မန္တလေး – ပုဂံ ခရီးသွားမှတ်တမ်း (၄)
၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ (၂၅) ရက်
နှိုးစက်သံကြောင့်ရော စက်သံကြောင့်ပါ နိုးလာခဲ့သည်။ နာရီကို ကြည့်လိုက်တော့ မနက် (၆) နာရီခွဲအတိ။ အပြင်ကို ကြည့်လိုက်တော့ အလင်းရောင်က ဝိုးတဝါး။ ခေါင်းရင်းဘက်က အပြည့်ကာထားသော မှန်တွင်မူ ပိုးဖလံများက အပြည့်။ ညက မီးရောင်ကို ပြုံတိုးခဲ့သလောက် ယခုမူ အေးစက်သော နှင်းရည်တို့ကြားထဲတွင် အသက်မဲ့သူကမဲ့၊ လှုပ်နေသူက လှုပ်။ ကျွန်မစိတ်ထဲတွင်လည်း အမျိုးအမည်မသိ ဝေဒနာတစ်ခု ခံစားလိုက်ရသည်။ သို့နှင့် အသာပြန်ငြိမ်နေလိုက်ပြီး ပြန်ကြည့်မိတော့ ကောင်းကင်က လိမ္မော်ရောင် သန်းနေပြီ။ နေထွက်ချိန် မမီမည်စိုးသောကြောင့် ကမန်းကတန်း အိပ်ယာထ၊ မျက်နှာသစ်ပြီး Sundeck ပေါ် ပြန်တက်ခဲ့၏။
အပြင်ဘက်တွင်တော့ သင်္ဘောဝန်ထမ်းများက သန့်ရှင်းရေးလုပ်နေကြသည်။ ပတ်ဝန်းကျင်ကတော့ မှုန်မိုင်းဆဲ။ ကောင်းကင်က ရောင်စဉ်တန်းများကလည်း မပီပြင်သေး။ သင်္ဘောလက်ရန်းဘက် အသာတိုးပြီး ဓာတ်ပုံရိုက်တော့ လေက အသားကုန်တိုက်သည်။ အလုံပိတ်အိပ်ခန်းထဲတွင် အဲကွန်းဖွင့်ပြီးပင် အိပ်ရသည့်အတွက် ဝတ်ထားမိသော လက်ရှည်အပါးလေးက လေဒဏ်ကို မည်သို့မျှ မကာကွယ်နိုင်။ လေကွယ်ရာ သွားလိုက်၊ ဓာတ်ပုံထွက်ရိုက်လိုက်နှင့် အအေးဒဏ်ကို မခံနိုင်တော့သည့်အဆုံး အခန်းပြန်ပြီး အနွေးထည်အထူဝတ်၊ ခေါင်းစွပ်ပါစွပ်လိုက်ရသည်။ ပြန်တက်လာတော့ ဂိုက်လည်း ရောက်နေပြီ။
နေထွက်က အတော်နောက်ကျသည်။ ဂိုက်နှင့် စကားပြောပြီး နေအထွက်ကို စောင့်နေရင်း စိတ်ကလည်း ဒွိဟဖြစ်နေ၏။ ခဏနေ ဧည့်သည်တွေ နိုးလာလျှင် အခန်းထဲပြန်ဝင်ဖို့ မဖြစ်နိုင်တော့။ မနက်စာ စားပြီးသည့်အချိန်လောက်တွင် ပုဂံကို ရောက်မည်။ သို့ကြောင့် ရေချိုးချင်လျှင် ယခုအချိန်ချိုးထားမှ အဆင်ပြေမည်။ သို့သော် နေထွက်ချိန်ကိုလည်း လက်လွတ်မခံနိုင်။ ထို့ကြောင့် နောက်ဆုံး ပုဂံဟိုတယ်ရောက်မှသာ ရေချိုးတော့မည်ဟု ဆုံးဖြတ်ပြီး ငြီးစီစီခံစားချက်ကို မျိုသိပ်ထားလိုက်ရလေသည်။
ရှင်နေမင်းကား သောင်ပြင်ထဲမှ ထွက်လာလေပြီ။ လိမ္မောရောင် ကောင်းကင်အောက်က မြူထနေသော ရေပြင် နှင့် သောင်ပြင်၊ ရေပြင်ပေါ်က ငါးဖမ်းလှေများနှင့် သောင်ပြင်ပေါ်က တဲအိမ်များ၊ မှိုင်းညို့ညို့စိုက်ခင်းများ။ ကျွန်မနှုတ်က လှလိုက်တာ ဟူသော စကားကိုပင် ထပ်ကာထပ်ကာ ပြောနေမိသည်။ မြို့ပြက ဘဝသည် မွန်းကျပ်လှ၏။ နေထွက်ချိန်၌ အိမ်တွင် အလုပ်သွားရန်ပြင်ဆင်နေရပြီး နေဝင်ချိန်၌မူ ကွန်ပျူတာရှေ့တွင် အလုပ်လုပ်ကောင်းဆဲပင် ရှိနေသေးသည်။ နေ့စဉ်မြင်နေရသည့်အရာများကလည်း တိုက်တာများ၊ ကားများ၊ ကွန်ပျူတာများ၊ ဖိုင်များ။ ကြားနေရသည်က ကားသံများ၊ တယ်လီဖုန်းသံများ။ ယခုမူ လွတ်လပ်ခြင်းအရသာကို အပြည့်အဝခံစားရသည်မှာ အလွန်ပင် တန်ဖိုးရှိလှပေသည်။ တိတ်ဆိတ်ငြိမ်သက်ခြင်း၊ အေးမြခြင်း၊ လတ်ဆတ်ခြင်း တို့က အရာရာအားလုံးကိုပင် မေ့သွားစေနိုင်စွမ်းသည်။
Tourism တွင် အလုပ်ဝင်ကာစ တစ်လခန့်အကြာတွင် ကျွန်မ၏ မန်နေဂျာက မေးခွန်းတစ်ခုမေးခဲ့သည်။ လူတွေ ဘာလို့ ခရီးသွားကြတာလဲတဲ့။ ကျွန်မတို့ ဝန်ထမ်းအသစ်တွေက တစ်ယောက်တစ်မျိုး ဖြေခဲ့ကြသည်။ အတွေ့အကြုံသစ်ရချင်လို့၊ ခရီးထွက်ရတာကြိုက်လို့၊ ရောက်ဖူးချင်လို့၊ လန်းဆန်းအောင်လို့ စသဖြင့် အစုံပင်။ နောက်ဆုံးတွင် သူက တစ်ခွန်းတည်းသော အဖြေကို ပေးခဲ့သည်။ To escape from daily life တဲ့။ ထိုအဖြေကို ကျွန်မ အလွန်ပင် သဘောကျသွားသည်။ ကျွန်မတို့၏ နေ့စဉ်ဘဝထဲက ခဏတာ ထွက်ကြည့်ကြခြင်း။ ယခုလည်း ကျွန်မလည်း ဘဝအသစ်တစ်ခုကို ရောက်နေသလို ခံစားနေရသည်။
(၇) နာရီခွဲခန့်တွင် ဧည့်သည်တွေ ထွက်လာကြသည်။ ညီမလေးကလည်း Sundeck ပေါ်တက်လာ၏။ ထိုကြောင့် နံနက်စာ မစားမီ အခန်းပြန်ပြီး အဝတ်အစားလဲ၊ ညက ပြင်ထားသော luggage ကို အသေအချာပြန်စစ်၊ check-out ထွက်ရန် အကုန်ပြင်ဆင်ရသည်။ နောက် မနက်စာစားပြီး (၉) နာရီခန့်တွင် Dining ထဲက ထွက်လာတော့ ပုဂံဘက်ကိုပင် ရောက်နေပြီဖြစ်သည်။ ရွှေစည်းခုံစေတီကို လှမ်းဖူးမျှော်နိုင်သည်။ အဝေးက တုရင်းတောင်ကိုလည်း မြင်ရသည်။ အလွန်ရောက်ဖူးချင်နေသော ပုဂံသို့ တကယ်ရောက်ပြီဟူသော အသိနှင့် ရင်ခုန်နေမိသည်။ သို့နှင့် ရင်ခုန်ရင်းကပင် ပုဂံမြို့ဟောင်း ဗူးဘုရားအနီးက သင်္ဘောဆိပ်သို့ သင်္ဘောဆိုက်ကပ်ခဲ့ပါသည်။
ကမ်းပါးပေါ်တွင် ကားနှစ်စီးက အသင့်စောင့်နေသည်။ ဧည့်သည်နှင့် ဂိုက်အတွက်က တစ်စီး၊ ကျွန်မတို့ (၂) ယောက်အတွက်က တစ်စီး။ ကျွန်မတို့ကိုတော့ ပုဂံရုံးက လာကြိုသည်။ အထုတ်တွေဆွဲပြီး တက်လိုက်သည်နှင့် တွေ့လိုက်သည်က ပို့စ်ကတ် နှင့် တီရှပ်ရောင်းသူများ။ ကလေး (၂) ယောက်နှင့် အမျိုးသမီးတစ်ယောက်။ ပထမတော့ အင်္ဂလိပ်လိုပြောပြီး ရောင်းသည်။ နောက် ပြင်သစ်မှန်း သိသွားသည်နှင့် ပြင်သစ်လိုပြောပြီး ရောင်းတော့သည်။ C’est pas cher (ဈေးမကြီးပါဘူး) တဲ့။ ကျွန်မကတော့ မျက်လုံးအပြူးသားပင် ဖြစ်သွားသည်။ စိတ်ထဲကလည်း Tourism ၏ negative impact အများဆုံးရှိနေသော ပုဂံမြို့ဟု အသိဝင်လာသည်။ ကံကောင်းထောက်မ၍ မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံသည် ကျွန်မစိတ်ကူးထဲကအတိုင်း ရှိနေပါစေ ဟု ရင်ထဲက ဆုတောင်းနေမိပါသည်။
သင်္ဘောဆိပ်မြေနီလမ်းကလေးကနေ ထွက်လိုက်သည်နှင့် ကတ္တရာလမ်းပေါ်ကို ရောက်သည်။ လမ်းဘေးတွင်တော့ အညာပီသစွာ ဖုန်ထူမြေသား၊ သစ်ပင်ရိပ်နှင့် မြင်းလှည်း၊ ဘုရားဟောင်းများကို တွေ့ရသည်။ သို့သော် သစ်လွင်နေသော ကတ္တရာလမ်း၊ လမ်းဘေးဝဲယာက စားသောက်ဆိုင်များနှင့် ဟိုတယ်များ၊ ပေါများစွာတွေ့နေရသော ဆိုင်ကယ်များကြောင့် မြို့တော်ဟောင်းတစ်ခုထဲသို့ ရောက်နေသည်ဟူသော ခံစားချက်က ရင်ထဲသို့ မည်သို့မျှ ဝင်မလာချေ။ အရာရာအားလုံးသည် သဘာဝအတိုင်း ရှိမနေဘဲ သပ်ရပ်စွာပြင်ဆင်ထားသည်ဟုသာ မြင်မိသည်။
တည်းမည့်ဟိုတယ်က ညောင်ဦးရှိ Amazing Bagan Resort။ ပုဂံမြို့ဟောင်း သင်္ဘောဆိပ်မှ ဟိုတယ်သို့ သွားရာလမ်းတွင် ပထမဆုံးအဖြစ် အလိုတော်ဘုရားကို ဝင်ဖူးသည်။ ရွှေရောင်တဝင်းဝင်းနှင့် စေတီကို မြင်ရသည့်အခိုက် ကျွန်မစိတ်ထဲ နှမြောမိသလို၊ တစ်ခုခု ဆုံးရှုံးသလို ခံစားလိုက်ရသည်။ တစ်ပြိုင်နက်တည်း ပုဂံမှာ ရှိနေမည့်ရက်အတွင်း ထိုခံစားချက်ပေါင်းများစွာကို ခံစားရမည်ဖြစ်သောကြောင့် ကျွန်မ၏ မျှော်လင့်ချက်တွေကို လျှော့ထားဖို့ပါ ပြင်ဆင်ရမည်ဖြစ်ကြောင်း သတိထားမိသည်။ အထဲတွင် တွေ့ရသည်ကလည်း ရွှေရောင်ရုပ်ပွားတော်များ။ ရွှေမြန်မာဟူသော အမည်နှင့် လိုက်ဖက်ပါပေ့။ စိတ်ဓာတ်ကလွဲ၍ အရာရာကို ရွှေချချင်သူများပင် ဖြစ်သည်။ နံရံဆေးရေးပန်ချီများကိုတော့ ရှေးနှစ်ပေါင်း (၂၀၀၀) ကျော်ကကဲ့သို့ မူရင်းအတိုင်း ထိန်းသိမ်းထားမည်ဟု ယူဆမိသည်။ မအီမလည် ခံစားချက်ကြောင့် အလိုတော်ပြည့်ဘုရားတွင် မည်သည့်အလိုဆန္ဒကိုမျှ ဆုမတောင်းခဲ့ဘဲ ပြန်ထွက်လာခဲ့မိသည်။
ထို့နောက် ဟိုတယ်ကို တိုက်ရိုက်မောင်းသည်။ (၁၁) နာရီဝန်းကျင်ခန့်တွင် ဟိုတယ်ကိုရောက်တော့ check-in ဝင်၍ မရသေးပေ။ သို့နှင့် reception တွင် luggage များကို အပ်ခဲ့ပြီး ပုဂံရုံးသို့ သွားကြသည်။ ညောင်ဦးရှိ ဟိုတယ်မှ ပုဂံမြို့သစ်ရှိ နယ်ရုံးသို့ သွားရာလမ်းတွင် အာနန္ဒာဘုရားကို ဝင်ဖူးသည်။ အာနန္ဒာဘုရားပွဲကို နှစ်စဉ် ပြာသိုလ တစ်လလုံးနီးပါး ကျင်းပကြသည်။ အစည်ကားဆုံးကတော့ ပြာသိုလပြည့်နေ့ဖြစ်သည်။ ကျွန်မတို့ ရောက်သည့်နေ့က ပြာသိုလပြည့်ကျော် (၁၀) ရက်နေ့ဖြစ်သည့်အတွက် ဈေးဆိုင်ခန်းများကို သိပ်မတွေ့ရတော့ချေ။ သို့သော် ဘုရားဖူးများကတော့ များပြားဆဲပင် ဖြစ်သည်။ ဘုရားပွဲရက်ဖြစ်သောကြောင့် ပြည်တွင်းဘုရားဖူးများကို ပိုတွေ့ရသည်။
ဂန္ဓာကုဋီတိုက်ထဲသို့ ဝင်လိုက်သည်နှင့် မတ်ရပ်ရုပ်ပွားတော်ကို တွေ့ရသည်။ တစ်ပြိုင်နက်တည်းပင် ရန်ကုန်က ယူလာသော ပုဂံဘုရားပုထိုးများ စာအုပ်သည်လည်း ဟိုတယ်က အိတ်ထဲတွင် ကျန်ခဲ့ကြောင်း သတိရသွားမိသည်။ ထိုစာအုပ်ထဲတွင် ပုဂံရှိ ထင်ရှားသော ဘုရားများ၏ ထူးခြားချက်များကို ရေးထား၏။ ဘုရားကို ဦးချရုံသက်သက်ဖြင့် ဝင်ရမည့်အဖြစ်မှာ အလွန်ပင် ပျင်းစရာကောင်းပေသည်။ သို့သော် အာနန္ဒဘုရားနှင့် ပတ်သက်၍ ကျွန်မအလွန်ကြည့်ချင်နေသော အရာတစ်ခုရှိသည်။ ဂန္ဓာကုဋီတိုက်၏ လေးဘက်လေးတန်ရှိ မတ်ရပ်ရုပ်ပွားတော်လေးဆူအနက် တစ်ဆူသော ဘုရားသည် အဝေးကကြည့်လျှင် ပြုံးနေသည့်ပုံဖြစ်ပြီး အနီးကပ်မော့ကြည့်လျှင် တည်ကြည်သောအိန္ဒြေကိုဆောင်နေသည့်ပုံ ဖြစ်သည်။ သို့သော် ဘယ်ရုပ်ပွားတော်မှန်း သေချာမသိ။ ထို့ကြောင့် ဝင်ဝင်ချင်းတွေ့ရသည့် ရုပ်ပွားတော်ကို အသေအချာကြည့်သည်။ ပြုံးသယောင်ယောင်တော့ ဖြစ်နေ၏။ သို့သော် မသေချာ။ အနီးကပ်မော့ဖူးတော့လည်း သိပ်မထူးခြား။ သို့နှင့် တစ်ပတ်ပတ်ကြသည်။
ဘုရားထဲတွင် ဘုရားဖူးများက အပြည့်ပင်ဖြစ်သည်။ နိုင်ငံခြားသားဧည့်သည်များနှင့် ဂိုက်များကိုလည်း တွေ့ရသည်။ တစ်နေရာရောက်တော့ ဂိုက်တစ်ယောက်က မှောင်မည်းနေသော နံရံကို ဓာတ်မီးနှင့်ထိုးပြပြီး နံရံဆေးရေးပန်းချီများအကြောင်းကို အင်္ဂလိပ်လို ရှင်းပြနေသည်။ ကျွန်မလည်း နားထောင်ကောင်းကောင်းနှင့် နားထောင်နေမိရင်း ဂိုက်က လှည့်ကြည့်တော့မှ သတိပြန်ဝင်ပြီး ပြန်ထွက်လာမိသည်။ နောက်ထပ် မုခ်တစ်ခုဘက်ရောက်တော့ နားထဲဝင်လာသော အသံတစ်ခုကြောင့် ထခုန်မတတ်ပင် ဝမ်းသာသွားမိသည်။ Le Bouddha ne sourit plus (ဘုရား ပြုံးတော်မမူတော့ဘူး) တဲ့။ ကျွန်မ သိချင်နေသည့် ရုပ်ပွားတော်ပင်။ ကြည့်လိုက်တော့ ပြင်သစ်ဂိုက်အစ်မတစ်ယောက်က ဧည့်သည်တွေကို ရှင်းပြနေခြင်းဖြစ်သည်။ ကျွန်မလည်း ဘုရားထိုင်ရှိခိုင်းရင်း ဆက်နားထောင်နေမိ၏။ ထို့နောက် သူက ဘုရားမျက်နှာတော်နှင့် တည့်တည့်က အပေါက်ကို ညွှန်ပြရင်း သည်အပေါက်တွင် ထွန်းထားသော လျှပ်စစ်မီးက ယခင်က မရှိကြောင်း၊ နေထွက်လာလျှင် ဘုရားမျက်နှာတော်ဆီသို့ နေရောင်ရောက်ကြောင်း၊ ရှေးခေတ်က ဗိသုကာလက်ရာဖြစ်ကြောင်း ရှင်းပြသည်။ သူတို့ထွက်သွားတော့မှ ဘုရားမျက်နှာတော်ကို အဝေးကဖူး၊ အနီးကပ်မော့ဖူးပြီး ဓာတ်ပုံရိုက်သည်။
ရုပ်ပွားတော် တစ်ဆူချင်းစီ၏ ဘေးဘက်နံရံတွင် ကျန်စစ်သားမင်းကြီးနှင့် ရှင်အရဟံတို့ ပုဆစ်တုပ်ပြီး လက်အုပ်ချီထားသည့် ရုပ်ထုများကို တွေ့နိုင်သည်။ မတ်ရပ်ရုပ်ပွားတော်၏ အခြေရှိ ဆင်းတုများကို ရွှေသင်္ကန်းကပ်လှူနိုင်သည်။ ဝင်ပေါက်များရှိ ကြီးမားသော ကျွန်းတံခါးကြီးများကလည်း အံ့မခန်းဖွယ်လက်ရာကို ပြသနေသည်။ တစ်ပတ် ပတ်ကြည့်ပြီး ပြန်ထွက်ကာနီးတွင် ဂိုက်တစ်ယောက်က နံရံကို ဓာတ်မီးနှင့်ထိုးပြီး ရှင်းပြနေသည်ကို တွေ့ရပြန်သည်။ သည်တစ်ခါကတော့ ရုပ်လုံးရုပ်ကြွများအကြောင်း။ မြတ်စွာဘုရား ပဋိသန္ဓေတည်သည့်အခန်းကို သရုပ်ဖော်ထားသည်။
အမှန်တော့ ပုဂံဘုရားများအကြောင်းကို အသေအချာလေ့လာပြီး စာအုပ်စာတမ်းအစုံအလင်နှင့် လာရလျှင် ပိုကောင်းမည်ဟု ထင်မိသည်။ ကြည့်ချင်သည့်အရာတွေ များနေသေးသော်လည်း စောင့်နေရသည့် ပုဂံရုံးကအစ်ကိုကို အားနာသောကြောင့် ပြန်ထွက်လာခဲ့ရသည်။ သို့နှင့် အာနန္ဒာဘုရားမှထွက်ပြီး ပုဂံရုံးတည်ရှိရာ Bagan House Lacquerware Workshop သို့ နေ့လည် (၁၂) နာရီခွဲခန့်တွင် ရောက်ရှိခဲ့ပါသည်။
26 comments
Mr. MarGa
February 25, 2014 at 11:07 am
နံရံဆေးရေးပန်းချီကို ဓာတ်ပုံရိုက်ခွင့် ပေးသလား၊ ပေးသင့်လား ???
လျှပ်စစ်မီး ယဉ်ကျေးမှုကို နေရာတိုင်းမှာ သိမ်းပိုက်ခွင့် ပေးသင့်သလား….မထွန်းဘဲ ဒီအတိုင်း သဘာဝအလင်းရောင်နဲ့ အဆင်မပြေနိုင်ပေဘူးလား????
အာနန္ဒာ ဘုရားပွဲဈေးဟာ အညာအငွေ့အသက်တွေ လွှမ်းခြုံနေတတ်တယ်လို့ မှတ်ထားမိသလိုပဲ…..နောက်ထပ်ရောက်ဖြစ်သေးသလား ????
အလင်းဝင်ပေါက်က ပကတိ အလင်းလား လျှပ်စစ်မီးကို ရိုက်ထားတာလား…???
ခရီးသွားမှတ်တမ်းမို့ ဒါလောက်ပဲ မေးဘရဇီ :mrgreenn:
လုံမလေးမွန်မွန်
February 25, 2014 at 1:38 pm
-ရိုက်ခွင့်မပေးတဲ့ ဘုရားတွေက များပါတယ်.. ဒီဘုရားမှာ No Camera လို့ မရေးထားလို့ ရိုက်ခဲ့ပါတယ်..
-သဘာဝအတိုင်းထားတဲ့ ဘုရားတွေလည်း များပါတယ်.. ဒီဘုရား ၂ ဆူမှာတော့ မီးတွေ ထွန်းထားပါတယ်..
-နောက်တစ်ခေါက်တော့ ထပ်မရောက်ဖြစ်တော့ဘူး.. ပွဲတော်သိမ်းတဲ့အချိန်ရောက်နေတော့ ဘာမှလည်း သိပ်မရှိတော့ဘူးလေ…
-အလင်းဝင်ပေါက်က လျှပ်စစ်မီးထွန်းထားတာပါ.. သဘာဝအတိုင်းမမြင်ရလို့ မကျေမနပ်နဲ့ ပြန်ခဲ့ရတာ.. ဒါပေမယ့် မီးထွန်းထားတာတောင် အထဲမှာ မှောင်တယ်.
မဟာရာဇာ အံစာတုံး
February 25, 2014 at 11:20 am
အယ် .. ပုံလေးတွေက လှလိုက်တာ ..
ရိုက်တဲ့လူက လှလို့နေမှာ …
ဒါနဲ့ … ကြော်ငြာထဲက မင်းဒမီးလေးဂ ဘယ်ဒူဒုံးဟင်င် ..
ကြိုက်ရို့ … ဟီဟိ
လုံမလေးမွန်မွန်
February 25, 2014 at 1:51 pm
ဘယ်ဘက်က မင်းဒမီးဂို ကျောဒါရဲအင်.. ၂ ယောက်ချိတယ်ရေ..
မင်း ခန့် ကျော်
February 25, 2014 at 12:32 pm
ပုဂံ ကိုတခေါက်ပြန်ရောက်သွားသလိုလိုပဲ။
အားကျမိပါတယ် ။
လုံမလေးမွန်မွန်
February 25, 2014 at 2:01 pm
အနော်လည်း တစ်ခေါက်ပြန်သွားချင်နေတယ်.. 🙁
Foreign Resident
February 25, 2014 at 1:20 pm
ကြော်ငြာလေးကတော့ မဆိုးရှာပါဘူးကွယ် ။
လုံမလေးမွန်မွန်
February 25, 2014 at 2:02 pm
ဟိ..အားပေးတယ်တော့်..
kyeemite
February 25, 2014 at 2:03 pm
ပုံလေးတွေ ကြည့်ပြီးအားပေးသွားပါတယ်…ဒီဇင်ဘာတုန်းက မိသားစုနဲ့ ပုဂံ၊ ညောင်ဦး၊ ပုပ်ပါး
ရောက်ဖြစ်သေးတယ်…ပုံတွေကလက်ရာမမှီလို မတင်တော့တာ.. 🙂
လုံမလေးမွန်မွန်
February 27, 2014 at 5:12 pm
သမီးက သိပ်အစုံမရောက်ခဲ့ဘူး အူးမိုက်.. အဆင်ပြေရင် တင်ပေးပါဦး..
မမချွိ
February 25, 2014 at 3:54 pm
တော်တာ။
စာရေးတာရော။
ဓာတ်ပုံရော။
🙂
လုံမလေးမွန်မွန်
February 27, 2014 at 5:12 pm
ဘူ့ ညီမလေးလည်း မတိပု.. 🙂
မိုး မင်းသား
February 25, 2014 at 7:26 pm
မွန်မွန်ရေ…
အစ်ကိုလည်း..ပုဂံကို..14ရက်ကြာ.ရောက်ဖုူးတယ်…
ပုပ္ပါးရော..နှစ်ကျပ်ခွဲရွာက.. ထီးတော်လှုပ်စေတီ…အဲဒီဘက်ကိုတောင် ရောက်တယ်..။
တည်းတာကတော့..လောကနန္ဒာ ဘုရားပေါ်မှာ…
ညနေဆို..ဧရာဝတီမြစ်ရေ..ဆင်းချိုးရတာအမော..
ရျွှေအိမ်စည်… တစ်ပင်တိုင်မြနန်းကို သွားရတာအမော…
လောကနန္ဒာ.. ဘေးမဲ့ဥယာဉ်ထဲမှာရှိတယ်..
ထန်းရည်တောင် သောက်ခဲ့ကြသေး…
လူကြီးတွေ မသိအောင်…
အော်.. သိရိပစ္စယာ ရွာက… ဇီးကွက်စိန် အိမ် ကိုတောင်ရောက်ခဲ့သေးတယ်..။
အဲဒီရွာက ကလေးတွေလိုက်ပို ့ခဲ့လို ့ပါ. ..။
မွန်မွန်အခုလိုတင်တော့..ပြန်လွမ်းသွားခဲ့မိတယ်..။
လုံမလေးမွန်မွန်
February 27, 2014 at 5:13 pm
အမယ်လေး.. ၁၄ ရက်တောင်.. ပျော်စရာကြီး…
အဲဒီလို အေးအေးဆေးဆေးသွားချင်တာ.. အခုတော့ ၂ ရက်ထဲကို ဝုန်းဒိုင်းကျဲပြီး ပြန်လာရတယ်.. 🙁
Ma Ei
February 26, 2014 at 10:37 am
နေ ထွက်လာလဲလှ ဝင်သွားလဲလှ စောင့်ကြည့်ရ လှတဲ့ ပုဂံ…
အခေါက်ခေါက်ရောက်လဲ နောက်တစ်ခေါက်အမြဲ သွားချင်ဆဲ ပုဂံ…
လုံမလေးမွန်မွန်
February 27, 2014 at 5:35 pm
ပြောရင်း လွမ်းလာပြီ..
TNA
February 26, 2014 at 4:30 pm
မေ့တောင်နေပါပကောလားကွယ်။ ရှေ့ပြန်နူးရသေး။ ပုဂံကိုပိုလွမ်းသွားတယ်ဟယ်
လုံမလေးမွန်မွန်
February 28, 2014 at 9:53 am
ဟုတ်တယ် တီသဲရယ်.. ဘယ်လိုမှ စာမရေးနိုင်ဘူး ဖြစ်နေလို့…
စောင့်ပေးဦးနော်..
Ma Ma
February 26, 2014 at 5:58 pm
ပင်ကိုယ်က ခရီးသွားရတာကို သဘောကျတယ်။
ခရီးတိုကတော့ မကြာခဏသွားဖြစ်တယ်။
တခါတုန်းက မမျှော်လင့်ပဲ ခရီး(ရှည်)ထွက်ခဲ့ရတုန်းက စိတ်လွတ်ကိုယ်လွတ်ပျော်ခဲ့ရလို့ To escape from daily life ဆိုတာကို သဘောတူတယ်။ 🙂
ဒါ့ထက် ……
(အရာရာအားလုံးကိုပင် မေ့သွားစေနိုင်စွမ်းသည်။) ….
ဆိုတာကိုတော့ မယုံချင်ဘူး။ :kwi:
လုံမလေးမွန်မွန်
February 28, 2014 at 9:54 am
ဟီး. ရှူး.. တိုးတိုး.. ဂယ်မေ့တွားဒါ… ပတ်ဝန်းကျင်မှာ မျောပြီးတော့လေ.. 😛 😛
alinsett ( Gazette )
February 26, 2014 at 6:21 pm
သွားချင်လိုက်တာ
သွားချင်လိုက်တာ
သွားချင်လိုက်တာ
🙂
လုံမလေးမွန်မွန်
February 28, 2014 at 9:55 am
နာလည်း ပြန်သွားချင်နေပါတယ်ချို..
Crystalline
February 27, 2014 at 12:49 pm
မွန်မွန်လေးက စာရေးကောင်းလိုက်တာ.. အစ်မတို့များ ပုဂံကို ၂ခါရောက်ခဲ့ပြီး ခုများပြန်မေးရင် တခုမှ မမှတ်တော့ဘူး…
လုံမလေးမွန်မွန်
February 28, 2014 at 9:57 am
ဓာတ်ပုံတွေသာ ရိုက်မလာရင် အကုန်မေ့နေလောက်ပြီ… ဓာတ်ပုံတွေကြည့်ပြီး ပြန်စဉ်းစားရေးရတာ. ဟီး..
nozomi
February 28, 2014 at 4:39 pm
ဒီ မန်း ပုဂံ ပို့စ် တွေ အားလုံးဖတ်ဖြစ်တယ်
အခုမှ မန့် ဖြစ်တယ်ထင်တယ်
အားလုံးကို ကြိုက်တယ် ဒီ ပို့စ် လေးက အရေးအသားလေးတွေကတော့ အကြိုက်ဆုံးပဲ
(ဖတ်နေရင်း နဲ့ ဒါမျိုးလေး ရေးတတ်ချင်လိုက်တာ လို့ တွေးမိသွားတယ်)
ဓါတ်ပုံတွေ ကြည့်မိတော့ လက်ရှိဘဝ မွန်းကျပ်မှုတွေကနေ ခဏ လွတ်မြောက်သွားတယ်
မြစ်ပြင်ကျယ်ကြီး မြင်ရ ငေးရ တွေးရတာကိုက ကျေနပ်စရာ အပြည့်ပဲ
ဓါတ်ပုံထဲက ပုံက အပြင်ကို မမှီဘူးလားလို့ ……
လုံမလေးမွန်မွန်
March 1, 2014 at 1:15 pm
နောက်ဆုံးစာကြောင်းကို သဘောအကျဆုံးပဲ.. 🙂
အခုလို အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော် ဦးနို..
၄ ရက်လောက်ခရီးကို အပိုင်းတွေအများကြီးဖြစ်နေလို့ အားနာနေတာ.. ခရီးတစ်လျှောက် သွားခဲ့တာတွေအပြင်၊ တွေးမိတာ မြင်မိတာတွေပါ ရေးနေတော့ ဝေ့နေသလို ဖြစ်နေလားလို့ စိုးရိမ်နေမိလို့.. 🙄