English for Emergency – အရေးပေါ်သုံး အင်္ဂလိပ်စာ(၂)
ယခင်လက ယာဉ်ထိန်းရဲများက မိမိ၏ကားကို အကြောင်းတစုံတရာကြောင့် ရပ်တန့်ခဲ့လျှင် မည်သို့နေရမည်၊ မည်သို့ပြောဆိုရမည်ဆိုသည်ကို အထိုက်အလျှောက် တင်ပြခဲ့ပြီးပါပြီ။ ယခုလတွင် လိုအပ်သည်လေးများကို ဖြည့်စွက်ပြီး စာရေးသူ၏ကိုယ်တွေ့ အတွေ့အကြုံလေးများပေါ် အခြေခံထားသည့် Conversation များကို ဖေါ်ပြပေးလိုပါသည်။ ဦးစွာပထမ မှာကြားလိုသည်မှာ ကားမမောင်းခင် မိမိ၏ကားထဲမှာ လိုအပ်သည့် အရေးကြီးသည့်စာရွက်စာတမ်းများကို အဆင်သင့် ဆောင်ထားရန် လိုအပ်ပါသည်။ ပြင်ဆင်ထားသင့်ပါသည်။
Licence
Proof of registration
Proof of insurance
Necessary စာရွက်စာတမ်းအားလုံးကို အလွယ်တကူပြနိုင်ရန် စီစဉ်ထားပါ။ အဆင်မသင့်၍ ရဲများနှင့် ကြုံတွေ့ရသည့်အခါ၊ ဆက်ဆံရသည့်အခါ အလွယ်တကူ ထုပ်ပြနိုင်ဖို့အရေးကြီးပါသည်။ ရဲများက တောင်းဆိုသည့်အခါမှ အကြီးအကျယ် ရှာရဖွေရပြီဆိုလျှင် တမျိုးတမည် ထင်သွားနိုင်ပါသည်။ စာရေးသူ တချိန်က ရေးသားဖေါ်ပြဘူးသည့် perception နှင့် reality ဆိုသည့် ဝေါဟာရလေးနှစ်ခုကို သတိရစေလိုပါသည်။ ဒီလို ရဲများနှင့် ပတ်သက်ရသည့်အခါ အထူးအရေးကြီးပါသည်။ reality မှာ မိမိမှာ မဟုတ်တာဘာမှ မလုပ်ထားပါ။ ဒီတော့ ဖုံးကွယ်စရာ စိုးရိမ်စရာလည်း မရှိပါ။ သို့သော် ရဲများရှေ့မောက် ရောက်မှ ဟိုရှာဒီရှာနှင့် လိုအပ်သည့်စာရွက်စာတမ်းများ မတွေ့နိုင်ဘဲ ကြာနေခဲ့လျှင် perception က မကောင်းတော့ပါ။ ထို့ကြောင့် suspicion တို့ ၊ resentment တို့ ရဲများ၌ ဖြစ်လာခဲ့လျှင် မိမိအတွက် မကောင်းတော့ပါ။ အနည်းဆုံး ရဲများက ခပ်ရိုင်းရိုင်း၊ ခပ်ပြတ်ပြတ်ပြောဆိုလာမည်၊ ဆက်ဆံလာမည် ဖြစ်ပါသည်။ ကံမကောင်းလျှင် ယာယီချုပ်နှောင်ခြင်း ခံရမည်ဖြစ်ပါသည်။ စာရေးသူ၏ ကိုယ်တွေ့အဖြစ်အပျက်ကလေးများကို ဖေါ်ပြပေးလိုက်ပါသည်။
တခါ စာရေးသူ၏ကားကို နောက်မှ ဝင်တိုက်မိသည့် driver က ရဲများနှင့် သိပုံရပါသည်။ ထိုသူ ခေါ်လိုက်၍ ရောက်လာသည့်ရဲက စာရေးသူကို insurance မခေါ်ဘို့၊ ဘာမှ ပြဿနာ မရှာဘို့ နည်းမျိုးစုံနှင့် ပြောလာပါသည်။ ထို conversation လေးကို မှတ်မိသ၍ ပြန်လည်ဖေါ်ပြလိုက်ပါသည်။
Police: Did you signal when you went into his lane.
Me: Yes, I did.
Police: (Showing some kind of a chart) You see, here. You must leave space when you enter
someone’s lane. If you don’t leave enough space, it can be considered your fault.
Me: He hit me from behind. That’s all I can say.
Police: My advice is not to get insurance companies involved. His car is damaged. Yours is
damaged. Just let it go.
Me: We already exchanged insurance information. I will let the agents handle it.
Police: I think you are making a big mistake. Don’t say, I didn’t warn you.
Me: Thank you.
ဖေါ်ပြပါ Conversation လေးကို ကြည့်လျှင် ရဲက ဘက်လိုက်နေသည်မှာ ထင်ရှားပါသည်။ ၎င်းက တဖက်မှ driver နှင့် သိ၍ဖြစ်စေ၊ စာရေးသူလိုလူနှင့် အဖြူတယောက် ပြဿနာဖြစ်နေ၍ဖြစ်စေ၊ ဘာအကြောင်းကြောင့်မဆို discriminate လုပ်နေသည်မှာ ထင်ရှားနေပါသည်။ သို့သော် ဒီလိုနေရာမျိုးမှာ၊ ဒီလိုအချိန်မျိုးမှာ race card ကစားလိုက်လျှင် ပြဿနာက ပိုမိုကြီးထွားလာနိုင်ပါသည်။ ရဲအရာရှိက insurance မခေါ်ဘို့ပြောလေ၊ စာရေးသူက နိုင်ဘို့ သေချာနေသည်ဖြစ်၍ ရဲအရာရှိကို၎င်း၊ အခြား driver ကို၎င်း၊ ငြင်းခုံနေ၍ တနည်းအားဖြင့် antagonize လုပ်နေ၍ အကြောင်းထူးမည် မဟုတ်ပါ။ ထို့ကြောင့် ရေလိုက်ငါးလိုက်သာ ပြောနေလိုက်ခြင်း ဖြစ်ပါသည်။ တကယ်လည်း insurance ခြင်း စကားပြောကြသည့်အခါ၊ စာရေးသူတို့ဖက်က အနိုင်ရခဲ့ပါသည်။ ထိုက်တန်သည့် လျော်ကြေး ရခဲ့ပါပြီ။ ဒုတိယဖေါ်ပြလိုသည့် Conversation လေးမှာလည်း ရဲအရာရှိများ၏ prejudice က ပေါ်လွင်နေပါသည်။ စာဖတ်သူများ သတိထားဖို့က discrimination က illegal ဖြစ်သော်လည်း prejudice ဆိုတာကို ဉပဒေနှင့် တား၍မရပါ။ prejudice ဆိုသည်က လူတယောက်၏ စိတ်ထဲမှဖြစ်နေခြင်းကြောင့် ပြုပြင်ပြောင်းလဲဖို့ မလွယ်လှပါ။
အရေးယူ၍လည်း မရနိုင်ပါ။ ထို့ကြောင့် ဒေါသမထွက်မိစေဘဲ၊ အပြင်မှာတော့ အပြုံးမပျက်ဖို့ အရေးကြီးပါသည်။ မိမိဖက်က မှန်နေသော်လည်း တဖက်သားကို မနစ်နာသွားစေရန်၊ အရှက်မကွဲသွားစေရန် ထိန်း၍ပြောဆိုရပါသည်။
Police : Sir, do you known why I stopped you?
Me: Is it because I turned right onto the ramp even though the light is red.
Police: Yes, you see there is a sign clearly stating, “No right turns on red Monday through
Friday.”
Me: Yes, I saw the sign.
Police: Then, why did you turn right?
Me: Today is Saturday, right?
Police: Oh! Okay, go ahead but be careful.
Me: Thank you.
ဖြစ်ပုံက စာရေးသူသည် freeway ပေါ် တက်ရန် ramp ပေါ်သို့ မီးနီနေစဉ် ကားရှင်းနေ၍ ညာဘက်ချိုးပြီး တက်လိုက်ပါသည်။ ထိုအခါ နောက်မှာ ပါလာသည့် ရဲကားက မီးပြပြီး အတင်းရပ်ခိုင်းခြင်း ဖြစ်ပါသည်။ သူဒီလို မရပ်ခိုင်းခင်ကတည်းက စာရေးသူတို့ အမှားလုပ်ဖို့ စေါင့်နေတာ ထင်ရှားပါသည်။ ဒီ conversations နှစ်ခုမှာ အမှန်တကယ် ကြုံတွေ့ခဲ့ရသည့် conversations လေးများ ဖြစ်ပါသည်။ စာရေးသူ အဓိက ပြောလိုတာက စာဖတ်သူများအားလုံး သတိရှိရန် လိုအပ်ပါသည်။ နေရာတကာမှာ တိုက်ပွဲဝင်နေရန် မလိုပါ။ အထူးသဖြင့် အများနှင့် ဆက်ဆံရသည့်အခါ အထူးသတိထားပြီး Firmly but politely ပြောဆိုကြပါ။ စာဖတ်သူအားလုံး ဘေးရန်ကင်းဝေးကြပါစေ။ အပြုံးလေးများဖြင့် prejudice ရှိသူများကို အနိုင်ယူနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါသည်။
Prfo: Myo Kyaw Myint
