အတောင်စုံချိန်

hmeeJanuary 2, 20141min3106

“အတောင်စုံချိန်”

 

ကျွန်မအခန်းက အိမ်ရဲ့ အနောက်ဘက်အကျဆုံး အရှေ့ဘက်အခြမ်းမှာ ရှိပါတယ်။  ခြံကလည်း ခေါင်းရင်းဘက်ခြမ်းက မြေနေရာလွတ ်ပိုကျယ်တာမို့ သစ်ပင်တွေက အစုံပါ။ အခန်းနဲ့ ကပ်လျှက်မှာ အုန်းပင်၊ သူ့ဘေးမှာက ပိန္နဲပင်၊ အိမ်နဲ့ကပ်လျှက် သူတို့ရှေ့မှာက သရက်ပင် နှစ်ပင်ပါ။ သရက်ပင်ရဲ့ဘေး အုတ်တံတိုင်းနဲ့ ကပ်လျှက်က မန်ကျီးပင်။ အပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့မို့  အရိပ်လည်း အတော်ကိုရတာ။ မနက်နေရောင်ခြည်လည်း ထင်သလောက် တိုးမဖေါက်နိုင်ရှာဘူး။ ကျွန်မအခန်းနဲ့ ကပ်လျှက်ဘေးခြံကလည်း အုတ်တံတိုင်းတလျှောက် သရက်ပင်တွေ တန်းစီစိုက်ထားလေတော့ တကယ့်ကို တောအုပ်ကလေးလို  ဖြစ်နေတာ။ ညနေဘက်ဆိုရင်တော့ အိမ်အရိပ်ပါလာပြီမို့ နေပြောက်တပြောက်တောင် မထိုးနိုင်တော့ဘူး။ သစ်ပင်အောက်ခြေ မြေသားက နုနုလေးမို့ ဂရုတစိုက်ပြောင်အောင် ရှင်းထားတဲ့အခါ တကယ့်ကို တလင်းပြောင်လေးမို့ သားနဲ့ သမီးအတွက် သဘာဝကပေးတဲ့ ကစားကွင်းလေး တခုဆိုလည်း မမှားနိုင်ပါဘူး။ မိုးလည်းမိုး၊ ဆောင်းလည်းဆောင်း အတော်ကို အေးစိမ့်နေတဲ့ နေရာလေးပါ။ နွေရာသီရောက်ရင်လည်း အေးအေးမြမြ။ သစ်ပင်ကြီးတွေရဲ့ အရိပ်စုနေတဲ့နေရာမို့ အတော်ကို အေးပြီး နေချင်စရာလေးပါ။ ဒီကြားထဲ ယောင်းမဖြစ်သူက နွေရာသီမှာ  ရေကုသိုလ် ယူပါသေးတယ်။ မန်ကျည်းပင်အောက် အရိပ်စုရာနေရာမှာ မြေသားလေးတွေကို ကန်လေးလိုဖော်ပြီး ရေပိုက်ကနေ ရေခပ်ဖြည်းဖြည်း လွှတ်ထားတတ်တာမို့ ကန်လေးကို ပြည့်ပြီး လျှံလာတဲ့ ရေတွေက မန်ကျည်းပင်အောက်ကနေ ကျွဲကော်ပင်အောက်ကို စမ်းချောင်းလေးတခုအဖြစ်  စီးနေလေရဲ့။ အရိပ်ကလည်းရ ရေကလည်းရှိဆိုတော့ ပျော်လိုက်ကြတဲ့ ငှက်တွေ။ ညနေခင်း သားတို့ ကစားချိန်ကလွဲလို့ အချိန်ပြည့်နီးပါးကိုရှိနေတာ။ စာကလေး၊ နှံပြည်စုတ်၊ ဇက်ရက်၊ တခါတလေ ဂျိုးမောင်နှံ။ ရေသောက်တဲ့အကောင်ကသောက်၊ ရေချိုးတာကချိုးပေါ့။ တခါတလေ ပျင်းပျင်းရှိတာနဲ့ ကျွန်မလည်း ထိုင်ကြည့်နေတတ်တယ်။ စာကလေးတွေများ ရေချိုးလိုက် ပြီးတော့ ဇလပ်ပင်အောက်က သဲမွှမွှမှာ လာလူးလိုက်။ ကျွန်မကိုတောင် အရေးမစိုက်ဘူး။ ဒီအမျိုးသမီး ပျင်းတိုင်းကြည့်နေတာကို အရေးစိုက်လို့ကတော့ တို့ ရေချိုးရမှာတောင် မဟုတ်လို့များ ထင်ကာ အရေးမစိုက်တာနေမှာ။ ငှက်တွေကလည်း တဆင့်စကားတဆင့်နား သတင်းပေးတတ်တယ်ထင်တာပဲ။ လာလိုက်တဲ့ငှက်တွေ မမြင်ဘူးတဲ့ ငှက်တွေတောင် ပါတယ်။ ရေသောက်၊ ရေချိုးပြီး  မန်ကျည်းပင်၊ သရက်ပင်ကိုင်းတွေမှာ အတောင်တွေ သကြ။ တခါတခါဆို မမြင်ဘူးတဲ့ ငှက်တွေတောင်ပါရဲ့။  အဝါရောင်ငှက်။ တကယ့်ကိုနနွင်းရောင် ဝါထိန်လို့။ တခါလာ သုံးလေးကောင်။ တခါတုန်းကဆို ခြေတံရှည်ရှည် ငှက်ကြီးတကောင်။ မမြင်ဘူး ထူးဆန်းလွန်းလို့ ကျွန်မတို့ တအိမ်လုံး ထွက်ကြည့်ကြ။ ဓါတ်ပုံရိုက်ကြပေါ့။ တကိုယ်လုံးမည်းနက်ပြီး အတောင်ဖျားလေးနဲ့  အမောက်လေးပဲ ဆွတ်ဆွတ်ဖြူနေတဲ့ငှက်။ နောက် ဘုန်းကြီးကျောင်းက တုံးခေါက်သံလို အသံမြည်တဲ့ ငှက်လေးကလည်း တကိုယ်လုံးအမည်း ခေါင်းလေးနဲ့ နှုတ်သီးလေးပဲ ရဲရဲနီနေတာ။ အထူးအဆန်းငှက်တွေ အစုံ။ တကယ့်ကို ငှက်ကြည့်ရာနေရာလေးပါ။ အဲ…..အဲ့ဒီငှက်တွေထဲမှာမှ အိမ်ရှင်လို ဖြစ်နေတဲ့ငှက် ရှိပါသေးတယ်။ အများစုက တခြားနေရာက လာပြီး ရေသောက်ရေချိုးရုံ ချိုးတဲ့ ဧည့်သည်ငှက်တွေပါ။ သူကတော့ ခြံထဲမှာ အမြဲနေတာမို့ ကျွန်မကတော့ သူ့ကို အိမ်ရှင်ငှက်လို့ တင်စားထားတယ်။ လူအများက ပြောလေ့ရှိပါတယ် အမျိုးများလို့  အုပ်စုဖွဲ့ ကျယ်တတ်သူတွေကို ကျီး အမျိုးတွေ ဝိုင်းအာနေကြတယ်လို့လေ။ တကယ်ကိုပါပဲ အဲ့သည့်ကျီးတွေဟာ တကယ်ကို အုပ်စုဖွဲ့ ကျယ်တတ်တာကိုး။  အခုလည်း သူက အိမ်ရှင်လို ဖြစ်နေတော့ တခြားတခြားသော ငှက်တွေကို အုပ်စုကောင်းကောင်းနဲ့ ဝိုင်းစွာတတ်တာကလား။ အနည်းဆုံး နှစ်ကောင် အများဆုံး ခြောက်ကောင်လောက် ခြံထဲမှာ အမြဲရှိနေတတ်တယ်။ သူတို့အဖွဲ့ ရေသောက်(သို့) ရေချိုးဆင်းပြီဆို တခြားငှက်တွေ အဝေးကပဲ အရိပ်အခြေ ကြည့်နေတာတွေ့ရတယ်။ သူတို့ စိတ်ကြည်တဲ့အခါ အတူရေချိုး၊ ရေသောက်လုပ်ပေမဲ့ မကြည်ရင်တော့ ဝိုင်းဆိပ်ကြပါလေရော။ ခြံထဲမှာ အနေများသလို  ယောင်းမ ဈေးက ပြန်လာချိန်ဆို ကျွေးနေကြမို့  မီးဖိုဆောင်နားမှာ သူတို့ တရစ်ဝဲဝဲ။ နေတော့ ပိန္နဲပင်နဲ့ အုန်းပင်မှာ။ အင်း…..သားပေါက်တော့လည်း အဲ့သည့်အပင်တွေမှာပဲ။ နွေကုန်ခါနီးဆို သူတို့တွေ အသိုက်ဆောက်ကြပြီ။ များသောအားဖြင့် သရက်ပင်နှစ်ပင်နဲ့ ပိန္နဲပင်တွေရဲ့ ဟိုး…ထိပ်ဖျား ဂွဆုံမှာ။ တခါတလေ အုန်းပင်မှာ ဆောက်တတ်တယ်။ အဲ…..ထူးဆန်းတာက အသိုက်ဆောက်တာပဲ။ စာကလေးတွေ တခြားမြင်ဖူးသမျှ ငှက်အသိုက်တွေဟာ မြက်ခြောက်လို နူးညံတာတွေနဲ့ ဆောက်တာ။ သူတို့ကတော့ တကယ့်ကို အမာစား သစ်ကိုင်းခြောက်တွေနဲ့ပဲ ဆောက်တယ်။ တခါတရံများ သွပ်နန်းကြိုးတွေတောင် တွေ့တာ။ အကျင်္ ီချိပ်တွေများ ကြိုးတန်းမှာ မေ့ခဲ့လို့ နောက်နေ့ ရှာမတွေ့ရင် သူတို့ အသိုက်အောက် သွားရှာ မလွဲမသွေကို တွေ့တာ။ သားနဲ့သမီး ကစားတဲ့အခါ ထိမိခိုက်မိမှာ စိုးရိမ်လို့ ကျွန်မမှာ အဲ့သည့် သစ်ကိုင်းခြောက်တွေ ရှင်းရတာ အလုပ်တခု။ သူတို့ သားပေါက်ချိန်ဆို သတိထားရပြီ။  အလွန်ရန်လိုတဲ့ အကောင်တွေပါ။ အပင်အောက်ခြေ လူလာပြီဆို ခေါင်းနားအထိ အနိမ့်ဆုံးပျံကာ ရန်ရှာတတ်သေးတာ။ မိုးတွေ စရွာပြီဆို အကောင်လေးတွေ နည်းနည်း ကြီးစပြုပြီ။ မနက်မနက်ဆို အသံသေးသေးလေးတွေနဲ့ အစာတောင်းသံလေးတွေ ကြားရပြီ။ ကျီးနှစ်ကောင်လည်း အလှည့်ကြ အစာရှာပေါ့။ ဒါပေမဲ့ ကံမကောင်းတဲ့ အခါများတော့ ငှက်ကလေးတွေဟာ အသိုက်ထဲကနေ ထွက်ကျပြီး သေကြရရှာတယ်။ တချို့ဆို တကယ့်ကို ပေါက်ကာစ  အမွေးကို မရှိသေးတာ။ တချို့ဆို ကျိုးတို့ကျဲတဲ။ နောက် အမွှေးစုံပေမဲ့  မပျံနိုင်သေးတာလေးတွေ။  အဲ့သလို ကလေးတွေ အပင်အောက် ပြုတ်ကျပြီဆို  ကျီးလင်မယားမှာ အသံကုန်အော်ပြီး ပျာယာကိုခတ်နေတော့တာပဲ။ သက်ရှိသတ္တဝါတွေထဲမှာ အချင်းချင်း ကူညီနိုင်တာ လူသားပဲရှိတာမဟုတ်လား။ သူတို့က တိရိစာ္ဆန်ဆိုတော့ကာ သားသမီး ဒုက္ခရောက်နေတာ မြင်နေပေမဲ့ မကူညီနိုင်လို့ အော်ပဲအော်နိုင်ရှာတာ။ ကျွန်မတို့ သမီးယောင်းမ နှစ်ယောက် သွားကြည့်လို့  အကောင်ပေါက်လေးတွေ့ပေမဲ့ ဘာမှ မကူညီနိုင်ဘူး။ အသိုက်က ဟိုး..အမြင့်ကြီးမှာလေ။ တခါတလေများဆို ညကတည်းက ကျပြီး သေနေတယ်ထင်ပါရဲ့ မနက်ဖက် ကျွန်မတို့ တွေ့တဲ့အချိန် ပုရွက်ဆိပ်တွေတောင် တက်နေပြီ။  တချို့ဆို တကယ့်ကို သနားစရာ အပျံသင်စလေးတွေ။ အတောင်စုံပြီး အပျံသင်စလေးတွေ ပြုတ်ကျလာတာ။ မြေပြင်မှာ ရှပ်တိုက် ပျံနိုင်ပေမဲ့ အသိုက်ထိတော့ သူ့ခမျာ မပျံနိုင်ရှာဘူး။ သူက မြေပြင်မှာ ရှပ်တိုက်ပျံ မိဘတွေက ဘေးက လိုက်ပျံရင်း ရင်ကွဲမတတ်အော်။ တကယ့်ကို သနားစရာ မြင်ကွင်းပါပဲ။ တခါကတော့ သနားလှတာနဲ့ သမီးယောင်းမ နှစ်ယောက် ဖမ်းပြီး ခြင်းထဲထည့်။ ပိန္နဲပင် ဂွကြားမှာ တင်ကာ သစ်ပင်နဲ့ ခြင်းကို ကပ်ချည်ပေးထားလိုက်တယ်။ သူ့မိဘတွေ အစာကျွေးလို့ ရအောင်ပေါ့ အတွေးက။ ဒါပေမဲ့ ခြင်းနားက သစ်ကိုင်းမှာနားပြီး အော်နေကြတာ အစာတော့ လုံးဝ မကျွေးလို့ နောက်နေ့ကြတော့ သေသွားပါရော။ ကျွန်မ သိရသလောက်တော့ ပေတသီး ကျီးတသားတဲ့။ ပေပင်က သူ့တသက်မှာ အသီးတခါသီးပြီးတာနဲ့ သေသွားသလို ကျီးတွေဟာလည်း တသက်မှာ သားတသားသာပေါက်သတဲ့။ ကလေး ဆုံးရှုံးသွားတဲ့ ကျီးလင်မယားဟာ သူ့တသက် မိဘ ဖြစ်ခွင့် ဆုံးရှုံးသွားတာမို့ တွေးကြည့်ရင် သနားစရာပါ။ ကံကောင်းထောက်မစွာ အသက်ရှင်ပြီး အတောင်စုံတဲ့ ငှက်တွေကတော့ အချိန်တန်တော့ အပျံသင်ကြပါပြီ။ ပိန္နဲပင်နဲ့ အကိုင်းခြင်းယှက်နေတဲ့ အုန်းလက်ကနေ တရွေ့ရွေ့ မိဘတွေ အော်ခေါ်နေတဲ့ အုန်းပင်ကို  ကူးနေကြပါတယ်။ နောက်တော့ အုန်းလက် တကိုင်းကနေတကိုင်း။ တခါ အုန်းပင်ကနေ ပိန္နဲပင်။ ပြီးတော့ အဆင့်တက်ကာ သရက်ပင်ဆီ ရောက်။ ရက်နည်းနည်းကြာတော့ အိမ်ခေါင်မိုးဆီ တဗျောင်းဗျောင်းနဲ့ ကူးပါတော့တယ်။ တော်တော် ကျွမ်းကျင်လာပြီဆို မီးဖိုဆောင်ဘေး ရောက်လာကာ အစာတောင်းသံ တညံညံပေါ့။  ကလေးဘေးမှာ တကောင် အမြဲကျန်နေတတ်ပြီး တကောင်က အစာသွားယူ ခွံကျွေး။ နောက်တကောင်သွား ပြန်လာနဲ့ အတော် ကြာကြာထိ အစာ ရှာကျွေးတာတွေ့နေရတယ်။ အစာရှာပုံပါ သင်ပေးတယ်ထင်တယ်။ နောက် အတော်ကြာလာတော့ ပညာစုံလို့ စိတ်ချပြီ ထင်ပါရဲ့ အနားကပ်လာတာနဲ့ ဆိပ်လွှတ်နေတာ တွေ့ရပြန်ရော။ ပညာစုံပြီမို့ လောကထဲ ဝင်ဖို့ သားခွဲချိန်ထင်ရဲ့။ ကျွန်မအထင် သားပေါက်စကနေ အတောင်စုံချိန်ထိ အချိန်တော်တော် ယူရပါတယ်။ အတောင်မစုံခင် ပညာမစုံခင် သေကျေပျက်စီးရတာလည်း မနည်းမနောပါပဲ။  အတော်ကို အထိန်းအသိမ်း ကောင်းတဲ့ ငှက်မောင်နှံကမှ ငှက်သားပေါက်လေးကို  အတောင်စုံချိန်ထိ စောင့်ရှောက်နိုင်တယ်။ လောကထဲကို ပျံသန်းနိုင်ဖို့ အားအင်တွေ ပေးနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့လေးတွေ လှလှပပ ပျံနိုင်တာ မြင်ရတော့ ကျွန်မပါရောပြီး ကျေနပ်ကာ ပြုံးမိပါသေးတယ်။ စိတ်ချမ်းသာလိုက်ပါဘိခြင်း။

…………………………………………………………………………………………………………..

အခုရက် အတောအတွင်း ကျွန်မစိတ်ထဲ မသင်္ကာစိတ်ဝင်နေလို့ ခိုးလို့ခုလုနဲ့ နေရတာ ဘဝင်မကျနိုင်ဘူး။ အမ ဝမ်းကွဲရဲ့ သမီး။ သူ့ facebook မှာ ရေးထားတာရယ် သူ့အမေ ကျွန်မအမ ရေးထားတာရယ် ဖတ်ပြီးကတည်းက စိတ်တထင့်ထင့်ရယ်။ နောက် သူတို့နဲ့  ညီအမအရင်း တအိမ်တည်း အတူနေသူ  ညီမဝမ်းကွဲ ရေးထားတာ ဖတ်ရတော့  ကျွန်မအထင်ကို ပိုသေချာလာစေပါတယ်။ ဒါနဲ့ မနေနိုင် မထိုင်နိုင် message လှမ်းပို့လိုက်တော့ ညီမက ဖုန်းဆက်ဖို့ ဆိုလာပါတယ်။ ဖုန်းဆက်တော့မှ ကျွန်မအထင် မှန်နေပါရော။ တူမချော လင့်နောက်လိုက်သွားပြီတဲ့။ ကြားရတာ မသက်သာစရာမို့ ကျွန်မမှာ ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ဖြစ်နေပါတော့တယ်။  တူမချောက ကျွန်မညီမ အငယ်ဆုံးနဲ့မှ အသက်က တလသာကွာသူမို့  ကျွန်မစိတ်ထဲ ငယ်သေးတယ်လို့ တွေးကာ စိတ်မချမ်းသာလှဘူး။ (ကိုယ့်တုန်းက ၃ဝကျော်မှ အိမ်ထောင်ကျတာကိုး)  ဘွဲ့ရပြီးပြီဆိုပေမဲ့ အသက်က အခုမှ ၂ဝမို့  လောကထဲကိုဝင်ဖို့ အဆင်သင့် မဖြစ်လောက်သေးဘူးလို့ တွေးမိလို့ပါ။ အတွေးတွေလည်း မရင့်ကျက်နိုင်လောက်ဘူး။ ပိုစိတ်မချစေတာက တူမက ဘာဆိုဘာမှကို မလုပ်တတ်သူမို့ပါ။ ကိုယ်စားမဲ့ထမင်းတောင် သူများခူးပေးမှ။ မျက်နှာသစ်တာတောင် သွားတိုက်ဆေး အသင့်ထည့်ပေးရသူက မာယာစုံတဲ့ လောကထဲ ဘယ့်နှယ့်ဝင်မယ်မသိ။  ကိုယ့်တကိုယ်စာတောင် တာဝန်မယူနိုင်သေးပဲ လင့်တာဝန် နောက် ဖြစ်လာမဲ့ သားသမီးတွေတာဝန် ဒါတွေကို ဘယ်လိုလုပ်မယ်စိတ်ကူးပါလိမ့်။ မွေးလာမဲ့ သားသမီးကို ဘယ့်နှယ့်များ ပျိုးထောင်ကြမှာပါလိမ်.။ သေချာတာကတော့ တွေးတောင်တွေးထားမှာ မဟုတ်ဘူး။ နဖူးတွေ့ ဒူးတွေ့ ကြုံလာခဲ့ရင် ။ အစကတည်းက ပေါ့ပေါ့တွေးကာ နေတာ အသားကျနေလို့ အခုလည်း ပေါ့ပေါ့ပါးပါးပဲ တွေးသလား။ ကြားထဲက ကျွန်မမှာ ရင်ပူလှတာ။ မိဘတိုင်းဟာ ကိုယ့်သားသမီးကို ချစ်တယ်ဆိုတာ ငြင်းမရတဲ့ အမှန်တရားပေမဲ့ ချစ်နည်းမှန်စွာ ချစ်စေချင်တာပါပဲ။  ချစ်နည်းမမှန်တော့ ချစ်ရာမရောက် နှစ်ရာ ရောက်သွားတတ်ပါတယ်။ သူ့အသက် ကိုယ်မပိုင်သလို ကိုယ့်အသက်လည်း ကိုယ်မပိုင်တာမို့ ကိုယ်သာ အရင်သေသွားခဲ့ရင် ဒီလိုပုံနဲ့ လောကထဲမှာ ထားခဲ့ရမှာ စိတ်မချချင်စရာ။ မသေလို့ နေရရင်သော်မှ အတောင်စုံလို့ ပျံချိန်ရောက်ရင် ခွဲရမှာ ဓမ္မတာပါ။ သူ့လို လူမျိုးနဲ့ ရရင်ကော စည်းကမ်းကလနားကျသူနဲ့ ရရင်ကော ဘယ်ဘက်ကမှ စိတ်မချချင်စရာပါ။ အိမ်ထောင်ကျကာစတော့ အချစ်ရေ အသည်းရေနဲ့ ခွင့်လွှတ်ချင် ခွင့်လွှတ်နိုင်ပေမဲ့ အိမ်ထောင်သက်ကြာလာတော့ ပင်ပန်းရတဲ့အထဲ ထမင်းဟင်းကမကောင်း အိမ်အထိန်းအသိမ်းကမတတ်တော့ ပွရှုပ်နေတာနဲ့  စိတ်ပိုပင်ပန်းကာ ပူညံပူညံတွေဖြစ်ပြီ။ သည်းမခံနိုင်ကြလို့ ကွဲကျကွာကျတော့ တခုလပ်ဖြစ်။ အသက်ကငယ် အိမ်ထောင်မှုဆိုတာ ဘာမှန်းမသိ ရှေ့ရေးကို တွေးပုံမရတဲ့ အချစ်တခုတည်းနဲ့  ကလေးလင်မယားအတွက် အမတော်မှာ ရတက်ပွေကာ ငိုရှာပါတယ်။ မိဘက တတ်နိုင်လို့ ထောက်ပံသော်လည်း ဘယ်လောက်ကြာကြာထားနိုင်ပါ့မလဲ။ ကြားဖူးကြမယ်ထင်ပါရဲ့ တအိမ်ထောင်မွဲ ဆယ်အိမ်ထောင် မ မနိုင်ဆိုတာလေ။ ဘယ်လောက်များ ရင်မောစရာ ကောင်းလိုက်ပါသလဲ။ တိရိစာ္ဆန် ကျီးသော်မှ အချိန်တန်ရင် ခွဲရမဲ့ သဘာဝတရားကို နားလည်လို့  သားသမီးကို အတောင်စုံချိန်မှာ လှလှပပ ပျံသန်းနိုင်အောင် လောကထဲကို ရဲရဲဝံ့ဝံ့ ပျံ့နိုင်အောင် သင်ကြားပေးတာမို့ လူသားခြင်းကူညီနိုင်တဲ့ လူသားမိဘတွေက ဘယ့်နှယ့်ကြောင့်များ အတွေးတွေ လွဲနေရပါသလဲ။ အချိန်လွန်မှ ငိုနေတော့ရော ဘာများ အသုံးဝင်ဦးမှာလဲ။ ဟိုး….. အရင်ကတည်းက အတောင်စုံချိန်မှာ ပျံဖို့ အသင့်ဖြစ်အောင် ပညာတွေစုံအောင် ၊ စိတ်ဓါတ်တွေ ရင့်ကျက်အောင်၊ ဘဝသင်ခန်းစာတွေ ပြောပြသင်ပြ ပေးဖို့ မသင့်ပါဘူးလား။ ဒါမှ လက်တွေ့ကြုံတွေ့လာခိုက်မှာ သင်ခန်းစာယူ ဖြေရှင်းနိုင်မယ်။  ယောက်ကျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ် လူဆိုတာမိမိကိုယ်သာ ကိုးကွယ်ရာမို့ ကိုယ့်အားကိုယ်ကိုးတတ်အောင်   ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်  ယုတ်စွအဆုံး ကိုယ့်တကိုယ်စာလောက်ပဲဖြစ်ဖြစ် အသုံးဝင်အောင် သင်ထားသင့်ပါတယ်။  မိဘတိုင်း ကိုယ့်ရင်ကဖြစ်တဲ့ သားသမီးကို ချစ်တာမှန်ပေမဲ့ ဘာဆိုဘာမှ မခိုင်းရက်လောက်အောင် အလိုလိုက်လွန်းပြီး ချစ်တာတော့ ချစ်နည်းမမှန်ဘူးလို့ ကျွန်မက ယူဆပါတယ်။ ဘဝဆိုတာ အမြဲ သက်တောင့်သက်သာနဲ့ သာယာနေပါ့မယ်လို့ ဘယ်သူအာမခံနိုင်ပါသလဲ။ မလုပ်ပဲနေလို့ရလို့ နေရရင်သော်မှ မတတ်ဘူးဆိုတာ မရှိအောင် သင်ထားပေးစေချင်တာ။  ဒါမှ တချိန်မဟုတ်တချိန် အရေးကြုံချိန်မှာ ဒုက္ခမတွေ့မှာပါ။ ရင်ထဲမှာ စကားတွေ အများကြီး ရှိနေပေမဲ့ ငိုနေတဲ့ အမကို တလုံးမှ မပြောဖြစ်ခဲ့ဘူး။ ပိုဆိုးတာက သမီးမိန်းခလေးကို ဘာမှ မလုပ်တတ် မကိုင်တတ် ပေါကြော့နေတတ်သူဖြစ်အောင် လုပ်တဲ့  အဓိက တရားခံက သူမို့  ပြောလည်းမပြောချင်တော့တာပါ။

တိုက်တိုက်ဆိုင်ဆိုင် အဖြစ်က ကြုံတတ်ပါတယ်။ ကျွန်မအမအိမ်က အပြန် ညီမတွေရဲ့ ဆိုင်ကိုအဝင်မှာ ကြုံခဲ့ရတာက ပိုလို့ စိတ်မချမ်းမြေ့စရာပါ။ ကျွန်မဆိုင်ထိုင်စဉ်ကတည်းက  ဆိုင်မှာ ဝယ်နေကြဖေါက်သည်။ ကျွန်မနဲ့  အင်မတန်ရင်းနှီးပါတယ်။ အဲ့သည့်အမမှာ ၉တန်းအရွယ် သမီးလေးတယောက်ရှိပါတယ်။ စာမေးပွဲကျလို့ အမေက ဆူတာနဲ့ စိတ်ဆိုးပြီး ထွက်သွားတာ ဘယ်မှာမှ ရှာမရဘူး။ သေသလား ရှင်သလား မသိ  တော်တော်ကြာကြာ သတင်းပျောက်နေတာ။ ဒီနေ့မှ အမေကို လာတွေ့ချင်ပါတယ် ဖုန်းဆက်လို့ အမေက မသေသေးဘူးဟဲ့လို့ တွေ့ချင်ဇောနဲ့ ကျွန်မတို့ ဆိုင်မှာ လာထိုင်စောင့်နေပါတယ်။ အချိန်တန်လို့ သမီးလေးကို မြင်ရရင်ပဲ မကြည့်ရက်တဲ့ အမေမှာ နေရာမှာတင် မေ့လဲကျသွားတာ။ နွမ်းဖတ်နေတဲ့ရုပ်နဲ့ အတူ ကိုယ်လေးလက်ဝန်ကြီးနဲ့ သမီးကိုမြင်ရင် ဘယ်အမေ ရင်မစို့ပဲ နေနိုင်ပါ့မလဲ။ ကျွန်မတောင် ကြားထဲက ရင်ထဲမှာ ဆို့နင့်သလိုခံစားလိုက်ရတယ်။ ဒါတွေဟာ ကျွန်မသိတဲ့ ပတ်ဝန်းကျင် ကွက်ကွက်လေးက အဖြစ်လေးတွေပါ။ ကျွန်မမသိတဲ့ အခြားအရပ်တွေမှာ ဘယ်လောက်များ ရှိနေဦးမလဲ။  လောကထဲကို လှလှပပ ပျံသန်းဖို့ အတောင်မစုံခင် ပြုတ်ကျသေကြတဲ့ ကျီးလေးတွေနဲ့ အတူတူပါပဲ။ အချိန်တန်လို့ ခွဲကြရတာ ဓမ္မတာပါ။ လှပသောခွဲခြင်းမျိုး ဖြစ်ရင် ဘယ်လောက်များ ကျေနပ်စရာ ကောင်းလိုက်မလဲ။  အတောင်စုံစုံနဲ့ လှလှပပ သေသေသပ်သပ် ကျွမ်းကျင်စွာ ပျံထွက်သွားတဲ့ ကျီးလေးတွေကို မြင်ရတာတောင် စိတ်ချမ်းသာစရာကောင်းလှတာ သားပဲဖြစ်ဖြစ် သမီးပဲဆိုဆို  လောကထဲ တိုးဝင်ချိန်မှာ အတတ်ပညာ အသိပညာစုံစုံလင်လင်နဲ့ ဝင်ခွင့်များလှလိုက်ရင် မိဘရော ဘေးလူပါ ဘယ်လောက် ကျေနပ်စရာ ကောင်းလိုက်မလဲနော်။

အတောင်မစုံမှီ နည်းအမျိုးမျိုးကြောင့် ပြုတ်ကျသေတဲ့ ကျီးလေးတွေလို  လောကကို ရင်ဆိုင်ဖို့ အတတ်ပညာမစုံ၊ မရင့်ကျက်သေးပဲ ဇွတ်တိုးဝင်ရင်း  လမ်းခုလတ်မှာ နှုတ်ဆက်ထွက်ခွာရတဲ့ ကလေးတွေ မနည်းမနော  ရှိမှာ အသေအချာပါ။  အတောင်စုံချိန်မှာ ပျံဖို့ အသင့်ဖြစ်အောင် သင်ကြားမပေးတဲ့ မိဘတွေ အမှားလား။ သင်ကြားပေးလျှက်နဲ့ မသင်ယူတဲ့ သားသမီးတွေ အမှားလား။ ဒါမှ မဟုတ် နှစ်ဖက်စလုံးရဲ့ အမှားပါလားရှင်…..။

၂.၁.၂၀၁၄

ကြာသပတေးနေ့

ညနေ ၃နာရီ။

6 comments

  • nozomi

    January 2, 2014 at 3:45 pm

    မိဘ ကိုလဲ ကျေးဇူးတင် ၊ ကန်တော့မိပါ၏
    ကိုယ့် တာဝန်ကိုလဲ ပိုလို သဘောပေါက်မိပါ၏

    မမှီ တို့ ကတော့ သားသမီးကောင်းတွေ ဖြစ်ကြသလို
    မိဘကောင်းတွေ ဖြစ်ကြမှာတော့ မလွဲဧကန်ပါပဲ

  • TNA

    January 2, 2014 at 5:19 pm

    အခုက မိဘတွေက စားဝတ်နေရေးနဲ့လုံးပမ်းနေရလို့ သားသမီးတွေကို မဆုံးမအားတာလား၊ ခေတ်မှီတယ် ဆိုပြီးပဲမဆုံးမတာလားတော့မသိဘူး မမှီရေ။ မြေစာပင်ပုခက်လွဲတဲ့ခေတ်ရောက်နေသလိုမြင်နေရတယ် ပါတ်ဝန်းကျင်မှာ။ ဆယ်ကျော်သက်ကလေးတွေ ( အားလုံးတော့မဆိုလိုပါဘူး၊ ဒါပေမဲ့အတွေ့ရစိတ်လာတာပါ ) ဖြစ်ချင်တိုင်းဖြစ်နေတာတွေ နေရာတော်တော် များများမှာ တွေ့နေရသမို့ ကိုယ့်သားကျရင်ကောဆိုပြီး ရင်မောနေမိပါတယ်။

  • alinsett

    January 2, 2014 at 6:04 pm

    ကောင်းလိုက်တဲ့ အတွေးစ
    ကောင်းလိုက်တဲ့ အရေးဗျ

    🙂

  • KZ

    January 3, 2014 at 11:53 am

    သံကွန်ခြာ ရ ထပ်အုပ်လည်း မရတဲ့ သဘာဝဆိုတော့ ..
    ဆင်ခြင် စဉ်းစား နိုင်တဲ့ ဉာဏ်လေး နဲ့
    ခံစားနားလည်တတ်တဲ့ နှလုံးသား ဘက်ညီအောင် မိဘတိုင်းက သားသမီးတိုင်းကို ပဲ့ပြင်ထားပေး ရမှာပဲ ထင်ပါရဲ့။

    မမှီရဲ့ ခေါင်းစဉ်နဲ့ စာရေးသွားတတ်မှုကို မချီးကျူးပဲ မနေနိုင်။
    🙂

  • snow smile

    March 27, 2014 at 11:28 am

    ရေး တတ် ပါ ပေ့ မှီ ရေ
    ကျွန် မ ရဲ့ ငှက် က လေး နှစ် ကောင် က တော့
    လှ လှ ပ ပ ရဲ ရဲ ဝံ့ ဝံ့ နဲ့ ပျံ သန်း နေ လေ ရဲ့

Leave a Reply