သူ့နေရာနဲ့ သူ (ဆုံး)
မနက်လင်းလို့ မုန့်စားမဲ့ စားသုံးသူတွေရောက်လာတဲ့အခါကမှာတော့…………………..
မနက်မိုးလင်းတော့ မုန့်စားမယ့်ကောင်မလေးနှစ်ယောက် အရင်ဆုံးရောက်လာပြီးမုန့်မှာစားတယ်။ တစ်ယောက် ကသုံးဇွန်းလောက်စားပြီး ဆက်မစားတော့ ဘူး၊ တစ်ယောက်ကတော့ ဟိုကြည့် ဒီကြည့်နဲ့ ဖြစ်ညှစ်စားပါတယ်။ နောက် သားအမိသုံးယောက်ရောက် ရောက်လာပြီး ကောင်မလေးက အသုတ်တစ်ပွဲနဲ့ အမေနဲ့ သားက ညှပ်ခေါက်ဆွဲ မှာစားပါတယ်၊ အမေ ကစားရင်းနဲ့ ဆက်မစားပဲ ဇွန်းနဲ့ ဟိုမွှေ ဒီမွှေလုပ်နေပေမဲ့ အားမနာတတ်တဲ့ သားလေးက လှမ်းပြောပါတယ်။
“အဒေါ်ခေါက်ဆွဲ ကလည်းခါးလိုက်တာ၊ ဘယ်လိုကြီးမှန်းလည်းမသိဘူး”
“ဟုတ်လားသား၊ဘာဖြစ်လို့ လဲ အဒေါ်ကိုပြပါအုန်း”
ဆိုင်ရှင် က မုန့်ပန်းကန်ကို ယူပြီး မြည်းကြည့်လိုက်တော့ခါးသက်သက်ဖြစ်နေပါတယ်။
“အို အားနာလိုက်တာအမရယ်၊ အသုတ်ကလေးပဲစားလိုက်ပါနော်၊ ကျမပြန်လုပ်ပေးပါ့မယ်။ အဲဒီမုန့်မစားပါနဲ့တော့၊ ဟဲ့ သမီးရေးခဏလာပါအုန်း၊ ဒီကို”
သမီးကိုလှမ်းခေါ်ပြီး အသုတ်နှစ်ပန်းကန် သုတ်ပေးရင်း ရောက်လာတဲ့ သမီးကိုမေးကြည့်မှ အကျိုးအကြောင်းသိရပါတယ်။ ဖြစ်ပုံက ဧည့်သည်တွေကိုကျွေးတုန်းကငှက်ပျောအူတွေက ထည့်ကာစ မနူးသေးတော့ မသိသာပါဘူး။ နာရီဝက်လောက်အကြာ ငှက်ပျောအူလည်းနူးသွားရော အခါးရေတွေက ဟင်းရေအိုးထဲပြန့်နှံ့သွားတာပါ။
“သမီးရေ ဟင်းရေအိုးအထဲယူသွား၊ အမေ လာခဲ့မယ်၊ နက်ဖြန်အတွက် ပြုတ်ထားတဲ့ငါးတွေ အရိုးထွင်ထားလိုက်သမီး “
ပြောပြီး အသုတ်ပန်းကန်တွေကို ရှေ့ကိုချပေး၊ နောက်ဖေးကိုအပြေးလိုက်သွားပါတယ်။
“သမီး ဟင်းရေတဝက်ကျော် လောက်ကို အိုးတစ်လုံးနဲ့ ခွဲပြီးဖယ်ထားလိုက်၊ ရေနွေးအဖြူထည် ကျိုပြီးသားရှိတယ်မလား၊ အဲဒီထဲ ဆန်မှုန့် နဲ့ ပဲမှုန့် သင့်တော်ရုံထည့်၊ငါးပြုတ်တွေပါအကုန်ထည့် နက်ဖန်အတွက် နေ့ခင်းမှထပ်ဝယ်ပြီးပြုတ်မယ်၊ အချိုမှုန့်များများလေးခတ်ပြီး ဟိုဟင်းရေအိုးထဲ ရောလိုက်၊ ပြီးမှ အမေ လာမြည်းပြီးလိုသလို ထပ်ပြင်မယ်”
ညွှန်ကြားထားခဲ့ပြီး ဆိုင်ကိုပြန်ထွက်သွားလိုက်ပါတယ်။ နောက်ထပ်ရောက်လာသူတွေကို အဆင်ပြေအောင်ပြောလို်က်ပါတယ်။
“အမကြီးတို့ ၊ တူမလေးတို့ ဒီနေ့ မုန့်ဟင်းရေ ချက်တာနဲနဲ နောက်ကျလို့ အသုတ်ကလေးပဲ စားလိုက်ကြနော်၊ ဟင်းရေအိုးကျဖို့ က တစ်အောင့် ကြာဦးမှာမို့ပါ”
အတွေ့အကြုံရှိတဲ့ သမီးက အမေ့ရဲ့ ရည်ချက်ကိုသိ ပြီး လိုအပ်သလိုလုပ်ပေးထားပါတယ်၊ ပြီးတော့မှ
“အမေရေ အဆင်သင့်ဖြစ်ပြီ ခဏလာကြည့်ပါအုန်း”
လို့လှမ်းခေါ်လိုက်တယ်။ အမေလည်း တခေါက်ပြေးလာ၊ မြည်းကြည့်၊ နဲနဲသက်နေသေးလို့ ရေနွေးထက်ရော ပဲ မှုန့် အချိုမှုန့် ငံပြာရေ ၊ ဆားပြား သင့်တော်အောင် ထပ်ထည့်လိုက်တော့…………
“အဒေါ် ဒီနေ့ ဟင်းရေက လေးလေး ဆိမ့်လေးနဲ့ နဲနဲပိုကောင်းသလိုပ”ဲ
နောက်ထပ်လာစားတဲ့ စားသုံးသူများကတော့ အဖြစ်မပျက်ကိုမသိပဲ ချီးမွမ်းခန်းတောင်ဖွင့်လို့၊ ဧည့်သည်တွေကို ကျွေးတယ်ဆိုတာသိနေသူများကတော့ အခုလိုတောင် မှတ်ချက်ပေးသွားသေး
“ဒီနေ့ ဧည့်သည်ကျွေးမယ်ဆိုတော့ ရှယ်လုပ်ထားတယ်ထင်တယ်၊ တခါတလေ အခုကိုစားရတာ ဦးစစ်အောင်ကြီးကိုကျေးဇူးတင်လိုက်တာ၊ ဧည့်သည်တွေ ခဏခဏ လာပါစေလို့တောင်ဆုတောင်းရမလိုဖြစ်နေပြီ”
ဟင်းရေ တဝက်လောက် ဆုံးရှုံးသွားပြီး နောက်နေ့သုံး ရမဲ့ ပစ္စည်းတွေကို ဒီနေ့ကတည်းက သုံးလိုက်ရလို့ဆုံးရှုံးသွားတာကိုတော့ သားအမိနှစ်ယောက်ပဲ သိပါတယ်။ ရှေ့ပိုင်းဖြစ်ပျက်ခဲ့ ခါးသက်မှုကို သိလိုက်သူကလည်း အနည်းငယ်ပါ။
××××××××××××××××××××××××××××××××××××
နွေကျောင်းပိတ်ရက်ရောက်တော့ သားကြီး ရော သားငယ်ပါကျောင်းအားကြတော့ ဖခင်ရဲ့အလုပ်တွေကို အင်တိုက်အားတိုက်ကူလုပ်ကြတယ်၊ ဖခင်ကတော့ မနက် တကြိမ် နေ့လည်တကြိမ် လဘက်ရေဆိုင် ထိုင်၊ ကျန်တဲ့အချိန် အခွေကြည့် သီချင်းနာထောင် ၊တခါတခါခြံထဲတောင် ဆင်းမကြည့်ပဲ အိမ်ပေါ်ကနေ လိုအပ်တာပဲ ညွှန်ကြား၊ ညရောက်တော့ ဘုံဆိုင်သွားနဲ့ အလုပ်ဖြစ်နေပါတယ်။ တနေ့ ရေတုန်ကင်ဝါရှာပြတ်သွားလို့ သားကြီး ကဈေးထဲ သွားဝယ်နေတုန်း၊ ပေါင်းရှင်းနေတဲ့သားငယ်ကို ဖခင်ဖြစ်သူက အိမ်ပေါ်ကနေ
“ဟေ့ကောင် သားငယ် မင်းတု့ိ အပင်တွေ ရေလောင်းချိန်တန်နေပြီ ၊ အခုထိရေမလောင်းကြသေးပဲ ဘာလုပ်နေကြတာလဲ”
အဖေကို အရမ်းကြောက်တဲ့ သားငယ် ကအဖြစ်မှန်ကိုရေရေရာရာရှင်းမပြတတ်ပဲ ထစ်ထစ်ငေါ့ငေါ့ နဲ့
“အဖေ…ဟိုဟာ…အကို ကြီးက ဟို….အခု မှ ဈေးထဲကို သွားနေတယ်၊ ဟိုဥစ္စာ ရေ….ရေတုံကင် က”
“ဟေ့ကောင် လာပြန်ပြီလားတစ်ယောက်… ဆင်ခြေဆင်လက်တွေ ပေးမနေနဲ့ မင်းငါ့အကြောင်းသိတယ်မလား၊ အခုချက်ချင်းရေလောင်းစမ်း”
“ဟုတ်ကဲ့ အဖေ”
အတွေ့အကြုံနဲတဲ့ သားငယ်လဲ ကြောက်ကြောက်လန့်လန့် နဲ့ လောင်းစရာရေ လိုက် ရှာတော့ အိမ်ခြေရင်းမှာ ရာဝင်အိုး(၃)လုံးနဲ့ လှောင်ထားတဲ့ ရေတွေ တွေ့ပြီးအကုန်ခပ်လောင်းလိုက်ပါတော့တယ်။
သူတို့ဒေသ က တုံကင်ကရေဟာရေပေါ့ဖြစ်ပြီး ၊ရေချိုး၊ အဝတ်လျှော်၊ပန်းကန်ဆေးလို့ ပဲရပါတယ်။ သောက်လို့၊ သုံးလို့ ချက်ပြုတ်လို့ မရပါဘူး၊ သောက်ရေနဲ့ ချက်ဖို့ ပြုတ်ဖို့အတွက်ကို ရာဝင်အိုးတွေနဲ့ မိုးရေကိုလှောင်ထားရတာပါ၊ မိုးရေကုန်သွားရင် ကန်ရေကိုဝယ်သုံးရပါတယ်။
အတွေ့အကြုံနဲတဲ့ သားငယ်ရဲ့ဆောင်ရွက်ချက်ဟာ ညနေအတွက် အဆင်ပြေသွားပြေမဲ့နောင်ဖြစ်လာတဲ့ အကျိုးဆက်ကတော့…..နောက်နေ့မနက်
“အမ၊ဒီနေ့ မုန့်ဟင်းရေက ဘယ်လိုလဲ မသိဘူး ပေါ့ပျက်ပျက်နဲ့”
“ဟုတ်လားညီမလေး၊ ငံပြာရေလေး နဲနဲထည့်စားလေ ညီမရဲ့”
“မရဘူးအမ၊ ငံပြာရေထည့်လိုက်ရင် အရမ်းငံသွားပြန်ရော”
“ဟုတ်လား၊ ဒါဆို အချိုမှုန့်လေး နဲနဲထည့်ပေးမယ်လေ”
“ဟင့်အင်း မထည့်နဲ့ အမ၊ ရတယ် ဒီတိုင်းပဲစားလိုက်မယ်”
“ဟုတ်တယ်အဒေါ်ရေ့၊ဟင်းရေကလည်းမကောင်း၊ ရေနွေးကြမ်းအရောင် ကလည်းပြာနေတယ်၊သောက်လို့လည်းမရဘူး၊”
“ဟုတ်လားငါ့တူရယ် ဒီနေ့ တော့ သည်းညည်းခံပြီးစားကြပါ၊ နောက် နေ့ ကောင်းအောင်လုပ်ပေးပါ့မယ်”
မနက်စောစော အလတ်မ မုန့်ဟင်းရေချက်၊ရေနွေးကျိုဖို့ စဉ့်အိုးတွေထဲကြည့်လိုက်တော့ ရေတွေ လုံးဝမရှိတော့ပါ။ ဘယ်လိုမှ မလုပ်တတ်တော့အခြေအနေမှာ အလတ်မကလည်း နောင်ခါနောင်ဈေးပဲဆိုပြီး ဖြစ်သလိုပဲလုပ်လိုက်ပါတယ်။ တုံကင်ရေ တွေနဲ့ပဲ ရေနွေးကျို၊ ဟင်းရေချက် ပါတော့တယ်။ ရေပေါ့ တွေရဲ့သဘော က ထမင်းချက်ရင် ထမင်းအရောင် က စိမ်းဖန့်ဖန့် ဝါတာတာဖြစ်ပြီး ဟင်းချက်ရင်လည်း ဆားထည့် မရ အချိုမှုန့်ခပ်မနိုင်၊ အရသာဘယ်လိုမှပြင်လို့ မရအောင် ဖြစ်တတ်ပါတယ်။ ရေနွေးကျိုု လဘက်ခြောက်ခပ်ရင်လည်း အရောင်ပြာနှမ်းနှမ်းဖြစ်သွားပါတယ်။ အဲဒီနေ့ က ဟင်းရေအိုးကလည်းပေါ့ပျက်ပျက်နဲ့ အစပ်မတည့်၊ ရေနွေးကြမ်းကလည်း ၊ ပြာတာတာ ၊အပေါ်မှာ အဆီ ဝေ့နေသလိုမျိုးနဲ့ စားသုံးသူများအတော်စိတ်ပျက် သွားကြပါတယ်။ ဝယ်သုံးရတဲ့ရေနဲ့အပင်ရေလောင်းလိုက်တော့ နောက်နေ့ ကန်ရေထပ်ဝယ်ရပြီး အပိုထွက်ငွေတွေ ကုန်သွားပါတယ်။
ဒီလိုဖြစ်တာဟာ တစ်ခါ မက ဖြစ်လာပါတယ်။ ဒါတွေကို အိမ်ပေါ်က ဖခင် သိလေလား၊မသိလေ သလားတော့ မပြောတတ်ပါ။ ဆုံးရှုံးမှုတွေ များလာတော့ မိသားစု စီးပွားရေးဟာတိုးတက်သင့်သလောက် တိုးတက်မလာပါဘူး။ နာမယ်ပျက်ပြီးအရောင်းအဝယ်က ကျလာပါတယ်။ ငါးနှစ်လောက်ကြာလာတော့ သားကြီးလည်းဘွဲ့တွေရ၊ သမီးလည်းဆယ်တန်းအောင်၊ သားငယ်တောင်အထက်တန်းရေက်နေပါပြီ၊ သားကြီးလည်းသူယူထားတဲ့ဘွဲ့နဲ့တန်တဲ့စီးပွားရေးလုပ်ငန်းကမိသားစုမှာ မရှိတော့ အပင်စိုက်ရင်းနဲ့ပဲ ဘဝကဆုံး၊ သမီးလတ်က လည်းအမေနဲ့ဈေးကူရောင်းတာကနေ ရှေ့မတက်၊ ခြံထဲက သီးပင်စားပင်တွေကလည်း၊ မြေဆီ ခန်းလုလုဖြစ်လာတော့ သိပ် အရေအသွေးမကောင်း ဖြစ်လာပါတယ်။ နည်းစံနစ်မထွန်းကားပဲ သမားရိုးကျပဲ လုပ်နေတော့ ၊ အရင်အနားက ကိုယ့်ခြံထွက် ဝယ်စားနေတဲ့ မိသားစုက ကိုယ့်ခြံထွက်ထက်ကောင်းတဲ့ သီးနှံတွေ ထွက်လို့၊ သူတို့ဈေးဆိုင်မှာ ဆန်လေး၊ဆီလေး ကို တခါချက်ကာနည်းမှ တခါ အကြွေးလာဝယ်တဲ့ မိသားစုတွေက၊ဆီဆိုင်၊ဆန်ဆိုင်ကြီးတွေဟီးလို့၊ အနားက သူ့တို့ အကြွေးမကင်းတဲ့ စာအုပ်ငှါး၊အခွေငှါးဆိုင်လေးက၊ ကားတွေ ဘာတွေထောင်လို့ တိုးတက်လာလိုက်ကြတာ။
သူတို့မိသားစုမှာတော့ ထွက်ကုန်ကမကောင်းတော့၊ ဝယ်သူကမရှိ၊ ကောင်းတဲ့ထွက် ကုန်ကျတော့လည်း၊ သူတို့ လုပ်ဖက်ကိရိယာတွေ အကြွေးဝယ်သုံးနေတဲ့ စက်ပစ္စည်းဆိုင်က ကိုကျင်ခဲ တို့ကအကြွးနဲ့ ပုတ်ပြတ်သိမ်း၊ဝယ်သူကိုသူတို့ က တဆင့်ပြန်ရောင်း၊ ကျန်တဲ့ ဟာတွေ ကျတော့ စိုက်ပျိုးရေးအတွက်သုံးဖို့လိုအပ်တဲ့ နွားချီးခြောက် ရောင်းတဲ့ ကိုမာမက်တို့ က ယူနဲ့ နလံမထူနိုင်အောင်ကိုဖြစ်လာပါတယ်။ အိမ်အတွက် ကတော့ ခြံထဲကထွက်တဲ့ မကောင်းမကန်းလေးတွေနဲ့ ရပ်တည်။ ကောင်းတာတွေကိုု သူများဆီက မတန်တဆဈေးနဲ့ပြန်ဝယ်သုံးရင်း ၊ တိုးတက်သင့်သလောက်မတိုးတက်ခဲ့ပါ၊
ဪ ဒီအကြောင်းတရားတွေကို ဘယ်တော့များမှသူတို့ ဖခင်ကြီး အဖြစ်မှန်တွေသိပြီး၊ သူတို့ မိသားစုစီးပွားရေးကောင်း၊ သားသမီးတွေလဲ ဖွံ့ဖြိုးတိုးတက်လာမလဲဆိုတာတော့……………………။
လေးစားစွာဖြင့်။
ကြောင်လေး။
7 comments
thit min
December 3, 2011 at 6:08 pm
အရေးအသားလေးကောင်းပါတယ် ကိုကြောင်လေးရေ။
ကိုကြောင်လေးရေးတဲ့ ဝထ္ထူ ုလေးတွေက နဲနဲ ညီးသံလေတွေ ကျနော်ခံစားမိတယ်။
အဆင်မပြေမှု အပေါ်မှာအဖြေထုတ်ကြည့်တဲ့ ၊အဖြေပါတခါတည်းပေးတဲ့ စာမျိုး
ရေးကြည့်ပါလားဗျာ။
ဘယ်လိုသဘောနဲ့ မှမဟုတ်ပါဘူးနော်။ခင်မင်စွာအကြံပေးကြည့်တာပါ။
windtalker
December 3, 2011 at 8:27 pm
သာစည်ဘက်ကမျာလားဗျ
ကိုကြောင်လေး က
small cat
December 3, 2011 at 9:16 pm
ဆရာသစ်ရေ …… လိုအပ်ချက်တွေကို ပီအမ်ပို့ပြီးသေချာထောက်ပြ အကြံပေးစေချင်ပါတယ်။ ကျနော် ဟိုတုန်းက ဖိုရမ်ဘက်ကို အသွားနဲ ပြီး ဆရာသစ်ပို့ထားတဲ့ ပီအမ်ကိုတော်တော်နောက်ကျမှဖတ်ဖြစ်ပါတယ်။
ကိုပေရေ ….သာစည်က မဟုတ်ပါ၊အောက်ပိုင်းကပါ။
E.T
December 4, 2011 at 3:03 am
အိမ်ထောင်ဦးစီးကိုပဲ အပြစ်တင်ရမလို ဖြစ်နေပြီ။ မိသားစုကို ထိန်းတာနည်းနည်း လိုနေသလားလို ့။ အိမ်ထောင်ဦးစီး ဆိုတဲ ့ ဂုဏ်ပုဒ်ကလည်း မလွယ်ဘူး။ တော်တော် ဦးနှောက်စားမယ်။
naywoonni
December 4, 2011 at 11:08 am
ကြောင်လေးရေ……….. မင်းနမိတ်ပုံက လန့်စရာကြီးပါလား….။ တွေးကြည့်ပြီး ကြက်သီးမွှေးညှင်းထသွားတယ်….။
FattyCat
December 6, 2011 at 1:56 pm
ဘာပဲပြောပြော…အဖေ့ကို သတိရမိတယ်….
Yan Shin
December 6, 2011 at 4:26 pm
ငါတို့ မိသားစု ကျိုးစားကြသည်။ အလုပ်လုပ်ကြသည်။……..
တိုးတက်မှုမရှိ။
အုပ်ထိန်းသူ ဖ္ခင်ကြီး လွဲလို့…………
ဪ ဒီအကြောင်းတရားတွေကို ဘယ်တော့များမှသူတို့ ဖခင်ကြီး အဖြစ်မှန်တွေသိပြီး၊ သူတို့ မိသားစုစီးပွားရေးကောင်း၊ သားသမီးတွေလဲ ဖွံ့ဖြိုးတိုးတက်လာမလဲဆိုတာတော့……………………။
ငါတို့တိုင်းပြည်……..