တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံ အတွင်းသို့ ကျွန်ုပ်၏ မိတ်ဆွေဟောင်း ကိုပီတာဆိုသည့် စိတ်မနှံသော လူကြီးတစ်ဥိး ရောက်ရှိလာလေ၏။ ကျွန်ုပ်ကိုမြင်လျှင် ၎င်းက.. “ဟေ့ ဖိုးအောင်ထွန်း ဂွတ်ဒ်မောနင်း၊ ဂွတ်နိုက်” ဟူ၍ သူ၏ထုံးစံအတိုင်း နှုတ်ဆက်လေတော့၏။ ကျွန်ုပ်သည် အလုပ်များသည့်ကြားမှ ကျွန်ုပ်၏ခြံကို ပြင်နေရ၏။ ဌက်ပျောပင်များ အတန်းလိုက် စိုက်နေရ၏။ ကျွန်ုပ်ထံတွင်နေသော တပည့်ကလေးများအတွက် အိမ်ကလေးများ ဆောက်လုပ်ပေးရေ၏။

ကိုပီတာကြီးသည် ကျွန်ုပ်အလုပ်ရှုပ်နေသည်ကို ကြည့်ပြီးလျှင်.. “ အလုပ်တွေများလှချေလား၊ ဘဲရီးဂွတ်၊ ဘဲရီးဘတ်ဒ်..” ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က.. “ဘယ်လိုကြောင့် ဘဲရီးဂွတ်ဒ်ပြီး၊ ဘယ်လိုကြောင့် ဘဲရီးဘက်ဒ်ဖြစ်ရတာလဲ၊ ကိုပီတာကြီးရဲ့..” ဟု ပြန်၍မေးလိုက်ရာ ၎င်းးက.. “အလုပ်လုပ်တာကွာ ကောင်းတာပေါ့၊ အဲဒါကြောင့် ဘဲရီးဂွတ်ဒ်လို့ ပြောတာ၊ အလုပ်များတော့လည်း အရမ်းပင်ပန်းတာပေါ့၊ ကြာရင် ပင်ပန်းနာကျပြီး ဘဝမှာ ထုံထိုင်းထိုင်း ဖြစ်သွားတတ်တယ်ကွ၊ မကောင်းဘူး အဲဒါကြောင့် ဘဲရီးဘတ်ဒ်လို့ ပြောတာ ” ဟု ရယ်မောလျက် ပြန်၍ဖြေလေ၏။

“ကဲပါဗျာ ဒီမနက်စာ ဘာချက်ရမလဲ” ဟု ကျွန်ုပ်က မေးလိုက်ရာ ကိုပီတာကြီးက.. “ဝက်သားကို ဌက်ပျောသီးနဲ့ ဆီပြန်ချက်ကွာ၊ ကြက်အရိုးနဲ့ ခွေးတောက်ရွက်ကို ဟင်းချိုချက်ကွာ၊ ပုစွန်လေးကို ရှောက်ရည်ညှစ်ပြီး အစိမ်းသုပ်ကွာ ငါးပိကြော်လေးလည်းပါရင် ကောင်းတယ်ကွ” ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း မှော်ဘီဈေးသို့ တပည့်ကလေးတစ်ဦးအား စေလွှတ်ရလေတော့၏။ ထိုတပည့်ကလေး ပြန်လာလျှင် ကျွန်ုပ်ကိုယ်တိုင် ချက်ပြုတ်ရလေ၏။ ပြီးလျှင် ကိုပီတာကြီးအား တည်ခင်း ကျွေးမွေးရလေ၏။ ကိုပီတာကြီးသည် ကျွန်ုပ်ကျွေးမွေးသော ထမင်းဟင်းလျာများကို မြိန်ယှက်စွာ စားသောက်လေ၏။

ထိုအချိန်၌မှာပင် ချိန်းဆိုထားသောစာမူများ လာ၍ယူကြမည်ဖြစ်သောကြောင့် အပြီးမသတ်ရသေးသည်များကို အပြီးသတ်ရလေ၏။ ထိုအလုပ် များပြီးသောအခါ၌ ခြံတွင်းနေတပည့်ကလေးများကို ဗေဒင် လက္ခဏာ၊ ဂမ္ဘီရ စသောပညာရပ်များကို သင်ပြပေးရပြန်လေ၏။ ထို့နောက် ကျွန်ုပ်သည် မောဟိုက်၍ ထိုင်နေလေ၏။ ကိုပီတာကြီးမှာမူ ထမင်းစားပြီးနောက် ရေနွေးကြမ်း၊ လက်ဖက်ရည်၊ နနွင်းမကင်း စသည်တို့ဖြင့် အချိုတည်း၍ နေလေတော့၏။ ထို့နောက်တွင်ကား ကျွန်ုပ်ထံမှ ငါးသုံးလုံး စီးကရတ်တစ်လိပ်ကို တောင်းယူပြီးလျှင် ကျေနပ်စွာ ရှိုက်ဖွာနေလေ၏။

ကျွန်ုပ်က.. “ကိုပီတာကြီး စားရသောက်ရတာ အဆင်ပြေရဲ့လား” ဟုမေးလိုက်ရာ ၎င်းက.. “ မစားရရင် အငတ်ခံနေ မယ်၊ စားရရင်တော့ အခုလိုကောင်းကောင်းလေး စားရမှကွ၊ ခံတွင်းတွေ့လှတယ်ကွာ၊ ဒါကြောင့် ပီတာကြီးအဖို့တော့ ဒီနေ့အတွက် နဂိုအနေမှာ စိုပြည်ပြီး အိုကေဖြစ်နေပါပြီကွာ” ဟု ပြောဆိုကာ တဟဲဟဲနှင့် ရယ်၍နေလေ၏။ “ကောင်းပါလေရဲဗျာ” ဟု ကျွန်ုပ်ကပြောလိုက်ရာ ကိုပီတာကြီးက.. “လူမှာက ပဋ္ဋိသန္ဓာရ နှစ်မျိုးကို ကျင်းသုံးရတယ်ကွ၊ ပဋ္ဋိသန္ဓာရ ဆိုတာက တစ်ဦးနဲ့တစ်ဦး မေတ္တာမပျက်ရအောင် အဆက်အစပ်ပြုတဲ့ သဘောပဲကွ၊ အဲဒီတော့ ပဋ္ဋိသန္ဓာရကလည်း နှစ်မျိုးရှိပြန်တယ်၊ ကိုယ့်လူ၊

မမှားသင့်တာ မမှားရအောင် သွန်သင် ဆုံးမတဲ့အနေနဲ့ ပြောဆိုတဲ့ ပဋ္ဋိသန္ဓာရကို ဓမ္မပဋ္ဋိသန္ဓာရလို့ ခေါ်တယ်၊ နောက်တစ်မျိုးကတော့ ပစ္စည်းဥစ္စာ ငွေကြေး အစားအသောက်ပေးကမ်း ကျွေးမွေးပြီး အဆက်အစပ် ပြုတဲ့သဘောကို ပစ္စယပဋ္ဋိသန္ဓာရလို့ ခေါ်တယ်ကွ၊ မင်းက ငါ့ကို ပစ္စယပဋ္ဋိသန္ဓာရ ပြုတယ်၊ ငါက မင်းကို မလုပ်သင့်တာ မလုပ်မိဖို့၊ လုပ်သင့်တာ လုပ်ဖြစ်ဖို့ ပြောဆိုပြတယ်၊ ငါ့ဘက်က ဓမ္မပဋ္ဋိသန္ဓာရ ပြုလုပ်တယ်၊ နှစ် ယောက်စလုံး ပဋ္ဋိသန္ဓာရတွေနဲ့ ပြည့်စုံကြတယ်ပေါ့ကွာ၊ မကောင်းဘူးလား” ဟု ပြောလိုက်ရာ ကျွန်ုပ်က.. “ တယ်ဟုတ်ပါလား၊ ကိုပီတာကြီး ပါဠိတွေ ဘာတွေနဲ့ကို အကျအန ပြောတော့တာပဲ၊ ကျုပ်ဖြင့် ခင်ဗျား ဒီလောက်တတ်မှန်းတောင် မသိပါဘူးဗျာ၊ အဲဒီလိုတတ်တဲ့ အကြောင်း ကျုပ်ကို အရင်က ဘာပြုလို့ မပြောတာလဲ” ဟု အားမလိုအားမရသော လေသံဖြင့် ပြောလိုက်လေ၏။

ထိုအခါ ကိုပီတာကြီးက.. “ငါက ဂမ္ဘီရပညာတွေကို လိုက်စားနေတဲ့ ဂမ္ဘီရသမားအစစ်ကွ၊ မင်းက တကယ်လိုက်စားတာမှ မဟုတ်တာ၊ လိုက်စားချင်ယောင် ဆောင်နေတာ၊ ဂမ္ဘီရသမားမှာက အရည်အချင်းတွေ အများကြီးလိုတယ် ငါ့လူရဲ့၊ အဲဒီအရည်အချင်းတွေထဲမှာ မကြွားဝါခြင်းဆိုတဲ့ အချက်ဟာ နံပါတ်တစ် နေရာမှာတောင် ရောက်နေတယ်၊ ဥပမာကွာ- လူစုံပြီးဆိုရင် ကျုပ်က ဘွဲ့ဘယ်နှစ်ခုရတာ၊ ဘယ်လောက် ချမ်းသာတာ၊ ကျုပ်ဆွေမျိုး အသိုင်းအဝိုင်းက ဘယ်လောက် ကြီးကျယ်တာဆိုပြီး ကြွားတတ်ကြတယ်၊ တချို့ကလည်း ကျုပ် ပုတီးစိပ်လာတာ နှစ်ပေါင်းဘယ်လောက်ရှိပြီ တောင်ကြမ်း၊ တောကြမ်းတွေမှာ အဓိဋ္ဌာန် ဝင်လာတာ ဘယ်လောက်ကြာပြီ၊ သက်သတ်လွတ်စားတာ ဘယ်လောက်ရှိပြီ ဆိုပြီးတော့လည်း ပြောတတ်ကြသေးတယ်၊

တချို့ကျတော့ ကျုပ်က လက်ရိုးဗေဒင်ကိုလည် ကျွမ်းတယ်၊ လက်ဆန်းဗေဒင်လည်း တတ်တယ်၊ အင်္ဂဝိဇ္ဖာ ဆိုတာတော့ မပြောနဲ့တော့၊ အင်းအတတ်၊ ဆေးအတတ်မှာလည်း ကျုပ်လောက်တတ်တဲ့လူ တော်တော်ရှားတယ်၊ အထက်ဆေးဝါးတွေ ဘယ်လောက် အထိထိုးခဲနှံခဲ့တယ်၊ သောက်ခဲ့မျိုးခဲ့တယ်ဆိုပြီး ပြောတတ်ကြတယ်၊ အဲဒီ အပြောအဆိုတွေဟာ ကြွားဝါခြင်းပဲ မဟုတ်လား၊ ကြွားဝါခြင်းဆိုတာ မာန်မာနက မွေးထုတ်ပေးလိုက်တဲ့ သားသမီးပဲ၊ ကြွားဝါခြင်းရဲ့နောက်မှာ ဘယ်လိုလူစားမျိုး မှတ်သလဲဆိုတဲ့ စကားလုံးဟာ မပြောဘဲ ပါနေတတ်စမြဲပဲ၊ ကြွားဝါခြင်းကို နှိပ်ကွပ်နိုင်တာကတော့ ဆိတ်ဆိတ်နေ ခြင်းဆိုတဲ့ လက်နက်ပဲ၊ အနောက်တိုင်း ဂမ္ဘီရပညာမှာ “To Keep Silent” ဆိတ်ဆိတ်နေရမယ် လို့ အတိအကျ ညွန်ပြထားတယ်၊

တကယ်တော့ ကိုယ်မှာရှိတဲ့ အခြေအနေတွေ၊ အရည်အချင်းတွေကို ထုတ်မပြောဘဲ ဆိတ်ဆိတ်နေခြင်းဟာ နှိမ်ချခြင်း စိတ်ဓါတ်နဲ့ဆိုင်တယ်၊ ဒါဟာ နှိမ့်ချမှုထဲကို ထည့်ရမှာပဲ” ဟု ကျွန်ုပ်အား ရှည်လျားစွာရှင်းပြလေ၏။

“တယ်ဟုတ်ပါလား ကိုပီတာကြီးရဲ့ ဘာပဲဖြစ်ဖြစ်ဗျာ ဆိတ်ဆိတ်နေခြင်းဟာ ကောင်းတယ်လို့ဆိုရမှာပဲ၊ ခင်ဗျားတိုလည်း ဂမ္ဘီရလိုက်စား အခုမှသိပါတယ်ဗျာ” ဟု ကျွန်ုပ်က ပြောလိုက်ရာ ကိုပီတာကြီးက ရယ်လေ၏.

ဒီတော့ ကိုယ့်လူကို အရေးကြီးတဲ့ စကားပြောရဦးမယ်၊ လောကကြီးမှာ လူတော်တော်များဟာ အလုပ်လုပ်ဖို့ ပဲ တာစူနေကြတယ်ကွ၊ ဘာကြောင့် အဲသလိုဖြစ်နေကြသလဲဆိုတော့ လူ့ရဲ့အဆင့်အတန်းကို သူ ဘာလုပ်နိုင်သလဲ၊ ဘာဖြစ်နိုင်သလဲ၊ ဘာဖြစ်မြောက်သလဲဆိုတဲ့ အပေါ်မှာ ဆုံးဖြတ်ကြတာကိုး အဲဒီတော့ သူထက်ငါ ကြိုးစားပြီး လုပ်ကြတာပေါ့၊ အဲဒီတော့ တတ်သိနားလည် မှုအားလုံးမှာ ကြိုးစားပြီး လုပ်ရမယ်ဆိုတာပဲ ပါတယ်ကွ၊ အလုပ်လုပ်နိုင်ခြင်းရဲ့အသက်ဟာ ကောင်းစွာ အနားယူခြင်းအပေါ်မှာလည်း တည် မှီနေတယ်နော်၊ ကောင်းစွာအနားမယူဘဲ အလုပ်ကိုချည်း၊ မနေမနား လုပ်နေမယ်ဆိုရင်တော့ အသက်တိုသွားလိမ့်မယ်၊ အသက်တိုသွား မယ်ဆိုတာက ရိုင်းရိုင်းစိုင်းစိုင်းပြောတာမဟုတ်ပါဘူး၊ အနားမယူတတ်တဲ့လူကို သဘာဝတရားကြီးက အနားပေးလိုက်တဲ့သဘောပါ” ဟု ကိုပီတာကြီးက ပြောလေ၏။

“ခင်ဗျားပြောတဲ့ စကားဟာ အဟုတ်ပဲလား” ဟု ကျွန်ုပ်က မေးလိုက်ရာ ကိုပီတာကြီးက.. “ဒီမှာ မောင်အောင် ထွန်း မင်းက ငါ့ကို ကောင်းကောင်းမွန်မွန် ချက်ပြုတ်ကျွေးလေတော့ မင်းဘက်က ပဋ္ဋိသန္ဓာရနဲ့ ပြည့်စုံသွားပြီ၊ ငါကလည်း မိတ်ဆွေကောင်းအနေနဲ့ အနားယူခြင်းဟာ အလုပ်လုပ်ခြင်းအတွက် အရေးကြီးတဲ့ အကြောင်း မင်းကိုသတိပေးတာပါ၊ အဲဒီလို သတိပေးမှလည်း ငါ့ဘက်က ပဋ္ဋိသန္ဓာရနဲ့ ပြည့်စုံတော့မှာပေါ့” ဟု ပြောလေ၏။

“ကိုပီတာကြီးတို့ကတော့ စကားပြောရင် အဖွင့်နဲ့ အပိတ်နဲ့ အတော့်ကိုတတ်တာပဲ” ဟု ကျွန်ုပ်က ချီးမွမ်း လိုက်မိလေ၏။ “ဂမ္ဘီရသမားကိုးကွ၊ ဂမ္ဘီရသမားတစ်ယောက်ရဲ့ အရည်အချင်းမှာ ကောင်းစွာပြောတတ် ခြင်းလည်းပါတယ်ကွ၊ ပြီးတော့ စကားပြောတဲ့ အခါမှာ အသံသြဇာဓာတ်နဲ့ ပြည့်စုံဖို့လည်း လိုသေးတယ်၊ အထူးသဖြင့်ကတော့ နှုတ်ခမ်းဖျားက လာတဲ့အသံနဲ့ မပြောဘဲ ရင်ခေါင်းကလာတဲ့ အသံနဲ့ ပြောတတ်အောင် လေ့ကျင့်ထားရတယ်၊

အဲဒီအကြောင်းတွေ အသေးစိတ်ကိုတော့ အခါအခွင့်သင့်ရင် မင်းကို ပြောပြရဥိးမယ်၊ လူတိုင်း စကားမပြောတတ်ဘူး၊ အဲဒီလိုပဲ လူတိုင်း နားမထောင်တတ်ဘူးကွ၊ ဂမ္ဘီရ သမားတစ်ယောက်ဟာ ပြောလည်း ပြောတတ်ဖို့လိုသလို သူတစ်ပါးပြောရင်လည်း ကိုယ်က နားထောင်တတ်ရမတယ်” ဟု ကိုပီတာကြီးက ပြောလေ၏။ “ဒီလိုရှီပါတယ် ကိုပီတာကြီးရယ်၊ ကျုပ်က အလုပ်များတယ်ဆိုပေမယ့် အလုပ်မဟုတ်တဲ့ အလုပ်တွေ ပြွတ်သိပ်ပြီး အလုပ်ရှုပ်နေတာပါ၊ ဧည့်သည်ကို ထမင်းချက်ကျွေးတယ်၊ ခြံထဲမှာနေတဲ့ တပည့်ကလေးတွေနဲ့ ဝိုင်းဖွဲ့ပြီး ဟိုရောက်ဒီရောက် စကားပြောတယ်။ တပည့်လေးတွေ မမီလိုက်တဲ့ ခေတ်ကာလတွေ အကြောင်း ပြောပြတယ်၊ တစ်ခါတလေ သရဲအကြောင်း ထိုင်ပြီးပြောချင် ပြောနေတော့တာပဲ၊ ဘာမှ မယ်မယ်ရရ မဟုတ်ပါဘူးဗျာ” ဟု ကျွန်ုပ်က ပြောလိုက်လျှင်…

အို.. ဒီလိုမပြောနဲ့၊ အပျင်းပြေ ကဗျာစပ် တာတို့၊ ကဗျာရွတ်တာတို့၊ သီချင်းဆိုတာတို့၊ အပျင်းပြောသဘောနဲ့ ပန်းချီဆွဲတာတို့ အပျင်းပြေသဘောနဲ့ ဓါတ်ပုံရိုက်တာတို့၊ အပျင်းပြေသဘောနဲ့ ခရီးထွက်ပြီး ရှုခင်းတွေ ကြည့်တာတို့ အပျင်းပြေသဘောနဲ့ မုန့်လုပ်စားတာတို့ဟာ မလိုအပ်တဲ့အရာတွေ မဟုတ်ဘူးနော်၊ လောကကြီးမှာ အသုံးဝင်တဲ့ အလုပ်တွေလုပ်ဖို့ အကြံညာဏ်ကောင်းတွေဟာ စောစောကပြောတဲ့ အသုံးမဝင်ဘူးလို့ထင်တဲ့အလုပ်တွေ လုပ်ရင်း ရုတ်တရက်ပေါ်ပေါက်လာတတ်တယ်၊ ဘာဖြစ်လို့လဲ သိလား သိစိတ်ကို အနားပေးလိုက်တော့ သိစိတ်ဟာ ကျေနပ်ပြီး အထဲမှာ ရှိတဲ့ မသိစိတ်ဆီကနေ အဖိုးတန်တဲ့အရာတွေ နှိုက်ယူလိုက်တာ ကိုယ့်လူရဲ့ ဒါကြောင့် အသုံးမဝင်တဲ့ အလုပ်တွေလုပ်ဖို့ လိုအပ်သလို အသုံးမဝင်ဘူးဆိုတဲ့ အပျင်းပြေအလုပ်တွေလည်း လုပ်ဖို့ အလိုအပ်ပါတယ်၊ ငါ့လူရယ်၊ ကိုယ့်စိတ်ကို ကိုယ်အနားပေ၊ အေးအေးလူလူ နေတတ်စမ်းပါ၊ ဘာမှမပူဘဲ အနားယူတတ်စမ်းပါ၊ ကိုယ့်ဘာသာကိုအနားမယူရင် သဘာဝတရားကြးက အနားပေးလိုက်လိမ့်မယ်၊ သဘာဝတရားကြီးက အနားပေးတယ်ဆိုတာ သေတာကိုပြောတာ ကိုယ့်လူရ..ကဲ ငါသွားမယ်” ဟု ဆိုကာ ကိုပီတာကြီးသည် သူ၏လက်သီးကြီးဖြင့် ကျွန်ုပ်၏ကျောကုန်းကို ဘန်းကနဲ့ ထုကာ အကြောင့်ကြမဲ့သော ခြေလှမ်းများဖြင့် ကျွန်ုပ်၏ခြံတွင်းမှ ပျော်ရွှင်စွာ ထွက်သွားလေတော့သတည်း။

About အူးစည်

has written 140 post in this Website..