ထောင်ထဲမှာ..

မောင်ဆန်းApril 1, 20111min25318

ထောင်ထဲကို ရောက်ဖူးပါသလား  …….

ကျွန်တော်ကတော့ ကံဆိုးတယ် ပြောရမလား ကံကောင်းတယ် ပြောရမလား မသိဘူး ထောင်ထဲကို (၃)ခါ ရောက်ခဲ့ဘူးပါတယ် ထောင်ထဲကို မရောက်ဖူးခင်ကတဲက ထောင်အကြောင်းကို စာအုပ်တွေထဲကနေ ရင်းနှီးခဲ့ဘူးပါတယ် ပထမဆုံးက အလယ်တန်းကျောင်းသားဘဝလောက်မှာ မဂ္ဂဇင်းတွေထဲ အခန်းဆက် ပါတဲ့ ရန်အောင်မောင်မောင် ရဲ့ “ထောင်တစ်သက်အတွေ့အကြုံ” ပါ ဆရာကိုယ်တိုင်လဲ ထောင်ဝန်ထမ်း နောက် စာရေးကောင်းတဲ့သူလဲဖြစ်တော့ ထောင်ထဲက အကျဉ်းကျ တွေရဲ့ဘဝကို စိတ်ပျက်ရင်း သနားရင်း အော့နှလုံးနာရင်းနဲ့ပဲ စွဲစွဲလန်းလန်း ဖတ်ခဲ့ရတာပါ လွန်ခဲ့တဲ့ (၅)နှစ်လောက်က ဆရာ့ရဲ့ ဆောင်းပါးတွေကို စာအုပ်အဖြစ်တွေ့လို့ ပြန်ဖတ်ဖြစ်တော့လဲ ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ ခံစားမှုတွေကလျှော့မသွားဘူး ထောင်ကျဖြစ်ရမဲ့ ဘဝကို ကြောက်ရွံ့မိတုန်းပါ…

နောက်တစ်အုပ် ကတော့ ဦးလှဝင်း(လေသူရဲတစ်ဦး) ဘာသာပြန်တဲ့ “ပါပီလွန်” ဆိုတဲ့ စာအုပ်လေးပါ ဝတ္ထုစာအုပ်ဆိုဒ်လေးနဲ့ နောက်ပိုင်းတော့ “ပါပီလွန်နဲ့ဗင်ကို” ဆိုပြီး ဆိုဒ်ကြီးနဲ့ထွက်တယ်  ဆရာဦးလှဝင်းကလဲ စာရေးကောင်းသူတစ်ယောက်ပါ “ရွှေဘုံသာလမ်းပေါ်မှာ…”ဆိုတဲ့ သူ့ရဲ့ အတွေ့အကြုံတွေကို ရေးထားတဲ့ စာတွေကကောင်းသလို အခုဘာသာပြန်မှာလဲ ဘာသာပြန်စာအုပ်တစ်အုပ် ဖတ်နေရသလိုနဲ့ မတူတော့ပဲ ကျွန်တော်ကိုယ်တိုင် မတရားအကျဉ်းကျခံရရင်း ထောင်ထဲရောက် ကျွန်းပေါ်ရောက် ထွက်ပြေးလိုက် ပြန်အဖမ်းခံရလိုက် ပြန်ထွက်ပြေးလိုက် ထပ်အဖမ်းခံရလိုက်နဲ့ ဖြစ်နေရတဲ့ ဇတ်ကောင်ဘဝနဲ့တစ်သားထဲကျသွားတယ် စိတ်လှုပ်ရှားလိုက် ရင်ခုန်လိုက် စိတ်ပျက်လိုက် စိတ်ဓါတ်တွေ ပြန်တက်လာလိုက်နဲ့ …….. ရန်အောင်မောင်မောင် က မြန်မာကထောင်တွေရဲ့ အကြောင်း ဦးလှဝင်းက ပြင်သစ်ကထောင်တွေရဲ့ အကြောင်းရေးထားတာဖြစ်ပေမဲ့ ထောင်ကျအကျဉ်းသားတွေရဲ့ဘဝက ဘယ်မှာမှ မကောင်းပါဘူး လွတ်လပ်မှုတွေ ဆုံးရှုံးပြီး ကိုယ့်ကိုယ်နဲ့သူစိတ် နေရတဲ့ဘဝပါ အဲဒါကြောင့်လဲ ထောင်ဆိုတာ ကျွန်တော့်အတွက် အကြောက်ရွံ့ဆုံးထဲ တစ်ခုအပါအဝင်ဖြစ်ခဲ့ရပါတယ် ထောင်ကျချင်လားလို့ လူအယောက်(၁၀၀)ကို မေးကြည့်ရင် (၁၀၁)ယောက်က ထောင်ကျဘို့နေနေသာသာ ထောင်ထဲတောင် မသွားချင်ကြဘူးလို့ ဖြေကြမှာပါ ဒါပေမဲ့ ထောင်တွေထဲမှာတော့ လူအများကြီးပါဘဲ ပြစ်မှုနဲ့ ထောင်ကျတဲ့လူအများစုကတော့ ဒေါသ၊လောဘ တွေကြောင့်ကအဓိကပါ တခဏအတွင်း ဖြစ်ပေါ်လာတဲ့ ဒေါသတွေ လောဘတွေကို မထိန်းနိုင် မတားနိုင်ဘဲ ပြသနာတွေဖြစ်နေရတာပါ ဂျာနယ်မှာ တွေ့လိုက်ပါတယ် မန္တလေးလူငယ်လေးတွေ စကားများရာကနေ လူသတ်မှုဖြစ်ရတယ် အဲဒီတုန်းကတော့ သူတို့ဘာဖြစ်လာနိုင်တယ် စဉ်းစားကြမှာ မဟုတ်ပါဘူး ဒေါသရဲ့ဦးဆောင်မှုနောက်ကိုပါသွားကြတာပါ အခုချိန်မှာတော့ သူတို့ကိုယ်တိုင်ရော ပတ်သတ်နေတဲ့ မိသားစုဝင်တွေရဲ့ စိတ်ဆင်းရဲမှုအတိုင်းအတာရော ပြောပြလို့တောင် ရမှာမဟုတ်ပါဘူး  ထောင်ထဲမှ စိတ်ညစ်ရတာ မဟုတ်ပါဘူး အချုပ်ကားကိုမြင်ရတာလဲ စိတ်ညစ် စိတ်ပျက်စရာကြီးပါ ရုံးထုတ်အတွက် တခါတလေ ထွက်ခွင့်ရတုန်း သံဇကာကြားကနေ အပြင်မြင်ခွင့် ရဘို့ နေရာတိုးကြိတ်လုရ အနံ့အသက်ကမကောင်း လူတွေကကြပ်နဲ့ ….တခါတလေကိုယ်တိုင် ကားမောင်းနေရင်းနဲ့ တခြားကားသမားရဲ့ လုပ်ရပ်က ကိုယ့်ကို စော်ကားသွားတယ်လို့ တွေးလိုက်မိရင် ချက်ချင်းဒေါသထောင်းကနဲထွက်လာပြီး လက်စားချေဘို့ တစ်ခုခုပြန်လုပ်မိတယ် လုပ်ရင်းနဲ့မှ မျက်စေ့ထဲ အချုပ်ကားတွေ ထောင်တွေ မြင်ပြီး ကိုယ့်စိတ်ကိုယ် ပြန်လျှော့ရတယ် …

အဲ ဒါပေမဲ့ ကျွန်တော့်ဘဝမှာတော့ အကြောင်းတိုက်ဆိုင်စွာနဲ့ ထောင်ထဲကို (၃)ကြိမ်တောင် ရောက်ခဲ့ဘူးတယ် ထောင်ကျဘူးတာ မဟုတ်ဘူးနော် ထောင်ထဲရောက်ဘူးတာ ပထမဆုံးတကြိမ်က ၁၉၉၃ လောက် ရွှေဘိုထောင်ထဲရောက်တာ အကြောင်းတစ်ခုကြောင့်ပေါ့ ရွှေဘိုထောင်နေရာက အရင် ဦးအောင်ဇေယျရဲ့ နန်းတော်ရာ နေရာ အင်္ဂလိပ်တွေက ထောင်ဆောက်ထားတာ အခုအချိန်ထိ ထောင်တွေအားလုံးရဲ့တူညီတဲ့အချက် ကတော့ အားလုံးသန့်ရှင်းနေတာပဲ ထောင်သားတွေရဲ့လုပ်အားလဲရှိတာကို ထောင်သားတွေအားလုံးက အခန်းကြီးတစ်ခုထဲမှာ အပေါ်ဖြူအောက်ဖြူနဲ့ ပုံစံထိုင်ဆိုတဲ့ ခေါင်းတွေငုံ့ ခါးမတ်မတ်ထိုင် လက်တွေဆန့်ဆန့်ကြီးနဲ့ ကျွန်တော်တို့ရောက်ပြီး ပြန်ထွက်တဲ့အထိ တစ်နာရီကျော်မယ် အဲဒီပုံစံကြီးနဲ့  လုံးဝလှုပ်လို့မရဘူး အမလေး ပြန်တွေးကြည့်တာနဲ့ ကို ညောင်းလိုက်မဲ့ဖြစ်ချင်း နောက်နှစ်ကြိမ်ကတော့ အင်းစိန်ထောင်ကို အကိုလိုခင်တဲ့သူတစ်ယောက်နဲ့ သူငယ်ချင်း တစ်ယောက် ကိုသွားတွေ့ဖြစ်တာ တွေ့ခွင့်ရဘို့ ကို ကျော်ဖြတ်ရတဲ့ အဆင့်တွေကမနဲဘူး ထောင်ကြီးထဲကို ဝင်ဘို့ ထောင်ဘူးဝဆိုတဲ့ အပေါက်ကျဉ်းလေးကဝင်ရတယ် စာတွေထဲမှာဖတ်ဖူးထားတာ အင်္ဂလိပ်တွေက ထောင်သားတွေကို နာမ်နှိမ်တဲ့အနေနဲ့ ထောင်ဘူးဝရဲ့ အပေါ်မှာ မီးနေသည်ရဲ့ ထမီကိုမြုပ်ထားတယ်လို့ ကြားဘူးထားတော့ ဟုတ်မဟုတ်မသိပေမဲ့ ဝင်ရတာခပ်လန့်လန့်ပဲ အထဲလဲရောက်ရော သံဇကာခြားထားတဲ့ ဟိုဘက်ဒီဘက် လူတန်းကအရှည်ကြီး တွေ့ရတာက အချိန်ကန့်သတ်ချက်နဲ့ဆိုတော့ အလုအယက်နဲ့ သူများစကားသံတွေကိုကျော်အောင် အော်ပြောရသေးတယ် စိတ်ညစ်စရာကြီးပါ ထောင်ဆိုတာကြီးနဲ့ ပတ်သတ်ရတာတွေကတော့ စိတ်ညစ်စရာတွေချည်းပါဘဲ မပတ်သတ်ရတာ အကောင်းဆုံးပါ အဲဒီတုန်းက နာမည်ကြီးအဆိုတော်တစ်ယောက်လဲ သူညီကိုထောင်ဝင်စာလာတွေ့တာနဲ့ ကြုံလိုက်သေးတယ် ဘေးလူအနေနဲ့ ဒီလောက်စိတ်ညစ်ရရင် ကာယကံရှင်တွေဆို ဆိုဘွယ်ရာမရှိပေါ့ အဲဒီအကြောင်းတွေကို ထောင်ကျဘူးတဲ့ စာရေးဆရာတွေရေးထာတာ ဖတ်ကြည့်ရင် ပိုသိသာပါတယ် ပခုက္ကူဦးအုန်းဖေ ရဲ့ အတွေ့အကြုံတွေရေးထားတဲ့စာအုပ်မှာ လဲ ဒီအတိုင်းပါဘဲ နောက်ဆုံးဖတ်ရတာတော့ ဝင်းတင့်ထွန်းရဲ့ “ ၆ တိုက်မှာ လောက်ကိုက်တာခံရဘူးလား”ဆိုတာ မှာတော့ ဆိုးတဲ့ဘဝထဲမှာ အဆိုးဆုံးလို့ပြောရမလိုဖြစ်နေပြီ အခန်းကျဉ်းလေးထဲမှာ ကိုယ့်စွန့်တဲ့ မစင်ကပေါက်လာတဲ့ လောက်က ညဘက်ကိုယ့်ကိုပြန်ကိုက်ခံရတဲ့ဘဝကတော့ ………………… အဲဒီစာအုပ်ကတော့ တရားဝင်ထုတ်ထားတာ မဟုတ်ပဲ Website တစ်ခုကနေ ဆွဲချထားတာပါ

ဒီမနက်မှာလဲ သီတဂူဆရာတော်တို့ရဲ့ မန္တလေးထောင်မှာ (၅)ကြိမ်မြောက် အလှူဒါနလုပ်တဲ့ အခွေလေးကြည့်လိုက်ရပါတယ် တကယ်လိုအပ်နေတဲ့နေရာ လှူတဲ့ကုသိုလ်ဖြစ်တဲ့အတွက် သာဓုခေါ်မိပါတယ် စိတ်မကောင်းဖြစ်ရတာက သေဒဏ်ချခံထားရတဲ့ အကျဉ်းသားတွေကို ကြည့်ရချိန်ပါ ပန်းရောင်ဝတ်စုံတွေနဲ့ အားလုံးရဲ့မျက်နှာကညှိုးငယ်လို့ လူငယ်တွေတောင်ပါပါတယ် အခုအချိန်မှ နောင်တရနေရင်တော့ နှောင်းနောင်တပဲဖြစ်မှာပါ ပြသနာတွေမဖြစ်ခင်ကတဲက ဖြစ်လာမဲ့အကျိုးဆက်ကိုမျှော်တွေးပြီး ကို်ယ့်ကိုယ်ကို ထိန်းသိမ်းနိုင်မှ နောက်ဆက်တွဲ ဆိုးကျိုးတွေမကြုံရမှာပါ အကျဉ်းကျနေတဲ့ ထဲ ဘုန်းကြီးဘဝကလာသူတွေတောင်ပါသေးတယ် သီတဂူဆရာတော်ကမေးကြည့်တော့ ရဟန်းဘဝ(၇)ဝါရခဲ့တယ်တဲ့ ရဟန်း၊သံဃာတောင် လောဘ၊ဒေါသကိုမလျှော့နိုင်သေးတာဆိုတော့ …… ………….အင်း

ဘာပဲဖြစ်ဖြစ်ပါ    ကျွန်တော်ရော ရွာသူ ရွာသား အားလုံးရော သက်ရှိသတ္တဝါတွေအားလုံး အချုပ်အနှောင်ခံရခြင်းဘေးက ကင်းဝေး ကြစေချင်ပါတယ် ( လောဘ၊ဒေါသတွေလည်းလျှော့ကြပေါ့) ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံနဲ့ချီပြီး တစ်ခုခုထူးခြားတဲ့အခါတိုင်း လွတ်ငြိ်မ်းချမ်းသာခွင့်နဲ့ ထောင်ကျသမားတွေကိုလွှတ်တတ်တယ် အခုလဲ မနေ့ကစပြီး အစိုးရသစ်တစ်ခုစပြီ မကြာခင်မှာ လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ လွှတ်ပေးဦးမှာပဲ      အဲဒီအခါကျရင် (မဖြစ်နိုင်မှန်းသိပေမဲ့)  ထောင်ကျနေတဲ့လူတွေအားလုံး(အားလုံး) ပြန်လည်လွတ်မြောက်ပါစေ   ဘဝကိုအေးအေးချမ်းချမ်းနဲ့ တည်ဆောက်ရင်း ထောင်နဲ့ဝေးတဲ့ဘဝတွေ ဖြစ်ကြပါစေလို့ မျှော်လင့်နေမိပါတယ်…….

18 comments

  • thitminlwin

    April 1, 2011 at 11:43 am

    Great Thanks. Everybody should be cautious for own “anger”. There is only one thing is different between us and “prisoners”. That is “releasing own anger or not”.

  • padonmar

    April 1, 2011 at 1:51 pm

    ကျွန်မတို့အဖေဟာ ကုန်စုံဆိုင်အလတ်စားလေး ပိုင်ရှင်ဘဝမှာ စူစကာစစ်ဆင်ရေးကြောင့် ထောင်ကျခဲ့ရပါတယ်၊
    ကိုယ့်စာရိတ္တ ပျက်ယွင်းတာ မဟုတ်တဲ့အတွက် ဒီကိစ္စကို ရှက်စရာလို့မထင်ပါဘူး၊ဒါပေမယ့် အဖေနဲ့အတူထောင်ကျခံရတဲ့ လူတစ်ယောက်ကတော့ ထောင်ထဲမှာပဲ suicide လုပ်သွားပါတယ်၊
    အဲဒီနှစ်က ဆယ်တန်းစာမေးပွဲဖြေရတဲ့ အမလည်း ဒီတစ်ခုမှမပါတော့ပါဘူး၊
    မတရား အချုပ်အနှောင်ခံရခြင်းကနေလွတ်ကင်းကြပါစေ၊

  • ဆူး

    April 1, 2011 at 2:03 pm

    နိဇိုမိ ရဲ့ အတွေး အတိုင်း သတ္တဝါတိုင်း အချုပ်အနှောင်ဘေးက လွတ်ကင်းကြပါစေ။

  • nature

    April 1, 2011 at 4:06 pm

    ငယ်ငယ်တုန်းက ၅ပြားတန် လူသတ်မှုအကြောင်းဖတ်ဘူးတယ်၊ခေါင်းပန်းလှန်တဲ့ဝိုင်းမှာ စကားများပြီးရန်ဖြစ်ရာက လူသတ်မှုဖြစ်တာ၊ ဒေါသနဲ့ ၅ပြားကိုရယူဘို့အတွက် အသက်တချောင်း ဆုံးရှုံးခဲ့ရတယ်။

  • hmee

    April 1, 2011 at 7:24 pm

    အသိတယောက်က ပြောပြတယ် ထောင်ထဲမှာ ဂျပိုးကိုက်တာ ဝဲတောင်စွဲတယ်တဲ့။ ဘယ်သူမှ စိတ်ကူးနဲ.တောင် မသွားသင့်တဲ့ နေရာတဲ့။

  • char too lan

    April 2, 2011 at 6:51 am

    nozomi ရဲ ့ဆုတောင်းပြည့်သွားရင် ထောင်သားတွေအားလုံး (အားလုံး) လွတ်သွားရင်ပေါ့နော် အပြင်မှာရှိနေတဲ့ လူကောင်းတွေအတွက်လဲ အန ္တရာယ် ရှိလာနိုင်တယ်။ ကျနော်ကတော့ ခံသင့်သလောက်ခံကြရပီးမှ ခံသင့်တာထက်ပိုခံရတဲ့ လူတွေ နဲ့ မခံသင့်ပဲခံရတဲ့လူတွေ လွှတ်မြောက်ကြပါစေလို့ ဆုတောင်းပေးမယ်……. 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 2, 2011 at 8:19 am

    ထောင်ကျဘူးတယ်
    ရောက်စကတော့ သေခြင်စော်တောင်နံတယ်
    တစ်ပတ်လောက်ကြာလာတော့
    အသားကျလာတယ်
    လူပေါင်းစုံရှိတယ်
    နိုင်ငံသားအစုံရှိတယ်
    အီရန်ကလူတစ်ယောက်နဲ ့တောင်ခင်သွားသေးတယ်
    ဘောလုံးပွဲလောင်းလို ့ရတယ်
    ကော်ဖီမှုန် ့တွေဘာတွေ ဝယ်ထားရင်
    တပည့်တပန်းတွေတောင်ရတယ်
    ထမင်းအလကားစားရတယ်
    ထမင်းစားပြီးပန်းကန်မဆေးရဘူး
    ပျော်စရာကြီး
    ထောင်ထဲမှာ အခြောက်တွေ ဘစ်ဇနစ်ကောင်းတယ်
    ဖင်မဲမဲ ပိန်ပိန်လည်း လင်တွေဘာတွေနဲ ့
    ခင်ခဲ့တဲ့ အီရန်ကလူက သေနတ်အကြောင်းတွေပြောပြတာ
    နမူနာတွေလုပ်ပြတာ တော်တော်စိတ်ဝင်စားဘို ့ကောင်းတယ်
    ဗုံးထောင်နည်းတွေ မှာဆိုဒီကောင်တော်တော်နားလည်တယ်
    ကိုယ်က အရင်ထွက်လာလို ့
    နောက် ငါးနှစ်လောက်ဆိုရင် ဒီကောင်လွတ်မယ်
    အဲ့ခါကြရင်
    ဒီကောင်စီမှာသင်ပြီး
    ပရော်ဖက်ရှင်နယ် ဗုံးလိုက်ခွဲစားမယ်

    • nozomi

      April 4, 2011 at 3:36 am

      အင်ဒိုနီးရှားမှာ ဂိုဏ်ခေါင်းဆောင်တစ်ဦးက ထောင်ထဲမှာ ပစ္စည်းအပြည့်အစုံနဲ့ ဟိုတယ်မှာနေသလိုနေတယ် နောက်တိုင်ခံရတော့မှ ဝင်ဖမ်းဆီးတာလုပ်တယ်တဲ့…..
      ကိုဝမ်းရဲ့ မကာအိုမှာလဲ သက်ဆိုင်တဲ့သူတွေနဲ့ အဆင်ပြေရင် အဆင်မြင့်မြင့်နေရတာပဲ

      မြန်မာပြည်မှာလည်း လမ်းကြောင်းသာ မှန်လို့ကတော့ ထောင်ထဲမှာလဲသက်သာမယ် အဆင်ပြေရင် အပြင်စခန်းတစ်ခုမှာငြိမ့်နေတာဆိုပဲ(ကြားဖူတာနော် တကယ်ဟုတ်မဟုတ် မသိဘူး)

      ဘပုရဲ့ အတွေ့အကြုံတွေကလည်း တော်တော်စိတ်ဝင်စားဘို့ကောင်းမယ် အသေးစိတ်လေးရေးပြပါဦး

  • kai

    April 2, 2011 at 9:32 am

    အစိုးရသစ်တက်တိုင်း..လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ရတာပဲ..။ ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းရဲ့ နိယာမပဲ..။
    ထုတ်ပေးဖို့သင့်နေပြီ..။

    ထောင်သားတွေလွတ်ပေးပါ..။ လွတ်ငြိမ်းချမ်းသာခွင့် မြန်မြန်ပေးပါ.. အာဏာရှိလူကြီးမင်းများ…။

  • winkyawaung

    April 2, 2011 at 10:24 am

    ထောင်သားတွေ လွတ်ငြိမ်းချမ်းသာခွင့်က အစိုးရသစ်ပြောင်းတိုင်း ပေးနေကြပါတယ်။ သူတို့ကိစ္စတွေ ဇာတ်တိုက်ပြီးရင် စဉ်းစားကြမယ်ထင်ပါတယ်။

  • paukpauk

    April 2, 2011 at 3:47 pm

    လိပ်ပြာသန့်ချင်ရင်တော့ နိုင်ငံရေးအကျဉ်းသားတွေ တယောက်မှ ချန်မထားသင့်ပါဘူး။
    ကိုမင်းကိုနိုင်တို့ဆိုတာ
    ဘယ်တုန်းကမှ ထောင်ထဲ မရောက်သင့်တဲ့သူတွေပါ။
    တိုင်းပြည်ကို အုပ်ချုပ်သင့်တဲ့သူတွေလို့ပဲ တစိုက်မတ်မတ်ယုံကြည်ထားတယ်။

  • manawphyulay

    April 4, 2011 at 2:08 pm

    နောက်တစ်အုပ်လည်း ဖတ်လို့ အရမ်းကောင်းတယ် ရန်အောင်မောင်မောင်ရဲ့ ကြိုးစင်ပေါ်က မှတ်စုများ စာအုပ်လေ ခု ပြန်ပြီး ထုတ်ဝေထားတာကို တွေ့ရှိရတယ်။ အရင်တုန်းက ကြိုးပေးပုံ ပေးနည်းတွေကို အကွက်အကွင်းနဲ့ သေသေချာချာ သိမှတ်ရတယ်။

    • nozomi

      April 6, 2011 at 6:54 am

      မနော ကျေးဇူးတင်ပါတယ် ရှာဖတ်ကြည့်ပါဦးမယ်
      လူထုဦးလှ ရဲ့ လူနဲ့ထောင် ဆိုတာရှိသေးတယ် အင်တာနက်ကဒေါင်းထားတာ
      မဖတ်ရသေးလို့ ထည့်မရေးလိုက်ဖြစ်လိုက်တာ

  • unclegyi1974

    April 4, 2011 at 3:34 pm

    ဒေါသကြောင့်မောဟကြောင့်လောဘကြောင့်
    ကြောင်းအမျိုးမျိုးနဲ့ဘယ်လိုဘဲထောင်ကျကျ
    အပြစ်ရှိရင်ကြေအောင်ဆပ်ရမှာပါ
    အချို့ကလုပ်တာနဲ့အပြစ်ပေးတာနဲ့ဘယ်လိုမှ
    မလိုက်ဖက်လို့သူတို့လိုလူမျိုးတွေကို
    တော့အမြန်လွတ်စေချင်ပါတယ်

  • zarni

    April 6, 2011 at 4:27 am

    “ ၆ တိုက်မှာ လောက်ကိုက်တာခံရဘူးလား” စာအုပ်က စာရေးဆရာ ဝင်းတင့်ထွန်းရေးတာပါ..။ကျေးဇူးတင်ပါတယ်။

    • nozomi

      April 6, 2011 at 6:50 am

      ကိုဇာနည် ကျေးဇူးတင်ပါတယ် လူမှောင်ခိုကူးတဲ့အကြောင်းရေးတဲ့ စာရေးဆရာ နာမည်နဲ့ ရောသွားတယ် ပို့စ် မှာပြန်ပြင်လိုက်ပါတယ် (ယောကျင်္ာလေး နာမည်ဆိုမေ့တတ်တာ ကျွန်တော့အားနည်းချက်ဖြစ်မယ် း) )

    • akswe

      April 6, 2011 at 4:15 pm

      “ ၆ တိုက်မှာ လောက်ကိုက်တာခံရဘူးလား” စာအုပ်က စာရေးဆရာ ဝင်းတင့်ထွန်းရေးတာပါ..
      အဲဒီစာအုပ်ထဲက အကြောင်းအရာတွေက တစ်ဝက်လောက်ပဲမှန်ပါတယ်။(စာရေးသူကို စော်ကားတာမဟုတ်ပါ)
      မတရားတဲ. အစိုးရကြောင်. နိုင်ငံရေးမှုနဲ.ထောင်ကျ တာကို နာကြည်းပြီး ထောင်ဝန်ထမ်းတွေကိုပါသိမ်းကျုံး မကောင်းရေးတာ မမှန်ဘူးထင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို တစ်ကယ် နှိပ်စက် ရက်စက်တာက MI-6, MI-7နဲ.
      စစ်တပ်က ပါ။ ထောင် ဝန်ထမ်းတွေမှာ တစ်ခြား ခိုးဆိုးလူသတ်ဓါးပြမှုနဲ.အကျဉ်းသားကိုပဲ ရိုက်နှက်ဆုံးမခွင်.ရှိပါတယ် နိုင်ငံရေးအကျဉ်းသားကို နှိပ်စက်ဖို.အဲဒိလောက်ပါဝါမရှိပါဘူး။ စာရေးသူရဲ့ခံစားချက်ကို ကိုချင်းစာ ခံစားနားလည်နိုင်ပါတယ် ဒါပေမယ်. အစွန်းရောက် အောင် မမှန်တာတွေပါထည့်ရေးပြီးဇာတ်နာအောင် ပို.ထားလို့ တခြားသူတွေဖတ်မိရင် အမှားကို အမှန် ထင်သွားမှာ စိုးရိမ်လို.ဝင်ပြီး ရေးလိုက်ပါတယ်။ အင်းစိန်ထောင်အကြောင်း အဲဒီစာရေးသူထက်ကိုပိုပြီးသိပါတယ်ဆိုရင်……..။

  • juttue.gyi

    April 6, 2011 at 4:00 pm

    ကဲဗျာ မတရားခံရတာတွေ ကြားရတာများတော့ စိတ်အချဉ်ပေါက်မိတယ် လူ,လူချင်းအတူတူ သူ့တို့က အခွင့်ထူးခံပြီး ဘာဖြစ်လို့များ ချုပ်နှောင်ကြရသလဲ မသိဘူးနော် သူ့တို့ကရော ပခုံးနှစ်ဘက်ကခေါင်းပေါက်ကြတာသူတွေ မဟုတ်လို့လား (မှားတာရှိရင် တောင်းပန်ပါတယ်ဗျာ)

Leave a Reply