“မွေ့….ညီမလေး ကလေးတွေကို ကျွေးပြီးပြီလား….” မနက်နိုးနိုးချင်း…အိမ်ပြင်က ငှက်တွေ အာဗြဲစိန်လုပ်နေတာ ပြတင်းပေါက်က လှမ်းကြည့်နေတဲ့…ကျမကို မြင်လိုက်လို့…အမြီးပြုတ်မတတ် လှုပ်ခါပြနေတဲ့ ခွေး လေးကောင်ကို မျက်နှာလွှဲလိုက်ပြီး မီးဖိုခန်းကို လျှောက်လာရင်း အိမ်က အမကို မေးလိုက်တာပါ…။ “အမလေး…ပြီးပါပြီတော်….လူတောင်မစားရသေးဘူး..သူတို့ကို ကျွေးပြီးပြီ….” “များများကျွေးနော်…၊ ကိုယ့်သမီးချည်းပဲ မကျွေးနဲ့။ ညီမလေး ကလေးတွေက ဗိုက်အိုး ပိုကျယ်တယ်….” “သိတယ်..သိတယ်…စားနိုင်တာကို သိတယ်…” အိမ်က အမကလဲ မခံဘူး…၊ ပြန်အော်တယ်…။ ကျမ ၃နှစ်သမီးအရွယ်ကတည်းက သူက အိမ်ကို ရောက်နေတာ…။ အမေနဲ့ ဆွေမျိုးမကင်းဘူး..ပြောတာပဲ…၊ တစ်အိမ်လုံးကိစ္စ အမေက အဲ့ဒီအမကို စိတ်ချတယ်…၊ ကျမတို့နဲ့ကလဲ ညီအစ်မလိုပဲ…။ နာမည်က မမြင့်မြင့်ဝေတဲ့…။ ကာလရွေ့လျားလာတော့ မွေ့ဖြစ်သွားတယ်…။ နာမည်အပြည့်အစုံခေါ်ရမှာတောင် ပျင်းလို့..အဲ့ဒီအမခမျာမှာ…မွေ့တစ်လုံးနဲ့ ကျေနပ်လိုက်ရရှာတယ်….။ သူ့အသဲကျော်က အိမ်က […]