ဒီနေရာမှာ… ကွယ်လွန်သွားပြီဖြစ်တဲ့… ဆရာကြီးဦးသုခရဲ့ စကားအဖွင့်လေးကို ယူသုံးခွင့်ပြုပါခင်ဗျာ…

အာဒံနဲ့ဧဝကပဲစတယ်ပြောပြော… ဗြဟ္မာကြီးလေးဦးကပဲစတယ်ပြောပြော ခြေနှစ်ဖက်… လက်နှစ်ဖက်နဲ့ ပုခုံးနှစ်ဖက်ကြားမှာ ခေါင်းရှိပြီး ဘာသာစကားတစ်မျိုး သို့တည်းမဟုတ် တစ်မျိုးထက်ပိုပြီး ပြောဆိုနိုင်သော သတ္တဝါကို လူဟုခေါ်ပါသည်လို့ အဖွင့်လေးမှာ ကျွန်တော်ဆိုချင်သဗျ…

နိုင်ငံခြားအဘိဓာန်တချို့ရဲ့အလိုကျတော့ Having human form or attribute တဲ့ဗျား…

လူသားပုံစံ သို့ လူသားဆန်သောပင်ကိုယ်အရည်အချင်းတွေရှိရင် လူသားလို့ဆိုလိုပါတယ်တဲ့…

ကဲ…ဟုတ်ပါပြီဗျာ…

ဒီတော့ လူဆိုတာနဲ့ လူသားပုံစံဝင်ရမယ်… ခြေနှစ်ဖက်ပေါ်ရပ်ပြီးလမ်းလျှောက်ရမယ်… လက်နှစ်ဖက်နဲ့ ဦးခေါင်းပါဝင်ပြီး လူသားတို့အရည်အချင်းတွေဖြစ်တဲ့ စကားပြောဆိုဆက်ဆံတာတို့ ပေါင်းသင်းဆက်ဆံရေးတို့ မွေးဖွားခြင်း၊ သေဆုံးခြင်းတို့ တည်ရှိဖြစ်ပျက်နေရင် မြို့ကြီးသားပဲဖြစ်ဖြစ်… တောနေလူပဲဖြစ်ဖြစ်… လူသူအရောက်အပေါက်နဲတဲ့နေရာက လူရိုင်းပဲဖြစ်ဖြစ်… အားလုံးကို ခြုံကြည့်လိုက်တော့ လူဟာ လူပါပဲ…

ဒီနေရာမှာ ဘာသာတရားတွေမပါဘူး… ဘာသာစကားတွေမရှိဘူး… ဓနဥစ္စာတွေ မလွှမ်းမိုးဘူး… နယ်မြေစည်းတွေ ခြားမထားဘူး… လူဆိုတာ အခြေခံအကျဆုံးအခေါ်အဝေါ် အင်္ဂလိပ်ဘာသာအလိုအရ… Human…

ဒီနေရာမှာ Human Right ဆိုတဲ့စာလုံးတစ်လုံး… မြန်မာဘာသာနဲ့ဆိုရင် လူ့အခွင့်အရေးပေါ့…

အဲဒီလူ့အခွင့်အရေးဆိုတာကို သမားရိုးကျလွယ်လွယ်ဘာသာပြန်ကြည့်လိုက်ရင်…

လူဟုခေါ်သော လူသားမျိုးနွယ်တိုင်းရရှိသင့်တဲ့အခွင့်အရေးလို့ပြောရမယ်…

ဒီလိုအဓိပ္ပာယ်ဖွင့်တဲ့နေရာမှာ ဘာသာတရားအဆုံးမအတွေမပါဘူး… ဘာသာစကားတွေမရှိဘူး… ဓနဥစ္စာတွေ မလွှမ်းမိုးဘူး… နယ်မြေစည်းတွေ ခြားမထားဘူး…

လူတစ်ယောက်ရဲ့အခြေခံအခွင့်အရေးတွေက မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ မိမိရွေးချယ်ပိုင်ခွင့်ရှိရမယ်… မည်သူတစ်ဦးတစ်ယောက်ရဲ့အတင်းအကြပ်စေခိုင်းလို့ရွေးချယ်ရတာမျိုးမဖြစ်စေရဘူး… အဲဒီလိုပဲ…

မိမိခံစားချက်… မိမိယုံကြည်ချက်… မိမိခံယူချက်ကို လွတ်လပ်ပွင့်လင်းစွာ ရေးသားခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်၊ ဆွေးနွေးခွင့်၊ ရွေးချယ်ခွင့်ရှိခြင်းဟာ လူ့အခွင့်အရေးပါပဲ…

ဒါပေမယ့် ဒီနေရာမှာ လူတစ်ယောက်ရဲ့ခံစားချက်… အပြုအမူ… ခံယူချက်တွေ… ရေးသားထုတ်ဖော်ပြောဆိုမှု တွေဟာ တခြားသူတစ်ဦးတစ်ယောက် သို့တည်းမဟုတ်… တစ်ယောက်ထက်ပိုသောသူများကို ထိခိုက်နစ်နာ စေခြင်းမရှိသ၍ လူတစ်ဦးရဲ့လွတ်လပ်ခွင့်အဖြစ်တည်ရှိပြီး… လူတစ်ဦးတစ်ယောက် သို့တည်းမဟုတ် တစ်ယောက်ထက်ပိုသောသူများ၏ စိတ်ကိုသော်လည်းကောင်း ရုပ်ခန္ဓာကိုသော်လည်းကောင်း ထိုသူများ၏ လူ့အခွင့်ရေးကိုသော်လည်းကောင်း ထိခိုက်နစ်နာစေပြီဆိုရင်ဖြင့် ဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှု စဖြစ်ပြီပေါ့…

ကဲ… ပြောလိုရင်းကို စပြောပါပြီဗျာ…

ရွှေညဝါဆရာတော်ကြီးက စကားတစ်ခွန်းပြောလိုက်တယ်…

ကုလားပဲဖြစ်ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ် လူသားဆိုတဲ့အမြင်နဲ့ကြည့်ရမယ်…

ဒါမှထေရဝါဒဗုဒ္ဓဘာသာပီသမယ်တဲ့…

အဲဒီစကားလေးကို ကြားတော့ ခပ်တန်းတန်းဖြစ်နေတဲ့ဗုဒ္ဓမြတ်စွာဘုရားအကြောင်းသတိရလိုက်မိတယ်…

ဇတ်နိမ့်၊ ဇတ်မြင့်ခွဲခြားမှုတွေသိပ်ပြင်းထန်တဲ့ အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓဘာသာမျိုးစေ့ချပြီး… လူသားတိုင်းကို သံသရာဝဋ်ဆင်းရဲမှကယ်တင်ချင်တဲ့ ဗုဒ္ဓမြတ်စွာ… ဒါကိုပြန်သတိထားလိုက်မိတော့…

ကျုပ်တို့နိုင်ငံက ဗုဒ္ဓဘာသာဘုန်းကြီးတချို့… ဗုဒ္ဓစကားကိုနားမထောင်တော့ပါလား…

သေချာပြန်လေ့လာကြည့်ရင်… ဗုဒ္ဓဘုရားက လူ့အခွင့်အရေးကိုလေးစားတယ်… သူ့တရားတွေကနေ လူ့အခွင့်အရေးဆိုတာကိုအလေးပေးကြောင်း မြင်သာတယ်… မိမိကိုယ်ပိုင်အသိနဲ့ ယုံကြည်ကြပါလို့တောင် ပြောခဲ့ဖူးသေးတယ်…

 

ရွှေညဝါဆရာတော်ကထပ်ပြောပါသေးတယ်…

International အမြင်ကို စွန့်ပြစ်လို့မရပါဘူးတဲ့… အမျိုးသားရေးဆိုတဲ့ National အမြင်ကြီးနဲ့ သွားမကြည့်နဲ့၊

ကျဉ်းမြောင်းတဲ့အယူအဆတွေနဲ့ပြောနေကြမယ်… ဆိုနေကြမယ်ဆိုရင်

ဗုဒ္ဓဘာသာတွေဟာ အဆင့်အတန်းမြင့် ပါလျက်နဲ့ မမြင့်ဘဲဖြစ်လိမ့်မယ်…

 

ကဲဗျာ…

ထပ်ကြားလိုက်ပါသေးတယ်…

မျိုးစောင့်ဥပဒေကိုကန့်ကွက်တဲ့အဖွဲ့တွေကိုလဲ အမျိုးသားသစ္စာဖောက်တွေအဖြစ်သတ်မှတ်ကြကြောင်းတဲ့…

တကယ်တော့… လူဆိုတာ…

လူသားပုံစံဝင်ရမယ်… ခြေနှစ်ဖက်ပေါ်ရပ်ပြီးလမ်းလျှောက်ရမယ်… လက်နှစ်ဖက်နဲ့ ဦးခေါင်းပါဝင်ပြီး လူသားတို့အရည်အချင်းတွေဖြစ်တဲ့ စကားပြောဆိုဆက်ဆံတာတို့ ပေါင်းသင်းဆက်ဆံရေးတို့ မွေးဖွားခြင်း၊ သေဆုံးခြင်းတို့ တည်ရှိဖြစ်ပျက်နေရင် မြို့ကြီးသားပဲဖြစ်ဖြစ်… တောနေလူပဲဖြစ်ဖြစ်… လူသူအရောက်အပေါက်နဲတဲ့နေရာက လူရိုင်းပဲဖြစ်ဖြစ်…

ဒီနေရာမှာ ဘာသာတရားတွေမပါဘူး… ဘာသာစကားတွေမရှိဘူး… ဓနဥစ္စာတွေ မလွှမ်းမိုးဘူး… နယ်မြေစည်းတွေ ခြားမထားဘူး…

လူ့အခွင့်အရေးငတ်ခဲ့တဲ့… ဒီမိုကရေစီကို ဘာမှန်းမသိလိုလားကြသော မြန်မာနိုင်ငံသားများနဲ့… ကိုယ်နဲ့အမြင်မတူရင် အမျိုးသားသစ္စာဖောက်တွေအဖြစ်သတ်မှတ်ချင်ကြသော ရဟန်းရှင်လူများခင်ဗျား…

အခြေခံအကျဆုံး လူဆိုတာဘာလဲနဲ့ လူ့အခွင့်အရေးကိုနားလည်စေချင်ပါတယ်… မြန်မာနိုင်ငံ တစ်ဦးတစ်ယောက်ထဲ ဝါးလုံးခေါင်းထဲလသာပြီး ကျွန်စွန့်ပစ်တဲ့သရက်စေ့လိုဘဝကနေ ရုန်းတက်ချင်တယ်ဆိုရင်… လူဆိုတာဘာလဲဆိုတာကို အရင်ဆုံးနားလည်စေချင်ပါတယ်… ဒီမိုကရေစီလမ်းကြောင်းကိုသွားနေချိန်မှာ ဘယ်လိုအာဏာရှင်မှမလိုချင်သလို… မရှိချင်သလို… ယူနီဖောင်းဝတ်အာဏာရှင်အပြင်… သင်္ကန်းဝတ်အာဏာရှင်များလဲအလိုမရှိပါဘူး…

အဲဒီလိုပဲ… လူလဲလူအလုပ်… စစ်သားလဲစစ်သားအလုပ်… ဘုန်းကြီးလဲ ဘုန်းကြီးအလုပ်ကို ပီပီပြင်ပြင်လုပ်စေချင်ပါတယ်…

အခုလုပ်နေပုံကဖြင့် သူငယ်ချင်းတစ်ယောက်ပြန်ပြောဖူးတဲ့စကားလေးကိုယူသုံးရရင်ဖြင့်…

လူမျိုးဘာသာမခွဲခြား လူသားအားလုံးကို ရင်ဝယ်သားကဲ့သို့ ချစ်မြတ်နိုးသော ဗုဒ္ဓမြတ်စွာဘုရားကိုယ်တော်ကြီးကိုလဲ အမျိုးသားသစ္စာဖောက်အဖြစ်သတ်မှတ်ရတော့မှာဖြစ်ပါကြောင်း…

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...