“ရောင်စုံမုသားလေးများ”

TTNUFebruary 3, 20121min60883

“ရောင်စုံ မုသားလေးများ”

ကျမတို့တွေငယ်ငယ်ကတည်းက မိဘများဆုံးမစကား နားဝယ်ထားခဲ့ကြတာ
“ လိမ်ညာမပြောရ” ။ လိမ်ပြောရင်လျှာမှာ အနာပေါက်တတ်တယ်၊ သွားကျိုးတတ်တယ်။
စတဲ့သတိပေးချက်တွေနဲ့ ကြီးပြင်းလာခဲ့ကြတယ်။ လိမ်ပြောရမှာကိုကြောက်ခဲ့ကြတယ်။
ရိုးရှင်းစွာပြောရရင်တော့ လျှာမှာ အနာပေါက်မှာ၊ သွားကျိုးမှာကြောက်ကြခြင်းဖြစ်ပါတယ်။

ကြီးလာတော့မှ လျှာမှာ အနာပေါက်မှာ၊ သွားကျိုးမှာ တွေဆိုတာဟာ လိမ်ပြောတာနဲ့ မဆိုင်
ဘူးဆိုတာရယ်၊ လူကြီးတွေက ငါတို့ကိုလိမ်ထားတာပဲ လို့ သဘောပေါက်လာခဲ့တယ်။ ဒါပေမဲ့
လိမ်ညာပြောရင် အပြစ်ရှိကြောင်းကိုတော့ လက်ခံခဲ့ကြပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လာတာမို့ ငါးပါးသီလစောင့်ထိန်းရာမှာ “မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ
သမာဒိယာမိ” ဆိုတဲ့ သိက္ခာပုဒ်ကိုနားလည်လာပြီး လိမ်ညာပြောမိတဲ့အခါ ကိုယ့်လိပ်ပြာ
ကိုယ်မလုံသလိုခံစားမိတတ်လာကြပါတယ်။ သူတစ်ပါးထိခိုက်အောင် လိမ်ညာ
ပြောတာဟာ မှားတယ်လို့ လည်း လက်ခံလာကြပါတယ်။

အထူးသဖြင့် ကိုယ့်ကို လာညာရင် အခံရခက်တယ်မဟုတ်ပါလား။ မိမိခင်မင်လေးစားသူ၊
မိမိချစ်ခင်သူ၊ မိမိယုံကြည်သူက နည်းနည်းလေးညာပြောရင်ကို လက်မခံနှိုင်ကြပါဘူး။
သစ္စာဖောက်သလိုကိုခံစားရတယ်မဟုတ်ပါလားမိတ်ဆွေ။

ဒါပေမဲ့….. လူတိုင်း ဘဝမှာ အနည်းနဲ့ အများ (To some extent) ညာမိတတ်ကြပါတယ်။
မုသားဝဝတုတ်တုတ်ကြီးကြီး မဟုတ်တောင်မှ မဖြစ်လို့ လိမ်လိုက်ရ၊ အရေးပေါ်လိမ်လိုက်ရတာ
မျိုးလေးတွေ (white Lies) တွေ သုံးလိုက်မိတတ်ကြပါတယ်။
မြန်မာစကားပုံအရ … မုသားမပါ လင်္ကာမချော… ဆိုပြီး အားတင်းပြီးလိမ်ခဲ့ကြတယ်
မဟုတ်ပါလား။

Lying is wrong!! လိမ်တာ အမှားပါပဲ လို့ သိရက်နဲ့ ကျမတို့ တွေ ဘာကြောင့်များ လိ်မ်
ညာပြောမိကြတာပါလိမ့်။ တစ်ခုတော့ ရှိပါတယ်၊ သူတစ်ပါးအပေါ်မှာ ဒုက္ခရောက်ပါစေဆိုတဲ့
ကလိမ်ကကျစ် ညစ်ပတ်တဲ့ အညာမျိုး မဟုတ်တဲ့ အတွက်တော့ တော်ပါသေးရဲ ့နော်။
ကျမတို့ ဒီ အဖြူရောင်မုသားလေးတွေ ပြောလိုက်မိတဲ့ အကြောင်းရင်းလေးတွေ ကြည့်ရ
အောင်နော်။

(၁) ခင်မင်ရင်းနှီးမှုမပျက်ချင်လို့
(၂) သူများခံစားသွားရမှာစိုးလို့
(၃) ဖုံးကွယ်ထားချင်လို့
(၄) ဆင်ခြေပေးချင်လို့
(၅) သူများပျော်သွားအောင်လို့
(၆) သတင်းဆိုးမပြောချင်လို့
(၇) မုန်းသွားမှာစိုးလို့
(၈) အထင်လွဲသွားမှာစိုးလို့
(၉) အထင်ကြီးအောင်လို့
(၁၀)ကိုယ့်အကြောင်းသိသွားမှာစိုးလို့
စသော စသော အထွေထွေသော အကြောင်းတွေကြောင့် လိမ်ပြောကြ ညာပြောကြပါတယ်။

(၁) ခင်မင်ရင်းနှီးမှုမပျက်ချင်လို့

မိတ်ဆွေ တစ်ယောက်က သူ့သမီးလေးကို သိပ်ယုံတယ်၊ သိပ်ချစ်တယ်၊ တစ်နေ့တော့
သူ့သမီးလေးက ကောင်လေးတစ်ယောက်ရဲ ့ ကျောဖက်ပြီးဆိုင်ကယ် စီးသွားတာ ကျမ မြင်
လိုက်တယ်။ ဒီမိတ်ဆွေကိုပြောပြတော့ မဖြစ်နှိုင်ဘူးလို့ တွင်တွင်ငြင်းတော့တာပါပဲ။
ကျမလည်းအသေအချာ မြင်လိုက်ပါရက်နဲ့ မအေလုပ်သူက ဇွတ်ငြင်းနေတော့
ခင်မင်ရင်းနှီးမှုမပျက်ချင်လို့ ကျမများ မျက်စိမှားတာနေမှာပါ လို့ ညာလိုက်မိပါတယ်။

(၂) သူများခံစားသွားရမှာစိုးလို့

ကြာခဲ့ပါပြီ၊ အလုပ်မနားခင်ကပါ၊ သင်တန်းတစ်ခုရန်ကုန်သွားတက်ရမှာပါ၊ မိတ်ဆွေ ဆရာမ
တစ်ယောက်က သင်တန်းခေါင်ဆောင်အနေနဲ့ သူသွားချင်တယ်။ သွားချင်လွန်းလို့ ၊
သွားရမယ်လည်းထင်လို့ အရမ်းကိုပြင်ဆင်ထားရှာတာ။ ကျောင်းအုပ်ကလည်း အခြေအနေ
အရသူ့ကို မလွှတ်ချင်ဘူး။ အစည်းအဝေးပြီးတော့ ဒီဆရာမက ကျမ ကိုမေးတယ်၊ ကျောင်း
အုပ်ကြီးကဘာပြောသလဲ၊ သူ့ကို ရွေးမှာတဲ့လား စုံနေအောင်မေးရှာတယ်၊ ကျမလေ
သူများခံစားသွားရမှာစိုးလို့ ကျမသိရက်နဲ့ “ မမ မသိပါဘူးကွယ်၊ အစည်းအဝေး လုပ်နေတုန်း
ရုံးဖုန်းဝင်လာလို့ ထဖြေလိုက်ရတာနဲ့ မကြားလိုက်မိဘူး၊ အတည်ပြုချက်ချပြီးရင် ညီမသိရမှာ
ပါကွယ်။ စိတ်ထဲသိပ်မထားပါနဲ့” လို့ ညာလိုက်မိပါတယ်။

(၃) ဖုံးကွယ်ထားချင်လို့

ကျမ တက္ကသိုလ်တက်ရင်းချစ်သူရခဲ့ပါတယ်။ အမေရိပ်မိလို့ မေးတဲ့အခါ အမေ့ကို ဖုံးကွယ်
ထားချင်လို့ ချစ်သူမဟုတ်ပါဘူး၊ အားကစားကွင်းထဲမှာဆုံတဲ့ ကစားဖော် သူငယ်ချင်းလေး
ပါလို့ အမေ့ကို ညာလိုက်မိပါတယ်။

(၄) ဆင်ခြေပေးချင်လို့

လန်ကက်စတာမှာ အတန်းတစ်ခုကို (၁၅)မိနစ်လောက်နောက်ကျပြီးမှ ဝင်ခဲ့မိပါတယ်။
အတန်းတံခါးခေါက်ပြီးဝင်လိုက်တော့ ပရော်ဖက်ဆာက ရှင်းလင်းဆွေးနွေးနေပြီပေါ့။
မျက်နှာပူစရာပါ့။ “I’m sorry, I’m late. My watch is a bit late.”
တွေလျှောက်ပြောပြီးကြုံသလို ဆင်ခြေပေးချင်လို့ ကောက်ညာမိပါတယ်။ အမှန်က
လမ်းမှာမိတ်ဆွေတစ်ယောက်က နှုတ်ဆက်နေလို့ပါ။

(၅) သူများပျော်သွားအောင်လို့

ကျမတို့ ကြီးဒေါ်ကြီးက ဟင်းချက်ဝါသနာလည်းပါတယ်၊ မီးဖိုချောင်လည်းနိုင်နင်းတယ်။
သူရောက်လာပြီတိုရင် ကျမတို့ မီးဖိုချောင်မှ အနားယူခွင့်ရကြပါတယ်။ ကြီးဒေါ်ကလည်း
ဟင်းမျိုးကို စုံနေအောင် လက်စွမ်းပြချက်ကျွေးလေ့ရှိပါတယ်။ တစ်ခါမှာတော့ သူချက်တဲ့
ငါးဟင်းက သည်းခြေပေါက်သွားသလားမသိ၊ ခါးလိုက်တာ။ နည်းနည်းတော့ခါးတယ်လို့
ကိုမပြောချင်ဘူး။ စိတ်မကောင်းဖြစ်သွားမှာလည်းစိုးတယ်။ သူအလည်လာတုန်းခဏ
သူများပျော်သွားအောင်လို့ ကျမတို့ ညာလိုက်ကြတာလေ။ စားလို့ကောင်းပါတယ်ကြီးဒေါ်
ရဲ ့ ခါးလိုက်တာလို့ ပြောမဲ့အစား နည်းနည်းပါးပါးသက်တာပါလို့ညာမိခဲ့ပါတယ်။

(၆) သတင်းဆိုးမပြောချင်လို့

ကျမခင်ပွန်းသည် (၂၀၀၁) ခုနှစ်မှာဆုံးသွားခဲ့ပါတယ်။ ဆေးရုံပြပြချင်းအဆုတ်ကင်ဆာ၊
(၆) လခန့်ပဲ လို့ ဆရာဝန်က ကျမကိုခေါ်ပြောပါတယ်။ ဆရာဝန်ကဘာပြောသလဲလို့
သူမေးတဲ့အခါ .. မြေဖြူမှုန့်တွေ ဝင်တာများလို့ ချောင်းဆိုးတာ။ နောက်တစ်ခါ စာသင်ရင်
လက်ကိုင်ပုဝါလေးအုပ်ပြီး သင်ပုန်းကိုဖျက်ပေါ့။ တစ်ပတ် နှစ်ပတ်နေရင် သက်သာသွား
မှာတဲ့ ..လို့ သတင်းဆိုးမပြောချင်လို့ ကျမ ညာလိုက်ပါတယ်။ သူဆုံးသွားတဲ့အထိ ကျမ
ဘာရောဂါဆိုတာမပြောပြခဲ့ပါဘူး။

(၇) မုန်းသွားမှာစိုးလို့

ကျမ အသုံးလုံးခရီးစဉ်အကြောင်း ရေးခဲ့တာတွေ ဖတ်ဖူးကြမှာပါ။ သူတစ်ပါးရွာမှာ မိန်းကလေးတွေချည်းသွားနေကြရတာမို့ ရွာသူရွာသားတွေ မုန်းမှာ စိုးရိမ်မိကြပါတယ်။
ထမင်းစားဖိတ်တဲ့ အိမ်က အဒေါ်ကြီးလက်ကအနာကြောင့် ကျမတို့ ဆက်မစားနှိုင်တော့ဘဲ
ထမင်းဝိုင်းကထလာရတဲ့ အကြောင်းမှတ်မိကြမလားပါပဲ။ ဒေါ်ကြီးလက်ကအနာကြောင့်
ရွံလို့ မစားချင်တော့ဘူးလို့ ပြောချလိုက်ရင် ကျမတို့ကို အငြှိုးထားမှာ မုန်းသွားမှာစိုးလို့
မဆာလို့၊ ဗိုက်တင်းနေလို့ မစားနှိုင်ကြောင်းညာခဲ့ကြပါတယ်။

(၈) အထင်လွဲသွားမှာစိုးလို့

ကျမငယ်ငယ်တုန်းကသူငယ်ချင်း (၃) ယောက် ရင်းရင်းနှီးနှီးပေါင်းတာရှိတယ်။ တစ်ယောက်
ကတော်တော်ချမ်းသာတယ်။ စာသိပ်မတော်ဘူး။ သူ့အိမ်ကိုသူငယ်ချင်းတိုင်ကို မဖိတ်ဘူး။
တစ်နေ့တော့ သင်္ချာအတူတွက်ရအောင်လို့ ခေါ်လို့ကျမသွားခဲ့တယ်။ ကျမတွက်ပြီးသမျှသူ
အကုန်ကူးယူတယ်။ ကလေးတုန်းကတော့ ကိုယ့်ကို အသုံးချတယ်ဘာတယ်ရယ် မစဉ်းစား
ကြပါဘူးနော်။ နောက်တစ်နေ့ သူသချင်္ာ အကုန်မှန်တော့ ကျန်တဲ့ သူငယ်ချင်းတွေက ကျမ
ကို စစ်တော့တာပါပဲ။ ကျန်တဲ့ သူငယ်ချင်းတွေက အထင်လွဲသွားမှာစိုးလို့ ကျမက
ငါသွားတော့သွားတယ်၊ အမေက ဘုရားပန်းပို့ခိုင်းတာပါအေ လို့ ညာခဲ့ပါတယ်။

(၉) အထင်ကြီးအောင်လို့

အဖေက အစိုးရဝန်ထမ်းပါ။ သားသမီးတွေကို ပညာအမွေကလွဲလို့ ဘာမှမပေးနှိုင်ရှာပါဘူး။
ဘာရွှေငွေမှလည်းမဆင်နှိုင်ပါဘူး။ ကျမနေတဲ့မြို ့ကလေးမှာမြို ့ခံလူချမ်းသာတွေ များကြပါတယ်။ ရွှေတွဲလွဲ ငွေတွဲလွဲတေါပေါ့။ ကျမကစာကြိုးစားသူမို့လို့ သူတို့က အပေါင်းအသင်းလုပ်ကြပါတယ်။ဒါပေမဲ့ ကျမ သူတို့လောက် မုန့်ဖိုးမသုံးနှိုင်ပါဘူး။ရွှေ ငွေ
မဝတ်ခဲ့ရပါဘူး။ အဲဒီတုန်းက ပုစွန်ဦးနှောက်နဲ့ ကျမ လည်း သူတို့ အထင်ကြီးအောင်
တို့ဖေကြီး ပင်စင်ယူရင် စုထုတ်ရမဲ့ငွေတွေ အများကြီးပါလို့ အထင်ကြီးအောင်လို့
ညာခဲ့မိပါတယ်။ ခုထိပြန်တွေးရင် ရှက်မိပါတယ်။

(၁၀)ကိုယ့်အကြောင်းသိသွားမှာစိုးလို့

ကျမ မန္တလေးဂဇက် အဖွဲ့ဝင်တစ်ယောက်အနေနဲ့ (၂၀၁၁ ဩဂုတ်) လကစပြီး စာတို
ပေစ လေးတွေဟိုရေးဒီရေး လုပ်ပါတယ်။ ကိုယ့်အကြောင်းသိသွားမှာစိုးလို့
အမည်အရင်းမရေးခဲ့ပါဘူး။ TTNU လို့ ရေးခဲ့ပါတယ်။ ညာတာတော့မဟုတ်ဘူးပေါ့
နော်။ ရေးခဲ့တဲ့ အကြောင်းအရာတွေကလည်း ဘဝအတွေ့အကြုံတွေမို့လို့ အညာတွေ
မပါပါဘူး။ တော်သေးတယ် ဂဇက်ရွာသားတော်တော်များများ ကိုကျမမညာရသေးဘူး။

ဆိုတော့ အခု ကျမပြောပြခဲ့တာတွေထဲက ညာခဲ့ကြောင်းဝန်ခံထားတာတွေ ဖတ်ပြီးရင်
“She’s such a liar. We can’t trust a word she says!”
လို့များမုန်းသွားကြမှာလားဟင်?။ ကျမ လည်း မလိမ်ညာချင်ပါ။ ဒါပေမဲ့ တစ်ခါတစ်ရံ
မှာ အမှန်အတိုင်းပြောပစ်လိုက်တာ ထိခိုက်လှပါတယ်။ ဥပမာ။ မျက်စိလေးစွေနေတဲ့
ချစ်သူကို … စံပယ်ကြည့် ကြည့်တာချစ်စရာ…လို့ ပုရိသတွေ ညာရတာပဲ မဟုတ်ပါလား။

ကဲ..ဟုတ်ပါပြီ၊ ကျမ ပြောပြခဲ့တဲ့ ရောင်စုံမုသားလေးတွေကို ဒီအတိုင်းညာတာကောင်းတယ်
လို့ မပြောခဲ့ပါဘူးနော်။ တတ်နှိုင်သမျှ ဘာရောင်မုသားကိုမှမသုံးတာအကောင်းဆုံးပါ။
(တတ်နှိုင်သရွေ့လေးပေါ့။)

83 comments

  • aye.kk

    February 5, 2012 at 7:13 am

    စကား(၃)မျိုး(မဂ္ဂင်္ဂဒီပနီ p-62)
    ၁။အတ္တနှင့်စပ်ယှဉ်သောစကားမျိုး
    ၂။ဓမ္မနှင့်စပ်ယှဉ်သောစကားမျိုး
    ၃။ဝိနယနှင့်စပ်သောစကား
    (၁)အတ္တနှင့်စပ်ယှဉ်သောစကားမျိုးဆိုသည်ကား…..
    အသက်ရှည်ခြင်း၊အနာကင်းခြင်း၊ဓမ္မိယလဒ္ဓ ဖြစ်သောစည်းစိမ်ချမ်းသာတို့ကို
    ရနိုင်ခြင်းအစရှိသောပစ္စပ္ပုန်အကျိုး၊နောက်ဘဝတို့၌လူချမ်းသာကိုရခြင်း
    အစရှိသောကောင်းကျိုးချမ်းသာကိုပြဆိုသောစကားမျိုးတည်း..။
    (၂)ဓမ္မနှင့်စပ်ယှဉ်သောစကားမျိုးဆိုသည်မှာ….
    ထိုအကျိုးတို့ကိုရရာရကြောင်းဖြစ်သောနည်းလမ်းဥပဒေသစကားမျိုးတည်း..။
    (၃)ဝိနယနှင့်စပ်ယှဉ်သောစကားမျိုးဆိုသည်ကား…
    လူ့ကျင့်ဝတ်တရား၊ရှင်ကျင့်ဝတ်တရားတို့နှင့်စပ်ယှဉ်သောစကားမျိုး၊လောဘကိုဖြေဖျောက်ရန်
    တရားမျိုး၊ဒေါသကိုဖြေဖျောက်ရန်တရားမျိုးစသည်တည်း…။
    စကားအရာနှင့်ပတ်သက်သည့်အကြာင်းအရာများသိသမျှဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။

    • TTNU

      February 5, 2012 at 11:57 am

      မအေးကေရေ..
      ကျေးဇူးပါနော်။တီချာ ကူးယူလိုက်တယ်သိလား။
      ဝိနယနှင့်စပ်ယှဉ်သောစကားမျိုးကို သိပ်ကြိုက်တယ်။

  • aye.kk

    February 5, 2012 at 12:57 pm

    တီချာရေနောက်ထပ်ကျန်နေသေးတာရှိသေးတယ်…
    တီချာနှစ်သက်မယ်ထင်လို့ထပ်မံဖော်ပြလိုက်ပါတယ်..
    စကားသစ္စာ(၃)မျိုး…
    ၁။သဒ္ဒဟာယနသစ္စာ-မိမိအားသူတစ်ပါးယုံကြည်စေရန်အမှန်ပြောကြားခြင်း။
    ၂။ဣစာ္ဆပူရဏသစ္စာ-မိမိအလိုရှိအပ်သောအရာပြည့်စုံစေရန်အမှန်ပြောကြားခြင်း။
    ၃။မုသာဝိရမဏသစ္စာ-မဟုတ်မမှန်သောစကားမှရှောင်ကြည်၍ပြောကြားအပ်သောစကား။
    တနည်းသစ္စာ၂မျိုး
    ၁။ဝစီဘေဒသိဒ္ဓိသစ္စာ-နှုတ်မြွက်သဖြင့်ကိစ္စပြီးသောသစ္စာ
    ၂။ပစာ္ဆနုရက္ခဏသစ္စာ-ပြောဆိုပြီးနောက်စောင့်ရှောက်ပြုလုပ်ရသောသစ္စာ
    မုသားရှောင်ရ၊ညီညွတ်ရနှင့်ချိုလှသာယာ၊ကျိုးရှိရာပြောပါစကားများဟူ၍
    ဘုရားကိုယ်တိုင်သင်ပြတော်မူပါသည်ဟုကျမအားဆုံးမသွန်သင်ခဲ့သည့်
    ဘကြီးစကားများအားပြန်လည်ပြောပြအပ်ပါသည်။

  • Pearl May

    February 6, 2012 at 11:06 am

    တီချယ် လိမ်ခဲ့တာတွေက သူများကို မထိခိုက်အောင် ပြောခဲ့တာတွေပါ။ အဲဒီနေရာတွေမှာ အမှန်အတိုင်းပြောလိုက်ရင်သူများ ကို စိတ်အားဖြင့် သိက္ခာအားဖြင့် ထိခိုက်စေနိုင်တာတွေပါတယ်လေ။ ကျမတို့လည်း လုပ်ငန်းခွင်ထဲမှာရော အိမ်မှာပါ ညာနေကြရတာပါပဲ။ နှမြောတတ်တဲ့အမေကို ဈေးနှုန်းလိမ်ပြီး ပြောရတယ်။ စိတ်တိုလွယ်တဲ့အဖေကို စိတ်တိုစေမယ့်စကားရှောင်ပြီးလိမ်ပြောရတယ်။ အလုပ်ထဲမှာရော ကိုယ်က ဟိုဘက်ဒီဘက် အဆင်ပြေအောင် မုသား လေးတွေနဲ့ စကားလှအောင် လိမ်ရတယ်။ ငရဲအိုးကြီးကတော့ ပွက်ပွက်ဆူပြီး စောင့်နေလောက်ပြီ။ 🙂

    • TTNU

      February 6, 2012 at 1:36 pm

      Pearl ရေ…
      (နှမြောတတ်တဲ့အမေကို ဈေးနှုန်းလိမ်ပြီး ပြောရတယ်။ စိတ်တိုလွယ်တဲ့အဖေကို စိတ်တိုစေမယ့်စကားရှောင်ပြီးလိမ်ပြောရတယ်။) ဆိုတာလေး သဘောကျတယ်။
      ဟုတ်ပါရဲ ့ကွယ်။ ဒီလိုနေရာတွေမှာ လိမ်တယ်၊ညာတယ်၊ မုသားသုံးတယ် ဆိုတဲ့
      အသုံးအနှုံးထက် စကားလွှဲပြောရတယ် လို့ သုံးရမယ်ထင်ပါရဲ ့နော်။
      ပွက်ပွက်ဆူနေတဲ့ ငရဲ အိုးကြီးက ဒီလို သိတတ်သူတွေအတွက် ချွင်းချက်ချန်ထား
      ပေးခဲ့မှာပါ။

  • Novy

    February 7, 2012 at 9:58 am

    တီတီနုရေ..

    ၁၁). ကိုယ့်ကို အထင်သေးမှာဆိုးလို့ လိမ်တာ
    ၁၂). ကိုယ့်ကို အထင်ကြီးမှာဆိုးလို့ လိမ်တာ
    ၁၃). ကိုယ့်ကို သနားလာအောင်လို့ လိမ်တာ
    ဒါတွေပါ ထက်ထည့်လိုက်ချင်ပါတယ် တီတီနုရယ်
    ဒါပေမဲ့ ဒီနေ့အထိ သူတစ်ပါးအကျိုးစီးပွားပျက်အောင် ရောင်စုံမုသားတွေ မသုံးခဲ့ပါဘူး
    မလွဲရှောင်သာလို့ အဖြူရောင်မုသားတွေကို သုံးနေရတာပါ
    တစ်ခါတစလေ ကိုယ့်ကိုကိုယ်တောင် မုသားလေးတွေသုံးပြီး
    စိတ်ချမ်းသာအောင် ညာနေရတယ်လေ

    • TTNU

      February 7, 2012 at 11:16 am

      နိုဗီရေ…
      ကိုယ့်ကိုအထင်သေးမှာစိုးလို့ ၊ အထင်ကြီးမှာစိုးလို့။ သနားလာအောင်လို့၊
      လိမ်ကြရာမှာ သူများအပေါ် cheat မလုပ်တဲ့ လိမ်မိတာလေးတွေကိုတော့
      အပြစ်မတင်သာပါ။သူများဂျောက်ကျစေမယ်ဆိုရင်တော့ မသမာဘူးခေါ်ရမယ်
      ထင်ပါတယ်။
      ဒါပေမဲ့ နိုဗီရယ် (တစ်ခါတစ်လေ ကိုယ့်ကိုကိုယ်တောင် မုသားလေးတွေသုံးပြီး
      စိတ်ချမ်းသာအောင် ညာနေရတယ်လေ) အထိတော့ အပင်ပန်းမခံပါနဲ့သမီးရယ်။
      ဘာပြုလို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုညာတာ အဆိုးဆုံးမို့လို့ပါ။

      • Novy

        February 7, 2012 at 12:15 pm

        တီတီနုရေ.. ကျေးဇူးပါ
        အခုတော့ စိတ်ချမ်းသာအောင် ဘုရားတရားတွေပိုလုပ်နေပါတယ်
        ဒါမှ တစ်ခြားအတွေးတွေမဝင်လာအောင်လို့လေ

  • koaung

    February 7, 2012 at 11:28 am

    တီချာကြီးစာတွေဖတ်ပြီးတိုင်း လေးစားမိရင်းလေးစားရင်းပါပဲဗျား (အလုဎ်က ခုတလောမှအားလို့)

    • TTNU

      February 7, 2012 at 12:06 pm

      ကျေးဇူးပါ ကိုအောင်ရေ.. မတွေ့မိကြဘူးနော်။

  • kokothandar

    February 7, 2012 at 12:14 pm

    တစ်ကယ်တော့ ရောင်စုံမုသားဆိုတာတွေဟာ မိန်မအများစုမှာရှိတာပါ ဧည့်ခံပွဲတွေမှာ မိန်းမချင်းတွေ့လိုက်
    ရင် အယ်မလေး လှလိုက်တာ လို့ပြောရင် (စိတ်ထဲက ငါ့လောက် မလှဘူးပြောနေမယ်) ဝလို့လှလို့ ပြောရင်
    (စိတ်ထဲမှာပြိတ်တာကျနေတာဘဲ) စိတ်ထဲမှာငါထက် ပိုမချမ်းသာပါစေနဲ့ လို့ ရင်ထဲမှာ ဆုတောင်းနေအုံးမယ်

    • TTNU

      February 7, 2012 at 12:44 pm

      ဟေးကိုကိုသန်းဓါရေ…

      Mind your language နော်။
      Gender ခွဲခြားပြောဆိုခြင်းဖြင့် အမုန်းပွားတတ်တယ်။
      (တစ်ကယ်တော့ ရောင်စုံမုသားဆိုတာတွေဟာ မိန်းမအများစုမှာရှိတာပါ)တဲ့လား။
      ကဲပါလေ…အထီးတွေညာတယ်မညာဘူး စာမဖွဲ့ချင်ပါ။ ❓

      တို့တွေ ရောင်စုံမုသားတွေ ပြောခြင်းမပြောခြင်းကိုသာ
      highlight ထားကြပါစို့ကွယ်။

  • ရွှေ မင်း သား

    February 7, 2012 at 12:45 pm

    ကျနော်လဲ ညာခဲ့ ဖူးပါတယ်။ …..
    သူတစ်ဘက်သားကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝှိက်ပြီးသော်လည်းကောင်း မနစ်နာစေဘူး မထိခိုက်ဘူးဆိုရင် ညာခဲ့တာ အပြစ်မရှိလောက်ဘူးလို့ ထင်တာဘဲ။
    တချို့ နေရာတွေမှာ လိမ်မှ ညာမှ အဆင်ပြေတာမျိုးတွေလဲ ရှိတတ်ပါသေးတယ်။(အနည်းအကျဉ်းပါ)
    လိမ်တာ ညာတာ မကောင်းဘူးဆိုပေမယ့် ကျနော်တို့ အားလုံးငယ်စဉ်တည်းက လိမ်ညာ မှုတွေ ကြားထဲမှာ ဘဲ လိမ္မာ လာအောင် ဆုံးမ တာတွေ ခံခဲ့ရတာဘဲမဟုတ်လား။

    • TTNU

      February 7, 2012 at 1:18 pm

      ရွှေမင်းသား ရေ…
      (ကျနော်တို့အားလုံးငယ်စဉ်တည်းက လိမ်ညာမှုတွေ ကြားထဲမှာပဲ
      လိမ္မာလာအောင်ဆုံးမတာတွေ ခံခဲ့ရတာဘဲမဟုတ်လား။)
      ဆိုတဲ့မေးခွန်းကို ဖြေကြည့်ရအောင်။
      (၁) ငိုနေရင် ….ဒေဝေါကြီးလာပြီ၊ ကိုက်လိမ့်မယ်။
      (၂)အိပ်ရာထဲရှုရှုပေါက်ရင်… ရှင်စဖိုည ကျွန်တော်/မ နေ့ ဆိုပြီးမီးဖိုကို
      ကန်တော့ကြရတယ်။အဲလိုဆိုမပေါက်ဘူးတဲ့။
      (၃)စလောင်းဖုံးနှစ်ချပ်တီးရင်…. ကျားကိုက်တတ်တယ်။
      (၄)အိမ်ထဲခြေသည်းလက်သည်းကိုက်ရင်… မောင်နှစ်မတစ်တွေ ရန်ဖြစ်မယ်။
      (၅)ကပ်ကြေးကို ဘာမှမပါဘဲ တဂျပ်ဂျပ်ညှပ်ရင်… အဖေနဲ့အမေ ရန်ဖြစ်မယ်။
      (၆) လူကြီးတွေထက်အရင်စားနှင့်ရင်… ဆံပင်ဖြူမယ်

      စသဖြင့်တွေပေါ့ကွယ်။ လိမ္မာလာအောင်ဆုံးမတာတွေချည်းပဲနော်။ ဒါပေမဲ့ အညာနဲ့
      တည်ဆောက်ထားတဲ့ဆုံးမစကားတွေရယ်။ အကျိုးအကြောင်း(ကလေးနားလည်မဲ့
      အကျိုးအကြောင်း) လေးနဲ့ ဆိုရင်ပိုမလှပါလား။

      • ရွှေ မင်း သား

        February 7, 2012 at 1:25 pm

        ဟုတ်ပါတယ်။ ကျနော် က အကျိုးအကြောင်း ပါမသွားတော့ ဖတ်တဲ့ သူ တမျိုးမြင်သွားနိုင်တယ်။ တီချာကြီး ရှင်းပြပေးလို့ ကျေးဇူးပါ။

  • kokothandar

    February 7, 2012 at 4:20 pm

    တစ်နေ့က ဂျစ်ကားတစ်စီးက ကျွှန်တော့် Sukuzi လေးကို ပွတ်တိုက်တာခံလိုက်ရတယ် သူကတောင်အလျော်တောင်းနေတော့တော်တော် ရှင်းပြတော့ ပြေလည်သွားတယ်ပေါ့
    ဒါနဲ့သူငယ်ချင်းနှစ်ယောက်ကို ဖုန်ုးဆက်ပြီး ကာရာအိုကေမှာသွား ကဲနေလိုက်တာ
    သန်ခေါင်ကျော်မှ အိမ်ပြန်ရောက်တော့တယ် ဘယ်ဘက်ခါးကိုလက်ထောက် ညာဘက်လက်က
    နောက်ဘက်မှာတစ်ခုခုကိုင်ထားတဲ့ အိမ်ကဟာမကြီးကဆီးကြိုနေလေရဲ့ လေသံက မာလို့ ဘယ်တွေသွား
    အလေလိုက်နေသလဲတဲ့ . စိတ်ပျက်တဲ့ပုံနဲ့ မင်းကလဲကွာ ကားတိုက်လို့စိတ်ညစ်ရတဲ့ထဲက အော်လား ဟစ်လားနဲ့ ဆင်ဆင်ခြင်ခြင်ပြောစမ်းပါ ဆိုုတော့ ကားဆီ အပြေးအလွှားသွားကြည့် ပြန်လာတော့
    ယောက်ကျားရယ် မသေကောင်း မပျောက်ကောင်းဆိုပြီး ဖက်ထားလေရဲ့ ဟဲဟဲ …….ဟဲဟဲ………
    ညာတာလေးဘဲယုံချင်တယ်ဆိုတာ ဒါများလား ဟင် ???????? ttnu ရေ ပုံပြင်လေးကဒါပါဘဲနော်

  • AKKO

    February 8, 2012 at 3:38 pm

    ချာချာကြီးပြောတော့မှပဲ အမ်မာတီဗွီ၄ ကလုပ်တဲ ့စကားနပန်းသွားသတိရမိတယ်။ လိမ်ညာပြောတာကောင်းတယ်၊လိမ်ညာပြောတာမကောင်းဘူး ဆိုတဲ ့ခေါင်းစဉ်နဲ ့လုပ်ရင်ပေါ့။
    တော်တော်ရီရမှာကျိန်းသေပဲ။ လိမ်ညာပြောတာ မဟုတ်ဘူးနော်။ နောက်ပြီး သဂျီးကို လိမ်ညာ ()ပြောသင့်သည် ()မပြောသင့်ပါ ကို poll တင်ကြည့်ရင် ကောင်းမလားလို ့
    အကြံပေးကြည့်ပါဦးနော်။
    ဆရာတော် အရှင်ဇဝန ဟောထားတဲ ့တရားထဲမှာ ဘုရင်ကြီးကစပြီးလိမ်ညာပြောမယ်ဆိုတော့ တစ်နိုင်ငံလုံးမုသားဆိုတာ ဘယ်လိုဟာကြီးလဲဆိုတာ လာကြည့်ကြရတယ်ဆိုပဲ။
    အသေးစိတ်ကိုတော့ ဆရာတော်တရားခွေထဲမှာ နာယူနိုင်ပါတယ်။ ဆရာတော်တရားတွေထဲမှာ မုသားပြောတဲ ့သူဟာ ဖြစ်လေရာဘဝမှာ အာပုတ်နံ ့နံတယ်။သွားခေါတယ်။
    သွားမညီဘူးဆိုပြီး ဟောပြထားတာနာရတာပဲ။ ဆရာတော်ရဲ ့တရားတွေထဲမှာ မိမိအမှားကို ဝန်ခံရဲတာဟာ သူတော်ကောင်းတွေမှလုပ်တာပါလို ့လည်းဟောထားတာနာဖူးပါတယ်။
    reason for lie ကတော့ အချက်တွေနဲ ့ပြောကြမယ်ဆိုရင် page တောင် ဆံ့မှာ မဟုတ်ဘူးလို ့ထင်မိပါတယ်။ အခုလို “ရောင်စုံမုသားလေးများ” ကိုတင်လိုက်တာ ကောင်းပါတယ်။
    ဖတ်သူရော၊ ဆွေးနွေးသူရော မိမိအခြေအနေကို ပြန်သိနိုင်တဲ ့အတွက် အများကြီး အကျိုးရှိမယ်လို ့ထင်ပါတယ်။ စိတ်ထဲရှိတဲ ့အတိုင်း မန်းမိတာကို မကြိုက်တာရှိလျှင်
    ခွင့်လွှတ်တော်မူပါလို ့ကြိုတင်ပြောထားပါရစေဦးနော်။

    • TTNU

      February 8, 2012 at 9:47 pm

      ကိုအောင်ရေ…
      ဒီတစ်ခါပဲ ဆုံမိတယ်မှတ်တယ်။
      မောင်ရင်မန်းတာ မကြိုက်စရာမရှိပေါင်တော်။ခုမှပေါ်လာလို့
      ဝမ်းသာရပါတယ်။

      တီချာလည်း အဲဒီတရားနာဖူးတယ်။ မုသားပြောတဲ ့သူဟာ ဖြစ်လေရာဘဝမှာ အာပုတ်နံ ့နံတယ်။သွားခေါတယ်။သွားမညီဘူး ဟောထားတာ
      နာပြီး သွားမညီသူတွေတွေ့ရင် အားနာလိုက်တာ။

  • TTNU

    February 8, 2012 at 3:51 pm

    ကိုကိုသန်ဓာ
    အမျိုးသမီးက ရှင် ကာရာအိုကေဆက်သွားတာမှန်းသိသွားရင်
    ဘယ်လိုဆက်ညာမှာလဲ။
    ညာတာလေးဘဲယုံချင်တဲ့ အမျိုးသမီးကို ညာဦးမှာပဲလား။ 🙄

  • aye.kk

    February 9, 2012 at 6:08 am

    အင်္ဂရုပ်ပညာအားဝါသနာပါ၍လေ့လာလိုက်စားခဲ့ရာတွင်..
    အာခံတွင်းအနံ့နံသူများ….
    ရယ်လိုက်လျှင်သွားဖုံးလုံးလုံးပေါ်နေသူများ..
    ဝမ်းတွင်းစိတ်ထားနှင့်အပြင်ပါးစပ်ပြောသောစကားတို့..
    ဟန်ဆောင်ပြောဆိုတတ်မှုအားလေ့လာတွေ့ရှိခဲ့ရပါသည်…။
    (ဗဟုသုတအဖြစ်ပြောပြခြင်းဖြစ်ပါသည်ကြိုက်နှစ်သက်မှုမရှိပါကမိမိအားအပြစ်ဆိုကြပါကုန်)

  • kokothandar

    February 9, 2012 at 12:27 pm

    ttnu ရေ as usual ဆိုတာ စာလုံးပေါင်းတောင် မေ့နေပေါ့

  • amatmin

    February 9, 2012 at 2:51 pm

    တီချယ်ရေ..မင်္ဂလာပါ
    ကျနော် က ကိုယ့်ကို ကိုယ်အညာကောင်းတဲ့သူလို့ ထင်နေတတ်တော့ တီချယ့်ပို့စ်မှာ မမန့်ရဲဘူးဗျ..
    ဒါပေမယ့်လည်း ကောင်းသောစကားကြားရရင် ပြောတဲ့သူကိုကျေးဇူးစကားလေးတော့ပြောချင်သား..
    ကျနော်က ဆိုးဝါးပြီး သူတပါးကိုထိခိုက်မဲ့စကားမျိုးတော့မပြောပေမိမဲ့.
    ကိုယ့်ကြောင့်သူတပါးအာရုံများမှာ အလုပ်ပိုမှာကိုတွေးပြီး မုသားဖြူတော့လွယ်လွယ်လေးပြောမိနေတတ်တယ်..
    ှိတီချယ်ကြီးပြောထားတဲ့ အချက်တွေထဲကနေ.၃ပုံနှစ်ပုံလောက်တော့ လျှော့နိုင်အောင်ကြိုးစားပါဦးမယ်.
    ဒါတော့ မုသားကင်းတဲ့ ဝန်ခံစကားပါ ခင်ဗျာ..

    • TTNU

      February 9, 2012 at 9:17 pm

      အမတ်မင်းရေ..
      အညာကောင်းတဲ့သူလို့ ထင်နေတတ်တာလားဟင်။
      အမတ်မင်းဆိုတာမညာရဘူးနော်။ 🙂

      မုသားကင်းတဲ့ ဝန်ခံစကား အတွက်ကျေးဇူးတင်တယ်နော်။

Leave a Reply