲလို့မြင်ရရင်တော့ ဝါးပက်လက်ကုလားထိုင်အကြိုက်ဆုံး၊အိပ်လို့ကောင်း စာဖတ်လို့ကောင်း)
windtalker
December 3, 2011 at 2:24 pm
ကျုပ်တို ့လို အရောင်းအဝယ်သမားတွေ ကတော့
တွေ ့ကရာ လဘက်ရည်ဆိုင် ဝင်ထိုင်လိုက်တာဘဲ
ထိုင်ချင်တဲ့ အချိန် ၊ ထိုင်စရာ နေရာ တစ်ခုရရင် အိုခေ တယ်
နီလေး
December 3, 2011 at 3:51 pm
ကျွန်မတို့ အလုပ်တွေက အစိုးရအလုပ်လိုမဟုတ်တော့ .. ဝင်တုန်းကလည်း ဒီနေရာပဲ … နောက်လည်း ဒီနေရာပဲလေ … ဘယ်လောက်ကြိုးစားပါစေ .. ဘာမှဖြစ်မလာဘူး … ။
မအိတုံရေ ဒီအချက်လေးတော့ ထောက်ခံပါတယ် အိမ်က ကြမ်းခင်းလေးပေါ်မှာ ထို်င်ရတဲ့အရသာက ဘာနဲ့မှမလဲနိုင်ပါဘူး
ba gyi
December 3, 2011 at 4:41 pm
သူကြီးမင်းတင်ပေးတဲ့ ပုံ ကိုသေသေချာချာကြည့်မိတယ်၊
သမတ္တ ကရိုးရိုး ခုံမှာထိုင်ပြီး၊ စစ်ဗိုလ်ချုပ်ကတကယ့် ဆိုဖာခုံကြီးမှာထိုင်တယ်၊
ရာထူးနိမ့်မြင့်ပေါ်မူတည်ကြတာမဟုတ်ပဲ၊ အဲသည်ဆွေးနွေးပွဲရဲ့ အဓိကတာဝန်ယူရမှုပေါ်၊ဦးဆောင်ဆွေးနွေးရတဲ့ပေါ်မူတည်ပြီးအလေးထားတဲ့ သူတို့စိတ်ဓါတ်ကိုမြင်လိုက်ရတယ်။ ရာထူးထက်၊တာဝန်ပိုင်းကိုအလေးထားပြီးနေရာပေးတဲ့စိတ်ဓါတ်ကိုမြင်ရတယ်။
သူကြီးမင်းရေ ကျနော်မြင်တာဟုတ်လား မသိဘူး၊ ဟုတ်ရင် သူရို့နိုင်ငံက အဲသည်အတုယူစရာနေရာထိုင်ခင်းပေးပုံ ဗဟုသုတလေးတွေကို တင်ပေးပါအုန်းဗျား။
မဝေရေ ကျနော့အိမ်မှာလည်း ယောက္ခမကြီးထိုင်တဲ့ပက်လက်ကုလားထိုင်ကို သ္မီးကြီးကကျိုက်နေလို ခဏခဏပြောနေရတယ် ကြာရင်အပျင်းကြီးဖြစ်သွားမှာဆိုးလို့လေ။ ကျနော်တို့ကတော့ လက်တန်းပါတဲ့
ကော်ကုလားထိုင်နောက်မှီကလေးနဲ့ပဲထိုင်တယ်၊ကြာကြာ မထိုင်မိအောင်လို့ပါ။
char too lan
December 3, 2011 at 8:59 pm
ရွာက အဘွားအိမ်မှာရှိတဲ့ ခုံတန်းရှည်ကြီးတွေကိုကြိုက်တယ်
ရန်ကုန်မှာ အဲ့လိုခုံးမျိုးတွေ တွေ ့ရခဲတယ်
ဗိုလ်ချုပ်အောင်ဆန်းအိမ်မှာတော့ အိမ်ရှေ့နဲ့ အိမ်နောက်မှာ ၂ခုံရှိတာတွေ ့ခဲ့ တယ်