လက်စားချေခြင်းဆိုတာ… သံသရာလည်အောင် ပိုလှည့်နေသလိုမျိုး ရပ်တန်သွားမှာ မဟုတ်ဘူး။ သည်းခံဖို့အတွက် ရင့်ကျက်မှုလိုသလို စိတ်ထားမြင့်မြတ်မှ ခွင့်လွှတ်တတ်နိုင်မယ်။ ဆင်ခြင်စဉ်စား အတ္တပူဖာင်းအား စိတ်ကြိုက်လေမှုတ်သွင်းရင် နောက်ဆုံးမှာ… ပေါက်ကွဲပျက်စီးရတာချည်း။ သို့မို့ကြောင့်… ငြိမ်းချမ်းရေးတေးသံ ပုလွေအားမှုတ်ဖို့ ဝန်မလေးနှင့် ကိုယ်ချင်းစာတရား အနည်ကျအောင် ဓာတ်ခွဲဖော်ထုတ်ပါ မေတ္တာအရိပ်အား လူတိုင်း ခိုလှုံခွင့်ပေးပါ။ အဲ့ဒါဆိုရင်… အနာဂတ်ကမ္ဘာကြီးဟာ မီးတောင်လို မပေါက်ကွဲတော့ဘူး။ ကိုယ်လုံးတီး အရှက်မမဲ့တော့ဘူး။ ဘေးထွက်ဆိုးကျိုး မရှိတော့ဘူး။ အစာအဆိပ်မသင့်တော့ဘူး။ ရေတိမ်မနစ်တော့ဘူး။ နာမကျန်းမဖြစ်တော့ဘူး။ ဒေါင်ဒေါင်မြည် ကျန်းမာဖို့သေချာပေါ့။ သန့်ရှင်းလတ်ဆတ် သက်တမ်းရှည်အုံးမည့် ဤကမ္ဘာ။ ။ စေပိုင်ထွဋ်(ပုသိမ်)


ကဗျာဖတ်တတ်ချင်သူများအတွက် အဓိက အရေးကြီးဆုံးက စာတတ်မြောက်ထားဖို့ပဲ ဖြစ်ပါတယ်။ စာမတတ်မြောက်သူများအတွက် ကဗျာဖတ်တတ်ဖို့ဆိုတာကလည်း လုံးဝမဖြစ်နိုင်ပါဘူး။ အဘယ်ကြောင့်ဆိုသော် ဖတ်ရှူသူနှင့် ကဗျာအား ဆက်သွယ်ပေးသော ကြားခံနယ်က မိမိ၏ ကိုယ်ပိုင်ဘာသာစကားဖြစ်သော စာကြောင်းများသာဖြစ်သောကြောင့်ပင်။ ထိုကြောင့် ပထမဆုံးမှာချင်တာက ကဗျာဖတ်တတ်ချင်လျှင် အနည်းဆုံးတော့ စာတတ်မြောက်ထားဖို့လိုကြောင်း ပြောလိုပါတယ်။ ဆရာ ကောင်းသန့်ရဲ့ ဒဿနစာအုပ်တစ်အုပ်မှာ မှတ်သားဖူးပါတယ်။ အဲ့ဒါက ကဗျာတစ်ပုဒ်၊ စာတစ်ကြောင်းက ဘဝကောင်းဖို့ လမ်းကြောင်းပြောင်းလဲ ပေးနိုင်တယ် တဲ့။ အဲ့ဒီစာကြောင်းရဲ့အဆိုအရ ကဗျာဆိုရင် ကဗျာရဲ့ ဆိုလိုရင်းကို သိဖို့လိုသလို၊ စာဆိုရင်လည်း စာရဲ့ ဆိုလိုရင်းကို သိဖို့လိုပါတယ်။ သို့မှသာ ဖတ်သူက ရေးသားသူ၏ ရည်ရွယ်ချက်ကို ခြုံငုံသိရှိကာ နှလုံးသားအထိ အမြစ်တွယ်သွားပြီး ဘဝတိုးတက်မှုအတွက် ပြောင်းလဲခြင်းကို လုပ်ဆောင်နိုင်ပါလိမ့်မယ်။ အဲ့ဒီမှာ ဖတ်သူတို့အား တစ်ခု […]


အချစ်အစ အလွမ်းနိဂုံး (၁) မျက်ဝန်းတွေဖြင့် အစပျိုးခဲ့တဲ့ မျိုးစေ့ ငါ့အသည်းနှလုံး အချစ်ပန်းပင်လေး မင်းကြောင့်… ဖူးပွင့်ဝေဆာ ရှင်သန်ထမြောက်ခဲ့… စစ်မှန်သော ချစ်ခြင်းမေတ္တာက ရာနှုန်းပြည့်ပါပဲ ရင်အုပ်မကွာ သားပိုက်ကောင်လို စောင့်ရှောက်ချင်မိ `တကယ်… ချစ်ခဲ့တယ်´ (၂) `စဉ်းစားအုံးမယ်…´ ဒီစကား ငါ့နားပေါ် သစ်ရွက်ကြွေ ခြွေချ ပထမဆုံး အလံဖြူနဲ့တင် ဒီကောင် လက်ခမောင်းခတ်နေပြီ။ စိတ်ထဲမှာတော့ ကြယ်နက္ခတ်စုံလိုက်တာ… (၃) တိုးတိုးရှတတအသံလေး `ချစ်တယ်´ တဲ့… မင်းနှုတ်ခမ်းဖျား ဂီတသံစဉ် တုန်ယင်လှုပ်ခတ် ဟာမိုနီ သိပ်မပြင်းပေမဲ့… ရင်ထဲမှာ အပျော်ကြိုးတွေ ထ `က´ ငါ့ဂီတာလေး အသက်ဝင်လာတယ်။ (၄) ငါတို့နှစ်ယောက် စင်ရော်လို လေဆန်ပျံတက် ငါတို့နှစ်ယောက် လင်းပိုင်လို ရေထဲကူးခတ် ငါတို့နှစ်ယောက် ခြင်္သေ့လို […]


ဝေဒနာ သုသေတနသမား အက္ခရာ ဆော့ကစားသူ ကလောင် သူရဲကောင်း သုံရာသီဆက် ခြေရာ ကမ္ဘာလှည့် ခရီးသည် မေတ္တာဝေရာ ဂိုဒေါင် ပဟေဠိပိုင်ရှင် အရူးလွယ်အိတ် လိုတရ ဆီးမီးခွက် ဓာတ်လေးပါး မုဆိုး လောကဓံ ဂျိုကာရုပ် ကောင်းကင်မူပိုင် (ကြယ်) စကားနည်းသော ပညာရှိ ။ ။ စေပိုင်ထွဋ်(ပုသိမ်)


ဘောင်ခတ်ကြည့်မှန် စက်ဝိုင်း (သို့) လေးထောင့်နှစ်ခု ဆက်ထားခြင်း တစ်လွှာခြားစေတဲ့ ကြားခံပစ္စည်း ဆုံချက်မှန်စေမည့် အမှန်တရားဘက်တော်သား မှန်ဘီလူးတစ်စုံ အထူ၊အပါး ဆိုဒ်ပေါင်းစုံး သုံးနိုင် အရောင်အဆင်းကလည်း အမျိုးမျိုးရှိ ကာလာမပါတာကတော့ လူကြိုက်များ လူ့စိတ်မျက်လုံး ဖုံးဝှက်ထားဖို့အတွက် အမည်းရောင် နေကာကိုသုံး အသင့်တော်ဆုံး အရာသာ။ ။ စေပိုင်ထွဋ်(ပုသိမ်)


“လူတွေကကွာ… အေးအေးကို မနေနိုင်ကြဘူး ငါတို့ အလုပ်မလုပ်တာဘဲ အပြစ်တင်နေကြတယ်” ညမီးရောင်အောက်မှာ အသက်ဝင်နေတဲ့ လက်ဘက်ရည်ဆိုင်ရှိ စားပွဲဝိုင်းတစ်ခုမှ ထွက်ပေါ်လာတာပါ။ ထိုစကားကို စတင်ပြောသူကတော့ မောင်မျိုး။ သူ့စကားကို ဘေးမှာ ထိုင်နေတဲ့ လေးယောက်အနက် သုံးယောက်ကတော့ အသီးသီး ခေါင်းညိတ်ထောက်ခံကြတယ်။ မညိတ်ခံနိုင်ရိုးလား။ အဲ့ဒီ ခေါင်းညိတ်နေတဲ့ သုံးယောက်က ပုလင်းတူဘူးဆို့ ဘဝတူ ၁၀၉\၁၁ဝ တွေပဲဟာ။ ဒီတော့ ခေါင်းညိတ်ထောက်ခံကြတာ အဆန်းတော့ မဟုတ်ပါဘူး။ သူတို့ အုပ်စုထဲမှာ ခေါင်းမညိတ်ဘဲ ကျန်တာဆိုလို့ နေမင်းတစ်ယောက်ပဲ ရှိတယ်။ နေမင်း ခေါင်းမညိတ်တာကို ကျန်တဲ့လေးယောက်စလုံးက သိပ်မကြည်ကြဘူး။ အာလုံးရဲ့စိတ်ထဲမှာတော့ နေမင်းကို သစ္စာဖောက်လို့ ဝိုင်းပြောနေမလားပဲ။ အဲ့ဒါကို နေမင်းက မသိတာမဟုတ် သိပါတယ်။ ဒါပေမဲ့ သူငယ်ချင်းတွေရဲ့ မှားယွင်းနေတဲ့ အတွေးအခေါ်တွေကို […]


ရွှေရည်စိမ် ပဉ္စလက်လှည့်ကွက်ထဲ အစစ်ဆိုပြီး တပ်မက်ခဲ့သူပါ… နိဂုံးမှာ ခါးသက်သက်လေး လမ်းခွဲတော့ ရင်ဘတ်မှာ ပျားတုပ်တာထက် ပိုနာတယ်… မင်းရဲ့ မာယာအသွယ်သွယ်အောက် ပုရိသ…ငါ ကုတ္တိလိင်လက်နက်ကြောင့် ခြုံခိုတိုက်ခိုက်သမျှ လည်စင်းခံရတယ်…. ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့ နဖူးတွေ့ ဒူးတွေ့ ငါမယူတော့ဘူး ငြင်းပယ် ဒါပေမဲ့…..မလွဲရှောင်သာ အဖြစ် တရွေ့ရွေ့တက်လာတဲ့ ခံစားချက်က ဒဏ်ရာ ဖြစ်တည်မှု ဝေဒနာက အနာပွား အဟောင်းထပ် အသစ်ဘွဲ့ ကင်ပွန်းတပ်ဓားဆိုး ရင်ဘတ်ကို လက်သရမ်း ဝင်မွှေသောအခါ ပွင့်ထွက်လာတဲ့ နှလုံးအိမ်က မြေဇာပင် ပိုင်းစပြတ်လွင့်စင် အနားပဲ့ အသားစ ဟတ်တပ်ကွဲလို့ မတ်ရတ်လဲခဲ့တာ…ငါ ဟေး……..လောကကြီး ခင်ဗျား ပြုံးဖြီးဖြီး ရွဲ့ကြည့်မနေပါနဲ့… အချိန်မှန်ညရဲ့ ငြီးတွားသံရှည်ကို ခင်ဗျား….ကျောက်ချနားချိန်၌ ဥဩဆွဲသံရှည်အောက် သင်္ဘောနစ်သံ ကြားရမယ်…..။ ။


အဆိပ်ခတ်လို့ အသက်ပိုပြင်းတဲ့ ငါ့အချစ် ၃၁ဘုံရှည်လျား သံသရာခေါ်တဲ့အသံ နားစည်ဝထင်ရှား သူဖန်ဆင်းပေးခဲ့တယ်…. အချစ်ဦး၊ ပန်း၊ ကြယ်၊ ဒိုင်ယာရီ၊ ဆုံရပ် လမ်းသွယ်၊ ဥယျာဉ်၊ ပန်းခြံ၊ သံသယ ခွဲခွာ၊ အလွမ်း၊ မျက်ရည်၊ အရှုံး စသည်ဖြင့်…. နှုတ်တိုက်ရွတ်ဖတ် စာအံနေမိတဲ့ကျောင်းသား စုပ်တသပ်သပ် ဖုတ်သွင်းတဲ့အသက်နဲ့ လူမှုရေးဆိုပြီး အသက်မဲ့ ဆက်ဆံခြင်းတွေ ပတ်ဝန်းကျင်၌ မဲ့ရွဲ့ပြတဲ့ တီးတိုးဝေဖန်သံတွေ ရွှေရည်မတူလို့ ပယ်ချလိုက်တဲ့ ငါ့ခံစားချက်တွေ သူဌေးဖြစ် တွက်ချက်ပြတဲ့ နင့်သီအိုရီတွေ ဘာ…..တွေ…ညာတွေ…“—-” တွေပေါင်းများစွာ “ငါ” + “သူ” = ပြဿဒါးဆိုပြီး နင်စွပ်စွဲ ယတိပြတ် သူဖြတ်တောက်ခဲ့တော့….. အထီးကျန်ရက်တွေထဲ……….ငါ့အလွမ်း ည…..ညဆို ထမင်းလုံး တစ္ဆေခြောက်တယ်။ ။ စေပိုင်ထွဋ်(ပုသိမ်)


စာမျက်နှာထက်မှာ ခံစားချက် ပေါက်ကွဲကဗျာတစ်ပုဒ် ခင်ဗျား…တောကြိုက်ပဲ ရေးနေတုန်းပဲလား။ ထွင်လော့…ကဗျာ ခုထွင်လော့…ကဗျာ ခုချက်ချင်းထွင်လော့…ကဗျာ ကျွန်တော် အသစ်တွေ မျှော်နေရတာကြာပြီ။ (ဖြစ်+ပျက်)နမိတ်ပုံများ (ရှိ+မဲ့)အသံများ (ပညတ်+ပရမတ်)ပါဒများ (ပျောက်+ထင်ရှား)သင်္ကေတများ (စောင့်ထိန်း+ဖောက်ဖျက်)စည်းဘောင်များ (ရိုး+ဆန်း)စကားလုံးများ (မှန်+မှား)ဝါကျများ (သွင်း+ထုတ်)ပုဒ်ဖြတ်များ တစ်ခုခုတော့ ခင်ဗျား…လှုပ်လိုက်ပါ။ ဤနိုင်ငံ ကဗျာစက်ရုံမှ မွဲပြာပုဆိုးတွေ ရိုးအီနေလို့… ပါကင်လှတဲ့ ကဗျာအသစ်ပဲ မြင်ချင်တယ်။ ။ စေပိုင်ထွဋ်(ပုသိမ်) (လွတ်ထွက်သွားတဲ့ အတွေးတွေမို့ ကဗျာမှာ မာန်ပါသွားနိုင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်) သင်္ချာပုံသေနည်းကို ကဗျာစာသားထည့်ပြီး တချို့ဟာတွေ ထွင်ထားကြောင်း ဝန်ခံအပ်ပါတယ်။


ခါးနံပါတ်(၁) ဗိုလ်ဟန်ခြေလှမ်း ခေတ်ရှေ့ပြေးလွန်းတဲ့ ရှုမငြီးဖွယ် ကဗျာအလှမယ် ခါးနံပါတ်(၂) နန်းဆံထုံးပန်ဆင် ဂန္တဝင်ဒီဇိုင်းပေး ကျက်သရေရှိပါတဲ့ ကဗျာအလှမယ် ခါးနံပါတ်(၃) ပင်ကိုယ်ရုပ်ချော ဘဘာဝပုံရိပ်ဖြင့် လူ့စက္ခု ချူယူမဲ့ ကဗျာအလှမယ် ခါးနံပါတ်(၄) မလုံ့တလုံ ပဟေဋ္ဌိ ဝတ်ရုံခြုံ စိတ်ဗီတာမင် အားဆေး ကဗျာအလှမယ် ခါးနံပါတ်(၅) တိမ်ယံမြူဖမ်း ရွှေတောင်ပံတပ်ဆင် အားမာန်ပေးလျှက် ကဗျာအလှမယ် ခါးနံပါတ်(၆) သံဝေဂချော့တေး တစာစာ သီကျူး နိုင်တင်ဂေးလ် ငှက်ငယ် ကဗျာအလှမယ် ခါးနံပါတ်(၇)၊ (၈)၊ (၉)၊… (၉၉)၊ (၁၀၀)…. အစရှိသဖြင့် ရာသီစာပျိုမေ ကဗျာအလှမယ်များ မြှီးကောင်ပေါက်သဖွယ် လှသွေးကြွယ်တာမို့ ဤကဗျာ ရောင်စုံပန်းတိုင်း ဖူးကြတယ် ဖူးသောပန်းတိုင်းလည်း ပွင့်အာတယ် ပွင့်အာ ပန်းတိုင်းလည်း မွှေးပျံ့တယ် မွှေးပျံ့ပန်းတိုင်းလည်း မနွမ်းလျပါဘူး […]


သို့ \\\ ချစ်လှစွာသော ပိန်တာရိုးမလေး ဂွိစိန်water………(water=ရေလို့ဖတ်ပါ) ကိုယ် ဂွိအတွက် စာရေးလိုက်ပါတယ်။ ခေါင်းက အိမ်မှာ ကျန်ခဲ့လို့ ကိုယ်ကပဲ ရေးရတာပါ…အဲ စစချင်းမှာပဲ ရှုပ်ကုန်ပြီ။ ကိုယ် ဂွိကို စွဲလမ်းရတဲ့ သမုဒယ ချစ်ခြင်းတွေအဖြစ် နှလုံးသားနဲ့ ရင်း ရေးထားတာပါ(အမှန်က ကီးဘုတ်နဲ့ လက်ကွက်ရိုက်ပြီ ရေးထားတာ အဟီး)။ ဒီစာကို ဂွိနှလုံးသားနဲ့ မဖတ်ပါနဲ့။ အင်..ဘယ်လိုကြီးလဲလို့ မတွေးနဲ့အုံး။ နှလုံးသားက မျက်စိမှ မရှိတာ ဘယ်လိုလို့ ဖတ်လို့ရမှာလဲ မဟုတ်ဘူးလား။ အဲ့ဒါကြောင့် ဂွိကို မျက်စိနဲ့ ဖတ်ပြီး နှလုံးသားနဲ့ ခံစားစေချင်တယ်။ ဂွိခံစားဖို့အတွက် ခွက်တစ်လုံး ပို့လိုက်မယ် အဲ ယောင်သွားလို့ အဟီး။ ဂွိရယ်(ရယ်ပါဆို မရယ်ဘူး ရိုက်လိုက်ရမလား)… ငါရဲ့ ရင်ထဲမှာ […]


အချစ်သည် ရေသန့်လို PH-7 ဖြစ်၊ မဖြစ် ထောက်ခံစာ လိုသလား အချစ်ထုထည် ဘယ်လောက်ကြီးမားလဲဆိုတာ တိုင်းဖို့ ပေတံရော ရှိပါရဲ့လား အချစ်မှာ မှတ်ကျောက်နဲ့ စမ်းဖို့ ရွှေသမိုင်းလို့ ထင်မြင် ယူဆသလား အချစ်ရဲ့ သချင်္ာသီအိုရီတွေ ကမ္ဘာပတ်မယ်လို့ တွေးထားသလား အချစ်ဟာ ရုပ်၊ နာမ်နှစ်သွယ် သက်ရောက်မှု ဘယ်အရာက ပိုကဲသလဲ အချစ်ဟာ ခံစားသော အာရုံခြောက်ပါး ဆက်စပ်ခြင်း သက်ဆိုင်တယ် ထင်သာလား မှတ်ချက်။ ။ ဤကဗျာသည် ပုစ္ဆာသဘောနဲ့ လက်တန်းရေးထားသော မေးခွန်းသာဖြစ်သည်။ ။ စေပိုင်ထွဋ်(ပုသိမ်)


နာမ်နှိမ်ခံရတဲ့ ဘဝအတွက် အခြွေအရံတွေ သွေးဆုံးသွားခဲ့သော်… အစစ်အမှန်က အနှစ်ကျန်ရစ်လိမ့်မယ် အလုံးစုံကိစ္စ ဆောင်ရွက်ပြီးစေတဲ့ မိတ်ဆွေစစ်ဆိုသော…အရာ အမာရွတ်သစ္စာမို့ ပိုထင်းတယ်… မတူညီသောမွေးရပ် တူညီသောသွေးသား ကိုယ့်လက်သည်း ဆိတ်ခံရရင် သူ့လက်သည်းနာတယ် ပြောတတ်တဲ့သူ… ကိုယ်ကလည်းဆိုမယ်…. မေတ္တာက နှစ်ဖက်လွှမြှားထိပ် အရှိန်တစ်ခုတည်းမှာ…. လေထုဖြတ်နှုန်း ထပ်တူနဲ့ ပန္နက်ရိုက် ဆုံမှတ်တွေကြား ပစ်မှတ်တွေ နှစ်နားညီတယ်….။ ။ စေပိုင်ထွဋ်(ပုသိမ်)