ချို ပေါ့ ကျ (၉)

black chawApril 18, 20123min57270

ပြည်သူလူထု ဘက်တော်သား

စီးပွားရေးပိတ်ဆို့တာ ဒို့မမှုပါ သယံဇာတတွေ ပေါတဲ့ပြည်
အဲဒီမှာ စလွဲတာပဲ ဦးလေးရေ။
သာမန်လူတစ်ယောက်ရဲ့အလွဲဆိုရင် သိတ် မထင်ရှားဘူးပေါ့။ အခုတော့ ဆရာကြီးတစ်ယောက်ရဲ့ သီချင်းဖြစ်ပြီး တိုင်းပြည်ထဲမှာ ရှိသမျှ တီဗီစတေရှင်တွေကနေ နေ့တိုင်းလိုလို လွှင့်ထုတ်ပေးနေခဲ့တော့ကာ တိုင်းသိပြည်သိ အလွဲကြီးကို ဖြစ်နေတော့ တာပေါ့ ကျောင်းဒကာရယ်။
တလွဲမာနလို့ ခေါင်းစဉ်တတ်ပေးရတော့မှာပဲ။
အခုတလော ပြန်ဖွင့်ပေးဖို့ အော်နေပြီဖြစ်တဲ့ Sanction ကို အံတုပြီး မင်းတို့ ပိတ်လည်း ငါတို့က သောက်ဂရုမစိုက်ပါဘူး ကွာ။ သယံဇာတတွေပေါလွန်းလို့… ဆိုပြီး ရေးချလိုက်တာ ကျောင်းဒကာ။
အတည်ပေါက်ကြီးနဲ့ဗျ။
မျက်နှာသနပ်ခါးနဲ့ ပေါင်သေးကြောင်းနဲ့ ဆိုတဲ့ ဇာတ်လမ်းပေါ့ဗျာ။
အဲဒီ သယံဇာတတွေပေါလွန်းတာကပဲ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးကို ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံများ စာရင်းထဲ ဇွတ်အတင်းကြီး ဆွဲချသွားခဲ့တာ သင်ခန်းစာယူရကောင်းမှန်းမသိပဲ မျက်လုံးစုံမှိတ်ပြီး ရန်တွေ့ခဲ့တဲ့ သီချင်းလေး တစ်ပုဒ်ပေါ့။
သယံဇာတ တွေပေါပါတယ်ဆိုပြီး လုပ်ချင်ရာစွတ်လုပ်နေရင်တော့ သူငယ်ချင်း မင်းတို့ဘယ်တော့လဲ လို့ မေးရတော့မှာပဲ။
ခွေးဖြစ်မယ့်နေ့ ကိုပါ။
ပြောရင်းနဲ့ အရှိန်လွန်သွားပြီ။ (နားနဲ့မနာ ဖဝါးနဲ့နာကြပါဗျို့)
အို စေတနာနဲ့ ရိုင်းတာ မကောင်းကြံချင်စိတ်နဲ့ ယဉ်ကျေးတာထက်တော့ ခံသာပါသေးတယ်။
ကဲ ဆက်ဆွဲလိုက်ရအောင် (အော် ကိုသစ်နဲ့ ကိုကြောင်ကြီးတို့ကိုတောင် သတိရမိပါတယ်ဗျာ)။
သယံဇာတတွေပေါတိုင်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပါသလား…။
သယံဇာတတွေပေါတိုင်း ငြိမ်းချမ်းပါသလား…။
နိုး…နိုး… အဝေးကြီးပါ ကျောင်းဒကာ။
ကမ္ဘာကြီးကိုလည်း နည်းနည်းပါးပါး တံခါးတွေဖွင့် နားတွေစွင့်ကြည့်လိုက်ပါဦး။
သယံဇာတပေါပါတယ်ဆိုတဲ့နိုင်ငံတွေ စစ်မီးတွေတောက်လောင်နေကြတာ။ ဆင်းရဲမွဲတေနေကြတာ။ နမူနာတွေ အများကြီးပါ။
စိန်တွေထွက်ပါတယ်ဆိုတဲ့ အာဖရိက နိုင်ငံတွေ ဘာတွေဖြစ်နေသလဲ။
အဲဒီ သယံဇာတပေါတယ်ဆိုတာကြီးကိုက အကြီးစားထောင်ချောက်ကြီးတစ်ခုဖြစ်နေခဲ့ပြီဆိုတာလေး ဟေးဟေး…။
စကိုင်းနက် ရဲ့ စကားဝိုင်းတစ်ခုမှာ ဆရာကြီးဒေါက်တာအောင်ထွန်းသက် ဆွေးနွေးသွားတာလေး ကိုးကားခွင့်ပြုပါ။

ကိုယ့်စိတ်ထဲမှာ မြန်မာပြည်လို နိုင်ငံက LDC ထဲပါလာတာ လုံးဝကို မဖြစ်သင့်တဲ့ ဖြစ်ရပ်ကြီးတစ်ခု။
LDC တစ်ကမ္ဘာလုံး မှာ အဆင်းရဲဆုံး နိုင်ငံ ၅ဝ ထဲမှာ မြန်မာဟာ ဘယ်လိုမှ မပါနိုင်ဘူး။ ပေတံတွေကြည့်ပြန်ရင်လည်း
နိုင်ငံကသေးရမယ် …၊ မြန်မာက မသေးပါဘူး။
လူဦးရေနည်းရမယ်…၊ မြန်မာက မနည်းပါဘူး။
ပင်လယ်နဲ့ လုံးဝဝေးတဲ့ နေရာဖြစ်ရမယ်…၊ မြန်မာက ပင်လယ်နဲ့ ကပ်နေတာပဲ။
ပြီးတော့မှ အိုက်ဆိုလေးရှင်းပေါ့ လုံးဝသူများနဲ့ မပတ်သက်ဘူး။ အဲတော့ အဲဒီပေတံလေးခုနဲ့ ကြည့်ရင် မြန်မာ ဘာကြောင့်ပါသွားလဲ။
အဲဒီတော့ အဲဒီမှာကောက်ချင်တာကတော့ ဂါးဗားနန့်စ်၊ စီမံအုပ်ချုပ်မှုကြောင့် ဒီလိုဖြစ်ခဲ့တာ။

ပညာတတ်ကြီးဆိုတော့ ပညာတတ်စကားပဲပြောသွားတာပေါ့ ကျောင်းဒကာရယ်။
စီမံအုပ်ချုပ်မှုကြောင့် ဒီလို ဖြစ်ခဲ့တာတဲ့။
ပညာမတတ်တဲ့ ဘလက်ချောကြတော့ ပညာမတတ်စကားပဲ ပြောခွင့်ပြုပါ။
စီမံအုပ်ချုပ်သူတွေ သောက်သုံးမကျလို့ LDC နိုင်ငံထဲရောက်သွားရတာလို့။
ဘယ်လောက်ညံ့တာတဲ့လဲလို့ ခင်ဗျားမေးတော့မယ်။
ဉာဏ်မမီနိုင်လောက်အောင် ညံ့ တာပါခင်ဗျာ။
ခုနက ဆရာကြီးပြောသွားတဲ့ပေတံတွေထဲမှာ သယံဇာတ ပေါကြွယ်ဝမှုဆိုတာတောင် မပါသေးဘူးခင်ဗျာ။
ကျွန်းတွေ၊ ပျဉ်းကတိုးတွေ၊ စိန်ရွှေငွေကျောက်သံပတ္တမြားတွေ၊ သဘာဝဓါတ်ငွေ့တွေ၊ ဆန်ရေစပါးသစ်သီးဝလံတွေ အိုး ပေါမှပေါ။
စီးပွားရေးလုပ်တဲ့နေရာမှာလည်း ၅ ထောင် ၁ သောင်းလောက်တန်တဲ့ ဟန်းဖုန်းတွေကို ၁၅ သိန်းလောက်ရအောင် ရောင်း။
ကြည့်စမ်း၊ ဒီလို စီးပွားရေးမျိုး ဘယ်နိုင်ငံက စီးပွားရေးပညာရှင်တွေ လုပ်နိုင်လို့လဲ။ ၁၅ သိန်းနဲ့ ရောင်းတာတောင် အခွင့်ထူးခံလူတန်းစားတွေမှ ဖုန်းရဖို့ လွယ်ကူခဲ့တာ မှတ်မိမှာပါ ကျောင်းဒကာ။ ကျွန်တော်တို့ ပြည်သူလူထုခင်ဗျာ ဟန်းဖုန်းကိုင်ချင်ကြလွန်းလို့ အမြတ်ငွေ ငါးသိန်းတို့ ဆယ်သိန်းတို့ပေးပြီး မရှိမယ့် ရှိမယ့် ဝယ်ကိုင်ကြရရှာတယ်။
ဘယ်လောက် ရင်နာစရာကောင်းလိုက်သလဲ…။ အဲဒီအမြတ်ငွေတွေ ဘယ်ရောက်သွားပါသလဲ..။ အဟဲ..။ အရဂါးစတာပါ..။ စိတ်မဆိုးကြပါနဲ့..။
စကားလမ်းကြောင်းတွေက ချော်ကုန်ပြီ၊ ပြန်တည့်လိုက်ရအောင်။
အဲဒီလို နိုင်ငံတစ်ခု ဆင်းရဲမွဲတေနေတာတောင် ဒီလိုသီချင်းမျိုးရေးသားသီဆိုနိုင်ခဲ့ကြသူတွေကို ကျွန်တော်က ဂုဏ်ပြုချင်တာပါ။ ဘာတဲ့…။

စီးပွားရေးပိတ်ဆို့တာ ဒို့မမှုပါ၊ သယံဇာတတွေပေါတဲ့ ပြည်

အဲဒီ စီးပွားရေးပိတ်ဆို့တာက ခင်ဗျားတို့ကို မထိတော့ မှုစရာမလိုဘူးပေါ့ ဦးလေးရယ်။
ပြည်သူလူထုကသာ ခါးစည်းခံကြရတာပါ။
သယံဇာတတွေပေါတယ်။ ဟုတ်စ။ အဲဒါတွေကလည်း ခင်ဗျားတို့ အတွက်ပဲလေဗျာ။ ကျွန်တော်တို့ ပြည်သူလူထုနဲ့ နည်းနည်းမှ သက်ဆိုင်တာမှ မဟုတ်တာ။
အဲဒီတော့ ဒီလိုသီချင်းမျိုးတွေ ဖန်တီးရေးသားသီဆိုခဲ့ကြတာ ဘယ်သူ့အတွက်လဲ။
ကဲ ကျွန်တော့်စာကို အဆုံးသတ်ပါတော့မယ်… ဦးလေးရေ။
စီးပွားရေးပိတ်ဆို့တာ ကျွန်တော်တို့အမှုပါ။
စီးပွားရေး ပိတ်ဆို့တာ ဒို့မမှုပါ ဆိုပြီး ရေးခဲ့တဲ့ ဦးလေးက ပြည်သူလူထုကို ကိုယ်စားမပြုခဲ့ပါဘူး။
သယံဇာတတွေ ပေါတဲ့မြေ။ အဲဒီ သယံဇာတတွေပေါတာကလည်း ကျွန်တော်တို့ ပြည်သူလူထုနဲ့ ဘာဆိုင်လို့ လဲဗျာ။
သယံဇာတပေါတာက လူတစ်စုအတွက်ပါ။ အဲဒါလည်း ပြည်သူလူထုကို ကိုယ်စားမပြုခဲ့ပါဘူး။
ဒီလို ပြည်သူလူထုကို ကိုယ်စားမပြုပဲ အုပ်ချုပ်သူလူတန်းစားလက်တစ်ဆုပ်စာလောက်အတွက်
သီချင်းတွေကို ရေးခဲ့ဆိုခဲ့ ဖန်တီးခဲ့ကြတာ ဦးလေးတို့ သမိုင်းဖြစ်ခဲ့ပါပြီ။

ဦးလေးတို့ ရေးခဲ့တဲ့သမိုင်းက ရိုင်းခဲ့သလား၊ လှပခဲ့သလား ဆိုတာကတော့ … အချိန်က အဆုံးအဖြတ်ပေးတော့မှာပါ။
ဆရာအော်ပီကျယ် ကတော့ စာပေဟောပြောပွဲတွေမှာ ဟောနေတာပါပဲ။
ကမ္ဘာ့အချမ်းသာဆုံး လူချမ်းသာတွေ စာရင်းမှာ သယံဇာတရောင်းစားပြီး ချမ်းသာလာတဲ့ သူဌေးတွေ စာရင်းမဝင်တော့ဘူးတဲ့။
ခေတ်ကိုက ဉာဏ်ပညာ ခေတ်ဖြစ်လာနေတဲ့အချိန်မျိုးကြီးမှာ သယံဇာတတွေ ပေါတာလောက်နဲ့တော့ လူရာဝင်ချင်လို့ မရနိုင်တော့ဘူး ဆိုတာ ဦးလေးတို့ သိဖို့ကောင်းပါပြီ။
ဉာဏ်ပညာ နဲ့သာ တိုင်းပြည်တိုးတက်မှုကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ပြည်သူလူထုကို ကိုယ်စားမပြုတဲ့ အနုပညာတွေကို သောက်မြင်ကတ်နေတဲ့
ဘလက်

ဆရာမောင်ခိုင်မာ ရဲ့ ကဗျာ

၁၉၈၈ အရေးတော်ပုံကာလက ဆရာမောင်ခိုင်မာ ရေးခဲ့သောကဗျာလေးနဲ့ စလိုက်ရအောင်ပါ။

ဓါးရောင်ဝင်းပခဲ့
မင်းကြီးရွှေလရောင်ရဲ့မြစ်…
ပြည်သူချစ်တဲ့အခေါင်ပန်း
အောင်ဆန်းရဲ့ရင်သွေး…
သန်းလေးဆယ်လူထုကြီးရဲ့
တစ်ခုတည်းသော ယုံကြည်မှု…
ဤမြေဝသုန်ထုမှာ
“ဂရုဓမ္မ” ထားကြတဲ့…
“ဂုဏ” တရားဟာဖြင့်
“စု” မှ တစ်ပါး…

(၁၀-၄-၂၀၁၂ ထုတ် ဒီလှိုင်းဂျာနယ်တွင် ပြန်လည်ဖေါ်ပြထားခြင်းဖြစ်ပါသည်)

ဇေယျာသော်ကို ဂုဏ်ပြုခြင်း (ဘလက်ချော)

အကုန်လုံးထကြ အကုန်လုံးထက
သီချင်းတွေက ခုအခါတော့ စိတ်မှာမြူးကြွ
တချို့တွေကတော့မုန်း တချို့တွေကတော့ပြုံး
နားထောင်ပြီးတော့ မင်းတို့ဝေဖန်ပေးကြဦး

ဒါ ကျွန်တော် ကြိုက်ခဲ့တဲ့ အက်စစ်အဖွဲ့ရဲ့ စတင်ခြင်းအခွေထဲက သီချင်းတစ်ပုဒ်ပါ။
အမှန်အတိုင်းပြောရရင် ကျွန်တော်က ဇေယျာသော် ပရိသတ်မဟုတ်ပါဘူး။ ဒါပေမယ့် အက်စစ် သီချင်း ၄ ပုဒ်လောက်ကိုတော့ ကြိုက်ခဲ့ဘူးတာ ဝန်ခံပါတယ်။
အက်စစ် ဆိုတဲ့ လူငယ်အဖွဲ့လေးတစ်ဖွဲ့က စတင်ခြင်း ဆိုတဲ့ စီးရီးတစ်ခွေတည်းနဲ့ မြန်မာပြည်ရဲ့ ဟစ်ဟော့ပ် သမိုင်းကို ပထမဆုံး ရေးနိုင်ခဲ့တာ ကျောင်းဒကာ မှတ်မိဦးမှာပါ။

အနဂ္ဂ နဲ့ ဟိန်းဇော် ရန်ရန်ချန်း နဲ့ ဇေယျာသော် ဒီပွဲထဲမှာ ပါဝင်ပါတယ်

လို့ သီချင်းထဲမှာ ထည့်ဆိုခဲ့သလို လူငယ်လေး လေးယောက် ရဲ့ စုစည်းညီညွတ်မှုနဲ့ မြန်မာဟစ်ဟော့ပ် သမိုင်းသစ်ကို ရေးထိုးနိုင်ခဲ့ကြပါတယ်။
အဲဒီ အက်ဆစ်အဖွဲ့ဟာ အောင်မြင်မှုကို တည်ဆောက်နိုင်ခဲ့ကြပေမယ့် စတင်ခြင်း ဆိုတဲ့ စီးရီးတစ်ခုတည်းနဲ့ ရပ်တန့်နေခဲ့တာဟာလည်း သူတို့ရဲ့ သမိုင်းတစ်ခုဖြစ်ခဲ့ပါပြီ။ အက်စစ် အဖွဲ့ရဲ့ ဒုတိယ စီးရီး မထွက်နိုင်ခဲ့တာလည်း ဇေယျာသော် ပါဝင်ရေးသားခဲ့တဲ့ သမိုင်းတစ်ခု ဖြစ်ခဲ့ပါပြီ။
လူတွေဟာ ကိုယ့် သမိုင်း ကိုယ် ရေးကြရတယ် ဆိုလား။
အက်စစ် အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ ဇေယျာသော်လေးကလည်း သူ့သမိုင်းကို သူရေးသွားခဲ့ပြီ ကျောင်းဒကာ။
အမေစု ရဲ့ ဦးဆောင်မှုအောက်မှာ သူ့ရဲ့ ပူးပေါင်းပါဝင်နိုင်မှု တစ်ခုက သူ့ သမိုင်း တစ်ခု ဖြစ်စေခဲ့ပြီ။
မြန်မာ ဟစ်ဟော့ပ်လောက ရဲ့ ပထမဦးဆုံး အရွေးခြယ်ခံ လွှတ်တော်အမတ် ဦးဇေယျာသော်ခင်ဗျာ၊ ကွန်ဂရက်ကျူလေးရှင်း ပါ။
ညီလေးရဲ့ ပထမဆုံး နိုင်ငံရေးခြေလှမ်းကတော့ အင်မတန်လှပခဲ့ပါပြီ။
ညီလေး ဖြတ်သန်းခဲ့ဘူးတဲ့ အက်ဆစ်အဖွဲ့ ရဲ့ စတင်ခြင်း ဆိုတဲ့ စီးရီးလိုပေါ့။
ညီလေးရဲ့ နိုင်ငံရေး ခြေလှမ်းတွေကိုလည်း တစ်လှမ်းပြီး တစ်လှမ်း သပ်သပ်ယပ်ယပ် ခမ်းခမ်းနားနား ဆက်လျှောက် စေချင်ပါတယ်။
အက်ဆစ်အဖွဲ့ ဒုတိယစီးရီးမထွက်နိုင်ခဲ့သလို ညီလေးရဲ့ နိုင်ငံရေးခြေလှမ်းတွေ ဆက်မလှမ်းနိုင်မှာကို တွေးပူနေမိပါတယ်။
ကဲ ညီလေး ဇေယျာသော်။
ဆက်လျှောက်ပါ။
ခြေလှမ်းမမှားပါစေနဲ့။
ရဲရဲ ဆက်လျှောက်ပါ။
သံသယမျက်လုံးတွေနဲ့ ကြည့်နေကြသူတွေအတွက် ညီလေးရဲ့ သမိုင်းကို အကောင်းဆုံး ဆက်ရေးပါ။
ညီလေးရဲ့ နိုင်ငံရေးဘဝ စတင်ခြင်း အတွက် ဂုဏ်ပြုတဲ့အနေနဲ့ ဒီစာလေးကို ရေးလိုက်တာပါ။

အနဂ္ဂ နဲ့ တွေ့ဆုံခြင်း (နံနက်ခင်း)

ဇေယျာသော်အကြောင်းပြောရင်းနဲ့ တစ်ဆက်တည်း အက်စစ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အနဂ္ဂနဲ့ တွေ့ဆုံခြင်းထဲက အမေးအဖြေတချို့ကို ဖေါ်ပြပေးချင်ပါသေးတယ်။
ဖတ်ကြည့်ပေးပါဦး။

ရုပ်ရှင်အစည်းအရုံးလို အနဂ္ဂတို့ ဂီတအစည်းအရုံးကရော အဖွဲ့သစ်ပြန်ဖွဲ့ဖို့ လိုမယ်ထင်သလား။
လုပ်နေကြတဲ့အပေါ် အပြစ်ပြောစရာလည်းမရှိပါဘူး။ လိုအပ်တဲ့နေရာတွေမှာ ဒေါက်တွေဝင်ထောက်ကြတာလို့မြင်ပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးအချက်က ဥပဒေရေးရာကို အရင်ဆုံးပြုပြင်ပြောင်းလဲရပါမယ်။ အထက်ကပြောင်းပြီး အောက်ကမပြောင်းရင် အတွင်းလှိုက်စားတဲ့ပြသနာ ရှိနေဦးမှာပါပဲ။ နောက်တစ်ခုက ကိုယ်ကျင့်သိက္ခာ။ ဘယ်သူက ဘယ်လောက်ထိန်းနေသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးပြီး ထိန်းတာအကောင်းဆုံးပဲလို့ ယူဆပါတယ်။ ကိုယ်ကျင့်သိက္ခာကောင်းရင် အဖွဲ့အစည်းတွေ
ဘယ်လောက်ပဲ ကြီးကြီးသေးသေး လူတိုင်းကို အကျိုးပြု လိမ့်မယ်ထင်ပါတယ်။

ကောင်းတယ်ဗျာ။ ကိုယ်ကျင့်သိက္ခာ အရေးကြီးပါတယ်တဲ့ ကျောင်းဒကာ။ တစ်ဦးချင်းစီ ကိုယ့်ကိုယ်ကိုယ် ထိန်းကြပါတဲ့။

ကြံ့ခိုင်ရေးပါတီ ပြန်လည်ဖွဲ့စည်းမည် (VOICE)

သတင်းဆန်းလေးတစ်ခုပါ။

၂၀၁ဝ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများစု အနိုင်ရရှိထားသော်လည်း ကြားဖြတ်ရွေးကောက်ပွဲ၌ တစ်နေရာသာ အနိုင်ရရှိခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အောက်ခြေရပ်/ကျေး အဖွဲ့အစည်းများကို ဧပြီလလယ်မှ စ၍ ပြန်လည်ဖွဲ့စည်းရန်ပြင်ဆင်နေကြောင်း ယင်းပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

ပိုပြီးဆန်းတာလေး ဖတ်ကြည့်ပါဦး ကျောင်းဒကာ။

မရမ်းကုန်းမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင် သုံးသောင်းကျော်ရှိသော်လည်း ကြားဖြတ်ရွေးကောက်ပွဲတွင် မဲတစ်သောင်းငါးထောင်ကျော်သာ ရရှိခဲ့ကြောင်း ယင်းမြို့နယ် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးက ပြောကြားသည်။

ကဲ…။ ပါတီဝင် သုံးသောင်းကျော် ရှိပြီး မဲ တစ်သောင်းငါးထောင်ကျော်ပဲ ရခဲ့တယ်ဆိုကတည်းက ကျန်တဲ့ ပါတီဝင်တွေက အခွင့်အရေးလိုလို့ သာရာစီးချင်လို့ ပါတီဝင်ထားတာ မှန်း သိသာပါတယ်။ ဒီလိုပါတီဝင်တွေကို ထုတ်ပယ်ပစ်ရမှာပါ။ ပြန်လည်ပြင်ဆင်ဖွဲ့စည်းမယ် ဆိုတဲ့ သတင်းအတွက် လက်ခုတ်တီးပြီးအားပေးလိုက်ပါတယ်ဗျာ။ အစစ်အမှန်မဟုတ်တဲ့ မိတ်ဆွေအတုအယောင်တွေ ကျဆုံးပါစေသားပေါ့ဗျာ။

လိပ်ပြာခွဲတဲ့ည နဲ့ ဆန်းထွဋ် (ပေါ်ပြူလာ)

ကျွန်တော် တို့ ရွာသူ မမှီရေးခဲ့ဘူးတဲ့ လိပ်ပြာခွဲချိန် ဆိုတဲ့ ပို့စ်ကို မှတ်မိဦးမယ်ထင်ပါတယ်။ အခုအချိန်ထိ ရန်ကုန်လို နေရာမျိုးမှာတောင် ရှိနေသေးတဲ့ ရိုးရာဓလေ့တစ်ခု အကြောင်းရေးထားတာပါ။ မမှီ ရဲ့ ပို့စ်ထဲမှာပါတဲ့ လိပ်ပြာခွဲတဲ့ အကြောင်းဇာတ်လမ်းတစ်ပုဒ်ကို ဆန်းထွဋ်က သရုပ်ဆောင်ပါတယ်တဲ့ ကျောင်းဒကာ ရယ်။ အဲဒါနဲ့ ပတ်သက်လို့ သရုပ်ဆောင် ဆန်းထွဋ် ရဲ့ ဒိုင်ယာလော့ခ် က ဒီလိုပါတဲ့ဗျာ။

အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း လိပ်ပြာခွဲတာကို သိပ်မသိဘူး။ ဇာတ်လမ်းအရ ဝတ္ထုအရလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ အပြင်မှာတကယ်ရှိကောင်းလည်း ရှိမှာပေါ့။ ကျွန်တော့်အနေနဲ့ ဘဝမှာတော့ မကြုံဖူးသေးဘူး။ ဒီဝတ္ထုကို ဖတ်လိုက်ရတော့ တအားစိတ်ဝင်စားသွားတယ်

အော် ဆန်းထွဋ်လေး တစ်ယောက် မန္တလေးဂဇက် မဖတ်ဖူးလို့ လိပ်ပြာခွဲတဲ့ ဓလေ့အကြောင်းကို မသိရှာတာဖြစ်မှာပါဗျာ။
ကျွန်တော်တို့က မမှီ ကျေးဇူးနဲ့ သိတာကြာပေါ့။ ဟေးဟေး ဖတ်ပါ မှတ်ပါ လေ့လာပါ မန္တလေး ဂဇက်မှာ ဆိုတာလေး ဆန်းထွဋ်ကို ကြုံရင်ပြောပြပေးပါဦး ကျောင်းဒကာရေ။

ဖြစ်ရပ်မှန် ဇာတ်လမ်းစာအုပ် ထွက်ရှိလာရန် အစီအစဉ် ရှိကြောင်းပြောသည့် ထက်ထက်မိုးဦး (ပေါ်ပြူလာ)

ဟေးဟေး။ ရေးရမှာ ပါးတော့ အယားသားလား ကျောင်းဒကာတို့ ကျောင်းအစ်မတို့ရေ။
တစ်ထောင်လောက်နဲ့ဆို ဘလက်ချော ပါးကို ကြိုက်သလိုသာ ပြုပါတော့ ထက်ထက်ရယ်။
ဒေါ်လာနဲ့ ရှင်းရမှာနော် ကျောင်းအစ်မ။ ပါးတစ်ချက် တစ်ထောင်နှုန်းနဲ့ ဆယ်ချက်လောက် အရိုက်ခံလိုက်ချင်သေးတာပါကွယ်။ ပြောမယ့်စကားက ချော်ထွက်သွားပြီ။
အတည့်က ဒီလိုဗျ။ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး ကြော်ငြာသရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ ထက်ထက်မိုးဦး တစ်ယောက် ဖြစ်ရပ်မှန် ဘဝဇာတ်လမ်းစာအုပ်
ထွက်ရှိလာရန် အစီအစဉ် ရှိပါတယ်တဲ့ ဗျာ။ ဘယ်လောက်အထိ ဖြစ်ရပ်မှန်တွေ ဖွင့်ချမလဲဆိုတာကတော့ ကာယကံရှင် ထက်ထက် ကိုယ်တိုင် ပဲ သိနိုင်မှာမျိုးပါ။
ရေးသင့်သလား မရေးသင့်သလား ဆိုတာလောက်တော့ ထက်ထက်တို့က နောကျေနေပြီးသားဖြစ်မှာပါ။ ဟုတ်ပါပြီ။ စာအုပ်ကို ဘယ်ဈေးနဲ့ ရောင်းမှာလဲ။ ဝတ်မှုန်ရွှေရည်လေး ဈေးနဲ့ ရောင်းမှာလား။ ရဲလေး ဈေးနဲ့ ရောင်းမှာလား။ ကျွန်တော်အနေနဲ့ ဖြစ်ရပ်မှန်တွေကို ပွင့်ပွင့်လင်းလင်း လေး ရေးမယ်ဆိုလို့ကတော့ အခုကတည်းက ဘယ်လောက်ဈေးနဲ့ ရောင်းရောင်း ကြိုတင် ဘွတ်ကင် လုပ်ခွင့်ပြုပါ ကျောင်းအစ်မရေ။ စိတ် ဝင် စား လို့ ပါ ဗျာ…။ အာဟိ…။

ဝါဆိုမိုးဦးလေးရဲ့ ဒိုင်ယာလော့ခ် (နံနက်ခင်း)

အခုတလော အရမ်းကို ဖလန်းဖလန်းဖြစ်နေပါတဲ့ ဝါဆိုမိုးဦး ဆိုတဲ့ကလေးမလေးဟာ စင်ကာပူကိုသွားပြီး အငြိမ့်ကရပါ သတဲ့ ကျောင်းဒကာ။
အော်သူတို့များကြတော့လည်း ခေါ်ချင်ပြောချင် ဆက်ဆံချင်တဲ့လူတွေ တယ်ပေါတာပါလားခင်ဗျာ။
အဲဒီ စင်ကာပူပြန် ဝါဆိုမိုးဦးလေးကို နံနက်ခင်းက အင်တာလေး ဗျူးတယ်ပေါ့ဗျာ။ ကလေးမလေးကလည်း စင်ကာပူအကြောင်းတွေ ပြန်ပြောတာပေါ့။
အဲဒီမှာ ပါလာတဲ့ ဒိုင်ယာလော့ခ်လေး ဖတ်ပြီး ပြုံးမိတယ်ပေါ့ ကျောင်းဒကာရယ်။

မနက်ပိုင်းမိုးရွာတဲ့အခါ ၆ နာရီမှ ၈ နာရီလောက်အထိ ရွာတတ်တယ်။ စည်းကမ်းရှိတဲ့နိုင်ငံ၊
အချိန်ကိုလေးစားတိကျတဲ့နိုင်ငံမှာ သဘာဝမိုးတောင် အချိန်အတိအကျပဲ ရွာတယ်လို့ မှတ်ယူရပါတယ်

တဲ့။ ကောင်းရော။
ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား ဝါဆိုမိုးဦးရယ်။
စကားမစပ် ဝါဆိုမိုးဦးလေးကရော စည်းကမ်းရှိရဲ့လား။ အချိန်ကို လေးစားတတ်ရဲ့လား။
စိုးရိမ်မိတယ် ကလေးရယ်။

မြန်မာ့ယဉ်ကျေးမှုနဲ့အညီ လူငယ်တွေ သင်္ကြန်မှာ ပျော်စေချင်တဲ့ မေခလာ (ပေါ်ပြူလာ)

ရယ်တော့ရယ်ရတယ်။ မငိုရဘူး ကျောင်းအစ်မရေ။ ဟေးဟေး…။
စင်ပေါ်မှာ ဆယ်ကျော်သက်လေးတစ်ယောက်လို ခုန်ပေါက်ပြေးလွှား ဖလန်းဖလန်းထနေတတ်တဲ့ အပျိုဟောင်းကြီး မေခလာ ပြောသွားတဲ့ စကားလေးဖတ်ရင်း ပြုံးမိတယ်ပေါ့ဗျာ။

မိန်းကလေးတွေ အနေနဲ့လည်း ဝတ်စားဆင်ယင်မှုမှာ အစ်ကိုတွေ မောင်တွေမြင်တဲ့အခါ ရှက်လောက်အောင် မဝတ်စေချင် ဘူး။ လှအောင် ဝတ်ကြပါ။ ဒါပေမယ့် သိပ်ပြီးတော့ ကြည့်လို့မရဲအောင်တော့ မဝတ်ကြနဲ့ပေါ့။ နောက် ယောက်ျားလေးတွေ အနေနဲ့ကလည်း နှမချင်းစာနာပြီးတော့ စောင့်ရှောက်ဖေးမသွားကြမယ်ဆိုရင် သင်္ကြန်က တအားပျော်စရာကောင်းမှာပါ။ ပျော်လည်းပျော်ကြပါ။ ကိုယ့်ရဲ့ မြန်မာ့ယဉ်ကျေးမှုလည်း မပျောက်ပျက်စေပါနဲ့လို့ အစ်မပြောချင်တယ်။

သိတ်ကောင်းတဲ့ ဆုံးမစကားလေးပေါ့။ ကြိုဆိုပါတယ် မေခလာကြီးရေ။ ကျွန်တော်တို့လည်း မေခလာကြီးကို ကြည့်ဖို့ သတ္တိရှိချင်ပါတယ် ခင်ဗျာ။
မရဲတရဲနဲ့ ခိုးခိုးကြည့်နေရတာ အားရဘူးဗျ…။ အာဟိ…။

အမျိုးသားမော်ဒယ်ပြိုင်ပွဲမှာ ဒိုင်အဖြစ်ဆောင်ရွက်ခဲ့တဲ့ မိုးဟေကို (ပေါ်ပြူလာ)

ယောက်ျားလေးတွေပြိုင်တဲ့ မော်ဒယ်ပြိုင်ပွဲမှာ ဒိုင်လုပ်ခဲ့တဲ့ မိုးဟေကို ကြီးရဲ့ ဒိုင်ယာလော့ခ်လေး ဖတ်ကြည့်ဗျာ။

မော်ဒယ်ဘွိုင်းတွေကို ပထမဦးဆုံး ဒိုင်လုပ်ပေးရတာဆိုတော့ မော်ဒယ်ဂဲလ် တွေထက်ကို သေသေချာချာ ကြည့်ရတာပေါ့။ သူတို့ရဲ့ မျက်နှာအနေအထား၊ ခန္ဓာကိုယ်အချိုးအစားတွေက အစပေါ့။ မမြရွှေဝါကပြောတယ်။ မိုးက ငယ်တဲ့သူလည်းဖြစ်တယ်။ ကိုယ်နဲ့ ဆန့်ကျင်ဖက်တွေဆို ဘယ်လိုမျိုးကမိုက်တယ်၊ ဘယ်လိုမျိုးက ဆွဲဆောင်မှုရှိတယ်ဆိုတာကို ကောင်မလေးတွေက ပိုကြည့်တတ်မယ်တဲ့။ အဲဒါကြောင့်မိုးကို အကူအညီတောင်းလို့ ကူညီဖြစ်သွားတာပါ။

အော်မိုးရယ်…။ ကျွန်တော်တို့ နယ်စည်းမခြား အရက်သမားများ မောင်ပြိုင်ပွဲကျရင်လည်း မိုးဟေကို ကို ဒိုင်လုပ်ဖို့ ဖိတ်ဦးမှာ။
အာဂလေးရဲ့ လက်သီးနဲ့ထုထုပြီး ခရာချင်စရာကောင်းတဲ့ ကြွက်သားအဖုအထစ်တွေရယ်၊ ဖက်တီးကက် ရဲ့ လက်ဝါးနဲ့ ပွတ်ပွတ်ပြီး ဇိမ်ခံချင်စရာကောင်းတဲ့ ခန့်ခန့်ညားညား ဗိုက်အိုးကြီးရယ်၊ အမတ်မင်းလေးရဲ့ ဆက်စီဖြစ်တဲ့ လမ်းလျှောက်ပုံရယ်၊ ဘလက်ချောရဲ့ မည်းနက်နေပေမယ့် ဆွဲဆောင်မှုရှိတဲ့ စကင်ဗျူးတီးရယ်၊ ကိုကြီးမိုက်ကြီးရဲ့ နှစ်ချို့ဝိုင်လို ကြီးလေ ကောင်းလေ ခွန်အားတွေရယ်၊ အေကေကေအို ရဲ့
မျိုးလှိုင်ဝင်း နဲ့ တူတဲ့ အပြုံးလေးရယ်၊ အားလုံးဟာ မိုးအတွက် ထိန်းမနိုင်သိမ်းမရဖြစ်စေမယ့် ဆွဲဆောင်မှုတွေပဲပေါ့ကွယ်။
တစ်ခုတော့ ရှိတယ် မိုးရေ။ ကျွန်တော်တို့ အဖွဲ့သားတွေက သိတ်နှမြောတတ်တာ မဟုတ်ဘူးရယ်။ ဆုရဖို့အတွက်ဆို ဒိုင်လူကြီးကို ဘယ်လိုအရာမျိုးမဆို လာဘ်ထိုးဖို့ ဝန်မလေးဘူးဆိုတာလေး ဟေးဟေး။
မိုးသာ ဘာလိုချင်သလဲ။ ဖွင့်ပြောလိုက်ပါ။ ပြောလိုက်စမ်းပါ၊ ပြောပစ်လိုက်စမ်းဘာ။
ငွေလိုသလား၊ ရွှေလိုသလား၊ ပြီးတော့… ။

ဒေါက်တာစိုးမင်း နှင့် အင်တာဗျူး (Messenger)

သိတ်ကို သေချာတဲ့ ဖေါ်မြူလာတစ်ခုပါ။
အင်တာဗျူးတစ်ခုကို ဖတ်ကြည့်လိုက်တာနဲ့ အဗျူးခံပုဂ္ဂိုလ်ရဲ့ အရည်အချင်းဟာ လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှားကြီး ပေါ်လာတတ်ပါတယ်။ အခုလည်း ပြည်ခိုင်ဖြိုးပါတီနဲ့အတူ ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့ပြီး အမေစု ကို ရှုံးနိမ့်ခဲ့တဲ့ ဒေါက်တာစိုးမင်းဆိုတဲ့ ပုဂ္ဂိုလ်ကြီးနဲ့ အင်တာဗျူးလေး ဖတ်ကြည့်ရင် လယ်ပြင်ထဲက ဆင်ကြီးကို ထင်ထင်ရှားရှားတွေ့ရမှာမို့ ကဲ အခုချက်ခြင်းသာဖတ်ဗျာ…။

တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရင် Sanction လွှတ်ပေးမယ်ဆိုတာ ဘယ်လိုမြင်ပါသလဲ။
အဲဒါက အဓိက လွှတ်နိုင်တဲ့ အရာတစ်ခုပဲ။ မင်းမှာသစ္စာ၊ လူမှာကတိဆိုတဲ့ စကားရှိတယ်။ နိုင်ငံကြီးတွေ တကယ်သာ နိုင်ငံကြီးသားပီသရင် အခုတောင် Sanction ဖွင့်ပေးသင့်ပြီ။

မင်းမှာသစ္စာ၊ လူမှာကတိ တဲ့လား ဒေါက်တာစိုးမင်းရယ်။ မင်းက သစ္စာမရှိတဲ့အခါ လူကလည်း ကတိမတည်တာ ဘာဆန်းလို့လဲ ဗျာ။
ခင်ဗျားပြောမှပဲ ၁၉၉ဝ ရွေးကောက်ပွဲမှာ NLD အကြီးအကျယ်အနိုင်ရခဲ့ဘူးတာကို ပြန်သတိရသွားတယ်။
ဘယ်သူက သစ္စာဖေါက်ခဲ့ပြီး ဘယ်သူက ကတိမတည်ခဲ့တယ်ဆိုတာလေးလည်း လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားတဲ့ သမိုင်းအဖြစ်အပျက်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီးပါပြီ။ ပြင်လို့ မရနိုင်တော့ပါဘူး။ အခုမှ ဦးလေးက မင်းမှာသစ္စာ လူမှာကတိတွေဘာတွေနဲ့ အပိုင်ထုမဟဲ့ ကြံစည်တာကတော့
ရာဇာနေဝင်းကြီးရယ်သလိုကို ရယ်ပစ်လိုက်ရမယ့် ဟာသပျက်လုံးတစ်ခုပါပဲဗျာ။ ဟား.. ဟား.. ဟား.. ဟား..။ (ရာဇာနေဝင်း ရယ်သံဖြင့် ဖတ်ပေးပါရန်)။
နောက် မေးခွန်းတစ်ခုဆီ ချီတက်ကြပါစို့…။

NLD ပါတီက ၄၃ နေရာ အနိုင်ရရှိသွားတဲ့အပေါ် ဒေါက်တာဘယ်လိုသုံးသပ်သလဲ…။
(မေးတဲ့လူကလည်း မေးတတ်လိုက်တာ…။ လူဆိုး။)
ဒါက ပြည်သူတွေရဲ့ ဆန္ဒဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒဆိုတာ မုန့်ဘိုးလိုနေတဲ့ကလေးလိုပဲ။ မိဘတီဗီတွေပေးထားတယ်။ ကစားစရာတွေပေးထားတယ်။ အိမ်အကြီးတွေဆောက်ပေးထားတယ်။ လက်ရှိအစိုးရဟာ ပြည်ခိုင်ဖြိုးပါတီက ပေါက်ဖွားလာတဲ့ အစိုးရဖြစ်တယ်။ အခြေခံအဆောက်အအုံတွေ အကုန်လုပ်ပေးထားတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ အိတ်ကပ်ထဲကို ပိုက်ဆံမထည့်ပေးနိုင်ဘူး။ အဓိကတော့ အလုပ်အကိုင်မဖန်တီးပေးနိုင်တာပဲ။ အဲဒါက Sanction ကြောင့်ပဲ။ အဲဒီတော့ စီးပွားရေးကို တောင့်တင်းနိုင်အောင်မလုပ်နိုင်ဘူး။ မိဘက ကောင်းအောင်ကလေးတွေကို ဘယ်လိုထားထား၊ မုန့်ဘိုးလည်းမပေးနိုင်တော့ မုန့်ဖိုးပေးနိုင်တဲ့သူကို မျှော်လင့်ကြတယ်။ အဲဒီတော့ NLD ကိုမျှော်လင့်ကြတယ်။ NLD နိုင်ရင် Sanction ကြီးပွင့်သွားမှာပဲ မျှော်လင့်တယ်။ Sanction ပွင့်သွားရင် Visit တွေရောက်လာပြီး အိတ်ထဲကို ပိုက်ဆံတွေ ရောက်လာမယ်။ ပြည်သူတွေက လက်ရှိအစိုးရကို မနှစ်သက်လို့ မဟုတ်ဘူး။ လက်ရှိ ပြည်သူတွေရဲ့ ထွက်ပေါက်က ဒီတစ်ပေါက်ပဲရှိလို့ ဒီတစ်ပေါက်ကိုပဲ ရွေးချယ်ကြတယ်လို့ ကျွန်တော်ထင်ပါတယ်။

အဲဒီလောက်အိုင်ဒီယာနဲ့တော့ အင်တာဗျူးတွေ ဖြေတာ အန္တရာယ်များလွန်းပါတယ် ဦးလေးရယ်။
အပြောင်းအလဲကို မှီအောင်လိုက်နိုင်ရင်လိုက်…။ မလိုက်နိုင်ရင်တော့ အခုလို တရွတ်တိုက်ကြီး ပဲ ဖြစ်နေဦးမယ်ဆိုတာလေး.. ဟေးဟေး။
သမ္မတကြီးကတောင် မိဘပြည်သူ ဆိုတဲ့ အသုံးအနှုန်းကို ပြောင်းသုံးနေတဲ့ အချိန်မျိုးမှာ
ဦးလေးက အခုအချိန်အထိ ပြည်သူတွေကိုများ မုန့်ဘိုးလိုနေတဲ့ ကလေး လုပ်နေတုန်း။ ကျန်တဲ့ Sanction ပွင့်သွားရင် ဆိုတဲ့ အပြောမျိုးတွေ၊ ပြည်သူတွေက လက်ရှိ အစိုးရကို မနှစ်သက်လို့ မဟုတ်ဘူး ဆိုတဲ့ ဒိုင်ယာလော့ခ်တွေအတွက်တော့ ကျွန်တော်တို့ ရွာသူားတွေက ဆက်ဆွေးနွေးကြပါလိမ့်မယ် ဦးလေးရေ။
တစ်ခုတော့ ရှိတယ်ပေါ့ဗျာ။
ပြည်သူလူထုကို မိဘလို့ သဘောမထားနိုင်သရွေ့ လွှတ်တော်ထဲမှာ ဦးလေးအတွက် နေရာတစ်နေရာ ရှိလိမ့်မယ်မဟုတ်ဘူး ဆိုတာလေး … ။
ကိုလိုနီ ခေတ်တုန်းက အော်ခဲ့ကြတယ်။
သခင်မျိုးဟေ့ ဒို့ဗမာတဲ့။
အခု ကျွန်တော်တို့က ဒီလို ပြောင်းအော်မယ်ဗျာ။
မိဘမျိုးဟေ့ ဒို့ပြည်သူ … လို့။

အင်တာဗျူးထဲက မှတ်စုများ

ကျွန်တော်ဖတ်မိသမျှ အင်တာဗျူးတွေထဲက ကောင်းနိုးရာရာ ရွေးထုတ်ထားတဲ့ မှတ်စုလေးတွေဖြစ်ပါတယ်။

ကိုကိုကြီးနဲ့ အင်တာဗျူး (Massenger)

အခုလို အပြောင်းအလဲတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ ၈၈ အနေနဲ့ရော လာမယ့် ၂၀၁၅ မှာ ရွေးကောက်ပွဲဝင်ဖို့ အခြေအနေရှိလား။
ရုပ်ရှင်မှာ စာတန်းထိုးသလို ပြောရင်တော့ မျှော်လို့ပဲ ပြောရမှာပေါ့။ ခုချိန်မှာတော့ တိတိကျကျမပြောချင်သေးဘူး။
နောက်တစ်ချက်က ၈၈ အနေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းဆိုတာတွေ လုပ်နေတာ သိပါတယ်။ ဘာတွေ ဆောင်ရွက်ပြီး ပြီလဲ။ အချို့ကတော့ ၈၈ မျိုးဆက် ကျောင်းသားတွေက ပြည်သူတွေမျှော်လင့်သလို အလုပ်လုပ်ပေးနိုင်ရဲ့လား။ အဲဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
လက်တွေ့ဆောင်ရွက်မှုတွေနဲ့ အကဲဖြတ်ပါလို့။ ကျွန်တော်တို့ လွတ်ခဲ့တာ ၂ လကျော်ပေါ့။ ကျွန်တော်တို့လုပ်ခဲ့တဲ့ အပေါ်မှာ ကြည့်ပြီးတော့ အကဲဖြတ်ပါလို့ ပြောချင်တယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းအားကောင်းဖို့ လိုအပ်တယ်ဆိုတာ ကို ကျွန်တော်တို့ရဲ့ ဆိုရိုးစကားတစ်ခုအဖြစ် နဲ့ ချိတ်ထားပါတယ်။ အရပ်ဘက်အဖွဲ့အစည်းများသည် ဒီမိုကရေစီ၏ အခြေခံဖြစ်သည် ဆိုတာ ဟုတ်တယ်။ အဲဒီတော့ ကျွန်တော်တို့က ပြောစရာတော့ရှိတယ်။ နိုင်ငံရေးဘက်က ဒီမိုကရေစီ အုတ်မြစ်မခိုင်မာဘဲ အရပ်ဘက်အဖွဲ့အစည်းတွေ အောင်မြင်လားဆိုတော့ အပြန်အလှန်အမှီသဟဲပြုနေတဲ့ ကိစ္စ။ နိုင်ငံမှာ ဒီမိုကရေစီ မရှိဘူး။ အရပ်ဘက်အဖွဲ့အစည်းတွေ ရှင်သန်နိုင်သလားဆိုတော့ ဒါ လေးလေးနက်နက် စဉ်းစားရမယ့် အတွေးအခေါ်တစ်ခုလို့ ထင်တယ်။ အချို့ အာဏာရှင်နိုင်ငံတွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေ အပြိုင်းအရိုင်း ရှင်သန်နေတာ ရှိလား။ အရမ်းကို အကန့်အသတ်က ကြီးတယ်။ အဲဒီ အာဏာရှင်တစ်ပိုင်း အစိုးရတွေက ခွင့်ပြုသလောက် ဘောင်အတွင်းမှာပဲ အရပ်ဘက်အဖွဲ့အစည်းက ရှင်သန်လို့ရမယ်။ ဒီမိုကရေစီ ရေခံမြေခံမရှိရင်လည်း အရပ်ဘက်အဖွဲ့အစည်းတွေက ရှင်သန်လို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ၈၈ မျိုးဆက် ကျောင်းသားတွေအနေနဲ့က နိုင်ငံရေးကို ဇောက်ချပြီး ဆောင်ရွက်မယ့်အင်အားစုတစ်စု ပေါ်လာလိမ့်မယ်။ တစ်ဖက်ကလည်း အရပ်ဘက်အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ တက်တက်ကြွကြွ ဆောင်ရွက်မယ့် အဖွဲ့ပေါ်လာလိမ့်မယ်။ ဒီနှစ်ခုက တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အမှီပြုမယ်။ အဲဒါ ၈၈ မျိုးဆက် ကျောင်းသားများအနေနဲ့ မဟုတ်ဘူး။ နိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုပဲ။ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်အောင်မလုပ်ပဲနဲ့ အရပ်ဘက်ဖွံ့ဖြိုးအောင်လုပ်လို့မရဘူး။ အရပ်ဘက်အဖွဲ့အစည်းတွေ အားမကောင်းပဲနဲ့လည်း ဒီမိုကရေစီ မဖွံ့ဖြိုးနိုင်ဘူး။ ဒါ ဟန်ချက်ညီလုပ်ရမယ့် ကိစ္စပဲ။

မရမ်းကုန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့် နှင့် တွေ့ဆုံခြင်း (Massenger)

မဲပေးတုန်းက မရမ်းကုန်းမှာနေတဲ့ ဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ညွန့် မိသားစုက အများပြည်သူဆန္ဒနဲ့ ရည်ရွယ်ချက်ခြင်း တူညီတာကို ပေးတယ်လို့ ဆိုသလို သား ဇော်နိုင်ဦးကလည်း ပုဂ္ဂိုလ်ရေးယုံကြည်မှုအရ ဒေါ်မေဝင်းမြင့်ကို မဲပေးခဲ့တယ် လို့ ဆိုတယ်။ အဲဒီအပေါ်ရော။
ကျွန်မက အဲဒါလေးလည်း ပြောချင်ပါတယ်။ ပထမဦးဆုံးမဲရေတော့ မဲရုံပေါ့၊ တပ်ရုံနှစ်ရုံ ၄၃၅ နဲ့ ၄၃၆ မှာရှိတဲ့ တပ်နယ်ကြားက လူဦးရေက နည်းတော့ အစောကြီး ပြီးသွားကြတယ်။ ပြီးတော့ မဲပိတ်ပြီးရေတော့ ကျွန်မရှုံးတယ်။ ရှုံးတဲ့အခါမှာလည်း ဒါက အပြတ်အသတ်ပေါ့။ ဒါဘာပဲပြောပြော ကျွန်မခံယူထားတာကတော့ ကျွန်မအမြဲတမ်းပြောပါတယ်။ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုရင် လွှတ်တော်ထဲမှာ တပ်မတော်သားတွေကို ပြန်ပြီး စည်းရုံးမယ်ပေါ့။ အဲဒီလို ပြောထားတာမှာ ကျွန်မကရှုံးတော့ စိတ်မကောင်းဖြစ်တာပေါ့။ အဲဒီအချိန်မှာ ညနေစောင်းတဲ့အခါမှာ အဲဒီသတင်းကို ကြားရတယ်။ ဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ညွန့်ရဲ့သားက ကျွန်မကိုပေးတယ်။ ဗိုလ်ချုပ်ကြီး(ငြိမ်း)ကလည်း အများပြည်သူဆန္ဒနဲ့ ကိုက်ညီတယ်ထင်တဲ့ ပါတီကို မဲပေးတယ်ဆိုတော့ အရမ်းလည်း အံ့ဩသွားတယ်။ ကျွန်မအရမ်းအားရှိသွားတယ်။ တပ်မတော်သားများတဲ့ ရုံမှာရှုံးပေမယ့် ဒီတပ်မတော်မိသားစု တစ်စုကနေပြီးတော့ ဒီလိုမျိုးပေးတယ်ဆိုတော့ ကျွန်မကျေးဇူးလည်းတင်တယ်။ နောက် ကျွန်မဘာတစ်ခု တွေးမိသွား လဲဆိုတော့ ဒီတပ်မတော်သားရုံတွေက သူတို့ရဲ့ ပင်ကိုယ် အယူအဆကိုမှ ပေးခဲ့ရဲ့လားဆိုပြီးတော့ တွေးမိပြီးတော့ ဒါငါ့ကို ထောက်ခံတဲ့သူ ရှိပါသေးလားဆိုတာ တစ်ဖက်ကပြန်ပြီး အားတက်သွားတယ်။
အနိုင်ရရှိခဲ့တဲ့ ဆန္ဒမဲထဲမှာ ဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ညွန့် မိသားစုပေးခဲ့တဲ့ မဲအရေအတွက်ကြောင့်ရော နိုင်တယ်လို့ ဆိုနိုင်မလား။
ဆိုလို့ရတာပေါ့။ မဲဆိုတာကတော့ ဘာပဲပြောပြောအကြိတ်အနယ် ပြိုင်တယ်ဆိုရင် မဲတစ်မဲတောင်မှ အရမ်းတန်ဘိုးရှိတာ လေ။ အနိုင်အရှုံးဆုံးဖြတ်သွားတာဆိုတော့လေ။
ကျွန်မရရှိတဲ့ အနိုင်မဲဟာလည်း ဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ညွန့်မိသားစုရဲ့ မဲလည်း အပါအဝင်ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ညွန့် အပေါ်အမြင်ရော။
ဗိုလ်ချုပ်ကြီး ခင်ညွန့်အပေါ်ကတော့ (စဉ်းစားနေ) အင်း ဗိုလ်ချုပ်ကြီးခင်ညွန့်မှ မဟုတ်ပါဘူး။ တပ်မတော်သားတွေအပေါ် လည်း ကျွန်မတို့က လေးစားချစ်ခင်ပြီးသားပါ။ ကိုယ့်တိုင်းပြည်မှာ ရှိကိုရှိရမယ့်ဟာ။ ဒါပေမယ့် ကျွန်မတို့က ကိုယ့်တိုင်းပြည်မှာ အုပ်ချုပ်တဲ့သူနဲ့ တပ်မတော်ခွဲမြင်တယ်။ ရောပြီးတော့မမြင်ဘူး။ အဲဒါကြောင့်မို့လို့ စောစောက ကျွန်မပြောတယ်။ တပ်မတော်သားရုံက ရှုံးတယ်။ ဒါပေမယ့် သူတို့ကလည်း ကျွန်မတို့အပေါ် အမြင်ပြောင်းပြီး မဲပေးသွားမယ်လို့ပဲ မြင်ပါတယ်။
ဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ညွန့်ကရော NLD ပါတီထဲ ရောက်လာနိုင်မလား။ သာဓကတွေက ရှိတော့လေ။
(ရယ်လျက်) အဲဒါကတော့ ဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ညွန့်က သူကိုယ်တိုင်ပဲ ဖြေပါလိမ့်မယ်။ ကျွန်မကတော့ ဘယ်လိုမှ မဖြေနိုင်ပါဘူး။ ဒါ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်။ ကိုယ်ပိုင် ယုံကြည်ချက်ဆိုတော့လေ။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်း နှင့် တွေ့ဆုံခြင်း (Messenger)

လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပြီဆိုရင် နိုင်ငံတော်က ဥပမာ ကားတို့၊ ဘာတို့ပေးတယ်။ ဦးနိုင်ငံလင်းအနေနဲ့ အဲဒီလို ကားတို့ ဘာတို့ ချပေးလို့ရှိရင် လက်ခံမှာလား။
ကျွန်တော့် ဆန္ဒအရဆို ကားက ကျွန်တော့်အတွက်မလိုပါဘူး။ ကျွန်တော်လည်း ကားမမောင်းတတ်ဘူး။ တကယ်လို့ ကားယူရင်တောင် ကျွန်တော်က ဒရိုင်ဘာ ရှာရဦးမှာ။ ကျွန်တော်က ဆင်းရဲတယ်။ ဒရိုင်ဘာလည်း မတတ်နိုင်ဘူး။ မရှိမဖြစ်လိုအပ်တယ်။ ပါတီကလည်း လိုအပ်လို့ ယူဆိုရင်တော့ ဒါကမတတ်နိုင်ဘူး။ တကယ်တမ်း ကျွန်တော့်အနေနဲ့ဆိုရင် ယူဖို့ မရှိပါဘူး။

တစ်နှစ်သားစစ်တမ်း – မောင်ဝံသ (ပြည်သူ့ခေတ်)

ပြည်သူ့ခေတ်ဂျာနယ်မှာပါတဲ့ ဆရာမောင်ဝံသ ရဲ့ တစ်နှစ်သားစစ်တမ်းဆိုတဲ့ ဆောင်းပါးလေးဖေါ်ပြလာပါတယ်။ နည်းနည်းလေး မြည်းကြည့်နိုင်အောင် စာမြည်းလေး ထုတ်နှုတ်ပေးပါရစေ။

ကျွန်တော်တို့ဟာ ဒီတစ်နှစ်သားအစိုးရကို ကြည့်တဲ့အခါ ပြည်သူတွေရဲ့ အခြေခံ အဆောက်အအုံတွေကို ဘယ်လောက် ခိုင်ခိုင်မာမာ အုတ်မြစ်ချ တည်ဆောက်ပေးနိုင်ခဲ့ပြီလဲ ဆိုတဲ့ ရှုထောင့်ကနေ ကြည့်ကြရမှာ ဖြစ်တယ်ဗျ။ အဲဒီရှုထောင့်က ကြည့်ရင် လက်ရှိအစိုးရဟာ အမှတ်ပြည့်မဟုတ်ရင်တောင် ဂုဏ်ထူးမှတ်မဟုတ်ရင်တောင် ကြိတ်နှုန်းအမှတ်ကောင်းကောင်း ရနိုင်တဲ့အနေအထားတွေ ကျွန်တော် မြင်တွေ့နေရတယ်ဗျ။
ဒါပေမယ့် နိုင်ငံရဲ့ အဓိက စီးပွားရေးလုပ်ငန်းကြီးတွေ လက်တစ်ဆုပ်စာ လူတစ်စုလက်ထဲမှာ ဆက်ရှိနေတဲ့အခြေအနေ၊ ပြည်သူတွေ အထူးသဖြင့် ကျေးလက်ပြည်သူတွေရဲ့ ဘိုးဘွားပိုင်မြေတွေကို ငွေနဲ့ အာဏာ ပေါင်းစည်းထားတဲ့အင်အားစု တချို့က သိမ်းပိုက်နိုင်တဲ့ အနေအထားတွေ ဆက်လက်တည်ရှိ နေတဲ့ အခြေအနေတွေကိုတော့ ဖြစ်နိုင်သမျှ အမြန်ဆုံးကုစား ရဦးမှာ ဖြစ်တယ်ဗျ။

ဒေါ်အောင်ဆန်းစုကြည်ကို အတုယူကြပါ – ကိုရွှေအောင် (ပြည်သူ့ခေတ်)

မြန်မာစကားပြောရင်း ဗိုလ်လိုညှပ်ညှပ်ပြောတတ်တဲ့ လူတွေ ဖတ်ကြဖို့ပါ ကျောင်းဒကာ။
RFA ရေဒီယိုက ဦးခင်မောင်စိုးက ဖုန်းထဲကမေး၊ ဒေါ်အောင်ဆန်းစုကြည်က ဖုန်းနဲ့ဖြေတဲ့ အင်တာဗျူး အစီအစဉ်တစ်ခုမှာ ဦးခင်မောင်စိုးက မေးပါတယ်တဲ့။ သူသတိထားမိတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောရင် ဗမာလိုပြောတဲ့ထဲ ဘိုလိုညှပ်မပြောဘူး အဲဒါ ဘာကြောင့်လဲ အစ်မတဲ့။

ဒေါ်အောင်ဆန်းစုကြည်က ဖြေပါတယ်။ အဲဒါကတော့ မေမေနဲ့ ဆိုင်တယ်။ မေမေက ငယ်ငယ်လေးကတည်းက ပြောတယ်။ ဗမာလိုပြောရင် ဗမာလိုချည်းပြော၊ အင်္ဂလိပ်လို ညှပ်မပြောနဲ့။ အင်္ဂလိပ်လိုပြောရင်လည်း အင်္ဂလိပ်လိုပဲပြောလို့ မေမေက ဆုံးမထားတာ…တဲ့။ အစ်မလည်း သတိထားမိပါတယ်။ တချိုကတွေ အင်္ဂလိပ်လို ညှပ်ညှပ်ပြောနေကြတာ။ အဲဒါတော့ အင်္ဂလိပ်စကားလုံးကို ဗမာလိုပြောဖို့ အဓိပ္ပာယ်တူတဲ့ စကားလုံးရှာဖို့ ပျင်းတာနဲ့ အလွယ်တကူ ပြောနေကြတာ ထင်ပါတယ်…

တဲ့။
အဲဒါလေးပါ ကျောင်းဒကာ။ ဒေါ်အောင်ဆန်းစုကြည်ကို အတုယူပြီး ဗိုလ်လို ညှပ်ညှပ်ပြောတတ်တဲ့ ခင်ဗျားကို သတိပေး နေရတာပါ။

မရယ်ရတဲ့ ဟာသ

မရယ်ရတဲ့ ဟာသလေးတစ်ပုဒ်ပြောပြပါမယ်။ မရယ်ကြေးနော်။
လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီး က အင်တာဗျူးတစ်ခုမှာ ပြောသတဲ့။

လွှတ်တော် ကိုယ်စားလှယ်ဆိုပြီး ရောက်လာတဲ့လူက စာမှမတတ်။ ၁ဝ တန်းမအောင်ဘဲ လွှတ်တော်ထဲလာထိုင်တော့ သူများထဆို ထနေတယ်။
သူများထိုင်ဆို ထိုင်နေတယ်။ သူမှ ဘာမှ မသိတာ။ ဘာတွေပြောနေလဲ သူနားလည်တာ မဟုတ်ဘူး ရမ်းလုပ်နေရတာ

လို့ ထည့်သွင်းပြောကြားသွားပါသတဲ့ ကျောင်းဒကာ။
အတည်ပေါက်ကြီးနော်။ မထင်ရဘူး။
လက်ညှိုး လက်ညှိုး သူများကို ထိုးဖို့လောက်ကြည့်တဲ့လူတွေ
ကိုယ့်ကို ပြန်ထိုးလာမယ့် လက်ညှိုးတွေရဲ့ ဒဏ်ကို ခံနိုင်အောင်သာ ကြိုးစားကြပါပေါ့ဗျာ။
အေးလေ ဒါပဲ ပြောလို့ရမှာကိုး။
ဆိုင်ဆိုင်မဆိုင်ဆိုင်ဗျာ။ မကြာသေးခင်ကပဲ ကြားလိုက်ရတဲ့ နိုင်ငံတကာသတင်းလေးတစ်ပုဒ် ပြောပြချင်သေးတယ်။ အာဟိ…။
ဘယ်နိုင်ငံက သမ္မတ ဆိုလား။
ဒေါက်တာဘွဲ့ယူခဲ့တုန်းက
ဘာကိုကူးချခဲ့လို့ ဆိုလား။
နှုတ်ထွက်ပေးလိုက်ရပါတယ်တဲ့။
တကယ့်အဖြစ်အပျက်ကြီးနော်။
ပညာတတ် ပညာတတ်။
What the meaning of ပညာတတ်။ ဟေးဟေး။
အမေစုခွင့်လွှတ်ပါခင်ဗျာ။ ဗိုလ်လိုနဲ့ မြန်မာလို ညှပ်ပြောမိသွားလို့ပါ။
အော် ပညာတတ် ပညာတတ်။
ယူကြပါဗျာ။ ယူတတ်ရင်ယူလို့ရတာတွေ အများကြီးဗျ။

မြို့ချစ်စိတ်နဲ့ မြို့သိမ်းကဗျာ (ကိုကို-အမရပူရ) (ပေါ်ပြူလာ)

မယ်ပုချ်တို့လို မြို့ချစ်မတွေအတွက် ရန်ကုန်သားကဗျာဆရာ ကိုရွေးရဲ့ မြို့သိမ်းကဗျာ ဆိုတဲ့ ကဗျာလေးအကြောင်းကို
ဆရာမောင်ကိုကို-အမရပူုရ က ညွှန်းထားတာပါ။
ကဗျာက အစအဆုံး ဟုတ်ချင်မှ ဟုတ်ပါမယ်။
ဖတ်ရသလောက်နဲ့တင် ကြက်သီးတွေတောင်ထလာပါလိမ့်မယ်။
အလွန်အကျူးပြောတယ် မထင်ပါနဲ့။
ဖတ်ကြည့်ပြီးမှ ဆုံးဖြတ်ပါ။

လယ်ယာမြေကောင်းထဲ
ရေငန်တွေ ဝင်လာသလို
မင်းတို့မြို့ထဲလူငန်တွေဝင်လာ နေပြီ။
အောင်မြင်တဲ့ ဂျုံခင်းထဲ
ကျိုင်းအုပ်တွေ ကျလာသလို
မင်းတို့မြို့ထဲ လူကျိုင်းတွေကျလာနေပြီ။
ရန်သူဟာ
ကျည်တစ်တောင့်မဖောက်ဘဲ
မြို့ကို သိမ်းနေပြီ
ပေါင်မုန့်အနားသားလို
မြို့ချစ်သကောင့်သားတို့
အစွန်အဖျားကို ဆုတ်ခွာနေပြီ
မြို့ချစ်သကောင့်သားတို့
မင်းတို့ ကလောင်အစွမ်းဟာ
အမှောင်ခြမ်းမှာ အိပ်မပျော်စေနဲ့
ဦးနှောက်ကို မီးထွန်းကြ
ဦးနှောက်ကို မုန်တိုင်းဆင်ကြ
ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ
ရောင်းရင်းတို့
သူငယ်ချင်းတို့
ညီရင်းအစ်ကိုတို့
မြို့ချစ်သကောင့်သားကြီးတို့
သတိတရားလက်ကိုင်ထားကြ
ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ
ကိုယ့်မြို့ကို ကိုယ်ပြန်သိမ်းကြ။

ကဲ မယ်ပုချ် ရေ။
ဒီကဗျာလေးအတွက် ရေးတဲ့ကဗျာဆရာ ကိုရွေးကို ဆုချီးမြှင့်ချင်စိတ်လေးများ မပေါက်မိဘူုးလားဗျာ။
တကယ်လို့များ ဆုချီးမြှင့်ချင်သူတွေများ ရှိနေခဲ့ရင် ကျွန်တော် ဘလက်ချောက ကျပ်တစ်သောင်းတိတိ ပူးပေါင်းပါဝင်ပေးသွားမည်ဖြစ်ပါကြောင်း။
ဓါတ်ပုံလေးတွေဘက် လှည့်ရအောင်ပါ။

ပုဂံ နန်းမြင့်မျှော်စင်ရှေ့မှာ ရိုက်ထားတဲ့ပုံပါ။
ဧရာဝတီမြစ်ကမ်း၊ လောကနန္ဒာ ဘုရား အတက်မှာ လေလေးတဖြူးဖြူးနဲ့ ဇိမ်တွေ့နေတဲ့ ခွေးတစ်ကောင်။
ခွေးတစ်ကောင် ရဲ့ ဇိမ်။

70 comments

  • blackchaw

    April 24, 2012 at 9:06 pm

    @ Fatty Cat ;
    ဝတုတ်ရေ။ စိတ်ဝင်တစားဖတ်ပြီးရေးပေးတဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ။
    နင့်ကိုမြင်တိုင်း လမ်းထိပ်မှာ ဂျာနယ်ရောင်းတာလားလို့ စခဲ့တဲ့ ကွန်းမန့်လေးကို သတိရပါတယ်။
    ပုဂံကို ဖြစ်နိုင်ရင် ကိုယ်တို့ အဖွဲ့တွေ အတူတူ သွားချင်ပါတယ်ဗျာ။
    အရက်မသောက်ကြေးပေါ့…။
    ဘီယာလောက်တော့ ကိုကြီးမိုက်ကြီးက ခွင့်ပြုပါမယ်တဲ့.။
    ကဲ…။
    ဘယ်လိုလဲ…။
    :mrgreen:

  • blackchaw

    April 24, 2012 at 9:10 pm

    @ Phaung Phaung ;
    ကြံ့ဖွံ့အသင်းဝင် တချို့က အခွင့်အရေးလိုချင်လို့ ဝင်ကြတာလို့
    ကြားဖူးတယ်ဗျ။
    သာကူးလို့တော့ ကျွန်တော်က မထင်ပါဘူး။
    အခွင့်အရေးလိုချင်တဲ့လူတွေရဲ့ထုံးစံ
    အဲဒီအထဲမှာ ဆက်ရှိနေတာထက် အပြင်မှာနေရင်း
    အခွင့်အရေးကို ကျားချောင်းသလို ချောင်းနေဦးမယ်လို့ ယူဆပါကြောင်း…။
    ဘာပဲပြောပြော ချိုပေ့ါကျ ဝင်သောက်သွားတဲ့အတွက် ကျေးဇူးအထူးပါ။
    :mrgreen:

  • blackchaw

    April 24, 2012 at 9:13 pm

    @ tunlinaung ;
    တစ်ခွက်နဲ့တစ်ခွက် ခပ်နီးနီး တိုက်ချင်ပေမယ့်
    အကျရည်နှပ်ရတဲ့အချိန်က ကြာတဲ့အတွက်
    တစ်ပတ် တစ်ခွက်လောက်တိုက်နိုင်အောင် ကြိုးစားနေပါတယ်ဗျာ…။
    ကျေးဇူးပါ….။
    :mrgreen:

  • blackchaw

    April 24, 2012 at 9:18 pm

    @ aungmyintmyat ;
    မထက်အကြောင်းကို ကျွန်တော် ပို့စ်ရေးဖို့ စီစဉ်ပြီးပါပြီ
    တင်ဖို့ပဲ ကျန်တယ်
    အကြောင်းအမျိုးမျိုးကြောင့် မတင်ဖြစ်သေးတာပါ
    ဆိုတော့ ဆရာက စာနယ်ဇင်းနယ်ပယ်ထဲကများလား…။ (အထင်)
    ဘယ်လိုပဲ ဖြစ်ဖြစ်ပါ.။
    ချိုပေါ့ကျ ကို အားပေးသွားတာ ကျေးဇူးပါ ဗျ…။
    :mrgreen:

  • blackchaw

    April 24, 2012 at 9:23 pm

    @ Khaing Khaing ;
    ထပ်လာမယ့် ကွန်းမန့်ကို စောင့်နေပါတယ်ခင်ဗျာ။
    မျှော်စင်က ဝင်ခွင့် ၂၀၀ဝ ကျပ် ပါပဲ။ ဈေးမတက်သေးပါဘူး။
    အအေးတော့မသောက်ခဲ့ရဘူး။
    သင်္ကြန်တွင်းဆိုတော့ စတုဒီသာ မုန့်ဟင်းခါးကို
    နန်းကြီးဖတ်နဲ့ စားခဲ့ရပါတယ်။
    ထူးထူးဆန်းဆန်း မုန့်ဟင်းခါးကို ကြက်သားနဲ့ ချက်ထားတာဗျာ
    စားလို့ကောင်းသားဗျ။
    ခွေးပုံလေးကတော့ အပေါ်မှာပြောခဲ့သလိုပါပဲ
    တစ်ခါတစ်လေ လူတွေထက် သူက ပိုအေးချမ်းနေသလိုပါပဲ ဆိုတာလေးကို
    ပေးချင်တာပါဗျာ။
    :mrgreen:

  • blackchaw

    April 24, 2012 at 9:27 pm

    @ ကြောင်ကြီး ;
    ဒေါက်တာစိုးမင်းကို မီဒီယာတွေက မြှောက်ပေးနေတယ်လို့
    ကျွန်တော်က မထင်ဘူးဗျ…။
    အဆင်း ဘီးတတ်ပေးနေတယ်လို့တောင် ထင်နေမိတာပါ။
    သူတို့မေးတဲ့မေးခွန်းတွေကိုကြည့်ပြီး ပြောတာပါ။
    ဘာပဲဖြစ်ဖြစ် ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတာ
    ကျေးဇူးတင်တယ် ကိုကြောင်ကြီးရေ။
    ကဲ ဆက်ဆွဲလိုက်ရအောင်ဗျာ။
    :mrgreen:

  • blackchaw

    April 24, 2012 at 9:33 pm

    @ အိမ်လွမ်းသူ ;
    @ Windtalker ;
    @ မနောဖြူလေး ;
    @ ရောင်ခြည်ခ ;
    @ thanlwinoo ;
    ချိုပေါ့ကျ ကို ဝင်ဖတ်ပြီး ကွန်းမန့်လေးတွေ ချီးမြှင့်ပေးသွားကြတဲ့အတွက်
    ကျေးဇူးအထူးပါဗျာ။
    ဆော်ကြည်ထီပေါက် နိဗ္ဗာန်ရောက်ပြီး
    ဘာမှမလုပ်ပဲ ဒေါ်လာတစ်သန်းလောက် ကောက်ရပါစေဗျာ.
    :mrgreen:

  • blackchaw

    April 24, 2012 at 9:35 pm

    @ နေဝန်းနီ ;
    ထက်ထက်ရဲ့ စာအုပ်ကို ခိုးကြောင်ခိုးဝှက် ဖတ်ချင်တာက
    ကျွန်တော့်ရဲ့ ဆန္ဒအမှန်ပါပဲ ။ အာဟိ။
    အတူတူ ဖတ်ကြတာပေ့ါဗျာ။
    :mrgreen:

  • blackchaw

    April 24, 2012 at 9:40 pm

    @ kyeemite ;
    ခွေးပုံကို တစ်မျိုးခံစားသွားတယ်ဆိုလို့ ရိုက်သူကျွန်တော်
    ပျော်ရပါသည်ပေါ့။
    အော် အဲဒီလက်ရှိအချိန်လေးမှာ
    အဲဒီခွေးလောက် အေးချမ်းတာ ဘာရှိဦးမလဲဗျာ။
    :mrgreen:

  • blackchaw

    April 24, 2012 at 9:46 pm

    @ weiwei ;

    ချိုပေါ့ကျမြင်တော့ အားရဝမ်းသာနဲ့ ဝင်သောက်သွားပါတယ် …

    ဆိုလို့ နည်းနည်းတော့ မြောက်သွားတယ် အန်တီဝေရေ။
    ကျွန်တော့် BRAND လေးက အဲဒီလောက်အဆင့်ကိုတော့ မရောက်သေးဘူးလို့ထင်ပေမယ့်
    ဆက်ရေးဖို့ အားတက်သွားတာ သေချာပါကြောင်း…။
    မြှောက်ပေးလို့ မရတဲ့
    အမြှောက်ကြိုက် ဘလက်
    :mrgreen:

  • blackchaw

    April 24, 2012 at 9:53 pm

    @ အမတ်မင်း ;
    မင်းဟာမင်း ဒိန်ချင်ဒိန် ညီလေးရေ။
    ကိုယ်ကတော့ လေးဖြူသီချင်း မင်းမှ မင်းပဲ။
    အကျရည်များသွားရင် ဘလက်လေဘယ်လေး နည်းနည်းရောလိုက်လေ အာဟိ။
    တစ်ခု ကမကထ ပြုစေချင်တယ်ဗျာ။
    ကဗျာဆရာ ကိုရွေးကို ဆုပေးချင်ပါတယ်။
    ညီလေးက ဆုငွေလက်ခံပေးပါလား။
    ကိုယ်က တစ်သောင်းထည့်ပါမယ်။
    တကယ်ပြောနေတာပါ။
    ၂ သောင်းပဲရရ၊ ၃ သောင်းပဲ ရရ
    အမှတ်တရ အဖြစ် အစပြုလိုက်ချင်ပါတယ်။
    ပရိသတ်ကလည်း အော်နေကြပြီဗျာ။
    အမတ်မင်း အမတ်မင်း အမတ်မင်း အမတ်မင်း အမတ်မင်း အမတ်မင်း
    အမတ်မင်း အမတ်မင်း အမတ်မင်း အမတ်မင်း အမတ်မင်း အမတ်မင်း
    အမတ်မင်း အမတ်မင်း အမတ်မင်း အမတ်မင်း အမတ်မင်း အမတ်မင်း
    အမတ်မင်း အမတ်မင်း အမတ်မင်း အမတ်မင်း အမတ်မင်း အမတ်မင်း
    :mrgreen:

    • Swal Taw Ywet

      April 24, 2012 at 11:11 pm

      Dear brothers,
      I also willing to acknowledge his very good poem .
      ကဗျာဆရာ ကိုရွေးကို ဆုပေးချင်ပါတယ်။.
      Please start to collect it.
      I can join with you in next month.
      Hoping to meet our MG villagers after arrive back to my mother land.

      With respect,
      Swal Taw Ywet.

      • amatmin

        April 25, 2012 at 10:30 am

        အဆင်ပြေမယ် ..ဝိုင်းဝန်းကြမယ် ဆိုရင် .စကြည့်တာပေါ့ ဗျာ..
        မြို့သိမ်းကဗျာ စာသားအပြည့်အစုံ လေးတော့ဖတ်ချင်သေးသား ကိုဘလက်ရေ. 🙂

  • blackchaw

    April 24, 2012 at 9:59 pm

    @ ကိုစိန်သော့ ;
    အနုပညာသမားစစ်စစ် ဆိုတာ အဲဒါကို ပြောတာကိုသော့ရေ။
    လှလိုက်တဲ့စကား … ဘာတဲ့။

    ခွေးလေးအိပ်လိုက်လို့များ ဧရာဝတီကြီး နည်းနည်း နိမ့်သွားသလားလို့

    တဲ့။
    အတွေးလေး အတွက် ကျေးဇူးပါ ကိုသော့ရေ။
    :mrgreen:

  • blackchaw

    April 24, 2012 at 10:03 pm

    @ mocho ;
    ကွန်းမန့် ဝင်ရေးသွားတဲ့အတွက် ကျေးဇူးပါဗျာ။
    :mrgreen:

  • blackchaw

    April 24, 2012 at 10:10 pm

    @ htet way ;
    အားပေးသွားတာ ကျေးဇူးပါ ဆရာထက်ရေ။
    :mrgreen:

    @ R Ga ;
    အမတ်မင်းမေးထားတဲ့ မေးခွန်းလေး ဖြေဦးညီလေးရေ။
    ကိုယ်တော့ မမေးတော့ဘူး နော့။
    :mrgreen:

    @ ငှက်ကလေး ;
    နို့ဆီထည့်သောက်ပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ။
    :mrgreen:

    @ Onyx ;
    အမြဲတမ်းအားပေးတယ်ဆိုလို့ ကျေးဇူးပါ ခင်ဗျာ။
    :mrgreen:

    @ Unclegyi 1974 ;
    ခွေးကိုနှောက်ယှက်တာ မဟုတ်ရပါဘူး အန်ကယ်ကြီးရယ်။
    ခွေးလောက်မှ မငြိမ်းချမ်းကြရှာတဲ့ ကျွန်တော်တို့လူတွေ ရှိနေပါသေးလားဆိုတဲ့
    အသိလေး ပေးချင်လို့ ရိုက်ခဲ့တာပါ။
    အဲဒီ အသိလေး မရသွားရင် ကျွန်တော် ညံ့လို့ပါဗျာ။
    :mrgreen:

  • blackchaw

    April 24, 2012 at 10:15 pm

    @ MaMa ;
    ပျောက်ချက်သားကောင်းနေလိုက်တာဗျာ။
    ပြန်ပေါ်ပေါ်လာခြင်းပေးသွားတဲ့ ကွန်းမန့်လေးအတွက်
    ကျေးဇူးပါ မမရေ။
    :mrgreen:

  • blackchaw

    April 24, 2012 at 10:20 pm

    @ Khin Latt ;
    အစ်မပေးခဲ့တဲ့ ကွန်းမန့်တွေထဲမှာ ဒီကွန်းမန့်လေးကတော့
    မြန်မာပြည်တွင်လုပ်သည်လို့ တံဆိပ်ကပ်လို့ရတဲ့အတွက်
    ထူးခြားပါတယ်ဗျာ။
    မိသားစုလိုက်တွေ့ခွင့်ရခဲ့တာလည်း ဂုဏ်ယူပါတယ် အစ်မရေ။
    မြန်မာပြည်ကော်နက်ရှင် အကြောင်း ကတော့
    ပြောစရာတောင် မရှိပါဘူး အစ်မရယ်။
    ကျေးဇူးအထူးပါ ခင်ဗျာ။
    :mrgreen:

  • blackchaw

    April 24, 2012 at 10:24 pm

    @ ကိုပေါက် (မန္တလေး) ;
    @ အလင်းဆက် ;
    ကွန်းမန့်လေးတွေအတွက် ကျေးဇူးပါဗျာ။
    :mrgreen:

  • blackchaw

    April 24, 2012 at 10:28 pm

    @ ahnyartamar ;
    အော် အစ်ကိုရယ်။
    သိတ်သဘောမတွေ့သေးဘူး ဆိုလို့ ဝမ်းနည်းရပါတယ်။
    ကျောက်ပန်းတောင်း ဆိုရင်တော့ ဝင်အားပေးမယ်ဆိုလို့
    ဝမ်းသာရပါတယ်။
    ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား ဟင်င်င်င် ?
    :mrgreen:

  • blackchaw

    April 24, 2012 at 10:30 pm

    @ သူရဇော် ;
    ဗျာ… ကို…။
    အစ်ကို့သဘောပါ အစ်ကို။
    အစ်ကို ကြိုက်ရင် ဆက်တိုက်မည်။
    အစ်ကို မျှော်လျှင် ဆက်ဖျော်မည်။
    ကဲ အစ်ကို့သဘောပါ တဲ့…။
    ဗျာ… ကို….။
    :mrgreen:

  • nozomi

    April 25, 2012 at 9:52 am

    အတိုချော
    ချိုပေါ့ထဲ ဘာတွေထည့်ထားလဲ ဗျ
    သောက်ပြီးတော့ ဘာမှတောင် မပြောနိုင်တော့ဘူး
    အမှန်အတိုင်းပြောနော်
    အိမ်ကမိန်းမကို ညာပြောသလို ကျွန်တော့်ကိုတော့ မညာပါနဲ့

  • ahnyartamar

    April 25, 2012 at 10:57 am

    စိတ်မရှိပါနှင့်ကိုဘလက်ရယ်၊ ချိုပေါ့ကျမကြိုက်ပေမယ့် လူခင်လို့ ကြိတ်မှိတ်ပြီးသောက်သွားပါတယ် ။ ၁ဝ ခွက်မြောက် ချိုပေါ့ကျရောက်ရင် အရင်ဆုံးသောက်နိုင်အောင် ကြိူးစားပါ့မယ်။

  • laypai

    April 26, 2012 at 1:08 pm

    နောက်တခေါက် ချိုပေါ့ကျ မှာ ရောင်းပြီးသား လျပ်စစ် မဂါဝပ် ၁၀ဝ ကို ပြန်ဝယ်ပြီး သုံးမယ် ဆိုတာ ကောင်းကောင်း ကြီး ရေး ပေး ပါ။
    တော် တော် ရှက်ဖို့ ကောင်းတယ်နော်။

    ( ရန်ကုန်တိုင်းတွင်း လျှပ်စစ်မီး ပြည့်ဝစွာ ရရှိစေရေးအတွက် ယခင်က တရုတ်နိုင်ငံသို့ ရောင်းချ ထားသော လျှပ်စစ်ဓါတ်အားများထဲမှ မဂ္ဂါဝပ် ၁၀ဝ ကို ပြန်ဝယ်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက လွှတ်တော်ကိုယ်စားလှယ်များကို ဖြေကြားလိုက်သည်။ )

  • akswe

    April 26, 2012 at 10:12 pm

    ကိုနက်ချောကြီးရေ…
    တာဝန်မဲ့စွာ နဲ့ သောက်ထားပြီးမှ ကျေးဇူးတင်ကြောင်းမပြောဖြစ်ခဲ့တဲ့ ရှေ့က ခွက်တွေအတွက်ပါတောင်းပန်ရင်း….
    စာရေးအားနည်းတာ နှေးတာရော ပျင်းတတ်တာရော ဘာမှဝင်ပြီးမဆွေးနွေးတတ်တာရော
    ပြည့်စုံပြီး အပ်ို အလိုမရှိတဲ့ လဘက်ရည် တစ်ခွက်ဖြစ်နေတာရော စတာတွေ ကြောင့်…
    တစ်ငုံချင်းအရသာခံသောက်ပြီး ဘာမှမမန်းပဲ တိတ်တစ်ဆိတ်နဲ့ တစ်ကိုယ်ကောင်းဆန်ဆန် ပြန်ပြန် သွားနေခဲ့တာကြာပါပြီ။
    ရှေ့က တစ်ခွက်အရောက်မှာ တော့ ကိုချောရဲ့ ကော်မန့်ပေးသူ တစ်ဦးချင်းစီကို လေးလေးစားစား ပြန်ထားတာတွေအပြင်
    အဘဆွေရဲ့ကော်မန့်မရဘူးတာ အခုမှရလို့ ဝမ်းသာတယ်လို့ပြန်လိုက်တော့ အသိအမှတ်ပြု ခံရတဲ့ အတွက်
    ဝမ်းသာပီတီဖြစ်ရပြီး တစ်ချိန်တည်းမှာပဲ သူတစ်ဖက်သားရေးတဲ့ ပိုစ်တွေ ကိုဖတ် အသိ ပညာတိုး ဗဟုသုတ တွေ ရခဲ့တာ ကို မှ
    မထောက် မသိသားဆိုးရွားစွာ ကော်မန့်တောင်မှ မပေး တတ်တဲ့ မိမိရဲ့ ညံ့ဖျင်းတဲ့ လုပ်ရပ်နဲ့ တာဝန်မဲ့မှုကို တွေးမိပြီး
    အရမ်းလည်း သိမ်ငယ်မိပါတယ်။
    အခြားစာရေးသူတွေ ရဲ့ (ပေါက်ဖော် ၊pooch၊အလင်းစက်၊ဂီ၊ကိုပေါက်)စတဲ့ အားလုံးသော စာရေးသူတွေ ရဲ့စာတွေ ပိုစ့်တွေဖတ် ဓါတ်ပုံတွေကိုခံစားပြီးမှ တာဝန်မကြေစွာ ကော်မန့်လေးတစ်ကြောင်းတောင်မှ မရေး မိခဲ့ရတာတွေလည်း ပြန်ပေါ်လာပြီး
    ကိုယ်ရေးတဲ့စာ အပေါ် ကော်မန့် ရချင်တဲ့ ကိုယ်ချင်းစာတရား ကို ဂရု မပြု လစ်လျူ ရှု မိတဲ့ မိမိအဖြစ်ကို ရှက်ရွံမိပါတယ်။
    ်ဘာမဟုတ်တဲ့ သူတစ်ယောက် ကို တန်ဖိုးထားပြီး မိမိကိုယ် ကို နှိမ့်ချ တတ်တဲ့ ကိုချောရဲ့စိတ်ဓါတ်ကိုလည်း လေးစားမိပါတယ်..
    ကိုချောက ကျွန်တော့ ကို ရိုးသားစွာ ကော်မန့် တစ်ခုနဲ့ ဆုံးမလိုက်တာပါ…လေးစားစွာ ခံယူလိုက်ပါတယ်။
    နောက်နောင် ရင်ထဲကိုရောက်သွားတဲ့ စာရေးသူတွေရဲ့ ပိုစ့်တွေ ကို ဖတ်မှတ်ရတိုင်း ကြိုးစားပြီး မန့်ပါမယ်ဆိုတာ ကတိပေးရင်း
    အရင်သောက်ထားပြီး မှ ကျေးဇူးမတင်ရသေးသော ပေါ့ကျများအတွက် တောင်းပန်ရင်း ခွင့်လွတ်မှု ကို တောင်းခံရင်း…
    ကိုနက်ချော..ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ပါစေ….
    မေတ္တာဖြင်.

  • aye.kk

    April 27, 2012 at 8:12 am

    ခံစားမှုအသိမရှိတဲ့..
    ခွေးလေးကဇိမ်လေးနဲ ့အိမ်အိပ်နေနိုင်တာတွေ ့ရတော့..
    သူ ့ဘဝကအေးချမ်းနေတာကိုကြည့်ပြီးအားကျမိပါတယ်။
    လူတွေ..လူတွေ..
    အပူတွေနဲ ့ဘယ်သူမှမကင်းနိုင်ကြလို ့..
    ဇိမ်နဲ ့အိပ်နိုင်ဖို ့ဆိုတာဝေးစွလို ့ထင်မိပါတယ်။
    လူတွေ..လူတွေ..
    လူလူချင်း..ကိုယ်ချင်းစာတရားပွားများခါထားနိုင်ကြပါစေလို ့ဘဲ..
    မေတ္တာပို ့သမျှဝေရင်း..
    ကိုဘလက်ရဲ ့ချိုပေါ့ကျလေးကိုအားပေးသွားပါကြောင်းပြောလိုက်ပါရစေ..။။

  • metallic

    May 5, 2012 at 12:06 am

    ဧရာဝတီမြစ်ကမ်းကို မျက်နှာမူပြီး ဇိမ်နဲ့အိပ်နေတဲ့ ခွေးကိုတော့ အားကျသွားပြီ
    (ဘယ်လိုကြီးလဲမသိဘူးနော် ဖတ်ရတာ)
    တခဏတော့ အပူအပင်ကင်းကင်း အနားယူလိုက်ချင်တယ်
    ချိုပေါ့ကျကတော့ပြောစရာမလိုအောင်
    ကောင်းလွန်းတယ်
    အရသာရှိတဲ့စာတွေအတွက် (တန်ဘိုးလည်းရှိ)
    ကျေးဇူးပါ

Leave a Reply