ထူးဆန်းသော ပြဇာတ်ဝါသနာရှင်

khinmintatthuMay 17, 20101min1300

ဇာတ်ခုံတစ်ခု၏အဓိက အဆင်တန်ဆာဖြစ်သော ပြည်ဖုံးကား မှာ စင်တင်ကပြသူတို့နှင့် ရှုစားသူတို့၏ နယ်ခြားစည်းဖြစ်ပါသည်။ ပြည်ဖုံးကားကို အများအားဖြင့် ကတီ္တပါသားဖြင့် ပြုလုပ်လေ့ရှိကြ သည်။ ပိုး၊ ဖဲ အစရှိသော အဖိုးတန်အလှအပ အထည်အလိပ်တို့ဖြင့် ပြုလုပ်မှုနည်းပါး၏။ အကြောင်းမူကား ကတ္တီပါသည် လေးတွဲ့ သိပ်သည်း၏။ လေးတွဲ့ခြင်းကြောင့် အဖွင့် အပိတ် အတင် အချ ပြုလုပ်ရာတွင် ညက်ညောညင်သာစွာ ဣန္ဒြေရရပိတ်၏။ ပွင့်၏။ သိပ်သည်းမှုရှိခြင်းကြောင့် အတွင်းဘက်ရှိ လှုပ်ရှားသွားလာလုပ်ကိုင် နေကြသည်များကို ရွှေပွဲလာတို့က မမြင်နိုင်။ ပိုး၊ ဖဲ စသည်တို့မှာ လှပအဖိုးတန်သည်မှာ မှန်၏။ သို့သော် ပေါ့သည်၊ ပါးသည်။ ပေါ့ သောကြောင့် အဖွင့်အပိတ် အတင်အချတွင် လွင့်လွင့်ပါးပါးသားနား သေသပ်မှုမရှိသကဲ့သို့ ပါးလှပ်ခြင်းကြောင့် မီးရောင်ဖြင့် ဇာတ်ခုံအတွင်း ဘက်မှ ဆက်တင်အခမ်းအနားများပြင်ဆင်ကြခြင်း၊ သရုပ်ဆောင်မည့် သူတို့ ပြေးလွှားနေရာယူစသော လှုပ်ရှားမှုအဝဝတို့ကို အရိပ်အယောင် ဖြင့် မြင်တွေ့နိုင်ပေမည်။ အခြားအချက်တစ်ခုမှာ ကတီ္တပါသည် မင်းသုံး၊ စိုးသုံး အထည်အလိပ်ဟု မြန်မာလူမျိုးတို့က ယုံမှတ်လာခဲ့ ကြ၏။ တန်ဖိုးထားကြ၏။
အငြိမ့်၊ ဇာတ်သဘင်၊ ပြဇာတ်၊ ပွဲ တစ်ခုလာရောက်ကပြ မည်ဟု ရုံတွင်း၌ပြင်ဆင်မွမ်းမံခဲ့ကြသောအခါ ပြည်ဖုံးကားကြီးကို ဦးစွာရှေ့ဆုံးမှ ဆင်ယင်ကြ၏။ အကဲခတ်သူတို့က ရုံတွင်းသို့ဝင်၍ ကြည့်ရှုကြကာ အဆင်အပြင်၊ အမွမ်းအမံ ကောင်း၏ မကောင်း၏ ကို သုံးသပ်ဆုံးဖြတ်ကြသည်။ ကတ္တီပါပြည်ဖုံးကားကြီးကို ရွှေချည် တွေထိုးလို့ကွာ လှလိုက်တာဟေ့ဟုလည်းကောင်း၊ ပြည်ဖုံးကားကိုက တွန့်ကြေစုတ်ပြတ်နေတာပါကွာ။ ဘယ်နိပ်တော့မှာတုံး ဟူ၍ လည်းကောင်း ရပ်တွင်းရွာတွင်းသို့ သတင်းလွှင့်ကြပါလိမ့်မည်။
ညဘက် ဇာတ်ပွဲ၊ အငြိမ့်ပွဲ၊ ပြဇာတ် စသည်တို့ မကပြမီ ပရိသတ်များ ရုံတွင်းသို့ဝင်လာကြကတည်းက ထိုပြည်ဖုံးကားကြီးကို သာ တွေ့မြင်ကြရ၏။ ပွဲမထွက်မချင်း မမြင်လို၍ မနေရပါ။ မိမိတို့ မြင်တွေ့နေရသော ပြည်ဖုံးကားကြီး၏ ဟိတ်ဟန်ဣန္ဒြေခံ့ညားမှု၊ လှပမှု တို့က မမြင်မတွေ့ပါသေးသော အနုပညာရှင်တို့၏ အရည်အသွေးကို တွေးတောငေးမော၍ အာရုံဝင်စေတတ်ပါသည်။ အပြင်ကမြင်နေရတာ ကိုက ဒါလောက်ကျက်သရေရှိနေတာ အတွင်းဘက်က ထွက်ပေါ်လာ မယ့် အနုပညာတင်ဆက်မှုတွေကတော့ ဘာကောင်းသလဲမမေးနဲ့ဆိုတာ လို နေမှာပေါ့ဟု ပြောနိုင်လောက်ပါသည်။ ပြည်သူပရိသတ်၏ စိတ်အာရုံကို ဆွဲငင်ညှို့ဖမ်းရသည်မှာ အလွန်ခက်ခဲနက်နဲလှပါသည်။ ရှေးရှေးခေတ်များစွာကတည်းက အနုပညာရှင်ကြီးများသည် ထိုခက်ခဲ မှုတို့ကို ဖြေရှင်းကျော်လွှားနိုင်အောင် ကြိုးစားလာခဲ့ကြပါသည်။ ဇာတ်ရုံ အတွင်းသို့ ရောက်လာကြပြီး ဖျာနေရာရှာကြ၊ လုကြ၊ စကားများကြ၊ ကလေးများကလည်း ပြေးကြ၊ လွှားကြ၊ အသိအကျွမ်းပေါသူတို့က လည်း အချင်းချင်းနှုတ်ဆက်ကြ၊ ရယ်ကြ၊ အော်ကြ၊ ဟစ်ကြ၊ လူပေါင်းစုံ၊ စရိုက်ပေါင်းစုံ စုပြုံထွေးလုံးနေသော ပရိသတ်ကိုဦးစွာ ဧည့်ခံ ဆိုင်းနှင့်စတင်၍ ပွဲသဘင်စတင်တော့မည်ဟု သတိပေးလိုက် သည်။ ၎င်းနောက် ရုံတွင်းမီးများ ငြိမ်းသက်သွား၍ ဇာတ်ခုံတစ်ဝိုက် ပြည်ဖုံးကားကြီးတစ်ခုတည်းသာ မြင်နိုင်လောက်အောင် မီးရောင်ပေး ကာ ပွဲစပါတော့မည်ဟု ထပ်မံဆွဲဆောင်ပြန်၏။ ဆူဆူညံညံအသံများ တစ်စစတိုးတိတ်သွားသည်။ နေသားတကျရှိသွားသည်။ ထိုအခါကျမှ ဇာတ်ခုံအတွင်းမှ သာယာသော သီချင်းသံပေး၍ ကတ္တီပါကားကြီး ဖြေးညှင်းစွာဖွင့်သွားပြီး အက၊ အလှ၊ ပသာဒ၊ အနုပညာကဏ္ဍ စတင်ပါတော့၏။ ထို့ကြောင့် ကတီ္တပါပြည်ဖုံးကားကြီးသည် တင်ဆက် မှု အနုပညာရပ်တွင် အရေးပါလှ၏။ အရောင်အသွေးရွေးချယ်မှုကိုပင်  အလေးထားစဉ်းစားခဲ့ကြပါ၏။ ပွဲမစမချင်း မြင်တွေ့နေရမည်ဖြစ်သော ကြောင့် တောက်တောက်ပြောင်ပြောင်စူးစူးရဲရဲ အရောင်အသွေးများကို ရှောင်ကြ၏။ မျက်စိကျိန်းလိမ့်မည်။ နီညိုရင့်၊ အပြာရင့်၊ အစိမ်းရင့်၊ အနီရင့်စသော အရောင်များကို သုံးလေ့သုံးထရှိပါ၏။
ပြဇာတ်၊ အငြိမ့်၊ ဇာတ်သဘင်၊ မျက်လှည့်စသော တင်ဆက် မှု အနုပညာရပ်များမှ သရုပ်ဆောင်မှုတို့မှာ ပြည်ဖုံးကားကြီးဖွင့်လိုက် သည့် တစ်ပြိုင်နက် ရှုစားသူပရိသတ်တို့နှင့် တိုက်ရိုက်တွေ့ဆုံဖြေဖျော် ခွင့် ရရှိသူများဖြစ်ပြီး ရုပ်ရှင်၊ ဗွီဒီယို၊ တီဗွီစသည်တို့မှ သရုပ်ဆောင် တို့သည်ကား ပိတ်ကား ဖန်သားတို့မှတစ်ဆင့် ပရိသတ်တို့ကို တွေ့ဆုံ ရခြင်းဖြစ်ပါသည်။
ပြည်ဖုံးကားနောက်ကွယ်တွင် နေကြရသော အနုပညာရှင်များ အထောက်အကူ ပံ့ပိုးသူများဖြစ်ကြသည့် ဆက်တင်သမား၊ မီးသမား၊ အသံသမားစသူတို့တွင် အလေ့အကျင့်တစ်ခုရှိကြ၏။ ပွဲမစမီ ပရိသတ် များ ရုံတွင်းသို့ဝင်လာကြပြီး နေရာယူသည့်အချိန်ပိုင်းအတွင်း ပြည်ဖုံး ကားကြားမှ ယနေ့ရွှေပွဲလာပရိသတ်တို့၏ အခြေအနေကို အကဲခတ် ခြင်းအားဖြင့် ချောင်းကြည့်တတ်ကြသည်။ ယနေ့တော့ လူပြည့်လိမ့် မည်။ လူနည်းနည်းကျသည်ဟု ဝေဖန်ကာ အားတက်အားငယ်ဖြစ်ကြ ရ၏။ ထို့အတူပင် အမြဲတစေလာရောက်အားပေးလေ့ရှိသူ ဖောက်သည် ပရိသတ်တို့ကိုလည်း မှတ်မိသိရှိကာ နာမည်ဝှက်အမျိုးမျိုး ချစ်စနိုး ပေးထားလေ့ရှိပါသည်။ ဝင်းဝင်းပြဇာတ်ခေတ်က ပေါက်ဖော်ဝဝကြီး တစ်ဦးနှင့် မိသားစုတို့မှာ ပွဲဦးညသောကြာနေ့တိုင်း ရှေ့ဆုံးတန်း အလယ်ခုံများတွင် ခြောက်ခုံတိတိယူ၍ အမြဲကြည့်လေ့ရှိပါသည်။ ထိုပုဂ္ဂိုလ်ကြီးကို ဦးဖိုးဝဟုလည်းကောင်း၊ ဘီးဆံထုံးကြီးအမြဲထုံး၍ ရင်ဖုံးအကျႌ အင်းလေးထမီအဆင်အမျိုးမျိုး ဝတ်ဆင်လေ့ရှိသူ အဒေါ် ကြီးနှင့် သမီးများက တတိယတန်းအလယ်ခုံ (ငါးကျပ်တန်း ဃ တန်း) တွင် တနင်္ဂနွေနေ့ နေ့လယ်ပွဲ၌ ကြည့်လေ့ရှိ၏။ (ထိုခေတ်က ငါးကျပ် တန်းဆိုသည်မှာ ပြဇာတ်ရှေ့ဆုံးတွင် ကြည့်ရသောနေရာဖြစ်ပါသည်။ ငါးကျပ်၏တန်ဖိုးမှာလည်း နည်းနည်းနောနောမဟုတ်၊ လင်မယား နှစ်ယောက် မနက်စာ ညစာထမင်း ဝဝချက်ပြုတ်စားနိုင်ပါသည်) ထိုအမျိုးသမီးကြီးကို ဆံထုံးကြီးဟု ခေါ်ကြသည်။
မျက်မှန်စိမ်းစိမ်းလေးတပ်ကာ ပြဇာတ်လာ၍ကြည့်တတ်သော အမျိုးသမီးလေးတစ်ဦးမှာ စနေနေ့ နေ့လည်ပွဲ (ပြဇာတ်စတင်ကပြ သည့် ဒုတိယနေ့)တိုင်း အဖော်အမျိုးသမီးကြီးနှစ်ဦးနှင့်အတူ လာလေ့ ရှိ၏။ သူ့ကို မမစိမ်းဟုခေါ်ကြပါသည်။ ဆက်တင်သမား၊ မီးသမား ကအစ ပြဇာတ်အဖွဲ့သားများမှာ ဦးဖိုးဝဟေ့…ဆံထုံးကြီးနှင့်အဖွဲ့၊ မမစိမ်းတို့လာပြီဆိုလျှင် မည်သူမည်ဝါဟု နားလည်သိရှိနေကြပါ သည်။ ဖောက်သည်ပရိသတ်တို့ကား သိမည်မဟုတ်၊ ပြဇာတ်ပညာရှင် များကသာ ၎င်းတို့ကို ဆွေမျိုးရင်းချာသဖွယ် ခင်တွယ်နေကြခြင်းဖြစ် ပါသည်။ အခြားအခြားသော ပရိသတ်များထဲမှ မှတ်မှတ်သားသား ပြုရသောပုဂိ္ဂုလ်များလည်း ရှိပါသေးသည်။ နာမည်ကျော် ဘီအိုင် ဦးထွန်းရွှေ၏ ညီ ဦးထွန်းဖေဆိုသော ပုဂိ္ဂုလ်ကြီးကား အလွန်ပျော်ရွှင် နောက်ပြောင်တတ်၏။ ပြဇာတ်ကို ရှေ့ဆုံးတန်းမှ ကြည့်လေ့ရှိပါသည်။ သူ၏ပါးစပ်မှ ခရာတွတ်သလို မြည်အောင်မှုတ်တတ်သည်။
ပြဇာတ်အသစ်ပြသည့်အချိန် ငါးပွဲ ခြောက်ပွဲလောက်အထိ ကျွန်တော်က ဇာတ်ခန်းစဉ်ဖြတ်တောက်မှုကို ခရာတွတ်၍အချက်ပေး ရ၏။ ထိုအခါ ဆက်တင်သမား၊ မီးသမားများက ဆက်တင်ကားချပ် ကြီးများ ရွှေ့ပြောင်း၊ မီးမှတ်၊ မီးဖွင့်၊ သရုပ်ဆောင်များက ဝင်ကြ၊ ထွက်ကြဖြင့် ဇာတ်လမ်းကို သွယ်ဆက်ရပါသည်။ တစ်ခုသော ပြဇာတ်ကပြနေစဉ် အခန်းတစ်ခန်းဖြတ်တောက်ရန် ကျွန်တော်က ခရာ တွတ်လိုက်၏။ မရှေးမနှောင်းခရာသံတစ်သံ ထွက်ပေါ်လာ၏။ ဘယ်ကအသံပါလိမ့်ဟု ကျွန်တော်လည်း မတွေးတတ်၊ ဆက်တင် မီးအဖွဲ့သားများကလည်း ဟိုကြည့်သည်ကြည့်နှင့် ဖြစ်ကုန်ကြသည်။ နောက် အခန်းများတွင် ဆက်တိုက်ဆိုသလို ကျွန်တော်၏ခရာတွတ်သံ နှင့် အမည်မသိ ခရာတွတ်သံတို့ ထွက်ပေါ်နေတော့ရာ ဆက်တင် သမား၊ မီးသမားတို့ ဆက်တင်ကားကြီးများဖွင့်ရနိုး ပိတ်ရနိုး၊ မီးမောင်း မီးလုံးများဖွင့်ရနိုး ပိတ်ရနိုး ယောင်ယောင်မှားမှားဖြစ်ကုန်တော့သည်။ အားလပ်ချိန်ပေးတော့မှ ဦးထွန်းဖေ၏ ပါးစပ်ချက်ဖြစ်ကြောင်း သိရှိ ရပါသည်။ ထိုပုဂ္ဂိုလ်ကြီး၏ ပါးစပ်ကလှုပ်မှန်းပင် မသိလိုက်ရဘဲ ခရာတွတ်သံထွက်လာသည်။ (ဘောလုံးပွဲတွင် ဒိုင်လူကြီးမှုတ်သည့် ခရာသံမျိုးဖြစ်ပါသည်) ကျွန်တော်တို့ကို ခရာတွတ်သံလေးမှုတ်ပြပြီး အားပါးတရရယ်လေ၏။ သူကတော့ ရယ်နိုင်ပါသည်။ ကျွန်တော်တို့မှာ အိုးနင်းခွက်နင်း ပြဇာတ်ပြကွက်တွေ ပျက်မသွားအောင် မနည်းထိန်း ကျောင်းလုပ်ဆောင်ခဲ့ရ၏။ ထိုဆရာကြီးအား ရှိခိုးဦးတင်တောင်းပန် ရသည်။ သူ့ကိုတုပ၍ တီးဝိုင်းမှ ထရန့်ပက်မှုတ်သူ မြင့်ဆွေလေးက လိုက်မှုတ်ကြည့်ရာ ဦးထွန်းဖေက ရအောင်မှုတ်နိုင်လျှင် ငါးကျပ်ပေး မည်ဟု ပြောသွား၏။
နောက်တစ်ပတ်ပြဇာတ်လဲ၍ ဦးထွန်းဖေလာကြည့်သောအခါ မြင့်ဆွေလေးက တွီခနဲနေအောင် မှုတ်ပြလိုက်သဖြင့် အူတက်မတတ် ရယ်မောပြီး ငွေငါးကျပ်ထုတ်ပေးသွား၏။ ထိုဦးထွန်းဖေကို အဖွဲ့သား များက ဝီစီဟု ခေါ်ကြပါသည်။
တစ်နေ့သော စနေနေ့ ပွဲမစမီ လက်မှတ်ရောင်းချသောနေရာ ၌ စုရုံးစုရုံး ပြောဆိုငြင်းခုံနေသံကြားရ၍ ကျွန်တော်ရောက်သွားသည်။ မျက်မှန်စိမ်းစိမ်းလေး တပ်ထားသော မမစိမ်းနှင့် အဖော်အဒေါ်ကြီး နှစ်ဦး ကြိုတင်လက်မှတ်ပြ၍ ဘွတ်ကင်စာရေး (လက်မှတ်ရောင်းချ သူ)နှင့် အချီအချပြောဆိုနေကြသည်။ အကြောင်းမှာကား မမစိမ်းတို့ ကြည့်နေကြ၊ ဒုတိယ ြ အတန်းအလယ်ခုံ သုံးခုံမှာ နေရာထပ်နေလေ တော့ပြီ၊ မမစိမ်းတို့က ကြိုတင်လက်မှတ် ဝယ်ထားပြီးပြသချိန် နီးကပ် တော့မှ ရောက်လာကြသည်။ ကြိုတင်လက်မှတ်ရောင်းချသူက ထိုင်ခုံ ဇယားတွင် ထိုနေရာများ ရောင်းချပြီးစီးကြောင်း အမှတ်အသား ကြက်ခြေခတ်ပြ၍ မခြစ်မိဘဲ မေ့လျော့သွား၏။ နောက်ထပ်ပရိသတ် များက လက်မှတ်လာဝယ်ကြရာ ထိုနေရာကိုပင် ထပ်၍ရောင်းချမိတော့ ၏။ ဤသို့ဖြင့် အချိန်အနီးကပ်မှ မမစိမ်းတို့လာကြသောအခါ သူတို့ ဝယ်ယူထားသော နေရာ၌အခြားပုဂ္ဂိုလ်တို့ ထိုင်နေကြလေပြီ။
ကျွန်တော်က မမစိမ်းတို့ကို တောင်းပန်ရ၏။ ရှေ့ဆုံးတန်းမှ သီးသန့်ချန်ထားသော ခုံသုံးခုံအစားထိုးပေးလိုက်ရပါသည်။ ကျွန်တော် တို့မှာ အရေးကြီးသော ပုဂ္ဂိုလ်များ မိတ်ဆွေရင်းချာများအတွက် ရှေ့ဆုံး တန်းမှ ခုံလေးခုံ အမြဲချန်ထားရပါ၏။ ပွဲစပြီး ဒုတိယခရာမှုတ်၍ တီးဝိုင်း စတင်တီးမှုတ်သည့်အချိန်ကျမှ ထိုခုံလေးခုံကို လာဝယ်သူရှိ လျှင် ရောင်းချရပါသည်။
ရွှေပွဲလာပရိသတ် အခက်အခဲတွေ့နေသည်ကို ဖြေရှင်းပေး လိုက်နိုင်သောကြောင့် ကျွန်တော်တို့ဖြေရှင်းပေးလိုက်နိုင်သောကြောင့် ကျွန်တော်တို့က ဝမ်းသာရသည်။ မမစိမ်းတို့သုံးဦးကလည်း ကျေးဇူး တင်ကြသည်။ ပွဲပြီးသောအခါ ရုံတွင်းသို့ဝင်သွားပြီး နှုတ်ဆက်ရင်း တောင်းပန်စကားပြောရပြန်သည်။ ပြည်သူပရိသတ်အား လေးလေး စားစားရှိရန် အထူးလိုအပ်လှပါ၏။ တစ်စုံတစ်ရာမှားယွင်းမှု၊ ချို့ယွင်းမှု၊ အသေးအဖွဲလေးမှအစ ခွင့်လွှတ်သည်းခံပါရန် တာဝန်ရှိသူများနှင့် အနုပညာရှင်များက နှစ်သိမ့်မှု၊ တောင်းပန်မှုပြုရပါလိမ့်မည်။
မမစိမ်းမှာ အလွန်အေးဆေးညင်သာသည်။ လူကို တိုက်ရိုက် မကြည့်ဘဲ ခေါင်းလေးကို ငုံ့ဝှက်၍စကားကို တိုးတိုးလေးပြောတတ်ပါ သည်။ အဖော်ပါလာသော အဒေါ်ကြီးနှစ်ဦးမှာ သူ၏ အဒေါ်အပျိုကြီး များဟု သိရ၏။ မမစိမ်းက ပြဇာတ်ဝါသနာအိုး ပြဇာတ်အသစ်လဲတိုင်း မကြည့်ရမနေနိုင်သဖြင့် ပွဲဦး စနေနေ့ နေ့လယ်ပွဲဆိုလျှင် အမြဲကြည့် ပါကြောင်းပြောသည်။ ၎င်းတို့အိမ်သို့ တစ်ခေါက်တစ်ခါ <ကလာ စေလိုကြောင်း၊ပြဇာတ်ပညာရှင်တစ်ဦးနှင့် ပြဇာတ်ဝါသနာရှင်တစ်ဦးတို့ ပြဇာတ်အနုပညာအကြောင်း ဆွေးနွေးကာ သူသိရှိလိုသော အချက် အလက်များကို အသေးစိတ်မေးမြန်းလိုပါကြောင်းပြောသည်။ နေရပ် လိပ်စာနှင့် ဖုန်းနံပါတ်ပေးသွား၏။
တစ်ချိန်တွင် သူတို့အိမ်သို့ရောက်သွားသည်။ မမစိမ်း၏ မိခင်ကြီးမှာ အသက် ၆ဝ ကျော်ခန့်ရှိလေပြီ။ ဖခင်မရှိ၊ ခြံဝင်းကျယ် ကျယ်ကြီးတွင် နှစ်ထပ်တိုက်ကြီးဖြင့် ခမ်းခမ်းနားနားနေကြသည်။ ဧည့်ခန်းတွင် စန္ဒရား၊ စောင်း၊ ပတ္တလား၊ စည်း၊ ဝါး စသည့်တူရိယာ ပစ္စည်းများ ပြောင်လက်တောက်ပနေသော ကြေးအော်လန်တပ်ထား သည့် ဓာတ်စက်၊ ခေတ်မီရေဒီယိုဂရမ် ဇိမ်ခံနားသောတဆင်ဖွယ် ပစ္စည်းကြီးနှင့် အင်္ဂလိပ်-မြန်မာ ဓာတ်ပြားမျိုးစုံ တွေ့ရပါသည်။ (ထိုခေတ်က ဝိုင်ယာရီကော်ဒါပင်မရှိသေး၊ နမူနာရောက်လာသည့် ဝိုင်ယာရီကော်ဒါ (ျွှငမန ျွနခသမိနမ) ကို အချစ်ဇာတ်ခုံပြဇာတ်၌ ထည့်သွင်းအသုံးပြုဖူးသော်လည်း ပြင်ပ၌မသုံးစွဲနိုင်ကြသေးပါ) မမစိမ်းမှာ ကျွန်တော့်ထက် လေးငါးနှစ်ခန့်ငယ်ပါလိမ့်မည်။ စကား ပြောရင်း ပြည်ဖုံးကားနောက်ကွယ်မှချောင်းကြည့်ကာ မိတ်ရင်းဆွေရင်း သဖွယ် ပရိသတ်ကို အသိအမှတ်ပြုတတ်ကြသော အနုပညာနယ်ပယ် မှ အကြောင်းများကိုပြန်ပြောရင်း သူ့ကိုလည်း အဖွဲ့သားများက မမစိမ်း ဟူသော အမည်ဝှက်ကလေး ပေးထားကြောင်းပြောပြရာ ဟက်ဟက် ပက်ပက်ရယ်လေသည်။ တစ်ဆက်တည်းပင် အသက်အနည်းငယ်မျှ ကွာခြားငယ်ရွယ်သည့်တိုင် နှုတ်ကျိုးနေသဖြင့် မမစိမ်းဟု ခေါ်ပါရစေ ဟု ခွင့်တောင်းရပါ၏။ သူကလည်း နှစ်ခြိုက်ဟန်တူသည်။ ပြုံး၍ ခေါင်းညိတ်သည်။ သူ၏အမည်ကို မပြောပါ။ ကျွန်တော်ကလည်း မမေးပါ။ ရုံတွင်တွေ့စဉ်က လိပ်စာလေးပေးသည်မှာလည်း ခြံနံပါတ်၊ လမ်းအမည်နှင့် တယ်လီဖုန်းနံပါတ် (ထိုစဉ်က အော်တိုတယ်လီဖုန်း မပေါ်သေးပါ၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် တယ်လီဖုန်း လိုင်းခွဲများကိုခေါ်၍ လိုရာနံပါတ်တောင်းရပါ၏) ကို သူကပြောပြ၍ ကျွန်တော်က ရေးမှတ်ရခြင်းဖြစ်ပြီး သူ့အမည်ကို မပေးပါ။
ကျွန်တော်တို့စကားပြောနေစဉ် သူ့အဒေါ်ကြီးနှစ်ဦးက အခန်း တွင်းသို့ ဝင်ချည်ထွက်ချည်ပြု၍ မမစိမ်း၏ မိခင်ကြီးအား တွဲခေါ်လာ ပြီး ကျွန်တော်နှင့် မိတ်ဆက်ပေးခြင်း၊ ကော်ဖီ၊ မုန့်၊ ဆေးလိပ်၊ မီးခြစ်စသည်တို့ ယူပေးခြင်းစသည်တို့ ပြုလုပ်နေကြပါသည်။ မမစိမ်း ကား ကျွန်တော်နှင့် စကားအမျှင်မပြတ်ပြောနေပြီး ထိုင်နေရာမှမထ။ ဪ…သူတို့တူမလေးကို အလိုလိုက်လွန်းလှပါလား… သူစိမ်း ယောက်ျားလေးတစ်ဦးနှင့် စကားပြောနေသောကြောင့် မျက်ခြည်မပြတ် အကဲခတ်ကာ အလစ်မပေးလိုခြင်း သဘောလည်းပါပါလိမ့်မည် တကားဟု တွေးမိ၏။
မမစိမ်းက ပြဇာတ်၏ ဂီတတေးသီချင်းများနှင့် ရေဒီယို ဓာတ်ပြားသီချင်းများ၏ ကွာခြားပုံအကြောင်း ဆွေးနွေးမေးမြန်းသည်။ မျိုးချစ်၏အသံနှင့် ခင်မောင်ကြည်၊ ခင်မောင်မြင့်တို့၏အသံ၊ ဆိုပုံ၊ ဆိုပေါက်အကြောင်းများ၊ ကိုကျော်အေးနှင့် မေမေဝင်းတို့စုံတွဲသီဆိုမှု လိုက်ဖက်ပုံအကြောင်း၊ ဝါလုံခေါ် မင်းသားမြင့်သိန်း၏ ကြီးမားခိုင်မာ လှသော အသံဝါကြီး၏အကြောင်းနှင့် တူရိယာပစ္စည်းများအကြောင်း ကို မေးမြန်းသည်။
ကျွန်တော်က သိရှိသမျှ ပြဇာတ်၊ ဂီတအကြောင်းကို ပြောပြ ရပါ၏။
ပြဇာတ်သည် ရုပ်ရှင်၊ သဘင်၊ အငြိမ့်စသော စင်တင်မှု အနုပညာရပ်များနှင့် အလားတူစွာ ရွှေပွဲလာပရိသတ်၏ နား၊ မျက်စိ၊ အာရုံခံစားမှုနှစ်ခုပြည့်စုံအောင် လုပ်ဆောင်ဖန်တီးရသည့် ပညာရပ် ဖြစ်ပါသည်။ ရေဒီယို၊ ဓာတ်ပြားတို့သည်ကား နား အာရုံတစ်ခုတည်း သက်သက် ခံစားမှုအတွက် ဖန်တီးရသည်။ ထို့ကြောင့် ပြဇာတ် အနုပညာရပ်တွင် မျက်စိအာရုံခံစားမှုပြည့်စုံအောင် သရုပ်ဆောင်တို့၏  လှုပ်ရှားမှုသရုပ်တူ ဖြီးလိမ်းပြင်ဆင်ဝတ်စားမှုများ၊ ဇာတ်လမ်းနှင့် လိုက်ဖက်သော ဆက်တင်ပန်းချီအခမ်းအနားများ၊ အလင်းအမှောင် အချိုးပြေစေမှုအတွက် လျှပ်စစ်မီးအသုံးချမှုတို့ဖြင့် စေ့စေ့စပ်စပ်တွက်ဆ စီစဉ်၍ နားသောတအာရုံခံစားမှုတွင် သရုပ်ဆောင်သူများ၏ အပြော၊ အဆို၊ အငို၊ အရှိုက်များနှင့် ဇာတ်ကွက်ဇာတ်လမ်းအလိုက် အားဖြည့်မှု တေးများ ဂီတများဖြင့် ပံ့ပိုးထောက်ကူရသည်။
လူ့လောကတွင် အမှန်တကယ်ဖြစ်ပျက်တွေ့ကြုံခံစားနေကြရ သော အဖြစ်သနစ်တို့မှာ သူသူငှာငှာ သိရှိစေလို၍ တမင်လုပ်ဆောင် ပြသနေခြင်းမဟုတ် သူ့အကြောင်းနှင့် သူ ကိုယ့်ဘဝနှင့် ကိုယ့်အတွေ့ အကြုံ ရုန်းကန်နေကြရခြင်းဖြစ်သည်။ ပြဇာတ်၊ ရုပ်ရှင်စသည်တို့မှာ ကား လူ့လောကအတွင်းမှ အကြောင်းအရာတစ်ခုခုကို စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်အဖြစ်အပျက်တစ်ခုခုကို ပြသခြင်းဖြစ်၏။ သူ-ငါ ပရိသတ်သိရှိခံစားနိုင်စေရန် စီမံဖန်တီး၍ ပြသရခြင်းဖြစ်ပါသည်။
ဥပမာ-ချစ်သူက အထင်လွဲမှား ရှောင်သွေသွားသောကြောင့် စိတ်ဝမ်းညှိုးငယ်ဆင်းရဲနေရသူ အမျိုးသမီးကလေးမှာ မိဘမောင်ဖား၊ အများသူငါရှေ့တွင် မပူရုပ်ဖြင့် ဟန်လုပ်၍နေရမည်ဖြစ်သည်။ လူခြေ တိတ်၍ တစ်အိမ်သားလုံး အိပ်ကြသောအချိန်ကျမှ တစ်ကိုယ်တည်း ကြိတ်၍ အခန်းတည်း၌ အသံမကြားအောင် တိတ်တိတ်ကလေးငိုေ<ကး ဝံ့ပေလိမ့်မည်။
ထိုအဖြစ်အပျက်ကိုပင် ပြဇာတ်အသွင်၊ ရုပ်ရှင်သဘောဖြင့် တင်ဆက်မည်ဆိုပါက ရွှေပွဲလာပရိသတ်အများစုကြီးရှေ့တွင် သူ၏ လွမ်းရပုံ၊ ဆွေးရပုံ၊ ခံစားရပုံတို့ကို ပရိသတ်ကြီးပါ မျှဝေခံစားလွမ်းမော ရှိုက်ငင်လာစေရန် အားထုတ်လုပ်ဆောင်ရမည်။ စကားသံလေးနှင့် လွမ်းတရုံမျှမက အလွမ်းသီချင်းလေးပင် သီဆိုပြီး ပို၍လွမ်းစေမှု ပြုရပေလိမ့်မည်။
အပြင်လောက၌မူ တကယ်လွမ်းနေ၊ ဆွေးနေသူမိန်းကလေး က နောက်ခံဓာတ်ပြား တေးသီချင်းလေးဖွင့်၍ လွမ်းနေမည်မဟုတ် ပြဇာတ်၊ ရုပ်ရှင်ထဲက သရုပ်ဆောင်ကလေးတို့မှာ သီချင်းလေး၊ ဂီတ သံလေးများဖြင့် လွမ်းကြရပါ၏။
ပြဇာတ် တေးဂီတအကြောင်းကိုလည်း ရှင်းလင်းပြောပြရ၏။ ပြဇာတ်တစ်ထုပ်ပြသရာတွင် ဦးစွာအစပဏာမ ဂီတ၊ ပဏာမတေးမှ အစ နောက်ခံဂီတ၊ နောက်ခံတေး၊ အခန်းပြောင်းဂီတ၊ ဇာတ်ကောင် စရိုက်ဖော်တေးများအကြောင်း၊ မေတ္တာဘွဲ့၊ နှစ်ပါးသွားတေး၊ အလွမ်း တေး၊ စုံတွဲတေး (စုံတွဲတေးနှင့် နှစ်ပါးသွားတေး မတူပုံကို ရှင်းပြရပါ သေးသည်။ စုံတွဲတေးဆိုသည်မှာ အပြန်အလှန်စကားပြောခန်းတစ်ခု ကိုပင် ဂီတသံထည့်၍ သီချင်းအဖြစ်ဖန်တီးမှုဖြစ်ပါ၏။ ဂုဏ်တူ ဂုဏ်ပြိုင်ပြဇာတ်တွင် စေ့စပ်ကြသည့်အခန်း၌ စကားပြောရင်း ဘုဘောက်ဖြစ်ကာ သီချင်းတစ်ပုဒ်အဖြစ် ရောက်ရှိသွားပုံမျိုးဖြစ်သည်။ နှစ်ပါးသွားတေးမှာမူ ချစ်မေတ္တာကိုဖွဲ့နွဲ့သော ချစ်သူနှစ်ဦးတို့စုံတွဲ (သီဆို) သို့မဟုတ် နောက်ခံတေးအဖြစ် ဆိုပေးခြင်းတို့ဖြစ်ပါသည်) ၎င်းနောက် ဇာတ်ပေါင်းသီချင်းအကြောင်း ပြောပြရသည်။ ဇာတ်လမ်း တစ်ပုဒ်၊ ဇာတ်ထုပ်တစ်ပုဒ်ပြီးစီးသွားသောအခါ မင်းသား၊ မင်းသမီး နှင့် ပါဝင်သူတို့ စုပေါင်းသီဆိုကြသော ဇာတ်ပေါင်းသီချင်းမှာ ပြသ ခဲ့သော ဇာတ်လမ်း၏ရည်ရွယ်ချက်အကျဉ်းချုပ်ကို စီကုံးရေးသားကာ ပျော်ရွှင်တက်<ကဖွယ် သံပြိုင်တေးအဖြစ် ရေးသားရပါသည်။
(ကျွန်တော့်အနေနှင့် ဇာတ်ထုပ်ပေါင်းများစွာ ဤနည်းနှင်နှင် သီဆိုပြသလာရသည်ကို မနှစ်သက်ပါ။ တစ်နည်းတစ်ဖုံပြောင်းလဲ ဖန်တီးချင်သည်။ ထို့ကြောင့် ပြဇာတ်တစ်ထုပ်၊ နှစ်ထုပ်လောက် စမ်းသပ်ကြည့်ဖူးပါ၏။ မှတ်မိသလောက် ]အသက်} ဆိုသော ပြဇာတ် တွင် တစ်ကြိမ်၊ နောက်အမည်မမှတ်မိတော့သော ပြဇာတ်တစ်ပုဒ်တွင် တစ်ကြိမ် ဇာတ်ပေါင်းခန်းတွင် လူစုံဝတ်ကောင်းစားလှနှင့် မထွက်တော့ ဘဲ အလွမ်းနောက်ခံတေးနှင့် သိမ်းကြည့်ဖူး၏။ မအောင်မြင်ပါ။ ရွှေပွဲလာပရိသတ်တို့က ပွဲပြီးလျှင် တက်<ကပျော်ရွှင်စွာ ရယ်မောပြီး ရုံတွင်းမှထွက်လိုကြသည်။ မျက်ရည်စကလေးတို့ သုတ်ရင်းငြိမ်သက် စွာ တိုးတိတ်စွာထွက်ခွာရခြင်းကိုမကြိုက် ထို့ကြောင့် ကျွန်တော့်ဆရာ ဒဂုန်ဆရာတင်က တွေ့လား…ငါပြောတယ်မဟုတ်လားဟု ဆူကြိမ်း ကလေးကြိမ်းသည်။ စီးပွားရေးသမားအဖွဲ့ပိုင်ရှင်များကလည်း မျက်နှာ မသာယာကြ၊ ထိုသောအခါ တီထွင်ဆန်းသစ်လိုသော ငနဲတစ်ယောက် ဒုံရင်းသို့ပြန်ရပါတော့၏)။
မမစိမ်းက ဂရုတစိုက်နားထောင်သည်။ ပြီးတော့ ပြဇာတ် တီးဝိုင်းဆရာကြီးများဖြစ်ကြသော ဆရာရွှေပြည်အေး၊ ဆရာအေဝမ်း ခင်မောင်၊ ဆရာစိန်ဝေလျံ၊ ဆရာဂီတာစိမ်းမောင်၊ ဆရာတက္ကသိုလ် စိုးတို့၏ တူရိယာအဖွဲ့များအကြောင်း ယခု (၁၉၅၀-၅၁)၌ ခေတ်စား လာသော ဂီတလုလင်မောင်ကိုကို တီးဝိုင်းအဖွဲ့အကြောင်း သူနားဆင် ခံစားရသမျှ ဖြည့်စွက်ပြောဆိုပြီး ကဋ္ဌေးရုံတွင် တစ်ချိန်ကပြဇာတ် တီးဝိုင်းအဖြစ် တီးမှုတ်ခဲ့ကြသော တရုတ်အမျိုးသားတီးဝိုင်းအကြောင်း ကိုပါ ပြောလိုက်သေးသည်။
တကယ့်ဝါသနာရှင် မမစိမ်းပါတကား၊ ဂီတနှင့်ပတ်သက်၍ ဗဟုသုတစုံလှသည်။ စနေနံနက် ၈ နာရီတွင် ပြဇာတ်တူရိယာအဖွဲ့နှင့် အမေဒေါ်စောမြအေးကြည်၏ ဂီတသင်ခန်းစာအဖွဲ့ကို တလှည့်စီအသံ လွှင့်ကြရာ အမေ၏အသံသာသာလေးနှင့် မောင်ဌေးအောင်တို့၊ တင်တင်မြတို့၊ တင်တင်အောင်တို့ ဆုံကြပြီလားဟေ့ဟူသော စကား အစကလေးတွင် မကျန်ပြောလေသည်။ ပြဇာတ်အဖွဲ့ စနေပတ်တွင်  မေရီမြင့်က အသံကလေးဝတဲ့တဲ့ မပီတပီသီချင်းဆိုသွားပုံလေး အကြောင်း၊ မေချစ်၏ အသံကြည်လင်ပုံ၊ မေမြင့်၏အသံအေးအေးလေး ဖြင့် မမှီတမှီဆိုပုံလေးက ချစ်စရာကောင်းပုံ၊ တင်တင်မူ၏ အသံ ပါးပါးလှလှလေးအကြောင်းပြောကာ လူရွှင်တော်များ၏ သီချင်းတွေ များများလွှင့်သင့်ကြောင်း၊ လူတိုင်းလူတိုင်း မနက်အချိန်အခါတွင် ရယ်မောရွှင်ပြလိုကြပါသည်ဟု အကြံပြု၏။
တူရိယာပစ္စည်းများအကြောင်း ဆွေးနွေးရာတွင် ဆိုင်းသံ၊ စောင်းသံ၊ ပတ္တလားသံ စသည်များနှင့် နှဲပလွေသံတို့၏ အတွဲအဖက်၊ အပို့အယူများ တယောနှင့် စန္ဒရားအကြောင်းပြောရာ တယောဦးဘရီ၊ ဦးဖိုးငို၊ ချန်ပီယံမောင်ကျော်၊ ဆရာရွှေပြည်အေး၊ ဆရာအေဝမ်း ခင်မောင်၊ မိုးဒေဝါ သီချင်းတီးသွားသော မသန်းမြင့်အကြောင်း စုံနေ တော့၏။
သူ့အဒေါ်ကြီးတစ်ဦးက အနားတွင်ထိုင်၍ခေါင်းတညိတ်ညိတ် နှင့် နားထောင်နေသည်။ ဆိုင်းဆရာကြီးဦးစိန်ဗေဒါအကြောင်းပြောရာမှ ထိုအဒေါ်ကြီးအား ဆရာကြီး၏ဓာတ်ပြားများကို ဖွင့်ခိုင်း၍ ရေဒီယို ဂရမ်ကြီးဖြင့် ဖွင့်ပြသေးသည်။ ၎င်းနောက် နိုင်ငံခြားမှ တေးကြီး ဘွဲ့ကြီးဓာတ်ပြားမျာကို ဖွင့်ပြသည်။ ပြောမကုန် ဆိုမဝ ဂီတဆွေးနွေးပွဲ မှာ အချိန်ကြာမြင့်လာ၏။
အဒေါ်ကြီးတစ်ဦးက ထမင်းစားချိန်ရောက်ပြီဟု လာပြောရာ စကားပြော၍ကောင်းနေသည်။ ဤဧည့်ခန်းထဲမှာပင် စားတော့မည်ဆို၍ ထိုင်ရာမှမထ ထို့ကြောင့် သူ့အဒေါ်ကြီးများက မမစိမ်း၏အမေကိုသာ ထမင်းစားခန်းသို့ ခေါ်ဆောင်သွားကြပြီး ကျွန်တော်တို့နှစ်ဦးစားသောက် ရန်အတွက် ဧည့်ခန်းကြီးထဲမှာပင် စားပွဲခုံတစ်ခုံပြင်၍ ထမင်းပွဲများ မယူလာကြရ၏။ နှစ်ယောက်သားစကားပြောရင်း ထမင်းစားကြရ သည်။ မမစိမ်းကိုမူ သူ့အဒေါ်ကြီးတစ်ဦးက ဇွန်းနှင့်ခွံကျွေးလေသည်။
ဪ…ဒီအရွယ်ရောက်နေတာတောင် ကလေးလေးတစ်ဦး လို တယုတယရှိလှပါလား။ မျက်စိအောက်က တစ်ချက်ကလေးမှ အပျောက်မခံနိုင်အောင် ချစ်ကြပါလားဟု မမစိမ်းအတွက် ဝမ်းသာရ၏။ ထိုနေ့က ညနေစောင်းမှ သူ့အိမ်ကမော်တော်ကားနှင့် လိုက်ပို့၍ ပြန်ရသည်။
ဤရွှေ့ ဤမျှတေးဂီတကိုချစ်သော ပြဇာတ်အနုပညာကို မြတ်နိုးသော မမစိမ်းအတွက် ရည်မှန်းပြီး တေးဂီတပြဇာတ်တစ်ပုဒ်  ဖန်တီးတင်ဆက်မည်ဟု ကျိတ်တွေးထား၏။ မကြာမီ ဇာတ်လမ်းလေးတစ်ပုဒ် စဉ်းစားမိရုံ ညီတော်မောင်နှင့်တိုင်ပင်ကာ ရေးသားကြသည်။ ဆရာဒဂုန်ကို တင်ပြကြ၏။ ဆရာက သဘောတူ သည်။ ထိုဇာတ်ကြောင်းလေးမှာ နောက်တစ်နှစ်၊ နှစ်နှစ်မျှကြာသော အခါ]စောင်းအိုလုလင်၏ဆုတောင်း} ဟူသော သီချင်းဖြစ်ပေါ်လာ စေမည့် ဇာတ်လမ်းအခြေခံဖြစ်ပါ၏။
စောင်းသမားလေးတစ်ဦးသည် မေတ္တာဥယျာဉ်နန်းကြီးထဲတွင် လှည့်လည်ပျော်မြူးတီးခတ်သီဆိုနေ၏။ ချစ်စရာပန်းကလေး တစ်ပွင့်က အမြင့်နန်းတွင် ပွင့်လန်းခိုမှီနေ၏။ ထိုပန်းကလေးကို လိုချင် မက်မောစွာတမ်းတနေစဉ် ဆွတ်ချူငင်မည့် ငွေတံချူရှင်ပေါ်ပေါက် လာ၏။ တံချူရှင် ချူရာနောက်သို့ ပန်းမာလာလေး ကောက်ကောက် ပါအောင်လိုက်သွားတော့၏။ စောင်းအိုကိုပိုက်ထားသူလုလင်ပျိုမှာ မေတ္တာဟူသည်များ အသည်းနှလုံးကြားတွင် ဘယ်သောအခါမှ မလိုချင်တော့ပါပြီဟု ဆုတောင်းလိုက်လေသည်။ ဤသို့သော အဓိပ္ပါယ်မျိုးဖြင့် နောင်အခါ၌ သီချင်း တစ်ပုဒ်ဖြစ်ပေါ်လာခဲ့သော် လည်း မူလမမစိမ်းအတွက်ရည်မှန်းရေးသားခဲ့သော တေးဂီတပြဇာတ် မှာ ခေတ်ဆန်းပုံသဏ္ဌာန်မျိုးဖြစ်သည်။
ပန်းဥယျာဉ်အစွန်တွင် တိုက်၏တံခါးဝတစ်ခုထောင်ထား သည်။ ဖိုးပါကြီးက ပျော်ရွှင်မြူးတူးစွာ လမ်းလျှောက်လာ၏။ တံခါး ပေါက်မှ ထွက်ပေါ်လာသော မိန်းကလေးတစ်ဦးကို ငေးမောကြည့်ရှု သဘောကျနေ၏။ မိန်းကလေးက ခြံအတွင်းရှိ ပန်းကလေးတစ်ပွင့်ကို ခူးဆွတ်၍ ခေါင်းတွင်ပန်ဆင်ရင်း ငေးမောကြည့်ရှုနေသူ ဖိုးပါကြီးအား ခေါင်းကလေးငဲ့၍ ပြုံးယောင်ပြုကာ ကြည့်လိုက်သည်။ ဖိုးပါကြီးက သဘောကျစွာဖြင့် မိန်းကလေးအပါးသို့ တိုးကပ်သွား၏။ မိန်းကလေး က ဣန္ဒြေဆည်လိုက်ပြီး မျက်မှောင်လေးကြုတ်ကာ အပါးသို့ရောက်ရှိ လာသော ဖိုးပါကြီးအား ခြေဆုံးခေါင်းဆုံးကြည့်၏။ ဖိုးပါကြီးမှာ မနေတတ်၊ မထိုင်တတ်ဖြစ်နေစဉ် မိန်းကလေးက ပြုံးစစမျက်နှာ ပေးဖြင့် တိုက်တွင်းသို့ပြန်ဝင်သွားတော့သည်။ (တိုက်၏ တံခါးပေါက် မှာလည်း ပြတင်းပေါင်ကိုသာ ခွေထားခြင်းဖြစ်ပြီး တံခါးမရှိပါ။ လက်ကိုင်ဘုကို ကိုင်၍ဖွင့်ဟန်ပြုပြီး ဝင်ရထွက်ရသည်။ ပန်းခြံမှာ လည်း တကယ့်အစစ် ပန်းခြံသဏ္ဌာန်မဟုတ်ပါ) ဖိုးပါကြီးက တံခါး အနားသို့ ကပ်သွားသည်။ ဟောင်းလောင်းပေါက် တံခါးကိုတွန်းဖွင့် သည်။ ထုသည်။ ခေါက်သည့်ဟန်များပြု၏။ အော်ခေါ်ဟန်ပြု၏။ မည်သူမှထွက်မလာ၊ နောက်ဆုံး စိတ်ပျက်၊ လက်ပျက် တံခါးဝတွင် ထိုင်နေတော့၏။ ဤတွင်မှ တိုက်တွင်းမှအမျိုးသမီးကြီးတစ်ဦး တံခါး ချက်ကို ဖွင့်ဟန်ပြုပြီးထွက်လာသည်။ ဖိုးပါကြီးကို ဘာလဲဟုမေး၏။ ဖိုးပါကြီးက အိမ်တွင်းသို့ဝင်သွားသော မိန်းကလေးကိုတွေ့လိုကြောင်း ပုံသဏ္ဌာန်ပြ၍ ခြေဟန်လက်ဟန်နှင့်ပြော၏။ အဒေါ်ကြီးက ဖိုးပါကြီး အား အကဲခတ်၍ မင်းမှာငွေရှိသလား၊ ရာထူး ဂုဏ်သိမ်ရှိသလားဟု ဟန်ပန်နှင့်ပင်မေး၏။ ဖိုးပါကြီးက ကြိုးစားပါမည်ဆိုပြီး တီးလုံး တီးကွက်များအရ လှုပ်ရှားပြီး စာကြည့်ဟန်၊ စာရေးဟန်၊ ကြိုးစားပုံ အမျိုးမျိုးလုပ်၏။ တီးလုံးသံလေးအေးသွားပြီး လက်တွန်းလှည်းလေး တစ်စီးထွက်လာ၏။ ဂုဏ်နှင့် ငွေရနိုင်သည်ဟု စာတန်းရေးထား၏။ ဖိုးပါကြီးက ကြိုးစားမှု အောင်မြင်ခြင်းရလဒ်အဖြစ် လက်တွန်းလှည်း လေး တွန်းလာသူထံမှ စာရွက်လိပ်သုံးလိပ်ရ၏။ တံခါးဝသို့ပြေးသွား သည်။ အမျိုးသမီးကြီးကိုခေါ်၍ တစ်လိပ်ချင်းဖြန့်ပြ၏။ စာရေးကြီး၊ အိမ်တစ်ခန်း၊ ဂျစ်ကားတစ်စီးဟူသော စာတန်းများကိုတွေ့ရ၏။ အမျိုး သမီးကြီးနှင့် ဖိုးပါကြီးတို့ အချေအတင်ပြောဆိုနေစဉ် မိန်းကလေးထွက် လာ၏။ အမျိုးသမီးကြီးနှင့် ဖိုးပါကြီးက စာရွက်များကို ပြ၏။ မိန်းကလေးကလည်းကျေနပ်သဘောကျသယောင်ရှိနေစဉ် ဝတ်ကောင်း စားလှနှင့် တက္ကသိုလ်မျိုးချစ် စက္ကူလိပ်သုံးလိပ်ကိုင်ဆောင်ကာ ဝင်ရောက်လာ၏။ အမျိုးသမီးကြီးက အရေးတယူခေါ်ငင် နှုတ်ဆက် ၏။ တက္ကသိုလ်မျိုးချစ်က စက္ကူလိပ်သုံးလိပ်ကို ဖြန့်ပြတော့၏။ အားလုံးဝိုင်းကြည့်ကြသည်။ ဝန်ထောက်မင်း၊ စတူဒီဘေကာ ကားတစ်စီး၊ တိုက်တစ်လုံးဟူသော စာတန်းများကိုတွေ့ရ၏။ အမျိုး သမီးကြီးက မိန်းကလေးကို ဖိုးပါကြီးအပါးမှ ဆွဲခေါ်၍ တက္ကသိုလ် မျိုးချစ်အား ပေးအပ်လိုက်သည်။ နှစ်ယောက်သား လက်တွဲ၍ထွက်သွား ကြပြီး အမျိုးသမီးကြီးက တိုက်တွင်းသို့ပြန်ဝင်သွားသည်။ ဖိုးပါကြီး တစ်ဦးတည်းသာ စက္ကူလိပ်သုံးလိပ်ကိုပွေ့ပိုက်ထားရင်း ကျန်ရစ်နေခဲ့ လေတော့၏။
ဤပြကွက်ကို စကားလုံးဝမပြောဘဲ တီးလုံးတီးကွက်များနှင့် လှုပ်ရှားမှုတို့ တွဲဖက်တင်ပြထားပါသည်။ တေးဂီတ၏ စွမ်းအားကို မြတ်နိုးသော ခုံမင်သော မမစိမ်းအတွက် ရည်မှန်းကြိုးစားထားသည့် ဂီတသရုပ်ဖော်ပြဇာတ်တို့တွင် မင်းသား တက္ကသိုလ်မျိုးချစ်၊ ဖိုးပါကြီး၊ မြင့်မြင့်ဌေးတို့နှင့် အသေးစိတ်သေချာစွာ ဇာတ်တိုက်သည်။ ဇာတ်လမ်း  ကြီးတစ်ပုဒ်တွင် ဇာတ်ကွက်တစ်ကွက်အနေနှင့် ထည့်သွင်း၍ ပြသမည်ဖြစ်ပါသည်။
ဇာတ်အချောသပ် တိုက်မည့်နေ့မတိုင်မီတစ်ရက်က မမစိမ်း ထံသို့ ဖုန်းဆက်၍ ဂီတသရုပ်ဖော်ပြဇာတ် ဇာတ်တိုက်မည်ဖြစ်၍ လာကြည့်စေလိုပါသည်။ ဇာတ်လမ်းက ဤသို့ဤပုံရှိပါသည်။ ဇာတ်လမ်းဇာတ်ကွက်၏ အဓိပ္ပာယ်ကို စက္ခုသောတ နှစ်မျိုးစလုံး နားဆင်ကြည့်ရှုမှ ပြည့်ပြည့်ဝဝခံစားနိုင်ပါလိမ့်မည်။ မမစိမ်းအတွက် စပါယ်ရှယ်စီစဉ်ထားခြင်းဖြစ်သောကြောင့် ဆက်ဆက်လာစေချင်ပါ သည်။ ကျွန်တော်တို့၏ ပြဇာတ်စည်းကမ်းအရ ဇာတ်တိုက်ရာတွင် မည်သူ့ကိုမျှ ကြည့်ရှုခွင့်မပြုခဲ့သော်လည်း မမစိမ်းနှင့် အဒေါ်ကြီးနှစ်ဦး ကို အထူးဖိတ်ကြားခြင်းဖြစ်ပါကြောင်း ပြောလိုက်ရပါသည်။
နောက်တစ်နေ့ ဇာတ်တိုက်ချိန်နီးသောအခါ မမစိမ်းတို့ မော်တော်ကား ဝင်းဝင်းရုံရှေ့သို့ ဆိုက်လာ၏။
အဒေါ်ကြီးနှစ်ဦး ကားပေါ်မှဆင်းလာကြ၏၊ အပေါက်ဝမှ ဆီးကြိုနေသော ကျွန်တော်က မမစိမ်းကော ဒေါ်ဒေါ်ဟု ခပ်လောလော လေး မေးမိသည်။
မောင်တင့်အောင်ရဲ့ မမစိမ်းက အခုပြမယ့် ပြဇာတ်ကို သူကြည့်လို့မဖြစ်တဲ့အတွက် လိုက်မလာရတာကို ခွင့်လွှတ်ပါတဲ့…။
ဗျာ၊ ဘာဖြစ်လို့၊ ကြည့်မဖြစ်တာလဲ ဒေါ်ဒေါ်ရယ်။ ကျွန်တော် သူ့အတွက်…
သူက…(အဒေါ်ကြီး၏အသံမှာ တိုး၍တိမ်ဝင်သွား၏။) သူကလေးက မျက်စိမမြင်ရှာဘူး မောင်တင့်အောင်…။ ဪ… ကျွန်တော်၏ နှုတ်ဖျားမှဤသို့သာ ပြောနိုင်ပါတော့သည်။ ဒါကြောင့် သူ့တေးဂီတအကြောင်း၊ အသံတွေ၊ ဂီတပစ္စည်းတွေ၊ ဂီတပညာရှင် တွေရဲ့ အကြောင်းတွေချည်းပြောနေတာပါလား။ သူ့အိမ်မှာ တွေ့ကြ တုန်းက ထိုင်ရာမှလုံးဝမထဘဲ ထမင်းကိုပင် ဧည့်ခန်းကြီးထဲယူစားပုံ၊ သူ့အဒေါ်ကြီးက ခွံ့ကျွေးရပုံ၊ ကျွန်တော်ပြန်တော့လည်း အပြင်သို့ ထွက်လိုက်မလာဘဲ အခန်းထဲ၌သာနေခဲ့၍ အဒေါ်ကြီးများကသာ လိုက်ပို့ပုံ ယခင့်…ယခင်…ပြဇာတ်လာကြည့်ကြသည့် အခါများတွင် သူကအလယ်မှနေ၍ အဒေါ်ကြီးနှစ်ဦးက ဘေးမှရံ၍လိုက်ကာ ပခုံး ချင်းထိ၍လည်းကောင်း လက်ကလေးကို ဖေး၍လည်းကောင်း၊ မသိ မသာတွဲခေါ်လာကြပုံတို့ကိုလည်းကောင်း တွေးထင်မြင်ယောင်လာ ပါတော့၏။ သနားစရာကောင်းလှသော ပြဇာတ်ဝါသနာရှင်ကလေး မမစိမ်း၊ လက်စသတ်တော့ သူပြဇာတ် လာကြည့်တယ်ဆိုတာ တကယ်တော့ ကြည့်နိုင်တာမှမဟုတ်ဘဲ ဇာတ်ကြောင်းနဲ့ တေးဂီတ ကလေးတွေကို နားထောင်ရအောင် လာရရှာတာပါလား၊ မျက်စိ ကြောင်တောင် ကွယ်နေသည်ကို လူမသိအောင် မျက်မှန်စိမ်းကလေး နှင့် ဖုံးကွယ်ထားရရှာသူလေးပါလား…။

(ဖတ်မိသော မဂဇင်းတစ်အုပ်မှ ရေးသားဖော်ပြလိုက်ရပါသည်။ နောက်ထပ် ကျန်ရှိနေသေးသော၊ ဖတ်ထားမိသော ဝတ္ထုတိုများကိုလည်း ရေးသားဖော်ပြပါဦးမည်၊ စာဖတ်သူအားလုံးကို ကျေးဇူးတင်လျက်)