တရေးနိုးမှာ ပြန်အိပ်မရတဲ့ထိအောင် စဉ်းစားမိနေတဲ့ မြန်မာ့လူမျိုးရေး

မြန်မာ့သမိုင်းပါမောက္ခကြီး ဒေါက်တာသန်းထွန်းက မအအောင် သမိုင်းသင်ကြရမယ် လို့ ပြောထားဖူးလေတော့ကာ အားလုံးကို ကျနော်ကြိုပြီး ဝန်ခံထားချင်တာတွေရှိပါတယ်။ ကျနော်ဟာ တော်တော်ကြီးကို အ.ပြီး တော်တော်ကြီးကိုညံ့တဲ့ လူအ.လူညံ့လေး တစ်ယောက်ပါဗျာ။ ဆယ်တန်းမှာ သချင်္ာ ၉၅ မှတ်ရအောင်ဖြေနိုင်ခဲ့ပေမယ့် သမိုင်းအဖြေလွှာမှာ ၁၅ မှတ်ဖိုးလောက် ပါသွားဖို့ အတော်ဖြစ်ညှစ်ရေးခဲ့ရလောက်အောင် ညံ့လှ၊ အ.လှ ပါတယ်။ ကိုစံလှကြီး ရေးနေတဲ့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ အကြောင်းရုပ်ပုံလွှာ ပို့စ်တွေကိုလည်း ရှေးရှေး တခေတ်ဆီက ဘုရင်တပါးအကြောင်းရယ်သာပဲလို့ (ကျနော့အနေနဲ့) ဟိုးငယ်ငယ် မောင်ရှင်လောင်းလှည့်တုန်းက ရွှေထီးဆောင်းခဲ့တဲ့ အဖြစ်လောက်တောင် ပြန်အောက်မေ့စရာမထင်ခဲ့တော့ ဖွင့်မဖတ်မိတဲ့အကြောင်း ထပ်ပြီး ဝန်ခံပါအုံးမယ်။

ဘဖောကြီးရေးတဲ့ စဉ်းစားကြစေလိုပါတယ်(၁၈) ကိုဖတ်မိတော့မှပဲ ဟာ.ဟင်ဆိုပြီး ရွာထဲမှာခေါင်းစားနေကြတဲ့အကြောင်းသိပြီး ဦးအောင်ဇေယျကိုရော၊ လူမျိုးကြီးဝါဒ မြန်မာပြည်ကိုပါ ပြန်လှန်လှောကြည့်မိပါတော့တယ်။ အဲဒီကမှ  မြန်မာနိုင်ငံသား ဖြစ်ချင်စိတ် တော်တော်လေးကို ကုန်ခန်းနေတဲ့ မွန်လူမျိုး ပါ ဆိုလောက်အောင်ဖြစ်ရတဲ့အတွက် ပါးစပ်ပိတ်မနေနိုင်တော့သလို  ယဉ်ကျေးမှု မရှိတဲ့ လူ့ အရိုင်းအစိုင်း မြန်မာ လူမျိုးများလို့ ဆိုထားတာကိုလည်း ငြိမ်ထိုင်မနေချင်ဘူးဗျာ..။

ပြောခဲ့တဲ့အတိုင်းကျနော်ဟာ သမိုင်းမကျေတဲ့ လူအလူညံ့တယောက်ပေမို့ သက်ဦးဆံပိုင်ခေတ်က ဘယ်လူမျိုးက ဘယ်လူမျိုးကို ဘယ်လိုနိုင်ရာစစ်ခင်း၊ ယုတ်ရင်း ကြမ်းတမ်းခဲ့တယ်ဆိုတာ ချက်ကျလက်ကျ မပြောတတ်ဘူးဗျာ။ ကျနော်သိတဲ့ လူမျိုးရေးဆိုတာလည်း တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် ဆိုတာမျိုး သမိုင်းမှာသင်ရတာရယ်၊ ကိုယ်တွေ့အဖြစ်  ကရင်သူနာပြု ဆရာမလေးနဲ့ ကြိုက်နေတဲ့ မွန်လူမျိုးသူငယ်ချင်းက လူမျိုးမတူလို့ သူတို့ရှေ့ရေး ပေါင်းဖို့ ဝေးဘီဆိုတဲ့အကြောင်း အသောက်ဝိုင်းမှာရင်ဖွင့်လို့ (စိတ်ထဲမှာ အံ့ဩရင်း) နှစ်သိမ့် အားပေးဖူးတာလောက်ရှိတာပါ။ ကျနော်လိုလူတောင် အိပ်ရေးပျက်အောင် စဉ်းစားနေမိရင် ရေခံမြေခံ ကောင်းပြီးသား၊ တွေ့ကြုံ သိမှတ် ဖတ်ဖူးထားတဲ့လူမျိုးစုတွေဆို သာ ဆိုးပေတော့မပေါ့နော်။

 

ကျနော့် အမြင်မှာ ဘဖောပြောလိုက်တာ Awareness ရှိစေချင်တာထက်ကျော်ပြီး ဒေါသတွေပါနေတယ်လို့ထင်တယ်ဗျာ..။ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေဟာ ဘာလဲ ဆိုတာကို နဲနဲ မီးမေါင်း ထိုးပြရင်း ၊ကိုယ့် မြန်မာတွေလဲ နဲနဲ လွန်နေပြီနော်လို့ နဲနဲ ထောက်ပြလိုက်တာပေမယ့် စေတနာထက်  ဝေဒနာဘက်ကို ယိုင်သွားတယ်ထင်လို့ ကျနော် အောက်ကပုံလေးကို ပြေးသတိရတယ်..။

ရှင်စေချင်လို့ ပန်းပျိုးခဲ့တယ်

 

ရှေးဘုရင်တွေရဲ့စစ်ပွဲမှာ နောက်ဆုံး ကုန်းဘောင်မင်းဆက်က အားသာခဲ့တော့ ဗမာတွေ နယ်ချဲ့ခဲ့တယ်ဖြစ်သလို၊ တကယ်လို့များ ဟံသာဝတီဘက်က နိုင်ပြီး ဒီနေ့ခေတ် မြန်မာနိုင်ငံကြီး ဖြစ်လာတာဆိုရင်ကော သူတို့ကို ကျူးကျော်သူလို့ ကျနော်တို့ ပြောကြရအုံးမလား.?

ကျူးကျော်တယ်၊ နယ်ပယ်ချဲ့ထွင်တယ်ဆိုတဲ့ကိစ္စကို ဒီလိုစဉ်းစားကြည့်ရအောင်ဗျာ။ ခင်ဗျားတို့ Heros ဆိုတဲ့ ဂျက်လီကားကြည့်ဖူးကြမှာပါ။

Heros

ရ ပြည်ကွဲပြီး အားပြိုင်နေတဲ့ တရုတ်နယ်တွေကို ပထမဆုံး the kingdom of Qin ရယ်လို့ စုစည်းအောင်နိုင်ခဲ့တဲ့ ဘုရင်ကြီးကို စစ်ရှုံးဖူးတဲ့နယ်တွေက သိုင်းသမားတစု လုပ်ကြံဖို့ ကြိုးစားကြတဲ့ ဇာတ်လမ်းပါ။ သိုင်းသမားတွေဟာ ဘုရင်ကြီးကို သတ်မယ်ဆို သတ်နိုင်တဲ့အခွင့်အရေးတွေ ရခဲ့ကြပေမယ့် မသတ်ခဲ့ကြပါဘူး။ ဘာလို့လဲ?”တစ်မိုးအောက်မှာ”ဆိုတဲ့ အချက်ကြောင့်ပါ..။ ဘုရင်ကြီး စစ်ပြုလို့ ဆုံးရှုံးရတာ၊ ခံစားရတာတွေရှိပေမယ့်… သူ့ရဲ့ အုပ်စိုးမှု (တစ်မိုးအောက်မှာ) တစုတစည်းတည်းရှိနေတဲ့ တရုတ်နိုင်ငံကြီးဟာ နောက်ထပ် စစ်ပွဲတွေ၊ ဆုံးရှုံးမှုတွေ မရှိနိုင်တော့လို့ပါပဲ။ အဲဒီဘုရင်ကြီးသေလို့ တစ်မိုးအောက်မှာ မရှိတော့ဘဲ နိုင်ငံကြီး အစိတ်စိတ်ပြန်ကွဲခဲ့ရင်….

ဘာလို့ ပြည်ထောက်စုချင်ရတာလည်းဆိုတာ သဘောပေါက်လောက်မယ်ထင်ပါတယ်..။ ကျနော်တို့တိုင်းရင်းသားတွေ ဥပဒေတစ်ခုတည်းရဲ့အောက်မှာ သာတူညီမျှ ဥမကွဲသိုက်မပျက် နေထိုင်ကြမယ်ဆိုရင် ကျူးကျော်တာ၊နယ်ချဲ့တာတွေ နောက်ထပ်ခံစားစရာတွေ မရှိနိုင်တော့ပြီပေါ့။ အဲဒီ ဥပဒေကြီးရှိပါရက်နဲ့ တချို့တွေ အခွင့်ထူးခံစားချင်ကြတာတော့ သူတို့ ခံယူချက်၊ သဘောထား မပြည့်ဝကြတာပါဗျာ။ ဆိုတော့ အချင်းချင်း သံသယတွေပွားနေလို့ မငြိမ်းချမ်းကြတာပါ။

ငြိမ်းချမ်းရေး

ကျနော်ဟာ နောင်ရေးကောင်းဖို့ ဖောင်ဖြည့်ထားတဲ့ ဗမာဆိုတာထက် ဗမာလူမျိုးမိဘကမွေးတဲ့ဗမာ စစ်စစ်ပါဗျာ။ ဗမာလူမျိုးဖြစ်လို့ ကျနော့ဘဝမှာ ဘာအခွင့်ထူးမှာမခံစားခဲ့ဖူးသလို တခြားသူကို ရခိုင်ရယ်၊ မွန်ရယ် ကရင်ရယ်လို့ မနှိမ့်ချဖူးတာ (ဘာသာကိုစော်ကားတဲ့ ေ-ာက်ကုလားတွေကို မုန်းတာကလွဲလို့) မှန်တာပြော သစ္စာပါဗျာ.. (ကျောင်းတတ်တုန်းက စပက်ကရင်၊ လီးမွန် ဆိုပြီး နောက်ဆဲ ဆဲ တဲ့ တိုင်းရင်းသား သူငယ်ချင်းနှစ်ယောက်ကြားမှာ တောက်တီးတောက်တဲ့ ပြောတတ်တဲ့ကောင်တွေ ဆိုပြီး ရယ်မောခဲ့တဲ့ ကျနော်ပါ) မြန်မာ့ပြည်ရဲ့ ဒု သမ္မတ တစ်ယောက်က ရှမ်းလူမျိုး ဖြစ်ပြီး၊ တလောက မော်ဒယ်လေးတွေကို အစိမ်းအုပ်လိုက်ကိုင်ပြီး ဝေပေးနိုင်တဲ့အထိ အောင်မြင်နေတဲ့ စီးပွားရေးသမားကြီးကလည်း ဗမာမဟုတ်ဘူးမလားဗျာ။ ဗမာလူမျိုးလို့ အခွင့်ထူးရမှ အောင်မြင်မယ်ဆို ကျနော်နဲ့ သူတို့နဲ့ နေရာလွဲမနေဘူးလား။ တကယ်တော့ ဘယ်သူမပြု မိမိမှုပါဗျာ။ ရှေးဗမာရော တခြားတိုင်းရင်းသားတွေရော မှားခဲ့ကြတယ်။ အဲဒီတော့ ရှေ့လူတွေ မှားခဲ့တဲ့လမ်းကို ကျနော်တို့ဘာလို့ဆက်လိုက်ကြမလဲ..၊ ကျနော်တို့ မျိုးဆက်မှာတင် ရပ်ခဲ့ကြရအောင်ဗျာ.. Divide and Rule စနစ်နဲ့ သွေးခွဲပြီး အုပ်ချုပ်ခံခဲ့ရလို့ အမုန်းပွားရတဲ့ မီးစကို ငြိမ်းသတ်လိုက်ကြပါတော့..။

စိတ်တူကိုယ်တူ ရပ်ကြပါစို့နော်

Federal ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ပြည်ထောင်စုကြီး စည်းစည်းလုံးလုံးနဲ့ အဓွန့်ရှည်အောင်တည်နိုင်မယ့်စနစ်ကို ဝိုင်းဝန်းအဖြေရှာလို့ ပင်လုံစိတ်ဓာတ်ကို ခိုင်မာသည်ထက်ခိုင်မာအောင် မွေးမြူကြပါစို့လားဗျာ..လူမျိုးရေး ပြနာတွေဟာ ဒီမိုကရေစီစနစ် အမြစ်တွယ်ရှင်သန်နေပါတဲ့ အမေရိကန်၊ အင်္ဂလန်တို့မှာတောင် အဖြူ၊ အမည်း၊ အင်ဒီယန်း၊ မွတ်စ်လင်၊ ခရစ်ယာန် တွေ ဒီနေ့အထိ ညိနေကြတုန်းပါ။ ကျနော်တို့ အချင်းချင်း လက်ညှိုးထိုး နေကြရင်တော့ နွားကွဲရင် ကျားဆွဲတာသာ ခံရပေတော့မပေါ့။ လက်နက်ဆွဲပြီး တိုက်ကြတာတောင် ဒီပြဿာရှင်းမှာမဟုတ်ဘူးလို့ နားလည်ကြလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေပြီပဲလေ။ ခုဆို အန်တီစုတောင် အားတတ်သရော ပါဝင် ကြိုးပမ်းနေရှာပေါ့။

ဒီတော့ ဗမာတွေ ညစ်ခဲ့ကြတာဖြစ်လို့ ကျနော်တို့ တောင်းပန်ရင် စစ်မှန်တဲ့ တိုင်းရင်းသား ချစ်ကြည်သွေးစည်းရေး ဖြစ်လာနိုင်စရာ ရှိတယ်ဆို် တောင်းပန်ဖို့ ဝန်မလေးဘူးဗျာ..။ သူကြီးပြောတဲ့ ကျေးဇူးတော်နေ့လိုမျိုးသတ်မှတ်ပြီး ပြည်ထောင်စုကြီးဖြစ်တည်လာအောင် သမိုင်းစဉ်ဆက် ကြိုးပမ်းခဲ့တဲ့ ခေါင်ဆောင်တွေကအစ၊ နိုင်ငံစီးပွားရေးမှာ အရေးကြီးတဲ့ ကျောက်စိမ်းတွေ ထုတ်ပေးနေတဲ့ ကချင်၊ ဓာတ်ငွေ့တွေရနေတဲ့ရခိုင်၊ အလင်းဆောင်ပေးနေတဲ့ ကယား..နဲ့ တခြား သစ်၊ရေနံ၊ တွင်းထွက်၊ ကျောက်မျက်တွေနဲ့ ကျေးဇူးပြုနေတဲ့ ဒေသတိုင်း လူမျိုးတိုင်းကို ကျေးဇူးတင်ကြအုံးမလား.. ထောက်ခံတယ်။ ကုန်ကုန်ပြောမယ်ဗျာ.. ဗမာ အယောက် ၁၀၀၊ ၁၀၀ဝ သေပေးလို့၊ သတ်ရလို့ တိုင်းရင်းသားတွေ ကျေအေးကြမယ်ဆို ရှေ့ဆုံးက စတေးဖို့ စာရင်းပေးတယ်ဗျာ..။ (၀၉-၄၃၀၁၇၀၆၉) အဲဒါ ကျနော်ခုကိုင်နေတဲ့ ဖုန်းနံပါတ်.. ကြိုက်တဲ့ အချိန်ခေါ်လိုက်…။ ပေါ်လစီမိတ်ကာ မဟုတ်တော့ ဒီ့ထက် မတတ်နိုင်တော့ဘူး။

လူမျိုး၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုထုံးစံကို ထိန်းသိမ်းချင်တဲ့ တိုင်းရင်းသားတွေကလည်း ဒီ့ထက်အားစိုက်ပေးဖို့လိုမယ်ထင်ပါတယ်..။ ဘဖောရဲ့ စဉ်းစားကြစေလိုပါတယ်-၁၈ ကိုဖတ်ပြီး တရေးနိုးအိပ်မရလို့ ဆရာဖေမြင့်ရဲ့ မဟာဂရုဏာရှင်များ ကို စာအုပ်ပုံထဲ ပြန်ရှာဖတ်ဖြစ်တယ်။

ဆရာဖေမြင့်ရဲ့ မဟာဂရုဏာရှင်များ

လောဘ၊ ဒေါသ၊ မောဟ မာနများ၊ အငြိုး အာဃာတနှင့် နိုင်လိုမင်းထက်မှုများ ကြီးမားလှသော ကမာ္ဘလောကကြီးအတွင်း နစ်နာသူ၊ ချို့ငဲ့သူ၊ ဘုမသိ ဘမသိ ဒုက္ခရောက်ရရှာသူများအတွက် မိမိတို့၏ ဘဝကို တစ်လုံးတစ်ဝတည်း ပေးအပ်ပူဇော်ခဲ့ကြသည့် သူတော်စင်ကျေးဇူးရှင်တို့၏ အတ္ထုပ္ပတ္တိများ ရယ်လို့ ဆရာဖေမြင့်က တင်စားရေဖွဲ့ထားသူတွေပါ။ (ရွှေပြည်ထောင်စုကြီးက ဘယ်သူမှတော့မပါဘူးနော်..)

ကိုယ့်လူမျိုးအတွက် ဘဝ ပေးဆပ်ခဲ့သူတွေ

အာဖရိကန်-အမေရိကန်လူမျိုးရေးအတွက် ဘဝရင်းပြီးကြိုးပမ်းခဲ့ကြတဲ့ ဘွတ်ကာ တီ ဝါရှင်တန် နဲ့ ဂျော့ချ်ဝါရှင်တန်ကာဗာ တို့အကြောင်းရှာဖတ်ကြည့်ပြီး အလုပ်လက်မဲ့ ထောက်ပံ့ကြေးပိုက်ဆံနဲ့ပဲ နေ့တိုင်း အရက်ကို ပုံးလိုက် ဝယ်သောက် ပြီး၊ ကြက်ကြော်နဲ့ ထိုင်မြည်းလို့ သူတို့ ဘဝကိုကျေနပ် နေလိုက်ကြတဲ့ တိုင်းရင်းသားတွေ ကိုလည်း ဗမာတွေအနိုင်ကျင့်လို့ ငါတို့ဒီဘဝရောက်ရတယ်လို့ စိတ်နာမနေတော့ပဲ ရွှေပြည်ကြီးက လက်ကမ်းကြိုနေပြီမို့ ကိုယ့်ဒေသတိုးတတ်ရေး စုပေါင်းဆောင်ရွက်ရန် အသိပေးကြပါစို့ပေါ့ခင်ဗျာ..။

အဲ.. နောက်ပြီး ခုလို မြန်မာ့လူမျိုးရေး အချိုးအကွေ့ ခေတ်ပြောင်းချိန် သူကြီးတို့၊ ဘဖောတို့လို့ ဒီမိုကရေစီနိုင်ငံကြီးတွေမှာ နှစ်ရှည်လများနေထိုင်ပြီး သကာလ ဒီမိုကရေစီ လူ့အခွင့်အရေး တရားမျှတမှု တို့ရဲ့တကယ့် အဓိပ္ပါယ်ကို အတိအပ သိကြပါတဲ့ အသိပညာရှင် အတတ် ပညာရှင်များအားလည်း B.T. Washington က G.W. Carver ကို နီဂရိုးလူမည်းတွေကို စာရေးစာဖတ်၊ ဖိနပ်ချုပ်အတတ်၊ ပန်းရံအတတ် ၊ စိုက်ပျိုးရေးအတတ်တွေ သင်ပေးနေတဲ့သူ့ကျောင်းမှာ လာလုပ်ဖို့ခေါ်တဲ့ (Carver ကို ငါသည် နီဂရိုးတစ်ယောက်ဖြစ်သည်၊ ငါ ပင်ပန်းကြီးစွာ ရှာဖွေခဲ့သောပညာကို ငါတို့နီဂရိုးများ ဖွံ့ဖြိုးတိုးတက်ရေးဘက်တွင် ဇောက်ချ အသုံးပြုမည် ဟု ဆုံးဖြတ်စေခဲ့သော) စာကလေးနဲ့ ဖိတ်မန္တကပြုလိုက်ပါတယ်ဗျာ..

ကျွန်တော့် အနေနဲ့ ခင်ဗျားကို ငွေတွေ၊ ရာထူးတွေ၊ ကျော်ကြားမှုတွေတော့ မပေးနိုင်ဘူးဗျာ။ ခင်ဗျားမှာ လောလောဆယ် ငွေရှိတယ်၊ ရာထူးရှိတယ်၊ ကျော်ကြားမှုကလည်း အစပြုနေပြီ၊ ကျွန်တော်ကတော့ ခင်ဗျားကို အဲဒါတွေ စွန့်ခဲ့ပါလို့သာ ပြောနိုင်ပါတယ်။ အဲဒါတွေအစား ခင်ဗျားကို ကျွန်တော်ပေးနိုင်မှာက အလုပ်ပဲ၊ အင်မတန် နိမ့်ကျနေ၊ ဆင်းရဲမွဲတေနေ၊ အချည်းအနှီး တန်ဖိုးမဲ့ဖြစ်နေတဲ့ လူမျိုးတစ်မျိုးရဲ့ ဘဝကို မြှင့်တင်ပေးရမယ့် အင်မတန် ခက်ခဲပင်ပန်းမယ့် အလုပ်တစ်ခုပဲ…။

(စကားချပ်…ဒီမိုကရေစီနိုင်ငံကြီးတွေကိုလာပြီး လေ့လာဖို့ရာ ကျနော့အဖို့ အလှမ်းဝေးလွန်းလို့ပါ ဘဖောရာ.. )

ခင်တဲ့

ရွာစားကျော်

Credits;

  1. ကာတွန်းပုံများအတွက်လေးစားရပါသော ဆရာဟာဂျူလီ(ကသာ) ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာ
  2. ဆရာဖေမြင့်၏ မဟာဂရုဏာရှင်များ၊ တတိယအကြိမ်၊ ၂၀၀ဝ အောက်တိုဘာ
  3. http://en.wikipedia.org/wiki/Booker_T._Washington
  4. http://en.wikipedia.org/wiki/George_Washington_Carver

49 comments

  • htoosan

    April 12, 2012 at 6:43 am

    လက်မ နှစ်ချောင်းဘဲရှိလို့ ကျန်လက်ချောင်း ၈ချောင်းပေါင်းပြီး ဆယ်ချောင်း ထောင်ပါသည် ကိုရွာစားကျော်ရေ .

  • water-melon

    April 12, 2012 at 7:08 am

    ရှိသမျှလက်တွေထောင်ခဲ့ပါတယ်
    အရမ်းကိုကြိုက်လွန်းလို့။

  • kai

    April 12, 2012 at 7:09 am

    အဲဒီတိုင်းရင်းသားကိစ္စ.. ယူအက်စ်ကအရေးကြီးတဲ့နေရာမှာ လုပ်နေတဲ့သူတွေနဲ့..အများကြီးပြောဖူးတယ်..။
    မြန်မာပြည်အတွက်.. အဖြေ.. သိပ်နီးနီးစပ်စပ် …မတွေ့မိပါဘူး..။

    အမေရိကကိုထောင်ထားတာကလည်း.. ပြည်ထောင်စုပဲလေ..
    United States of America တဲ့…။ အမေရိကပြည်ထောင်စုပေါ့..။
    သူတို့တွေလည်း ..ပြည်တွင်းစစ်တခြိမ်းခြိမ်းနဲ့.. ချခဲ့..သေခဲ့တာ.. မနည်းဘူး..

    အဲဒီတော့.. သူတို့လုပ်တာ.. နောက်ကလိုက်လှမ်းတာက.. အလွယ်ဆုံးဖြစ်မယ်ထင်မိတာပါပဲ..။
    ဒါနဲ့.. အယ်ဒီတာ့အာဘော်မှာထည့်ရေးလိုက်တာ.
    http://myanmargazette.net/114201/
    ကျေးဇူးတော်နေ့လုပ်ဖို့ရယ်..
    Anti Discrimination လူမျိုးဘာသာခွဲခြားမှု နှိပ်ကွပ်ရေးဥပဒေရယ်…

    အဲဒီကစရမယ်ထင်တာပဲ..
    ကျေးဇူးတော်နေ့က.. အပြန်အလှန်ကျေးဇူးတင်ဖို့ပါ..။
    ပြည်နယ်ဒေသတိုင်းက.. တိုင်းရင်သားတိုင်း.. တန်းတူညီမျှစွာနဲ့ပေါ့..။
    ယူအက်စ်မှာ.. တာကီ(ကြက်ဆင်) ချက်စားကြတယ်လေ..
    အဝေးရောက်တွေလည်း.. မိသားစုစုံစုံလင်လင်.. တွေ့ရအောင်.. အိ်မ်ပြန်ကြတယ်ပေါ့..။
    ပျော်စရာရယ်ပါ..။

    Civil Rights Act တွေကို.. ယူအက်စ်က. အများကြီးလုပ်ခဲ့ရတယ်..
    http://en.wikipedia.org/wiki/Civil_Rights_Act
    မာတင်လူသာကင်းက.. အင်မတန်ထင်ရှားတဲ့ခေါင်းဆောင်ပါ…
    မြန်မာပြည်မှာ.. ဥပဒေတွေပြုကြရလိမ့်မယ်..
    ဒီလိုဥပဒေတွက… တိုင်းရင်းသားတွေထဲ.. နက်နက်ရှိုင်းရှိုင်းသွေးနှောနေတဲ့.. ကုလား-တရုတ်..အပါအဝင်.. သွေးနှောနေတဲ့.. တိုင်းရင်းသားကပြားများအတွက်ပါ..။

    ဥပဒေပြုပြီးရင်.. သက်ရောက်အောင်လုပ်ရပါမယ်..
    လုပ်ရင်းနဲ့.. ညှိသွားရင်.. နောက် ၁ဝနှစ်..အနှစ်၂ဝလောက်ဆို.. တော်တော်ကောင်းသွားမှာပါ..

    အဲလိုပဲမြင်မိတယ်..။
    ဥပဒေပြုဖို့.. အင်မတန်အရေးကြီးနေချိန်လို့.. ထင်မိတယ်..။ 😆

    • ရွာစားကျော်

      April 12, 2012 at 10:08 am

      USA လို တိုင်းပြည်က အောင်မြင်ပြီးသား တိုင်းရင်းသားကိစ္စဆောင်ရွက်သူများတောင် နီးစပ်တဲ့ အဖြေမတွေ့ဘူးဆိုတော့ ပြောရမှာခက်သားလားဗျာ.. အဖြေရှာဖို့ အဖုအထစ်ဖြစ်စေတာတွေက စရှင်းမယ်ဆိုရင်ကောဗျာ..
      ဥပဒေပြုဖို့ဆိုရင် အမြန်ဆုံးနဲ့ အလွယ်ဆုံးနည်းကတော့ အောင်မြင် အကျိုးရှိပြီးသားဟာတွေကို စု တု ပြု ပြီး ကိုုယ့်မြေ ကိုယ့်ရေ ကိုယ့်အခြေအနေနဲ့ ကိုက်အောင် မြန်မာမှုပြုတာပါပဲ.. အကောင်းဆုံးကတော့ ဘယ်သူသာဘယ်သူနာတယ် မရှိရအောင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပညာရှင်တွေပါဝင်တဲ့ ဥပဒေပြုအဖွဲ့ ဖွဲ့ပြီးလုပ်ကြရမယ်ထင်တယ်
      အခုစလုပ်မှ နောင်ကောင်းမှာပါ.. ငြိမ်းချမ်းသောနည်း၊ ရင့်ကျက်ပြည့်ဝသောနည်းဖြင့် ဒီကမာ္ဘလောကဟာ လူသားအားလုံး တန်းတူညီမျှ ပိုင်ဆိုင်သောနေရာဖြစ်သည် ဟူသော ခံယူချက်ဖြင့် ရှေ့ဆက်လှမ်းကြပါစို့

      P.S. သူကြီး နှာစေးမနေနဲ့ဦး.. အလုပ်ခန့်စာကြောင်းလည်းပြောအုံး ဒါဘဲ..

  • ဦးဦးပါလေရာ

    April 12, 2012 at 8:35 am

    ဒီပိုစ့်လေးအတွက် ရွာစားကျော်ကို အထူးပဲ ကျေးဇူးတင်မိပါတယ်။
    ရွာစားကျော်ရဲ့ နိုင်ငံချစ်စိတ်ဓါတ်ကို တကယ်လေးစားသွားပါတယ်။

    အခုအချိန်ဟာ နိုင်ငံကို ပုံစံသစ် စ လောင်းတော့မယ့်အချိန်မို့
    တိုင်းရင်းသားအရေးကို တပါတည်း ဖြေရှင်းရမယ့်အချိန်ပါ။
    ဖြေရှင်းတယ်ဆိုတာ စစ်တိုက်တာမတိုက်တာ
    လက်နက်ချတာမချတာ
    ငြိမ်းချမ်းရေးယူတာမယူတာ ကိုပြောတာမဟုတ်ပါဘူး။
    အဲဒီရေတိုရလာဒ်ကောင်းတွေအတွက် ကြိုးပမ်းရတာက သတ်သတ်ပါ။

    ဖြေရှင်းတယ်ဆိုတာက “ ပြေလည်” သွားအောင်လုပ်တာပါ။
    ဒီမှာတော့ ပြောစရာရှိပါတယ်။
    လူငါးဆယ့်ခြောက်သန်းလုံး တယောက်မကျန်အတွက် ပြေလည်မယ့် အဖြေမျိုးရှာမလား-
    အဲဒီအဖြေမျိုး နောင်တသက်မပြောနဲ့ ဆယ်သက် အသက်တရာ ကမ္ဘာတည်သရွေ့ မရနိုင်ဘူးလို့
    ကျုပ်အသက်နဲ့ ထပ်ပြီး လောင်းရဲတယ်။

    ဖြေရှင်းတယ်ဆိုတာ လက်တွေ့ပြေလည်ချင်ရင် ဖြေရှင်းတဲ့ အတွေးအခေါ်ကိုက လက်တွေ့ကျဘို့လိုပါတယ်။
    တကယ်ရနိုင်တဲ့ အကောင်းဆုံးရလာဒ်က လူငါးဆယ့်ခြောက်သန်းထဲက များနိုင်သမျှအများစုကြီး ကျေနပ် လက်ခံ ဘဝင်ကျသွားပြီး ပြီးပြတ်ပြေလည်သွားတာမျိုးပဲ ဖြစ်နိုင်ပါတယ်။
    ကျုပ်သာ အဖြေရှာခွင့်လဲရှိ/အဖြေရှာနိုင်စွမ်းလဲရှိတဲ့လူမျိုးဆိုရင် ဖြစ်နိုင်တဲ့ အကောင်းဆုံးရလာဒ်ကိုပဲ ရည်မှန်းမှာပါ။

    ဒါကတော့ အစနဲနဲထုတ်ထားတာ..။
    နောက်မှ ပြန်ဝင်သေးတာပေါ့….။

  • ကြောင်ကြီး

    April 12, 2012 at 8:37 am

    ရွာသားကျော်
    အခါတပါးပျော်
    မညှာတအားဆော်
    မြှာကုလားအော်
    ဒါလားတော်
    ဗမာများနော်..။

  • Gipsy

    April 12, 2012 at 9:14 am

    ဗမာများရယ်
    လာကြွားတယ်
    အကြံသမားနှယ်
    အမှန်တရားပယ်
    တန်သလားဟယ်
    ပုဂံ သွားမယ်….။ :mrgreen:

    • ရွာစားကျော်

      April 12, 2012 at 10:29 am

      Gipsy ရေ
      ဘာ့ကြောင့် အကြံသမားလို့ အခေါ်ခံရတယ်မသိပေမယ့်..
      မြန်မာနိုင်ငံသား ဖြစ်ရတာ ရှက်စိတ်၊ ဖိနှိပ်ခံနေရလို့ တန်းတူအခွင့်အရေး ဆုံးရှုံးနေရလို့ မကျေနပ်စိတ်ဖြစ်နေရတဲ့ တိုင်းရင်းသားတွေကို ပြေရာပြေကြောင်းဖြစ်စေချင်တဲ့ စေတနာ၊
      မင်းတို့ ဗမာပြည်၊ ငါတို့ ရခိုင်ပြည်၊ သူတို့ မွန်ပြည်လို့ ပြောနေကြတာတွေ၊ ယဉ်ကျေးမှု မရှိတဲ့ လူ့အရိုင်းအစိုင်း မြန်မာတွေလို့ ပြောကြတာတွေကို လျှော့ကြစေ၊ရှောင်ကြစေလိုတဲ့ အကြံတော့ပါတယ်ဗျာ..
      ဗုဒ္ဓဘာသာမှာ ကိုယ့် အသွေး၊ အသား၊ အသက်ကို ပေးလှူတာ အမွန်မြတ်ဆုံးအလှူလို့ ဆိုထားလေသဖြင့်.. လုပ်ပိုင်ခွင့်ဆိုတာ ဘာမှမရှိတဲ့ ဗမာလူမျိုး ရွာစားကျော်အနေနဲ့ အလွန်ဆုံးပေးနိုင်တဲ့ ကိုယ်ပိုင်တဲ့ ကိုယ့် အသက်မှတပါး တခြားတတ်နိုင်တာ မရှိတော့တာမို့..
      စဉ်းစားကြစေလိုပါတယ်..

      • Gipsy

        April 14, 2012 at 3:22 pm

        ရွာစားကျော်ရေ ရီစရာကဗျာ သဘောမျိုးလေး (ကိုကြောင်ကိုလိုက်တု၍)
        ရေးလိုက်မိတာပါ… ဘာသဘောမျိုးမှ မဟုတ်ရပါနော်…။

  • maungmoenyo

    April 12, 2012 at 9:21 am

    တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကမြန်မာနိုင်ငံမှာရေရှည်စီမံကိန်းချ လုပ်ရမဲ့ကိစ္စပါ။ ခုနေညီညွတ်လို့ သမ္မတသိန်းစိန် မိသားစုနဲ့ KNU ရဲ့ နော်ဇစ်ပိုရာစိန်မိသားစု အိမ်ဘေးကပ်အတူနေကြလည်း နောက်တနေ့ ခွာမပြဲနိုင်ဘူးလို့မပြောနိုင်ပါဘး။ သမိုင်းနဲ့ချီခဲ့တဲ့ လူမျိုးကြည်လင်မှု၊ လူတန်းစားခွဲခြားမှုတွေက လွန်ခ ဲ့တဲ့နှစ်ရာနဲ့ချီပြီးကျန်းခဲ့တဲ့အတိတ်မဟုတ်သေးပါဘူး။ ခုလက်ရှိကို အနယ်နယ်မှ ရှိနေဆဲပါဘဲ။ အရေးကြီးတာက ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့် နဲ့ ကိုယ့်ဒေသရဲ့ သယံဇာတ ကိုယ်ရယူဖန်တီးပိုင်ဆိုင်ခွင့်ပါဘဲ။ မပူပါနဲ့။ technology နဲ့ပါတ်သက်ရင် တောင်ပေါ်မြေပြန့် ဆက်သွယ်နေကြရမှာပါ။ အဲ-ဗဟိုအစိုးမှာ တာဝန်ရှိတာတွေကတော့ –
    (၁) လမ်းပမ်းဆက်သွယ်ရေးကိုဖေါက်လုပ်ပေးဘို့၊
    (၂) ငွေကြေးလည်ပါတ်မှုကို ရှင်းလင်းအောင်နှောင်ကြိုးမဲ့ခွင့်ပြုပေးဘို့၊
    (၃) ပညာရေးနဲ့ကျန်းမာရေးကို တာဝန်ရှိနိုင်တဲ့ ပြည်ထောင်စုဥပဒေရှိဘို့ နဲ့
    (၄) infra-structure တွေထူထောင်ပေးဘို့.တို့ပါဘဲ

  • အမတ်ဒိန်

    April 12, 2012 at 9:49 am

    ကိုရွာစားကျော် ရေ..
    လက်တွေ့ ကျတဲ့ အမြင်မို့ နှစ်သက်ကြောင်းတော့ ပြောရင်း..
    သဂျီးပြော ပြောနေသလို.လုပ်ကိုင် တတ်နိုင်သူတွေလဲ ဖတ်မိစေဖို့ မျှော်လင့်ပါတယ်..

  • naung naung

    April 12, 2012 at 1:16 pm

    ရှိသမျှ 21 ချောင်းလုံးထောင်ခဲ့တယ်ဗျာ သဘောအကျကြီးကျလွန်းလို့ပါရွာစားရေ။ အော် 21 ချောင်းထောင်တယ်ဆိုလို့ တလွဲမတွေးကျပါနဲ့နော် ကျွန်တော်မှာ လက်ပွားလေးတချောင်းအပိုရှိလို့ပါ ခြေရော လက်ရော အားလုံးပေါင်းရင် 21 ချောင်းထောင်သွားပါတယ်။

    • ရွာစားကျော်

      April 12, 2012 at 1:27 pm

      အဲ..အဲ အဲဗျာ လက်ပွားလေးကယ်ပေလို့ .. အဟုတ်

  • kai

    April 12, 2012 at 3:31 pm

    အဖြေတခုရဖို့.ထုတ်နိုင်ဖို့.. . အစတစ ထုတ်ပြမယ်..

    ကမ္ဘာမှာရှိတဲ့. ပဋိပက္ခတွေအားလုံးလိုလို ဖြစ်ကြရတဲ့အကြောင်းရင်းက… ပိုင်ဆိုင်မှုအတွက်ပါပဲတဲ့..
    ငွေရနိုင်လို့.. ပိုင်ဆိုင်ချင်လို့.. အဲဒါကို.. ကိုယ်ကလိုချင်လို့ပေါ့…။
    နယ်မြေအခြေခံထားရင်..ဖြစ်တဲ့..ပဋိပက္ခတွေက.. ပိုတောင်သိသာတယ်..။

    ဒါလိုနည်းနဲ့.. ယူအက်စ်က.. ပြည်နယ်တွေကို.. ပြည်ထောင်စုထဲထည့်လိုက်နိုင်တာပေါ့.
    ပြည်နယ်တွေကလိုချင်တာတွေ.. ပေးလိုက်တယ်လေ…
    တကယ်ကတော့.. ယူအက်စ်လိုအခြေအနေရောက်ရင်.. မြေအောက်သယံဇာတကရတဲ့..ငွေက လူလုပ်အားနဲ့စာရင်..မပြောပလောက်တော့ပါဘူး..
    အဲလိုဖြစ်နေတာမို့.. လူသာပဓါနဖြစ်ကုန်တာ ဖြစ်ပါတယ်..။

    မြန်မာပြည်…
    အခုရခိုင်ပြည်နယ်က.. ထွက်ပြီ..
    ကချင်ကထွက်နေပြီ..
    မကြာခင်.. ဟိုနား..ဒီနားတွေက လာဦးမယ်..

    ကဲ..
    ဘယ်လိုရှင်းမလည်း…။ 😆

    • ရဲစည်

      April 15, 2012 at 2:09 am

      သူကြီးရေ အခုပြန်မေးရတော့မယ် တောင်၊မြောက်၊ရှေ့၊နောက် မြန်မာ ဘာတွေကွဲကုန်ကြပြီလဲဗျာ….

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 12, 2012 at 4:04 pm

    သိပ်ကောင်းတဲ့အတွေးခေါ်လေးတစ်ခုလို့ ဦးစွာပထမ အသိမှတ်ပြုလိုပါတယ်
    အဘဖောက ဘာလူမျိုးလည်းကျုပ်မသိပေမယ့်
    သူ့ပိုစ့်ရဲ့ ဆိုစ့် က(မိမိတို့မသိမမှီလိုက်တဲ့ သမိုင်းတွေပေါ်မှာ) သာယာတယ် ခံပျင်းတယ် ဘာမှမဖြစ်ဘူး
    ဆိုတဲ့ အကြောင်းသုံးပါးမှာ ခံပြင်းတယ် ဆိုတဲ့ဖက်က ဦးတည်ထားတယ်လို့ သာမာန်မှတ်ယူပါတယ်
    အဲ့သည်မှာမှ မမြင်ဘူးတဲ့သမိုင်းထက် လက်တွေ့အဖြစ်အပျက်ကို ကောက်ကြောင်းလိုက်ပြီးရေးထားတာပါ
    လက်တွေ့တိုင်းရင်းသားတွေရဲ့ အနှိ်ပ်စက်ခံနစ်နာချက်တွေကိုပေါ့
    ဘာဖြစ်လို့ဒီလိုပြောနိုင်တာလည်းဆိုတော့
    ကျုပ်ကိုယ်တိုင်က လူမျိုးစုတွေနဲ့လက်ပွန်းတစ်တီးနေထိုင်ခဲ့ဘူးလို့ပါ
    ကျုပ်အမြင်ကတော့ ဒီအဖိုးကြီးမှာ
    လူမျိုးရေးအယူသည်းမှု့ လူမျိုးရေးမုန်းတီးမှု့ နည်းနည်းကလေးတောင်ရှိမည်မထင် ( လုံးဝမထင် )
    ကျုပ်လီး ထိုးနည်းလဂေါင်းဘာဘဲ
    ဘာဘဲဖြစ်ဖြစ်ပါ
    ဒီပိုစ့်ဟာ အဘဖောရဲ့ ပို့စ်အတွက် အလွန်ကောင်းတဲ့ မှတ်ချက်တစ်ခုလို့ ထပ်မံပြီးအသိမှတ်ပြုပါတယ်
    ( ဆက်ရေးပါဦးမယ် တစ်ဆယ်ဆိုတော့နည်းလို့ပါ 😀 )

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 12, 2012 at 4:30 pm

    ဘာဖြစ်လို့လည်းဆိုတော့ သဘောတစ်ခုမှာ ကိုယ်က သိတတ်နားလည်တတ်တယ်လို့
    မိမိကိုယ်မိမိယုံကြည်ပြီဆိုရင် မသိနားမလည်တတ်သူတွေကို နားလည်အောင်ရှင်းပြနိုင်ရပါမယ်
    မဟုတ်လို့ကတော့ မသိရန်ကောဆိုပြီး ( ဒေါသ ) ငါမှသိတယ်ဆိုတဲ့ ( မာန )
    အဲ့သည်အကြောင်းနှစ်ပါးကို မောင်းတင်ပေးလိုက်ရင် အပူဆိုတဲ့ အပျက်သဘောဘဲ
    ထွက်လာမှာပါ
    ဆိုပါစို့ အဘဖေါရေးလိုက်တဲ့ပိုစ့်
    ( ပြောလို့သာပြောတာ ဒီအဖိုးကြီးကျုပ်စိတ်ကိုများသိနေသလားဘဲ ကျုပ်ရေးမလို့ သူဦးသွားတာ 😀 )
    ထားပါတော့ အဲ့သည်ပိုစ့်ကို ကျုပ်ရေးတယ်လို့သဘောပိုက်ကြည့်လိုက်ပါ
    ကျုပ်ကို လူမျိုးရေးမုန်းတီးသူတစ်ယောက်အဖြစ် သဘောပိုက်ကြည့်ပါ
    ကျုပ်ဆီမှာ ကျုပ်ရဲ့ လူမျိုးရေးမုန်းတီးမှု့ကိုကိန်းအောင်းစေခဲ့တဲ့ အကြောင်းကလေးတွေရှိခဲ့ဘူးတယ်
    ကျုပ်ငယ်ငယ်ကတည်းက ကျုပ်ရဲ့တိုင်းရင်းသားစကားကိုဘဲပြောတယ် ဗမာစကားဆို တစ်ပါးစပ်မှမတတ်ဘူး
    ပိုက်ဆံမရှိဘူး ( ဓနချို့တဲ့တယ် )
    ရာသီဥတုပူတယ် ( ဥတုမမျှတဘူး )
    အစာတွေမှာ အပူအစပ်တွေများတယ် ( အဟာရချို့တဲ့တယ် )
    ကျုပ် သိပ္ပံမတတ်ဘူး ပထဝီမတတ်ဘူး ရူပဗေဒမတတ်ဘူး ( ခေတ်ပညာမတတ်ဘူး )
    ကျုပ်ဖတ်ဘူးတဲ့စာအုပ်တွေမှာ ဗမာတွေက ကျုပ်တို့လူမျိုးတွေကို နှိပ်စက်ခဲ့တယ် ( ဗဟုသုတချို့တဲ့တယ် )
    ဒါက အနည်းအကျဉ်းလေးကို ထောက်ပြတာ ဒီတော့ ကျုပ်ဟာ လူမျိုးရေးမုန်းတီးတယ်
    ကျုပ်ရဲ့ ဒေါသကို ခင်ဗျားတို့ ဘယ်လို လျှော့ချပေးမလဲ

    • ရွာစားကျော်

      April 13, 2012 at 9:02 am

      ငြိမ်းချမ်းသောနည်း၊ ရင့်ကျက်ပြည့်ဝသောနည်းဖြင့် ဒီကမာ္ဘလောကဟာ လူသားအားလုံး တန်းတူညီမျှ ပိုင်ဆိုင်သောနေရာဖြစ်သည် ဟူသော ခံယူချက်ဖြင့် ရှေ့ဆက်လှမ်းကြပါစို့…

      တိုင်းပြည်ကို တပြေးညီ ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်တဲ့၊ ကိုယ့်တစ်ဘို့ထဲ ကြည့်နေတဲ့၊ အသုံးမကျတဲ့.. တနည်းအားဖြင့် ဗမာအပါဝင် လူမျိုးစုတိုင်းရဲ့ “ဘုံရန်သူ အုပ်ချုပ်သူများ နဲ့ ကြိုးနီစနစ်” ကို ပြင်ရပါမယ်..
      အပြစ်လုပ်ဖူးတဲ့ လူတွေကလည်း အပြစ်ကို ဝန်ခံရဲရမယ် တောင်းပန်ရဲရမယ်.. ကျန်တဖက် ကလည်း သဘောထားကြီးရမယ် အပြန်အလှန် အကျိုးပြုဖူးတာတွေကိုပဲ ကြည့်ပြီး အချင်းချင်း ယုံကြည်သွေးစည်းပြီး ချစ်စကိုရှည်စေလို့ မုန်းစကို ကျုပ်တို့မျိုးဆက်မှာ ဖြတ်ပစ်ခဲ့ကြမယ်ဗျာ

      • ဇော်ရီ

        April 13, 2012 at 9:56 pm

        ဒါကတောအပြည့်အဝ ထောက်ခံပါတယ်… လက်ရှိ သမ္မတ ဦးသိန်စိန် တက်တော ကျတော် အကောင်းမြင်ခဲတယ် သူ့ကိုုလဲအကောင်းဘက်ကပဲ အမြဲတန်း ဝေဖန်ခဲပါတယ်… အဲဒီ အချိန်တုုန်းက သူငယ်ချင်း ဗမာ လူမျိုးတွေနဲ့တောင် ငြင်းခဲဖူးတယ်… ဘာလိုု့လဲဆိုုတော သူတိုု့က မယုုံကြည်ကြလိုု့ဘဲ…

        ကျတော့ အမြင်ကတော အသစ်ပြောင်းဖိုု့ တက်လာတဲ့သူကိုု ပြောင်းလဲချင်လာအောင် ပြောင်းလဲဆိုုစိတ်ရှိအောင် အကောင်းမြင်ပေးရမှာက ပြည်သူတွေရဲ့တာဝန်ပါပဲ… အဲလိုုမှ သူ့နောက်မှာ ပြည်သူ ရှိတယ်ဆိုုတဲ့ အသိနဲ့သူဟာ ပြောင်းလဲလိုုစိတ် ပိုုမိုုပြင်းပြပြီး အရာရာကိုု သတ္တိရှိရှိ ပြောင်းလဲရဲမှာပါ… ဒါပေမယ့် သမ္မတကြီးက တော်ပါတယ်… သူ့အား တကယ် ချီးကျူးပါတယ်… ဘာလိုု့လဲဆိုုတော ပြည်သူတွေ မယုုံတဝက် ယုုံတဝက်… အကောင်းလဲ မပြောကြဘူး… သူနဲ့သိပ်မဆိုုင်ခဲတဲ့ ရှေ့က ပြုခဲဖူးတဲ့သူတွေ အတွက် သူတစ်ယောက်တည်း အပေါ် အပြစ်တွေ ပုုံပြီး အမျိုးမျိုးအဖုုံဖုုံ ပြည်တွင်း ပြည်ပ သတင်းတွေဖေါ်ပြနေကြတယ်… အဲဒီလိုု ဖြစ်ရပ်တွေ ကြားထဲက သူဟာ ပြည်သူတွေ သူ့အပေါ် မယုုံကောင်းလား ဆိုုပြီး အရွဲ့မတိုုက်ဘဲ ပြည်သူတွေ ယုုံကြည်အောင် အလုုပ်တွေနဲ့ သက်သေပြနေခဲတာ အခုုဆိုုရင် တော်တော်များများသော ပြည်သူတွေဟာ သူ့နောက်မှာ ရပ်တည်နေကြသလိုု.. သတင်းဌာန တချို့ဟာလဲ သူ့ကိုု အကောင်းပြောနေကြပါပြီ…

        သမိုုင်းထဲမှာ ဗိုုလ်ချုပ်ဟာ ဖြောင့်မတ် တည်ကြည်ခဲတယ်… ဒါပေမယ့် ယုုတ်မာသူတွေ လက်ထဲ အသက်ပေးခဲရတယ်… အခုု ဦးသိန်စိန်ဟာလဲ ရိုုးသား ဖြောင့်မတ်ပြီး ပြည်သူတွေနဲ့သတင်းဌာနတွ သူ့အပေါ် မကောင်းသတင်း မကောင်းပြောခဲတာကိုု ဗွေမယူဘဲ လုုပ်သင့်တာကိုု လုုပ်ပြခဲတာဟာ မြန်မာ သမိုုင်းမှာ သမိုုင်းတွင်တဲ့ သူ တဦးအဖြစ် အသိအမှတ်ပြုပါတယ်… သိုု့သော်လဲ ယုုတ်မာသူတွေရဲ့ကောက်ကျစ်တဲ့ လုုပ်ကွက်တွေထဲ မကျမိပါစေဖိုု့ဆန္ဒပြုပါတယ်…

  • ချစ်ရင်ထူးနှစ်

    April 12, 2012 at 5:16 pm

    တိုင်းပြည်ရဲ့ အဓိက ကျတဲ့နေရာတွေမှာ တိုင်းရင်းသားတွေ မရှိပါဘူး ..
    ကုန်ကုန် ပြောရရင် မ .ယ .က ဥက္ကဋ္ဌ တို့ ၊ တပ်ရင်းမှူး တို့လောက် ဆိုရင်တောင် တိုင်းရင်းသား မထားတော့ဘူးလေ ..
    အဲဒါ ဘာကြောင့်လဲ ???

    • San Hla Gyi

      April 12, 2012 at 8:25 pm

      မဟုတ်ပါဘူး။ မှားနေတယ် ထင်ပါတယ်။ အရေအတွက် နည်းနေတာက တိုင်းရင်းသားတွေက ကိုယ်တိုင် အဲဒီအလုပ်တွေကို စိတ်မပါတာရယ် လူဦးရေလဲနည်းတဲ့အတွက် တွေ့ရတာနည်းနေတာ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ တိုင်းရင်းသားတွေထဲမှာ ရာထူးကြီးရသူတွေကို ကိုယ်တိုင်တွေ့ဖူးပါတယ်။

      • ဇော်ရီ

        April 13, 2012 at 8:40 pm

        အတွန့် တက်တယ်လိုု့တော မထင်စေချင်ပါ… ကျတော အရင်ကလေ့ ပြောခဲဖူးသလိုုပါပဲ ကျတော့မှာ ခိုုင်မာတဲ့ အတွေ့အကြုံရှိတဲ့အကြောင်း အရာရှိတဲ့ အတွက် ဒီကိစ္စကိုု ဝင်ပြောပါရစေ…

        ၁) ကိုုယ်တိုုင် အဲဒီအလုုပ်တွေကိုု စိတ်မပါတာရယ်…
        ၂) လူဦးရေလဲနည်းတဲ့အတွက်…

        အထက်က ဖေါ်ပြပါ အကြောင်းပြချက် နှစ်ခုုဟာ ဘယ်လိုုမှ မခိုုင်လုုံတဲ့ အကြောင်းပြချက်ပါ… ဖြစ်နိုုင်ရင် ဒီထက် ခိုုင်မာတဲ့ အကြောင်းပြချက်လေး စဉ်းစားစေချင်ပါတယ်…

        ကျတော့ အမျိုးက အမျိုးအရမ်းများပါတယ် များသလောက်လဲဝေးသွားခြင်းမရှိဘဲ အားလုုံး လိုုလိုု အဆက်အသွယ် ရှိကြပါတယ်… အဲဒီလိုု အမျိုးများတဲ့ထဲမှာလဲ ၉ဝ ရာခိုုင်နှုန်းက အစိုုးရ ဝန်ထမ်းတွေ ဖြစ်ကြပါတယ်… ဌာန ဆိုုင်ရာ တိုုင်းလိုုလိုု အပြင် စစ်တပ်တွေ ရဲတွေမှာလဲရှိပါတယ်… အုုပ်ချုပ်မူ့ပိုုင်း မဟုုတ်တဲ့ ဌာနတွေမှာဆိုုရင် အကြီးဆုုံး ရာထုုနေရာတွေများလဲ အများစုု ရှိကြပါတယ်…

        သိုု့သော်လဲ အမျိုးထဲက အန်တီတစ်ယောက်ရဲ့ ယောက်ျားဟာ ဗမာ လူမျိုးဖြစ်ပြီးတော သူဟာ စစ်ဝန်ထမ်း တစ်ယောက်ဖြစ်ပါတယ်… ၂၀၀၄ လောက်တုုန်းက သူဟာ တိုုင်းမူးရာထုု နေရာအတွက် စာမေးပွဲ အောင်မြင်ခဲပါတယ်၊ သိုု့သော်လဲသူ့အား တိုုင်းမူးအဖြစ်မပေးဘဲ တခြား ကြိုက်တာ တစ်ခုုရွှေးနိုုင်ကြောင်းနှင့် သိုု့မဟုုတ်ပါက လက်ရှိရာထုုမှာပဲ နေဖိုု့ အကြောင်းကြားခဲပါတယ်…

        အကိုုသိတဲ့ ရာထူးကြီးကြီးရတဲ့သူတွေက ဘယ်အစိုုးရဌာနတွေမှာလဲ ဆိုုတာကိုု တင်ပြစေချင်ပါတယ်… ကျေးဇူးတင်ပါတယ်…

        • htoosan

          April 14, 2012 at 8:44 am

          ကိုဇော်ရီရေ..စစ် တိုင်းမှုးက စာမေးပွဲအောင်သူတွေ ပေးတယ်တော့ မကြားဘူး ပါဘူး။ တပ်မမှုးများ စစ်ကျောင်းအုပ်ကြီးများ ထဲမှ ယုံကြည်လောက်မယ်ထင်ရသူများကိုသာ ရွေးချယ်ပေးတာပါ။ ဆိုတော့ လူရင်းတွေကိုဘဲ ပေးတာပါ။ ရွေးချယ်ခွင့်လည်းပေးမထားပါဘူး ။ ထွက်လာတော့မှ ထားရာနေ စေရာသွားရတော့တာပါ ။ ဦးသန်းရွှေရဲ့ အနီးကပ်လုံခြုံရေး ယူရတဲ့ ဗိုလ်မှုးကြီးတစ်ယောက်တောင် တိုင်းမှုးသတင်းပြေးပြီးမှ ဘယ်လိုမှ မမျှော်လင့်တဲ့ ကလော စစ်ဦးစီးတက္ကသိုလ်ရဲ့ ဆရာအဖြစ် ရောက်သွားခဲ့ဘူးပါသည်။
          နောက်စစ်တပ် က ရာထူးတစ်ခု တိုးပေးတော့မယ်လုပ်တိုင်း ဆွေစဉ်မျိုးဆက်တွေ ပြန်ကြည့်ပါတယ်။ မိန်းမဘက်ကော အကုန်ပြန်ကြည့်ပါတယ်။ အဲ့ဒီမှာ တစ်စုံတစ်ရောက်ဘက်က ညိထားပြီဆိုရင်တော့ တက်ဖို့ခက်ယဉ်းသွားပါပြီ။ အဲဒါနဲ့ ဘဲ ဗမာ ဦးစားပေးဖြစ်လာ လားတော့ မပြောတတ်ဘူး။

  • San Hla Gyi

    April 12, 2012 at 6:21 pm

    ဦးဦးပါလေရာ ရွာစားကျော် သူကြီး နဲ့ ရွာသူရွာသားအပေါင်းတို့ရေ
    ဒီပြဿနာဟာ ကျနော်ကြောင့် ဖြစ်တာဆိုတော့ ကျနော်တော်တော် တာဝန်မကင်းသလို ခံစားရတယ်ဗျာ။ အမှန်တော့ ကျနော်ကိုယ်တိုင် ဒါစာပထမဆုံးရေး ဖြစ်တာဖြစ်သလို ကိုဘုန်းကျော် ပိုစ့်ကိုဝင်ထောက်ရင်းနဲ့ နောက်ပိုင်း ဆက်ရေးပါလို့ တိုက်တွန်းတဲ့(မြှောက်ပေးတဲ့) စာတွေကို တွေ့ပြီး လက်စွမ်းပြချင်စိတ် လွန်သွားတယ်ဗျ။ အမှန်ပြောရရင် ကျနော်လည်း ကိုရွာစားကျော် ပြောသလို ဒီဆောင်းပါးမှာပါတဲ့ စကားလုံးတွေကို မကြိုက်တာများတယ်။ တော်တော်လေး ဒေါသသံပါပြီး ရှေ့နောက်မညီတာတွေကို တွေ့သလိုပဲ။ ဒီအကြောင်းကို ဆောင်းပါးတပုဒ် ရေးမယ်ဆိုပေမယ့် ပြန်ရေးပြန်ရင်လည်း မပြီးနိုင် ဖြစ်နေမှာစိုးတယ်။ မရေးရပြန်လည်း လက်ရှိရေးထားတာကိုက တော်တော်များနေပြီ။ ဘာပဲဖြစ်ဖြစ် လက်ရှိဟာတော့ ရေးလိုက်တော့မယ်။ နောက်ပြီး ဦးဦးပါလေရာရေ ခင်ဗျားကို အားနာလိုက်တာဗျာ။ ခင်ဗျား မွန်လူမျိုးဆိုတာ သိလိုက်ရလို့ပဲ။ ကျနော်က အင်းဝ ဟံသာဝတီ စစ်ပွဲကို ရေးခဲ့မိတာကိုး။ ဒါကလည်း ကျနော်ရေးချင်တဲ့ အကြောင်အရာမှာ ဒီကိစ္စက အဓိက အကြောင်းအရာ ဖြစ်ပြီး ရှောင်လို့မရလို့ပါ။ ဒါပေမယ့် တနေရာမှာ ဒေါသသံလေးပါသွားတာက လွဲပြီး တိုက်ရိုက် စကားလုံးတွေနဲ့ မခွဲခြားဘူးလို့တော့ ထင်တယ်ဗျာ။ ခင်ဗျားတို့ကတော့ ကျနော်ထက် စိတ်ထားမြင့်ပါပေတယ်။ နောက်ပြီး ကျနော်က ဆဲတာကိုတွေ့လို့ စိတ်တိုသွားတာလဲ ပါတယ်။ ကျနော် လဲ ခင်ဗျားတို့လိုပဲ ပြည်ထောင်စုစိတ်ထားတော့ ရှိတယ်။ ဒါပေမယ့် အမှန်အတိုင်း ပြောရရင် ကျနော့်သဘောထားက ပြီးတာတွေ ပြီးပစေ။ ဒါတွေကို အမုန်မပွားနဲ့တော့။ ဒါပေမယ့် တောင်းပန်ရမယ် ဆိုရင်တော့ ဗမာလူမျိုးတွေအတွက် မမျှတဘူးလို့ထင်တယ်။ ဘာလို့ထင်တာလဲ ဆိုတာတော့ ကျနော့်ဆောင်းပါးမှာ ဆက်ရေးမယ်ဗျာ။ အရင်တုန်းက သီးခံပြီး အားပေးခဲ့တဲ့ စာဖတ်သူတွေကိုလဲ ကျေးဇူးပါ။(အမှန်က ဦးအောင်ဇေယျ အကြောင်းပြီးရင် ပေါ့ပေါ့ပါးပါးလေး တပုဒ်လောက် ရေးမလို့ပါ။ အခုတော့ ဒီအကြောင်းကိုပဲ ပြီးအောင်ရေးလိုက်အုံးမယ်။)

    • anewgenerationbone

      April 12, 2012 at 8:10 pm

      မန်ဘာ San Hla Gyi ခင်ဗျ
      ဦးအောင်ဇေယျ အကြောင်းတွေကိုရေးတော့မယ်ဆိုလျှင်လည်း
      ဦးအောင်ဇေယျနှင့် ခေတ်ပြိုင်သမိုင်းတွေကိုပါ
      တွဲပြီးဖေါ်ပြပေးစေခြင်ပါတယ်ခင်ဗျ
      ဆိုလိုတာက
      သမိုင်းတွေကို ဝေဖန်ဘို့ဆိုရာမှာ နှစ်ဖက်သော သမိုင်းတွေကို ခိုင်းနှိုင်းပြီး
      ပြောကြမှ အနည်းငယ် အစဉ်ပြေမယ်ထင်ပါတယ်ခင်ဗျ
      အထူးဆိုလိုတာက
      ယနေ့ခေတ် ပညာရှင်အချို့ ( အချို့ ) ဟာ မိမိကိုယ်မိမိ ပညာရှင်လို့ မှတ်ယူကြပါတယ်
      အလွန်ဝမ်းနည်းစရာကောင်းတာက
      သမိုင်းစာမျက်နှာတွေကို နှစ်ဖက် မဖတ်ကြတာလေးပါ
      ဦးအောင်ဇေယျ ၏ သမိုင်းခေတ်ပြိုင်မှာ မွန်တို့၏ ထင်ရှားသော ကျမ်းစာ ခုနှစ်စောင်ရှိပါတယ်ခင်ဗျ
      အဆိုပါ ကျမ်းခုနှစ်စောင်ကို လေ့လာပြီးပါလျှင်
      ချိန်ဆ ဆွေးနွေးပြစေလိုပါသည်ခင်ဗျ
      ( မည်သို့ဆိုစေ တိုင်းရင်းသားများ၏ လူမျိုးရေးအယူသီးမှု့များသည်
      လွန်လေပြီးသော မြန်မာ/ဗမာ အစိုးရများနှင့် သက်ဆိုင်ရာ လူမျိုးစု ခွဲထွက်ရေးသမားများ၏
      မသမာသော လုပ်ရပ်ဟုသာ ပြန်ပြန်သားသား ဝေဖန်ပါသည်။ )

      • San Hla Gyi

        April 12, 2012 at 8:53 pm

        ဟုတ်ပါပြီ။ ခင်ဗျားပြောသလို ပညာရှင်ဆိုတာက များလွန်းပါတယ်။ စိတ်ပါဝင်းစားတဲ့ လေ့လာသူ အနေနဲ့ တင်ပြချက်သာ ဖြစ်ပါတယ်။ ကျနော် ဆောင်းပါးတွေကို ပြန်ကြည့်ရင် လည်းအမှားတွေ့ ရင်ပြင်ပေးပါအုံး လို့တောင်းဆိုခဲ့တာပါ။ ခင်ဗျားပြောတဲ့ ခေတ်ပြိုင်မွန်ကျမ်းစာ ရ စောင်ကို မကြားဘူးပါ။ ထုတ်ဝေမှု မရှိရင်လည်း ကျနော်မသိနိုင်ပါ။ မွန်ကျမ်းစာတွေထဲမှာ မွန်လူမျိုးတွေကိုယ်တိုင် အပြောများတဲ့ ရာဇာဓရာဇ် အရေးတော်ပုံကျမ်း လောက်ကိုပဲ ဖတ်ဖူးပါတယ်။ အဲဒါကလည်း တော်တော်များများ ထုတ်ဝေခဲ့လို့ပါ။ ဒီလိုပြောပြီဆိုတော့ ခင်ဗျားဟာ မွန်လူမျိုးတယောက် ဆိုတာသေချာပါတယ်။ အဲဒီတော့ ကိုယ့်သမိုင်းကို ကိုယ်ပြန်သုံးသပ်တာက ကျွန်တော်တို့လည်း ဗဟုသုတ တိုးမှာပါ။ ဘာလို့လည်းဆိုတော့ ကျနော်က ဗမာဆိုတော့ ဗမာ့သမိုင်းကို အဖတ်များပြီး အခြားကိုယ်နဲ့ထိစပ်နေတဲ့ သမိုင်းတွေကိုလည်း ရသလောက်ဖတ်ပါတယ်။ တခုခုမရေးခင် ရနိုင်သလောက် ခေတ်ပြိုင်မှတ်တမ်းတွေလည်း ပြန်ကြည့်ပါတယ်။ ဒါတောင် ပြီးပြည့်စုံပြီ မပြောနိုင်ပါ။ ပညာဆိုတာက အမြဲတမ်းလိုနေမှာပါပဲ။

        • ဇော်ရီ

          April 13, 2012 at 9:22 pm

          ဟုုတ်ပါတယ် မွန်စာ ရ စောင် ကိုု ကျတော်လဲ မကြားဖူးပါဘူး… ဒါဟာ ဘာကြောင့်ပါလဲ တမြေတည်းနေနေကြတဲ့ ကိုုယ့်ညီကိုု တိုုင်းရင်းသားတွေ့ သမိုုင်းဆိုုင်ရင် အပေါ်ယံလောက်တောင် သိပ်မသိကြပါဘူး… ဒါဟာ အုုပ်ချုပ်သူတွေရဲ့ဖန်တီးချက် အောက်မှာ ပြားပြား မောက်သွားခဲရတဲ့ တိုုင်းရင်းာသးတွေရဲ့ သမိုုင်းတွေပါ…

          ထုုတ်ဝေမှု ရှိတဲ့ တိုုင်းရင်းသား သမိုုင်းဆိုုင်ရာ စာအုုပ်ဆိုုတာ အလွန်ပဲရှာရခက်လွန်းပါတယ်… ဒါ့အပြင် မြန်မာပြည်ရဲ့သမိုုင်း ပြဌာန်းစာအုုပ်မှာ လဲ ဘယ်တိုုင်းရင်းသား သမိုုင်းကိုုမှ စနစ်တကျ ဖေါ်ပြ ထားခြင်း မရှိပါဘူး… ပါဝင်သော သမိုုင်းဆိုုင်ရာ ကိစ္စတွေဟာလဲ သမိုုင်းမှန် ဆိုုတာကိုု ပြောရခက်ခဲလွန်းပါတယ်… အဲလိုုပါပဲ မြန်မာပြည်ထဲမှာ တရားဝင် ထုုတ်ဝေထားတဲ့ မြန်မာ သမိုုင်းဆိုုင်ရာ စာအုုပ်တွေဟာလဲ မှန်ကန်တယ် ဆိုုတာ ပြောရ ခက်တာတွေ ရှိပါတယ်… သမိုုင်းရေးသူတွေဟာ သူ့တိုု့သမိုုင်းကိုု သူတိုု့ရေးကြတာတွေများတော လူဆိုုတဲ့ အကျင့် ကိုုယ့်ဘက်ကိုုယ် ဦးစား ပေးလိုုတဲ့ လူစိတ်တွေက လွမ်းမိုုးတတ်တာကြောင်း ခေတ်ပြိုင်တွေနဲ့ ဆက်စပ်ပြီး သက်ဆိုုင်ရာ လူမျိုး တိုုင်းပြည် ကိုုယ်စားပြု သမိုုင်းဆရာတွေ အကုုန်စုုပြီး အဖြေရှာမှသာ သမိုုင်းမှန်လိုု့ယူဆရနိုုင်တဲ့ သမိုုင်းကိုု ဖန်တီးနိုုင်ကောင်းပါလိမ့်မယ်…

      • ဇော်ရီ

        April 13, 2012 at 8:56 pm

        မွန်လူမျိုးတစ်ယောက်ကတောင် လက်နက်ကိုုင် တိုုက်နေကြတဲ့ တိုုင်းရင်းသား လက်နက်ကိုုင် အဖွဲ့အစည်းတွေကိုု ခွဲထွက်ရေးလိုု့ မြင်နေတာ… ဗမာ လူမျိုးက ခွဲထွက်ရေးလိုု့ မြင်တာ မဆန်းတောဘူးပဲဆိုုရမှာပါပဲ…

        အဲဒါတွေ ထားပါတော… မေးခွန်းလေး တစ်ခုုလောက် မေးချင်ပါတယ်… နှစ်နှစ်ကာကာ လက်နက်ကိုုင် တိုုင်နေကြတဲ့ လက်နက်ကိုုင် အဖွဲ့အစည်းတွေက အခုု အစိုုးရ ခေတ်မှာ တစ်ရက်လေး ဆွေးနွေးလိုုက်တာနဲ့တောင် အစိုုးရရဲ့ လက်ကမ်းမူ့ကိုု အပြုံးအပြည့်နဲ့ ပြန်ပြီးတော လက်ကမ်းခဲတာဟာ ခွဲထွက်ချင်လိုု့ ဖြစ်ပါသလား… ခွဲထွက်ချင်တယ်ဆိုုရင် ဘာအတွက် အစိုုးရသစ်ရဲ့ငြိမ်းချမ်းရေး ကမ်းလမ်းမူ့ကိုု လက်ခံတယ်လိုု့ ထင်ပါသလဲ… ?

        • San Hla Gyi

          April 13, 2012 at 10:34 pm

          ကိုဇော်ရီရေ ခင်ဗျားဆွေးနွေးတာတွေလည်းတော်တော် ကောင်းနေပါပြီ။ မေးခွန်းလေးတွေ ကောင်းနေပါပြီ။ အခုမေးထားတာလေးတွေကိုရော အခြားမေးချင်တာတွေကော နောက်တရက် ၂ရက် လောက်ကျရင်ထပ်မေးပေးပါ။ ခင်ဗျားဟာ အေးအေးဆေးဆေး ဆွေးနွေးလို့ ရမယ်ဆိုတာသိလို့ပါ။ ကျနော်ကလည်း ဒါမျိုးကိုကြိုက်တယ်။ အော်လား ဟစ်လား ဆဲလား ဆိုလား ဆိုရင် ကျနော်ကလည်း စိတ်ကတိုပြန်ရော။ ဒါပေမယ့် ကျနော် အားလုံး ပြေလည်အောင်ဖြေနိုင်မယ်တော့ မထင်ဘူး။မသိဘူး ဆိုရင်လည်း မသိဘူးလို့ပဲဖြေပါမယ်။ ဒါပေမယ့် ဆိုဒ်ထဲက တခြားပညာရှင်တွေလာဖြေပါလိ်မ့်မယ်။ အခုစာအသဲအသန်စီနေလို့ပါ။

    • ဦးဦးပါလေရာ

      April 12, 2012 at 8:32 pm

      ကိုစံလှကြီးရေ
      ခင်ဗျားမျက်စေ့လည်ပြီး လူမှားသွားတာဗျ… 😀 😀
      ကိုစံလှကြီးရဲ့ အလောင်းမင်းတရားပိုစ့်ကို ပြန်တုန့်ပြန်ရေးတာက
      အဘဖေါလို့ခေါ်တဲ့ ကို Foreign Resident လေဗျာ…
      ကျုပ်ကတော့ ကိုဖေါရင်းပိုစ့်ဆိုရင် သူ့ကိုလေးစားတာနဲ့ ဝင်ငြင်းနေကျမို့ လျှာသွားရှည်တာ… 😀 😀

      ကျုပ်ကမွန်လူမျိုးလဲမဟုတ်ပါဘူး..
      ခေတ်မမီခင်တုန်းကတော့ ရှမ်း+ဗမာ+တရုတ် သရီးအင်ဝမ်းပါ။
      အခုတော့ ခေတ်မီသွားပြီဗျို့…
      အခုတော့ ကျုပ်က “လူ” လူမျိုး… 😛

      ပြီးတော့ အရေးအကြီးဆုံးပြောလိုတာက –
      (ဒီပြဿနာဟာ ကျနော်ကြောင့် ဖြစ်တာဆိုတော့ ….)
      အခုဘာပြဿနာမှဖြစ်တာမဟုတ်ပါဘူး ကိုစံလှကြီးရဲ့
      အစတွေထွက်လာတာနဲ့ ကိုယ့်အမြင်ကိုယ်ဝင်ပြောကြတာပါ။
      နိုင်ငံတော်သစ် ပုံလောင်းရေးမှာ အသုံးကျမယ့် အမြင်တွေပါ။
      ခင်ဗျားကိုရော ကိုဖေါရင်းကိုရော ကျေးဇူးတင်ပါတယ်။

      • San Hla Gyi

        April 12, 2012 at 9:05 pm

        ဟုတ်ပါတယ်။ ဦးဦးပါလေရာရေ မျက်စိမလည်ပါဘူး။ ခင်ဗျားကရေးထားတဲ့ ပိုစ့်မှာကိုယ်တိုင်မွန်ပြည်နယ် မှာနေတာဆိုလို့ပါ။ ကျနော်ရေးတဲ့ ပို့စ်တွေမှာလည်း လာလာပြီးမှတ်ချက် တွေပေးတတ်လို့ပါ။ ကိုဖောရင်းရဲ့ ပို့စ်ကစကားအသုံးအနှုန်း အယူအဆတွေနဲ့ ပက်သက်လို့ စာရေးဖြစ်အုံးမယ်ထင်တယ်။

      • ကြောင်ကြီး

        April 13, 2012 at 8:07 am

        အန်တယ်ပါလေရာကြီး ဒါမှမဟုတ် ဇနီး ကုလားသွေးရော မစပ်ဘူးလားဗျ၊ တခါတုန်းက ဦးပါလေရာမှာ သမီးရှိတယ် မန်းဖူးလို့ပါ။ ဗမာ၊ ရှမ်း၊ တရုတ် သွေးနဲ့ ကုလားသွေးစပ်လိုက်ရင် အဲဒီကောင်မလေးလှချက် ဘာပြောကောင်းမလဲ…. အကြောလေးတွေစိမ်းလို့… မေးရင်းမေးရင်း ကြက်သိမ်းထလာပြီ… လွန်ဒါရှိ ဝင်ဒါမီယာပါ…။ 😳

        • ဦးဦးပါလေရာ

          April 13, 2012 at 6:57 pm

          ကိုကြောင်ကြီးရဲ့ …
          ဗမာ၊ ရှမ်း၊ တရုတ် နဲ့ ကုလား စပ်လိုက်ရင်-
          အရပ်ပုပု၊ နှာခေါင်းပွပွ၊ မျက်စိမှေးမှေးနဲ့ အသားမဲမဲလေး ထွက်လာမှာပေါ့.. 😛

          စိတ်ကူးပြီးလျှောက်မျိုးစပ်မနေနဲ့-
          အဆင်သင့်တွေ့တာ မြန်မြန်ကောက်ယူ….. 😛 😛

    • ရွာစားကျော်

      April 12, 2012 at 9:41 pm

      ဟုတ်တယ် ကိုစံလှကြီးရေ
      မျက်စိလည်ပီး ဦးပါလေရာနဲ့ ဘဖောကို လူလွဲသွားဘီ ထင်တယ်
      ဆဲတယ်ထင်တာလည်း အိုးကောင်းရစေချင်လို့ နာနာရိုက်လိုက်တယ်လို့ မှတ်ကြတာပေါ့..
      အားလုံးက ပိုကောင်းစေလို့တဲ့ စေတနာအရင်းခံပီး ဆွေးနွေးကြတာဆိုတော့လေ..
      ဒီနောက်ပိုင်းလည်း ပို့စ်တွေ ဆက်ရေးပါလို့ မြှောက်ပေး..အဲ အဲ တိုက်တွန်းချင်ပါတယ်ဗျာ..

  • ဂျက်ကီချီးပေ

    April 12, 2012 at 8:25 pm

    ကောင်းတယ် သိပ်ကောင်းတယ် ဘယ်သူကောင်းကောင်း မကောင်းကောင်း ဂျက်ကီချီးပေ ကောင်းတယ်
    လူကို လူလို့ဘဲထင်တယ်
    လူကို လူလို့မထင်ဘဲ ဘာထင်တာ ကိုယ်နဲ့မဆိုင်ဘူး
    ဂျက်ကီချီးပေ ဗမာစစ်စစ် ရေတောင်မရောဘူး
    တိုင်းရင်းသားတွေကို ဂျက်ကီချီးပေ ရဲ့ အမျိုးတွေလို့ဘဲထင်တယ်
    ကဲကဲကဲ
    တိုင်းရင်းသားတွေ
    ဂျက်ကီချီးပေး ကို ဆဲကြစမ်း ဂျက်ကီချီးပေ ခွင့်လွှတ်တယ်

  • ဦးဦးပါလေရာ

    April 12, 2012 at 8:34 pm

    ကိုစံလှကြီးရေ
    ခင်ဗျားမျက်စေ့လည်ပြီး လူမှားသွားတာဗျ… 😀 😀
    ကိုစံလှကြီးရဲ့ အလောင်းမင်းတရားပိုစ့်ကို ပြန်တုန့်ပြန်ရေးတာက
    အဘဖေါလို့ခေါ်တဲ့ ကို Foreign Resident လေဗျာ…
    ကျုပ်ကတော့ ကိုဖေါရင်းပိုစ့်ဆိုရင် သူ့ကိုလေးစားတာနဲ့ ဝင်ငြင်းနေကျမို့ လျှာသွားရှည်တာ… 😀 😀

    ကျုပ်ကမွန်လူမျိုးလဲမဟုတ်ပါဘူး..
    ခေတ်မမီခင်တုန်းကတော့ ရှမ်း+ဗမာ+တရုတ် သရီးအင်ဝမ်းပါ။
    အခုတော့ ခေတ်မီသွားပြီဗျို့…
    အခုတော့ ကျုပ်က “လူ” လူမျိုး… 😛

    ပြီးတော့ အရေးအကြီးဆုံးပြောလိုတာက –
    (ဒီပြဿနာဟာ ကျနော်ကြောင့် ဖြစ်တာဆိုတော့ ….)
    အခုဘာပြဿနာမှဖြစ်တာမဟုတ်ပါဘူး ကိုစံလှကြီးရဲ့
    အစတွေထွက်လာတာနဲ့ ကိုယ့်အမြင်ကိုယ်ဝင်ပြောကြတာပါ။
    နိုင်ငံတော်သစ် ပုံလောင်းရေးမှာ အသုံးကျမယ့် အမြင်တွေပါ။
    ခင်ဗျားကိုရော ကိုဖေါရင်းကိုရော ကျေးဇူးတင်ပါတယ်။

    • မိုက်ကယ်ဂျော်နီအောင်ပု

      April 12, 2012 at 9:04 pm

      ( ခင်ဗျားကိုရော ကိုဖေါရင်းကိုရော ကျေးဇူးတင်ပါတယ်။ )
      အလွန်သဘောထားကြီးတဲ့ ပါလေရာငပိချက် ( ဦး ) ကြီး 😀 ။
      အဖြေက အဲ့ဒါဘဲဗျ ကိုယ် ဘာကောင်လဲဆိုတာထက်
      တစ်ဖက်လူကိုခွင့်လွှတ်တတ်ဘို့ အရေးကြီးပါတယ်။)
      ( ခင်ဗျားတို့ အမှန်လုပ်ရမှာ အဲ့ဒါဘဲ )

    • htoosan

      April 13, 2012 at 6:49 am

      တကယ်တော့ မြန်မာပြည်ကြီးမှာ ဗမာစစ်စစ် ၊ ရှမ်းစစ်စစ်၊ ကချင် ကရင် မွန် စစ်စစ် ဆိုတာ နည်းလာပါပြီ ။ သွေးတွေအားလုံး ရောနှောနေကြပါပြီ။ တရုတ် ကုလားပါ ရောနေကြပါပြီ။ ဆိုတော့ သူကြီးတို့ ဦးဦးပါလေရာတို့ ရဲ့ “လူ” မျိုးနွယ်လို့သာ ပြောရမယ်ထင်ပါ့။

      • ဇော်ရီ

        April 13, 2012 at 8:21 pm

        သွေးရောတဲ့ ကိစ္စကိုု အလွယ်လေးတော ပြောလိုု့မရပါဘူး… လူဆိုုတဲ့ မျိုးနွယ်ကိုုပဲလက်ခံတောမယ်ဆိုုရင်… မေးခွန်းလေး တစ်ခုုလောက် မေးချင်ပါတယ်… မြန်မာပြည်က မိန်းကလေးတွေ အနောက်တိုုင်းသားတွေနဲ့ အကုုန် ယူကုုန်ကြတယ်ဆိုုရင် မြန်မာပြည်က ယောက်ျားလေးတွေ ဘာပြောမယ် ထင်ပါပသလဲ…

        • htoosan

          April 14, 2012 at 8:51 am

          သွေးရောတဲ့ ကိစ္စ လွယ်လွယ်လဲပြောလို့ မရသလို လွယ်လွယ်လဲ တားလို့ မရပါဘူး။
          စိတ်ရင်း အတိုင်းပြောရရင် ယူတာ မကြိုက်ဘူးလို့ ပြောချင်ပေမဲ့ သူတို့ကြိုက်လို့ သူတို့ယူသွားတော့ ဘယ်လိုတားရမလဲ ဟင်င်င်..
          ပြောတော့ဘူး … ပြောလိုက်ရင် ရဲရဲတောက်ပြီး ကောင်းကောင်းဆဲကြလိမ့်မယ်…. 😀

  • ချစ်စ/ဆရာ

    April 12, 2012 at 9:38 pm

    ကိုဖုန်းကျော်တို့များ လက်စွမ်းထက်ပါ့
    မီးကို ဟုန်းဟုန်းတောက်လို့

  • San Hla Gyi

    April 13, 2012 at 7:22 pm

    ကဲ ကိုယ်ဆွေကိုယ်မျိူးတို့ရေ ဒီပို့စ်ကို တိုင်းရင်းသားတွေ လည်းဖတ်နေတယ်ထင်လို့ပြောတာပါ။ ခင်ဗျားတို့လည်း ငြင်းရတာတောင် မောနေပြီထင်တယ်။ ကျနော်လည်း ဆိုင်းသံကြားရင် မနေနိုင်တဲ့ အတိုင်း တချက်ကကြည့်အုံးမယ်။ အဓိကက ဆောင်းပါးကြောင့် နားလည်မှုလွဲကြတယ်နဲ့ တူတယ်။ အဓိကက သုံးနှုန်းတဲ့ အသုံးအနှုန်းကြောင့်ဖြစ်တယ်ထင်တယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ ရန်တိုက်ပေးတာလို့တောင်ထင်တယ်။ ကျနော်နောက်မှ အသေးစိတ်ပြောမယ်ဗျာ။ အပေါ်က ကျနော့်ကို ၂ ဘက်မမြင်ဘူးလို့ ပြောသွားတဲ့ အမျိုးကြီးရေ။ ကျနော် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကျနော်က လူဆိုတော့လည်း အားလုံးတော့ မသိနိုင်ဘူးပေါ့ဗျာ။ ၁ရက် ၂ ရက် တော့စောင့်ပါအုံး။ ကျနော်ရေးတဲ့ အခါကျရင် ဝင်လဲမေး ဆဲလဲဆဲပေါ့ဗျာ။ ဒါပေမယ့် ဒီကျမ်းစာတွေက ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဝေမှုမရှိရင်ပဲဖြစ်ဖြစ် တိုင်းရင်းသားဘာသာနဲ့ရေးရင်ပဲဖြစ်ဖြစ် နိုင်ငံခြားမှာထုတ်ဝေတာပဲဖြစ်ဖြစ် ဆိုရင်တော့လည်း မသိနိုင်ဘူးပေါ့။ မသိရင်လည်း ပြောပြပေါ့ဗျာ။ အမျိူးတွေပဲဟာ။ ဒီတိုင်းရင်းသား အရေးကို ကျနော်တယောက်တည်းနဲ့ ပြေလည်အောင် မလုပ်နိုင်ပေမဲ့ ကြိုးစားကြည့်မယ်။ ပြောချင်တာကများပြီး စာရိုက်နှုန်းကနှေးနေတယ်ဗျာ။

  • Lwin Aung

    April 14, 2012 at 12:02 pm

    Actually, My father has a little Chinese 1/4 blood. He is hydro electric engineer. He honestly serve for our country for 30 years. My father in law is Mon .He also serve for country as professor for 30 years. So my children has chinese, bamar, mon blood. Although what the blood has our nationals, we must serve for country honestly with federal states liked that US.

  • ရွာစားကျော်

    April 14, 2012 at 1:35 pm

    လူမျိုးရေးမုန်းတီးစိတ်ဖြစ်နေတဲ့ လူတွေရဲ့ အမျက်ကိုပြေစေဖို့ရာက သူတို့အတွက် ဘာလုပ်ပေးနိုင်သလဲအပြင် အဲဒီလူတွေရဲ့ ဘဝတလျှောက် တွေ့ကြုံခံစားခဲ့ဖူးတာတွေ၊ ဖတ်သိ မှတ်သားဖူးတဲ့ ဗဟုသုတအခံ၊ သင်ကြားဖူးတဲ့ ခေတ်ပညာအတိမ်အနက်နဲ့ သူတို့ နှစ်ဖက်အမြင်နဲ့ ဘယ်လောက် optimize လုပ်နိုင်သလဲ အပေါ်မှာလည်း မူတည်ပါသေးတယ်။
    အတိတ်က ရွှေထီးဆောင်းခဲ့တာတွေ၊ နားရွက်တံတွေးဆွတ်ဖူးတာတွေ ပြန်မပြောဘဲ ဒီနေ့ကစ နောက်မျိုးဆက်တွေအထိ ကြည့်ပီး ဘာလုပ်သင့်သလဲပဲ တွေးကြရအောင်လား..။ သမိုင်းမကြေတဲ့ လူညံ့တယောက်အနေနဲ့ ညဏ်မီသလောက် ပြောကြည့်ပါမယ်။

    စိတ်ဓာတ် ရင့်ကျက် ပြည့်ဝရမယ်
    ‘တမိုးအောက်တည်းမှာ’ ဆိုတဲ့သဘောထားနဲ့ လွတ်လပ်ရေးကြိုးပမ်းမှုဒီရေ အမြင့်ဆုံး အချိန်က တောင်ပေါ်မြေပြန့်၊ ပြည်နယ်ပြည်မ မခွဲခြားပဲ အတူတကွ သွေးစည်းချစ်ကြည်မှုကို ပြခဲ့တဲ့ ပင်လုံစိတ်ဓာတ်၊ တနည်း ဒီနေ့ မြန်မာနိုင်ငံကြီးဖြစ်လာစေခဲ့တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ကျနော်တို့ လူမျိုးတိုင်းရင်ထဲမှာ ရှိနေသင့်ပါတယ်..။ ဟိုရှေးတုန်းက ဒီနေရာကဖြင့် ဗမာဘုရင်ပိုင်ခဲ့တာ၊ ဘယ်နေရာက ရခိုင်ဘုရင်တွေ အုပ်စိုးခဲ့တာ၊ ဘယ်ဒေသက မွန်ပြည်ကြီးပါလို့ ချေးခြောက်ရေနှူးနေကြရင် ထွက်လာမယ့် အနံ့က ငြိမ်းချမ်းရေးရနံ့ မဟုတ်ပါဘူး။ ဗိုလ်နေဝင်းရေးတဲ့သမိုင်းရော၊ သာသနာပြုအဖွဲ့တွေ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေအတွက် ရေးခဲ့တဲ့သမိုင်းရော အတိတ်မှာထားခဲ့ပြီး အချင်းချင်း အကျိုးပြုဖူးတာတွေကို အပြန်အလှန်ကျေးဇူးတင်ကြရင်း ပြည်ထောင်စုကြီးရဲ့ “တမိုးအောက်တည်းမှာ” တိုင်းရင်းသားအားလုံး စုစည်း ညီညွတ်စွာ နေထိုင်ကြမယ်ဆိုတဲ့ ရင့်ကျက်ပြည့်ဝသော စိတ်ဓာတ်နဲ့ ရှေ့ဆက်ကြမယ်လေဗျာ..။

    ဥပဒေ တရားမျှတရမယ်
    ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်သူဟူသမျှ လူ = အုပ်ချုပ်သူ= အုပ်ချုပ်ခံ= လူမျိုးစုတူ= လူမျိုးစုမတူ= ဘာသာတူ= ဘာသာမတူ= ပညာတတ်= ပညာမဲ့= သူဆင်းရဲ= လူချမ်းသာ ကျောသားရင်သား မခွဲခြားဘဲ အားလုံးတန်းတူ အခြေခံဥပဒေက သာတူညီမျှ အကာအကွယ်ပေးမှု ရှိသင့်ပါတယ်။ လူမျိုးရေးနဲ့ ပတ်သက်လို့လည်း (သူကြီးပြောသလို) လူမျိုးဘာသာခွဲခြားမှု နှိပ်ကွပ်ရေးဥပဒေတို့၊ Civil rights Acts တို့ပြဌာန်းပြီး တိုင်းရင်းသားတို့ရဲ့ ရိုးရာဓလေ့၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား စတာတွေကို အကာအကွယ်ပေးသင့်ပါတယ်။ နားလည်တဲ့ ပြည်တွင်းပြည်ပက ပညာရှင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ပေါင်းပြီး သူသာတယ် ငါနာတယ်မဖြစ်အောင် လုပ်ကြပေါ့။ (၁၉၉၃ ကနေ ၂၀၀၈ အထိလို တိုင်ပင်လို့မပြီးအောင်မဖြစ်စေဖို့ သက်ရောက်အောင်မြင်ပြီးသား ဒီမိုကရေစီ နိုင်ငံကြီးတွေက တချို့ဟာတွေ စု၊ တု ပြီး မြန်မာမှုပြုသင့်တာ ပြုကြပေါ့ဗျာ၊ နားလည်သူများ အကျယ်ချဲ့ကြပါ..)

    အုပ်ချုပ်ရေးစနစ် ခိုင်မာမှန်ကန်ရမယ်
    ဒီနေရာမှာ အရီးခင်လတ်မန့်ဖူးတာလေး ကုတ်ရရင်..

    “စစ်အာဏာရှင်အစိုးရ” ဟာ ဗမာ မို့၊ ချင်းမို့၊ ကချင်မို့၊ ကရင်မို့၊ မွန်မို့ ခွဲခြား နေတာ မဟုတ်ပါဘူး။ သူတို့ လုပ်နေတာ “ဗမာ” သာ ချမ်းသာရေး ဆိုတဲ့ လူမျိုးစွဲနဲ့လဲ လုံးဝ မဟုတ်ပါဘူး။ သူတို့ လုပ်နေတာ သူတို့ “စစ်အာဏာရှင်အစိုးရ မိသားစု” သီးသန့် ချမ်းသာရေးပါ။ ဒါကြောင့် မြန်မာပြည် ရဲ့ လူမျိုးပေါင်းစုံ ဟာ ကိုယ်ဆင်းရဲ နေရတဲ့ တရားခံ “ဘုံရန်သူ” ကို ကြည့်တတ်ရပါမယ်။

    ကျနော်တို့ဟာ ဘုံရန်သူ အုပ်ချုပ်ရေးသမားတွေလက်အောက်မှာ ကြီးပြင်းလာခဲ့ကြပြီး ဒီမိုကရေစီ ရောင်နီလေးက ခုမှပျိုးရုံကလေး ရှိသေးတာပါ..။ ကယ်တမ်းပြောရရင် ပြည်သူတွေလိုချင်တာ ဗမာတွေချည်းအုပ်ချုပ်လို့၊ ရခိုင်မှာ ရခိုင်လူမျိုး အုပ်ချုပ်သူ မဟုတ်လို့၊ ကချင်မှာ ကချင်လူမျိုးတွေ ခေါင်းဆောင်နေရာမရလို့ မဟုတ်ပါဘူး။ ကြားဖြတ်ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေလည်းရှိနေပေမယ့် NLD က တိုင်းရင်းသား ပြည်နယ်တွေမှာ အောင်ပွဲခံခဲ့တာ သာဓကကောင်းတခုပါ။ အားလုံးသဘောက သူတို့အကျိုးကို တကယ် ဆောင်ရွက်ပေးမယ့်သူလို့ သူတို့ယုံကြည်သူတွေ အုပ်ချုပ်တာခံလိုတာပါ။
    Federal ပဲဖြစ်ဖြစ် Liberal ပဲဖြစ်ဖြစ် ဒေသအားလုံး၊ လူမျိုးစုလူတန်းစားအားလုံး တပြေးညီ တိုးတတ်အောင်ဆောင်ရွက်နိုင်မယ့် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ပုံဖော်ရင် ထောက်ခံမှာပါ။ ပြဌာန်းထားတဲ့ အခြေခံဥပဒေကို မကျိုးမပေါက် ခါးဝတ်ပုဆိုး လို မြဲမြဲဆောင်ထားသူတွေ အုပ်ချုပ်ရင် ဗမာလား၊ မွန်လား၊ ရှမ်းလား၊ ရခိုင်လား ကြည့်ကြမှာ မဟုတ်ပါဘူး။
    ရုံးသုံးဘာသာစကားနဲ့ပတ်သက်လို့ အကြံရတာလေးပြောချင်သေးတယ်။ ဗမာစကား မသုံးချင်လို့၊ ဟိုလူမျိုးကလည်း သူတို့စကားသုံးမယ်၊ ဒီလူမျိုးကလည်း ဒီစကားသုံးချင်တယ် အငြင်းမပွားရအောင်ရယ်၊ လာတော့မယ့် အနာဂတ်နိုင်ငံတကာ စာမျက်နှာမှာ နေရာယူနိုင်တော့မယ့် ဒီမိုကရေစီရွှေပြည်ကြီးနဲ့လဲ လိုက်ဖက်သွားအောင် အီး ကိုပဲ သုံးကြရင်ကောင်းမလားလို့ဗျာ။ ရုံးသုံးဘာသာစကားအဖြစ် အင်္ဂလိပ်စာကို သုံးမယ်ပြောတာနော်.. (ဖွလိုက်ပါပြီ ဆွေးနွေးကြပါအုံး.. ဆဲချင်သူများလည်း ဝဲလ်ကမ်းပါ)

    (ပညာရေး၊ စီးပွားရေး၊ လူမှုရေး အကြောင်းလေးတွေ ဆက်ပွားပါအုံးမယ်..)

    • ရွာစားကျော်

      April 14, 2012 at 5:44 pm

      ပညာရေးစနစ် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ရမယ်
      နိုင်ငံရေး၊ စီးပွားရေး အတွေးအခေါ်နဲ့ ခေတ်မီနည်းပညာနယ်ပယ်တွေမှာ နိုင်ငံတကာနဲ့ အဆင့်မီ သုံးသပ် ဆွေးနွေးနိုင်တဲ့၊ အရည်အချင်းပြည့်ဝတဲ့ လူငယ်တွေမွေးထုတ်ပေးနိုင်မယ့် ပညာရေးစနစ်ဖြစ်ရပါမယ်။ အစိုးရသိစေချင်တာလောက် သင်ပေးတဲ့ – အခြေခံ မခိုင်တဲ့ ပုံစံခွက်ထဲက ပညာရေးမဖြစ်ရပါဘူး။ ငွေမရှိလို့ ခေတ်ပညာမတတ်ဘူး၊ ဗဟုသုတ ချို့တဲ့တယ် မဖြစ်ရအောင် အခြေခံပညာကို (အနည်းဆုံး ဆိုရင်တောင် ကိုးတန်းလောက်အထိ) မသင်မနေရ အခမဲ့ ပညာရေးစနစ်နဲ့ တိုင်းသူပြည်သားတိုင်း သင်ကြားစေသင့်ပါတယ်။ (၂၀၁၂ ခုနှစ်မှစလို့ ပညာရေး ဘတ်ဂျက်လည်းစတိုးလာပြီ၊ နောက်ပိုင်း ပြည်တွင်းစစ်တွေ မရှိတော့ဘဲ စစ်အသုံးစရိတ်ကို ၁၀% ပဲဖြစ်ဖြစ် လျှော့ချနိုင်ပြီး ပညာရေးစရိတ်ထဲ ထည့်ခဲ့ရင် ဒါဟာ မဖြစ်နိုင်စရာ မရှိပါဘူး) မြန်မာ့ တိုင်းရင်းသား ယဉ်ကျေးမှု အမွေအနှစ်တွေ၊ ရိုးရာဓလေ့ ထုံးတမ်း အစဉ်အလာတွေ တည်တံ့ပြန့်ပွားအောင် ထိန်းသိမ်းစောင့်ရှောက်ပေးမယ့် ဘာသာရပ်တွေ၊ သင်ရိုးညွှန်းတမ်းတွေ မပါမဖြစ် ဆွဲရပါမယ်။ ဥပမာ- ဘာသာရပ်ဆိုင်ရာ တက္ကသိုလ်များမှာ မိမိအဓိကသင်ကြားရတဲ့ ဘာသာရပ်တွေအပြင် ဆန္ဒရှိရင် တိုင်းရင်းသား ဘာသာစကားတခု လေ့လာနိုင်တဲ့ အစီအစဉ်တွေ (စိတ်ကြိုက် ရခိုင်ဘာသာ၊မွန်ဘာသာ၊ ရှမ်းဘာသာ၊ ပျူစာပေအရေးအသား စသဖြင့်) တရားဝင်ထည့်ထားသင့်ပါတယ်။ ဒါဆိုရင် တိုင်းရင်းသားဘာသာစကားတွေ မပျောက်ပျက်အောင် ကာကွယ်ပြီးသား၊ ပြန်ပွားအောင် စီမံပြီးသား ဖြစ်သွားမှာပါ။ နိုင်ငံတကာမှာ နေရာရ အောင်မြင်ကြီးပွားနေတဲ့ မြန်မာလူမျိုး အသိပညာရှင်၊ အတတ်ပညာရှင်များရဲ့ ထောက်ပံ့ကူညီမှုကလည်း မြန်မာ့ ပညာရေး ဦးမော့လာဖို့ အဓိကျတဲ့အခန်းကဏ္ဍမှာ ရှိပါတယ့်။ ပို့စ်ထဲက အလုပ်ခေါ်စာလေးကို အလေးဂရုပြု နှလုံးသွင်းမိကြစေလိုပါတယ်..။ ပညာရှိတွေ နှာစေးမနေကြပါနဲ့..။

      စီးပွားရေးစနစ် ပီပြင်ရမယ်..
      စိုက်ပျိုးရေးကို အခြေခံပြီး စီမံကိန်းသီးနှံတွေပဲစိုက်ခိုင်းလို့ တောင်သူတွေ ဒုက္ခတွင်း နက်သထက်နက်နေတဲ့ စနစ်ကို သုံးသပ်ဖို့လိုနေပါပြီ။ လိုင်စင်လိုလို ပါပစ်လိုလို လုပ်နေရင်လည်း အခွင့်ထူးခံ အုပ်ချုပ်သူ တဘို့တည်းသမား မိသားစုများနဲ့ ကပ်ဖား ရပ်ဖား ခရိုနီများသာလက်ဝါးကြီးအုပ် ဂုတ်သွေးစုပ်ပြီး ကောင်းစားမှာပါ။ BE ချက်ရောင်းတဲ့သူကို အရက်ပုန်းရောင်းလို့ဖမ်းပြီး၊ စင်တင်တေးဂီတတွေနဲ့ တရပ်ကွက်လုံးဟိန်းနေအောင် ပွဲဆူတဲ့ စတေရှင်တွေ၊ ကလပ်တွေ၊ ဟိုတယ်ကြီးတွေမှာတော့ စီးပွားဖြစ်သထက်ဖြစ်နေတာမျိုးကို စဉ်းစားကြဖို့လိုနေပြီ ထင်ပါသည်။
      နည်းပညာကို အခြေခံတဲ့ စီးပွားရေး၊ ပီပြင်တဲ့ ဈေးကွက်စီးပွားရေး၊ (သမ္မတဂျီးပြောဖူးတဲ့) မက်ခရိုစီးပွားရေးကို ဖွံ့ဖြိုးအောင်လုပ်ဖို့ လိုပါပြီ။ ဈေးကွက်မှာ လွတ်လပ်စွာ ယှဉ်ပြိုင်စီးပွားရှာနိုင်တဲ့ အခွင့်အလမ်းကို ပိတ်ပင်သလိုဖြစ်နေတဲ့ ဥပဒေတွေကို အမြန်ဆုံး ပြင်ဆင်သင့်ပါတယ်။ သုံးသိန်းနဲ့ ရောင်းတဲ့သူကရောင်းနေချိန်မှာ သုံးထောင်နဲ့ရောင်းပြီး ယှဉ်မယ့်သူဟာ တန်းတူ အခွင့်အရေး ရသင့်တယ် မထင်ဘူးလားဗျာ။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုတွေဟာ သူ့တာဝန်ကို သူ သိသော ရင်းနှီးမြှုပ်နှံမှု (Responsible investment) ဖြစ်ဖို့၊ သုံးစွဲသူ အခွင့်အရေး (Costumer’s right) ကို အလေးထားဖို့လည်း လိုပါသေးတယ်။ တိုင်းရင်းသားပြည်သူတွေ အကျိုးခံစားရမယ့် ရင်းနှီးမြှုပ်နှံမှုဖြစ်ဖို့၊ စားသုံးသူဆီက အေးဒမြတိုက်နေသလို မဖြစ်ဖို့ နည်းမှန်လမ်းမှန်ဖြစ်စေခြင်း (Regulation) ကို ကြပ်မတ်ဖို့ပါပဲ။

      Investment + Technology + Regulation = Prosperity
      ရင်းနှီးမြှုပ်နှံမှု + နည်းပညာ + နည်းမှန်လမ်းမှန်အတိုင်းဖြစ်ခြင်း = ချမ်းသာခြင်း

      Investment + Technology – Regulation = Plunder
      ရင်းနှီးမြှုပ်နှံမှု + နည်းပညာ – နည်းမှန်လမ်းမှန်အတိုင်းဖြစ်ခြင်း = လုယက်ခြင်း

      http://myanmargazette.net/98228/business-economy

      နောက်ဆုံးတနေ့မှာ နိုင်ငံ့စီးပွားရေး သိသိသာသာ တိုးတက်လာရင် သူကြီးပြောသလို ယူအက်စ်လိုအခြေအနေမရောက်တောင်.. မြေအောက် သယံဇာတကရတဲ့..ငွေက လူလုပ်အားနဲ့စာရင်..မပြောပလောက်တော့ပါဘူးဆိုရင်. လူသာ ပဓါန ဖြစ်သွားမှာပါ။

  • Gipsy

    April 14, 2012 at 3:29 pm

    ကဗျာရှင် နာမည်မေ့သွားလို့ ….ကဗျာလေးကတော့… ဟောဒလိုပါတဲ့…
    ………………………………..
    ငါ သာလျှင် တော် ၊ သူ မတော် ဟု
    လူတော် ထင်ပါ ၊ တို့မြန်မာကို
    ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

    • ကြွားရင်းနှင့် နစ် ၊
    ဝါးရင်း နစ်သည့်နစ်လျက်နေပါ ၊ တို့မြန်မာကို
    ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊

    • အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့်
    အထင်လွဲပါ ၊ တို့မြန်မာကို
    ဘယ်ခါဆယ်၍ ရမလဲ ၊၊

    • သူ့ကို ငါညှိုး ၊ ငါ့ သူညှိုးနှင့်
    အညှိုးကြီးပါ ၊ တို့မြန်မာကို
    ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

    • ညည်း၍ မပြီး ၊ ညူ မပြီးဘူး
    အပြီးတကာ ၊ လုပ်နိုင်ပါမှ
    တော်ရာရောက်လိမ့် နောင်အဖို့ ၊၊
    နိုးကြ ထကြ မြန်မာတို့ ၊၊
    သားမြေးတို့တွက် ကြိုးစားစို့ ၊၊ ၊

  • San Hla Gyi

    April 14, 2012 at 5:11 pm

    မဟုတ်ပါဘူး ကိုရွာစားကျော်ရေ အဲဒီလိုမလုပ်ပါဘူး။ ဆောင်းပါးပါအချက်များထဲက သဘောကွဲတာတွေကို ရှင်းချင်းဖြစ်ပါတယ်။ ကျနော်ကလည်း အမှန်တော့ တသဘောထဲပါ။ ဒါပေမယ့် ဒီဆောင်းပါးက ရန်တိုက်ပေးတယ်ထင်လို့ပါ။

    • ရွာစားကျော်

      April 14, 2012 at 5:54 pm

      ဟုတ်ကဲ့ သိပါတယ် ကိုစံလှကြီးရေ
      ကျနော်က မိုက်ကယ်လမ်းလျှောက်ဘပုပြောတဲ့ ဥပမာ သူ့ဒေါသကို ဘယ်လိုလျှော့ချပေးမလဲဆိုလို့ ညဏ်မီသလောက် လေပြေထိုးနေတာပါ.. 😀
      ဘကြီးပု ကြားတယ်နော်..

  • ရဲစည်

    April 15, 2012 at 2:22 am

    အားလုံးအဆင်မပြေတာရှိရင် ကျွန်တော်ရဲ့နိူင်ငံသစ်ကို အပြီးဘဲဖြစ်ဖြစ် ခဏဘဲဘဲဖြစ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ်…။

Leave a Reply