အသီးမှာသရက်၊ အရွက်မှာလက်ဖက်နှင့်ချက်သော ဝက်သားဟင်း
တစ်နေ့သ၌ ကျွန်ုပ်ခြံအတွင်းသို့ ကျွန်ုပ်နှင့် သိဟောင်းကျွမ်းဟောင်းဖြစ်သော ကိုပီတာဆိုသည့် စိတ်မနှံ့သူ လူကြီးတစ်ဦး ဝတ်ကောင်းစားလှများ ဝတ်၍ ရောက်ရှိလာလေ၏။ သူသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း.. “မစ္စတာမင်းသိင်္ခ၊ ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်..” ဟု ကိုးရိုးကားယား နှုတ်ဆက်လေ၏။ ထို့ကြောင့် ကျွန်ုပ်က.. “လုပ်ပြီ..” ဟု ရေရွတ်လိုက်မိလေ၏။
“အမြဲတမ်း မောနင်းမရှိဘူးလေ၊ အမြဲတမ်းလည်း နိုက်မရှိဘူးလေ၊ ဒါကြောင့် နှစ်မျိုး နှုတ်ဆက်တာ၊ စိတ်မဆိုးပါနဲ့” ဟု ၎င်းကပြောလေ၏။ “ ကဲပါဗျာ.. ဒါတွေ ထားလိုက်ပါတော့ မနက်စာ ဘာနဲ့စားမလဲ၊ ကောင်းကောင်းမွန်မွန် ပြောနော်၊ ဓာတ်စာလိုလို ဘာလိုလိုမပြောနဲ့ ဝယ်ရခက်တယ်” ဟု ကျွန်ုပ်က ပြောလိုက်ရာ ၎င်းကိုပီတာကြီးက.. “ကတ်သီးကတ်သတ်တွေ မစားတတ်ပါဘူး ရိုးရိုး လွယ်လွယ်ပဲ စားတတ်တယ်၊ ဝက်သားဟင်းနဲ့စားမယ်၊ ဝက်သားကိုတုံးပြီး ငရုတ်သီးကြက်သွန်နဲ့ အိုးထဲမှာလုံးမယ်၊ ဆီက ကျက်ပြီး ဆက်ရက် (ဇရက်) မြည်သံ ဗျစ်ဗျစ်နဲ့ ထွက်လာတဲ့အခါမှာ ရခိုင်ငှက်ပျောသီး ပျော်ပျော်တွေ ထည့်မယ်၊ ပြီးတော့မွှေ မယ်၊ အဲဒီတော့ ငှက်ပျောသီးထဲက အချိုအဖန်ဓာတ်တွေက ဝက်သားထဲကို ဝင်မယ်၊ ဝက်သားထဲက အအီတွေဟာ အနှစ်ထဲကိုဝင်မယ်၊ အနှစ်တွေလည်း အများကြီးရမယ်။ ပြီးတော့မှ သရက်သီးမှည့်ကို ပေါက်ပြီးထည့်မယ်၊
သရက်သီးတွေ ကျေသွားတဲ့အခါ လက်ဖတ်အသားချည်း ထည့်မယ်၊ ပြီးတော့ ရေထည့်မယ်၊ ရေနှစ်ခါ ခမ်းအောက်ချက်မယ်၊ ဒါမှ ဝက်သားအခေါက်ပါ နူးမှာ၊ အသားမှာ ဝက်၊ အသီးမှာ သရက်၊ အရွက်မှာ လက်ဖက်၊ အကောင်းဆုံး သုံးမျိုးပေါင်းချက်ပြီးသားဖြစ်မယ်၊ အဲဒါက တစ်ခွက်၊ ကျောက်ဖရုံသီးကို ဘဲရိုးနဲ့ ဟင်းချိုချက်မယ်၊ ကြက်သည်းကြက်မြစ်နဲ့ ပန်းဂေါ်ဖီကြော်မယ်၊ ဒီလိုဟင်းမျိုးကငါးပိ ရည်နဲ့စားလို့ မကောင်းဘူး၊ ဘာလချောင်ကြော်လောက်တော့လုပ်မှ၊ ပြီးတော့ ကြက်သွန်ဥကြီးတွေကို အကွင်းလိုက်လှီးပြီး ဆားနဲ့နယ်မယ်၊ ဒါမှ မွှန်တဲ့ဟာတွေ ထွက်သွားမှာ ပြီးတော့ ရေဆေးပြီး ရှာလကာရည်ဆမ်းမယ်၊ ပီတာ့အဖို့ အဲဒီလောက်စား ရရင် အာဂပါးစပ် လူဖြစ်ကျိုးနပ်ပါပြီး ကတ်သီးကတ်သတ် တွေလည်း မစားတတ်ပါဘူး” ဟုပြောလေ၏။
ထို့ကြောင့် ကျွန်ုပ်က. “မစားတတ်ပေလို့ တော်တော့်တယ်ဗျာ၊ ခင်ဗျား ဝက်သားဟင်းကလည်း လက်ဖက်တွေရော၊ သရက်သီးတွေရော၊ ငှက်ပျော သီးတွေရော.. စားကောင်းရဲ့လား သေကြေကုန်ပါဦးမယ် ကိုပီတာကြီးရယ်..” ဟု ကျွန်ုပ်ကပြောလျှင် ၎င်းက.. “ကိုယ်ရင်မစား ရဲရင် မစားပါနဲ့၊ အန္တရာယ်ရှိပါတယ်၊ ကိုပီတာကြီးပဲ စားပါမယ်၊ အချက်မှာသာချက်စမ်းပါ၊ တယ်လည်း ကြောင့်ကျတတ်သလို၊ ပြောလက်စနဲ့ ပြောရဦးမယ်
ထမင်းစားပြီးရင် အချိုပွဲလိုတယ်လေ၊ ဒိန်ချဉ်ကောင်းကောင်း တစ်ခွက်ဝယ်မယ်၊ ဒိန်ချဉ်က လက် ဖက်ရည်ပန်းကန်လုံး နှစ်လုံးစာလောက်ဆိုရင် လုံေးလာက်ပါပြီ၊ အဲဒီအထဲကို စတော်ဘယ်ရီယို ကြွေဇွန်းကြီးနဲ့ နှစ်ဇွန်းခပ်မယ် သမအောင် ခေါက်မယ် ပြီးတော့မှ ရေခဲထည့်မယ်၊ အဲဒါသောက်မယ်၊ ဒိန်ချဉ်ဟာ စတော်ဘယ်ရီ ယိုနဲ့ပေါင်းလိုက်တဲ့အခါမှာ ပန်းနုရောင် လဗ်ဘ်ကာလာလေး ဖြစ်သွားမယ်၊ ကြည့်လို့ သိပ်ကောင်းတာပဲ၊ အချဉ်အရသာရယ်၊ အချိုအရသာရယ် ပေါင်းပြီးသွား တော့ သောက်လို့ သိပ်ပြီးကောင်းတာပဲ၊ ဒါလောက်ပါပဲ၊ ပီတာကြီးတို့က ကတ်သီးကတ်သတ်လည်း မစားတတ်ပါဘူး၊ ဖြစ်တယ် မို့လား” ဟု ကျွန်ုပ်အား ပြန်၍ပေးလေ၏။
“ဒီအချိ်န်ဟာ ဝမ်းရောဂါတွေ ဖြစ်တတ်တယ်ဗျာ၊ ခင်ဗျားပြောတာတွေ ဖြစ်ပါ့မလား ဝမ်းတွေဘာတွေ ပျက်ပြီး သေသွားဦးမယ်နော်” ဟု ကျွန်ုပ်က သတိပေးလိုက်ရာ ၎င်းက.. “ကိုရင် မသောက်ရဲရင် မသောက်ပါနဲ့ ပီတာကြီး သောက်မှာပါ၊ ကိုရင်ဟာ တယ်ပြီး အကြောင့်အကျ များတာကိုး..” ဟု ပြန်၍ပြောလေ၏။ “စတော်ဘယ်ရီယိုတွေ ဘာတွေက အခန့်မသင့်ရင် တစ်ညလုံး ချောင်းဆိုးနေတာဗျ..” ဟု ကျွန်ုပ်က ပြောလိုက်လျှင် ကိုပီတာကြိးက.. “တစ်ညလုံး ချောင်းဆိုးတော့ သူခိုးမလာဘူးပေါ့ ငါ့လူရာ၊ အကြောင့်အကျ မများစမ်းပါနဲ့..” ဟု ကျွန်ုပ်အား ပြန်၍ပြောလေ၏။
ထို့ကြောင့် ကျွန်ုပ်လည် မှော်ဘီဈေးသို့ ပြေးရလေ၏။ ကျောက်ဖရုံသိး၊ ဝက်သား ငှက်ပျောသီး၊ လက်ဖက် စသည့်တို့ကို ဝယ်ရလေ၏။ ပြီးလျှင် ကိုပီတာကြီး ပြောသည့်အတိုင်း ချက်ပြုတ်ရလေ၏။ ပြီးနောက် စိတ်မနှံ့သော ကိုပီတာကြီးအား ဧည့်ကောင်းဆောင်ကောင်း အဖြစ် သဘောထားကာ တည်ခင်း ကျွေးမွေးရလေ၏။ ကိုပီတာကြီးသည် မြိန်ရှက်စွာစားသောက်နေလေ၏။ စားနေရင်းနှင့် လည်း “ဘဲရီးဂွတ်ဒ်၊ ဘဲရီးဘတ်ဒ်” ဟု ပြောနေလေ၏။
ထို့နောက် ကျွန်ုပ်ဘက်သို့ လှည့်ကာ.. “ဟေ့.. ဖိုးအောင်ထွန်း၊ ကိုယ်ကြားဖူးတဲ့ ဟိန္ဒူပုံပြင်လေး တစ်ပုဒ် ပြောပြမယ်၊ တစ်ခါက နာရာဒ ဆိုတဲ့ လူတစ်ယောက်ရှိတယ်ဆိုပဲ၊ အဲဒီလူဟာ ကောင်းကင်ဘုံက ပုဂ္ဂိုလ်တွေနဲ့ စကားပြောလို့ရတယ်တဲ့၊ တစ်နေ့မျာ နာရာဒဟာ တောအုပ်ကြီး တစ်ခုအတွင်းကို ဖြတ်ဝင်သွားတယ်၊ သစ်ပင်တစ်ပင် အောက်မှာ ယောဂီကြီးတစ်ဦး၊ ထိုင်နေတာကို တွေ့ရတယ်၊ သူ့ရဲ့အကျင့်က ထိုင်ပြီး ကျင့်ရတဲ့ အကျင့်ဖြစ်တယ်၊ အဲဒီယောဂီကြီးကို နာရာဒက “ဒီနေ့ ကောင်းကင်ဘုံက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဖိုရှိတယ် ဘာမှာဦးမလဲ”လို့ မေးလိုက်တယ်၊
အဲဒီတော့ ယောဂီကြီးက “ကျုပ် ဒီလို ထိုင်ပြီးကျင့်နေတာ အနှစ်လေးဆယ်ရှိပြီ၊ ဘယ်တော့ ကောင်းကင်ဘုံတံခါးကို ဖွင့်ပေးမလဲလို့ မေးလိုက်စမ်းပါ” လို့ပြန်ပြီးပြောတယ်၊ အဲဒီမှာ နာရာဒက “ကောင်းပြီလေ မေးပေးပါမယ့်” ဆိုပြီး ထွက်သွားတယ်၊ တောနက်ထဲကို ရောက်တော့ ကောင်းကင်ကိုမော့ပြီး ယောဂီကြီးမေးတဲ့ စကားကို ကောင်းကင်ဘုံက ပုဂ္ဂိုလ်တွေကို မေးပေးတယ်၊ အဲဒီမှာ ကောင်းကင်ဘုံက အသံတစ်သံ ကြားရတယ်၊ အဲဒီ ယောဂီထိုင်နေတဲ့ သစ်ပင်မှာရှိတဲ့ သစ်ရွက် အရေအတွက်ဟာ သူဖြည့်ကျင့်ဖို့ ကျန်တဲ့ ဘဝအရေ အတွက်ပဲ” လို့ပြန်ပြီးဖြေတယ်၊
အဲဒီအဖြေကို နာရာဒက ယောဂီကြီးထံပြန်လာပြီး ပြောပြတယ်၊ အဲဒီမှာ ယောဂီကြီးက အတော့်ကို ဒေါပွသွားတယ်၊ အခုလုပ်လာတာလည်း အနှစ်လေးဆယ်ရှိပြီ၊ ဒါကလည်း မပြီးသေးဘူး၊ နောက်လုပ်ရမယ့် ဟာတွေကလည်း နှစ်တွေမဟုတ်ဘူး၊ ဘဝတွေတဲ့၊ သစ်ရွက်အရေအတွက်လောက် လုပ်ရမယ်ဆိုတော့ သစ်ရွက်အရေအတွက်လည်း မနည်းဘူး သစ်ပင်ကလည်း မကျည်းပင်ဆိုတော့ မလုပ်တော့ဘူး ပြန်မယ်” ဟု ဆိုပြီး ထပြီးပြန်သွားတယ်၊
အဲဒီအခါမှာ နာရာဒဟာ ရှေ့ဆက်ပြီး လျှောက်သွားတော့ သစ်ပင်တစ်ပင် အောက်မှာ ယောဂီလူငယ် တစ်ယောက် ခုန်နေတာကို တွေ့ရတယ်၊ အဲဒီယောဂီလေးကို နာရာဒက ကောင်းကင်ကို ဘာမှာချင်သေးသလဲ သူဒီနေ့ ကောင်းကင်ဘုံက ပုဂ္ဂိုလ်တွေနဲ့ စကားပြောစရာ ဂှိတယ်လို့ ပြောလိုက်တယ်၊ အဲဒီယောဂီလေး ကျင့်နေတဲ့ ကျင့်စဉ်က ခုန်ပြီးကျင့်တဲ့ ကျင့်စဉ်လို့ဆိုတယ်၊ ယောဂီလေးက “ကျုပ်ကတော့ ကျင့်နေတာပါပဲ၊ ကောင်းကင်ကို မေးပေးစေချင်တာကတော့ နောက်ထပ် ဘယ်လောက်ခုန်ရဦးမလဲ” လို့ ပြန်ပြီး ပြောလိုက်တယ်၊
အဲဒီအခါမှာ နာရာဒက တောထဲကိုဝင်သွားပြန်တယ်၊ ကောင်းကင်ကို မော့ပြီးတော့ ယောဂီလေးအတွက် မေးပေးပြန်တယ်၊ ကောင်းကင်ဘုံ ကလည်းပြန်ပြီးဖြေတယ်၊ ဒီတောထဲမှာရှိတဲ့ မန်ကျည်းပင်တွေမှာ ရှိတဲ့ မန်ကျည်းရွက်လေး တစ်ရွက်ဟာ ဘဝတစ်ခုပါ၊ အဲဒီဘဝတွေလောက် ခုန်ပြီးရင် တံခါးဖွင့်ပေးမယ်” လို့ပြန်ပြီးပြောတယ် အဲဒီတော့ နာရာဒဟာ ယောဂီလေးဆီပြန်လာပြီး အဲဒီအတိုင်း ပြန်ပြောတယ်၊ ယောဂီလေးဟာ နာရာဒရဲ့ စကားကိုကြားတာနဲ့ အတော့်ကို ပျော်သွားတယ်၊
ပြီးတော့ “တော်တာပဲ၊ အရင်တုန်းက ဘယ်လောက်ရမှန်း မသိဘဲလုပ်နေရတာ၊ အခုတော့ အရေအတွက်ကို သိရပြီး ဒီအချက်ဟာ အားရှိစရာ ကောင်းတဲ့အချက်ပဲ ဆက်ပြီး ခုန်မယ်” လို့ပြောပီး ပေါ့ပါးသွက်လက်တဲ့ စိတ်နဲ့ ခုန်လိုက်တယ်၊ အဲဒီအခါမှာပဲ ကောင်းကင်ဘုံက ကောင်းချီးပေးသံ ကြားရတော့တယ်၊ တ့ခါးဖွင့်လိုက်ပါပြီးတဲ့၊
ဒီအချက်ကိုကြည့်ရင် ယောဂီအိုကြီးဟာ အတော့်ကို အကြောင့်အကျများတယ်၊ ဘယ်လောက်လုပ်ပြီးပြီ၊ ဘယ်လောက်ကျန်သေးလဲ၊ အဲဒီလောက် အများကြီးဆို ခက်တော့တာပဲ၊ ဘာညာပေါ့၊ ယောဂီလူငယ် လေးကတော့ အကြောင့်အကျ နည်းတယ်၊ အရေအတွက်ကို မေးမယ့်မေးတာပါ၊ သူ့သဘောထားကတော့ မပွင့်မချင်း၊ ခုန်မယ်ဆိုတဲ့ သဘောထားမျိုးရှိပြီး ဟန်တူပါတယ်၊ အဲဒီလိုလူမျိုးအတွက် ကောင်းကင်တံခါးဟာ အစဉ်သဖြင့် ပွင့်နေပါတယ်” ဟု ပြော၍ ကိုပီတာကြီးသည် သူ၏ပုံပြင်ကို အဆုံးသတ်လိုက်ပြီးနောက် ထမင်းကို ဆက်၍စားနေလေ၏။
ကျွန်ုပ်လည်း သူ၏ပုံပြင်ကို ပြန်၍ စဉ်းစားနေမိလေ၏။ ထိုအချိန်၌မှာပင် ကိုပီတာကြီးသည် ထမင်းစား၍ ပြီးသွားပြီဖြစ်သောကြောင့် ဒိန်ချဉ်ကို သောက်လေ၏။ ထို့နောက် ကျွန်ုပ်၏ စီးကရက်ဗူး အတွင်းမှ စီးကရက် တစ်လိပ်ကို နှိုက်ယူ၍ မီးညှိရှိုက်ဖွာကာ ကျွန်ုပ်အနီးသို့ လျှောက်လာပြီးလျှင် ကျွန်ုပ်၏ ကျောကုန်းကို သူ၏လက်သီးကြီးဖြင့် ဘုန်းကနဲ့ထုကာ.. “ဟေး.. မင်းသိင်္ခ အကြောင့်အကျတွေ များနေတယ် လျှော့ချလိုက်၊ လျှော့ချလိုက် ကောင်းကင်တံခါး မပွင့်ဘဲ ငရဲတံခါး ပွင့်သွားလိမ့်မယ်၊ ကိုင်း.. ကိုယ်သွားမယ်” ဟုဆိုကာ လွတ်လပ်ပေါ့ပါးသော ခြေလှမ်းမျာဖြင့် ကျွန်ုပ်၏ခြံတွင့်မှ ထွက်သွားလေတော့သတည်း။
19 comments
zay
December 16, 2011 at 5:42 am
စာအရေးအသားကို ကြိူက်တယ်
aye.kk
December 16, 2011 at 6:29 am
အရင်မြည်းကြည့်ချင်လိုက်တာ..။
windtalker
December 16, 2011 at 11:58 am
အရင်တော့ မြည်းလို ့မရနိုင်ဘူး အေး.ကေကေ ရဲ ့
မဒမ်စည်သူ နဲ ့ကရင်စည်သူ နဲ ့သတ်ကြရလိမ့်မယ်
MaMa
December 16, 2011 at 7:33 am
အရေးအသားကောင်းတဲ့ ရသစာပေစစ်စစ်ဖြစ်သလို၊
ထူးဆန်းအံ့ဩစရာ ဟင်းတွေကို ချက်နည်းပြောလို့
ချက်ခြင်းစားချင်စိတ် ဖြစ်ပေါ်လာစေတဲ့ ရသစာပေလည်း ဖြစ်ပေသည်တကား…. 🙂
(ကြောင့်ကျများတဲ့ ရလာဒ်၊ ကြောင့်ကျနည်းပြီး ကိုယ်လုပ်စရာရှိတာကို လုပ်တဲ့ ရလာဒ်ဆိုတဲ့ အသိလေးတစ်ခု ရသွားပါတယ်…)
mgmgmying
December 16, 2011 at 7:45 am
a tee mar tha yat. a yoat mar la phat…a tar mar watt..
a yae mar a yat..
“ဘီလူးကြီး”ogre
December 16, 2011 at 8:12 am
ကိုစည်
ကျွန်တော်တို့ ပင်တိုင်စရိုက်နဲ့ခပ်မိုက်မိုက်သရုပ်ဆောင်တဲ့
ကိုကျော်ဟိန်း (အခုတော့ဦးပဇင်းပေါ့) နဲ့ မင်းသိင်္ခ တွေကြပုံလေး
ကြုံခဲ့ရရင်ရေးပြီးတင်စမ်းပါ ဖတ်ချင်လှချည်ရဲ့ဗျာ။။။
ကိုရင်စည်သူ
December 16, 2011 at 11:42 am
ရေးပေးပါ့မယ်… ကိုဘီလူးရယ်…
ကျွန်တော် မှတ်ဉာဏ်ထဲက ဆွဲထုတ်တာ ကြာနေတာရယ်…
စကားပြောတွေကို စွဲဆောင်အား ကောင်းကောင်း ရေးချင်နေတာကြောင့်ရယ်ပါဗျာ…
အားပေးတာကျေးဇူးပါ… 🙂 🙂
ကြောင်ကြီး
December 16, 2011 at 9:39 am
အရသာအရှိဆုံးလို့ဆိုတဲ့ အသီး၊ အရွက်၊ အသား သုံးမျိုးပေါင်းချက်ဖို့ အကြံအယင်ကထဲက ရှိခဲ့တယ်။ ဘယ်လိုချက်ရမှန်း မသိလို့။ အခုတော့သိဘီ မင်းကို ကိုယ်ချစ်သည်။ 😛
ရေးထားခဲ့တဲ့ ဆရာကြီးမင်းသိင်္ခခရဲ့ ဟင်းချက်နည်းတွေကို Health & Fitness >>> Food, Drink & Recipes ခေါင်းစဉ်အောက်မှာပါ တွဲထည့်ပေးဖို့ တောင်းဆိုပါရစေ။ ဒါမှ နောင်ကျလို့ အလွယ်ရှာချင်တဲ့အခါ အဆင်ပြေပါမယ်။။ ကိုရင်စည်သွပ်မှာ အဲဒီလို update လုပ်ခွင့်မရှိလည်း သဂျီးကို ကိုယ်စားလုပ်ပေးဖို့ မေတ္တာရပ်ခံပါဒယ်။။။။။။
ကိုရင်စည်သူ
December 16, 2011 at 11:46 am
ကိုကြောင်ရေ… သဂျီးက သနားညှာတာပြီး
ခဏခဏ အလွဲရေးတတ်သော ကိုရင့်ကို
Update လုပ်ခွင့်လေး ပေးထားပါတယ်ဗျာ…
ပြင်လိုက်ပါမယ့်နော့်… အားပေးတာ ကျေးဇူးပါဗျာ… 😉
ပေါက်ဖော်
December 16, 2011 at 10:34 am
ကစည်သွပ်လဲ နိဗ္ဗာန်တံခါးလေး ပွင့်တွားအောင်
သင်္ဘောမတက်ခင် ချက်ကျွေးပါဦး..
ပလပ်စ်..ပလပ်စ်
နီကီတာ
December 16, 2011 at 10:37 am
စမ်းပြီးချက်ကြည့်ဦးမှ
ကိုရင် ဟင်းချက်နည်းစာအုပ်အသစ်ထုတ်ပါလား
အဘရဲ့ ဟင်းချက်နည်းတွေ ပေါင်းပြီး… 😀
ပေါက်ဖော်
December 16, 2011 at 10:50 am
အသားထဲမှာ..သစ်သား တောက်တောက်ကြော်
အရွက်ထဲမှာ..စာရွက်ပလိန်းကြော်
အသီးထဲမှာ..မီးသီး မီးဖုတ်ကင်
ခေါင်းထဲမှာဆို..ဒူးခေါင်း ရေလုံပြုတ်..စာအုပ်ထုတ်ပါ
အဘ မင်းသိင်္ခ၏ တပည့်ဝမ်းကွဲ..
ပေါက်သိင်္ခ-(အိမ်ဖြူ)-BE-WE-DOUBLE BLACK
😆
နီကီတာ
December 16, 2011 at 11:29 am
အဲဒီဟင်းကတော့
ကိုပေါက်ဖော်လာလည်မှ အမြည်းလုပ်ဖို့ ချက်ကြွေးတော့မယ် 😛
E.T
December 16, 2011 at 10:58 am
ကိုရင်စည် ချက်ကျွေးရမှာတွေ များနေပီနော်။ နီလေးကတော့ ကံကောင်းတယ်။ ကိုရင်စည်လို ဟင်းချက်တော်သူကို ရထားလို ့
windtalker
December 16, 2011 at 12:04 pm
သို ့.. ကရင်စည်သူ
“ ဒီစာကို ငါဖတ်တာ အခု
ဒီဇင်ဘာလ ၁၆ ရက် နေ ့မကြာသေးပါဘူး
ဂွီဂွီဂွမ်ဂွမ် မြည်နေတဲ့ ငါ့ဗိုက်က လာကျွေးပါဟု
ဝက်သားကို သရက်နဲ ့တွဲ ၊ စားပြီးသောက်စရာ
ဘီယာပုလင်းတွေ မင်းဘယ်မှာ ဖွက်ခဲ့သလဲ ”
( စနဲ နှင့် ဝိုင်းဆု တို ့၏ သီချင်းစာသား ကို အားကျပါသဖြင့် )
Shwe Ei
December 16, 2011 at 2:01 pm
ဟင်းချက်နည်းတွေ တွေ့ရင် သွားရေ တမျှားမျှားနဲ့ ဖတ်ပဲဖတ်တတ်တယ်။ စားကောင်းအောင်ကျလဲ တစက်မှမချက်တတ်။ ခက်ကပြီ။
manawphyulay
December 16, 2011 at 4:00 pm
ဒီလိုပြောရုံနဲ့ ယုံမယ်ထင်လို့လား… တစ်ရက် ရွာထဲက လူတွေကိုခေါ်ပြီး ချက်ကျွေးမယ်ဆိုရင်တော့… ယုံနိုင်ကောင်းပါရဲ့…. 😛
blackchaw
December 16, 2011 at 6:19 pm
ကိုရင်ရေ။
အဲဒီဟင်းတွေကို ခင်ဗျားကိုယ်တိုင်ရော ချက်တတ်လားဗျ။
ဒါမှမဟုတ် အဘက ခင်ဗျားတို့ကို ချက်ကျွေးဘူးလားဗျ။
ကိုရင်စည်သူ
December 16, 2011 at 9:05 pm
ကိုဘလက်ရေ။ ။
အဲ့ဒီ့ဟင်းတွေက ကျွန်တော်တို့လည်း ကိုပီတာလာတဲ့နေ့တွေ
စားရတတ်ပါတယ်။ တခါတလေလည်း အဘက ချက်ကျွေးပါတယ်ဗျာ…
အဘချက်တာတော့ ကြည့်ရင်း မှတ်ထားခဲ့ပါတယ်…
ကိုယ်တိုင်တော့ ကိုယ်စားချင်တဲ့ဟာ ၃ ၄ မျိုးလောက်ကိုပဲ
စမ်းချက်ခဲ့ဖူးတာမို့ ကိုပီတာပြောသမျှ ဟင်းအစုံတော့ မချက်တတ်ကြောင်းပါခင်ဗျာ…
ကျေးဇူးပါနော့…