ဦးရွှေအုပ်မျက်နှာ…ဝတ္ထုတို…

Ko out of...August 7, 20121min1776

ဦးသော်ကောင်းနှင့် မောင်ဇေယျာ စီစဉ်တဲ့..ဦးသန့်ရဲ့လက်ရွှေးစင် စာစုထဲက ဝတ္ထုတိုလေးပါ…

– တပေါင်းလ ကောလိပ်ကျောင်း စာမေးပွဲများ ပြီးစီးပြီဖြစ်တဲ့ အတွက် သူငယ်ချင်း ၄-၅ ယောက်တို့သည် ကျွန်တော်၏ အခန်းသို့ လာပြီး ထွေရာလေးပါးပြောကြပါသည်…

တယောက်ပြီးတယောက် မိမိတို့ တသက်တွင် မှတ်သားစရာ အကောင်းဆုံးအကြောင်းအရာ များကို ပြန်ပြောကြရာ..ကဲဗျာ..ကိုစိုးသိမ်း..ခင်ဗျာတစ်ယောက်ဘဲ ကျန်တော့တယ်..ကဲကဲ လုပ်ပါဦး..

” ကဲ..နားထောင်ကြ..ကျွန်တော်ပြောပါ့မယ်….

ကျွန်တော်ဆယ်တန်းအောင်တုံး ဆယ်တန်း ပထမနှစ်တုံးက လမ်းမတော် ဝိုင်အမ်စီအေမှာ တစ်နှစ်နေခဲ့ရတယ်…ဆန်းတာ တခုက ကျွန်တော်အိပ်တဲ့ ခုတင်ခေါင်းရင်းမှာ…အုတ်ချပ်တွေ နည်းနည်း ကွာပြီးတော့ လူရဲ့ မျက်နှာတခုလို ထင်နေတယ်…အုတ်ချပ်ကွာတာတော့ အများကြီးပေါ့..ဒါပေမဲ့ ဒီကွာကျတဲ့ အုတ်ကွက် တကွက် တည်းက ဆန်းနေတာ..သိပ်အံ့ဩစရာ ကောင်းတာဘဲ…

မနက်အိပ်ရာထထချင်း ပြုတင်းပေါက်က နေရောင်ထိုးပြီဆိုရင် ဒီမျက်နှာဟာ တကယ့် လူတစ်ယောက်ရဲ့ မျက်နှာလို အထင်းသား ထင်နေတာပဲ..တကယ့်ကို ပန်းချီဆရာတွေ ရေး
ခြစ်ခဲ့တဲ့ ပုံထက်တောင် အချိုးအစားကျသေးတယ်..
မျက်နှာက ခပ်ဝိုင်းဝိုင်း- ခပ်ခံ့ခံ့ နှုတ်ခမ်းမွှေး ရေးရေးနှင့်..မျက်လုံးပြူးပြူး ခေါင်းပေါင်းစ
ကြီးကြီး …အင်မတန်ကျက်သရေ ရှိတဲ့မျက်နှာဘဲဗျာ…

ကျွန်တော့ အခန်းနား ကလူတွေမေးကြည့်တော့လည်း…ကျွန်တော်မလာခင် ဗိုလ်ကပြား
တစ်ယောက် နေခဲ့တယ်တဲ့…ဒီဗိုလ်ကပြား လုပ်ခဲ့ရင်လည်း…မြန်မာရုပ်တော့ မဟုတ်တန်ရာဘူးလို့ စဉ်းစားမိတယ်ဗျာ..

ကျက်သရေရှိလိုက်တဲ့ မျက်နှာဗျာ..ခင်ဗျာတို့ကို မြင်စေချင်တယ်”..

ထိုအခါ..ကျွန်တော်က ကြားဖြတ်ကာ..” အခုဒီဟာ ရှိသေးလား” ..

” နားထောင်ပါဦး..ကိုသန့် ဆုံးတော့ သိလိမ့်မပေါ့..ဒီမျက်နှာကြီးကို အိပ်ရာထတိုင်း မြင်မြင်
ဲပြီးတော့..စာဖတ်တုန်းလည်းမြင်…ကျောင်းတက်ခါနှီး လည်းအားရပါးရကြည့်…သွားလေရာတိုင်း ဒီမျက်နှာကို ကြည့်ကြည့်ပြီး အလိုလိုချစ်လာ
တာပဲဗျို့…ခင်ဗျာတို့ သိတဲ့ အတိုင်းဘဲ ယောင်္ကျားအချင်းချင်း ချစ်ဖို့ဆိုတာ အတော်ခက်တာ.

ပြီးတော့လည်း ယောင်္ကျားလို့သာပြောတာ အင်္ဂတေကွာ နေတဲ့ အရုပ်ကြီးဘဲ..ဒါနဲ့ ခပ်တိုတို
ဘဲပြောပါရစေ…ကျွန်တော်လည်းစာဖတ်လို့ မရတော့ဘူး…
ဒီအကြောင်းသူငယ်ချင်းတွေ ပြောရမှာကလည်း..ရယ်စရာဖြစ်နေတော့ ဘယ်သူ့ကိုမှ မပြောဘဲ…တစ်ယောက်တည်း တိတ်တိတ်ပုန်း စွဲလမ်းနေလိုက်တာ…စိတ်နောက်သလို
တောင်ဖြစ်လာတယ်…

ဒီတော့ ကျွန်တော်စဉ်းစားကြည့်တယ်…ဒါမျိုးဧကန္တ လူတူတစ်ယောက်ယောက်တော့ ရှိရ
မယ်…အင်္ဂလိပ် သတင်းစာ မဂ္ဂဇင်းတွေမှာ..ဖတ်ဖူးတဲ့ အတိုင်း နောင်ကျွန်တော်နှင့် တွေ့ရ
မည့် သူတစ်ယောက်၏ မျက်နှာပုံသာ ဖြစ်ရမယ်လို့ စိတ်စွဲ လမ်းမိတာ…အဲလိုစွဲလမ်းပြီးတဲ့ အခါ ကျွန်တော်လည်း လိုက်ရှာတော့တာဘဲ…ရုပ်ရှင်ရုံတွေမှာ လိုက်ရှာ..ကန်တော်ကြီးပွဲ
တွေဆိုလည်း အနှံ့ပေါ့… ရန်ကုန်အရှေ့ပိုင်း..အနောက်ပိုင်းလည်း ကုန်သလောက်ပေါ့ဗျာ…ဘယ်မှာ မှမတွေ့တော့ စိတ်တောင်နည်းနည်းပျက်လာတယ်…
ကျွန်တော့် အခန်းပြန်ရင်လည်း..ကျွန်တော့်ကို အမြဲ နုတ်ဆက်နေသလို…ခပ်ပြုံးပြုံး စိုက်
ကြည့်နေတယ်…စကားပြောပြီး နုတ်ဆက်တာနဲ့ သိပ်မခြားဘူး..

ဒါနဲ့ဗျာ….နောက်ဆုံးတော့..တွေ့ပါလေရော”. ..

ထိုအခါ ကျွန်တော့်ကို အာလုံးပင် အံ့အားသင့်စွာ “ဪ” ဆိုပြီးတပြိုင်နက် အော်လိုက်
ကြသည်..

အဲဒီနှစ် ခရစ်စမတ်ကျောင်းပိတ်ရက်မှာ… ကျွန်တာ်တို့အိမ်က ကျိုက်ထီးရိုးသွားကြမယ်လို့
ခေါ်တာနဲ့ ကျွန်တော်လည်း အိမ်ပြန်ပြီး သူတို့နဲ့ ကျိုက်ထီးရိုး လိုက်သွားတယ်…ဒီလိုနဲ့..
ကျွန်တော်တို့က မနက်စောစော ကင်ပွန်းစခန်းက တက်ကြရော..ရေမြောင်ကြီးလည်း နည်းနည်း လွန်လာရော…တစ်ခါတည်းတွေ့တော့တာဘဲ…ဟာဗျာ မပြောပါနဲ့တော့..အခန်းထဲက မျက်နှာနဲ့ တစ်ပုံစံထဲဘဲဗျာ…

နည်းနည်းကလေးမှ မလွဲဘူး…ခေါင်းပေါင်းရော…နှုတ်ခမ်းမွှေးပါ..မျက်နှာကျပုံရော..
တစ်ထေရာတည်းပါဘဲ…သူတို့က အဆင်း..ကျွန်တော်က အတက်ကိုဗျာ..သူနှင့် အတူတူ
မိန်းမကြီးတစ်ယောက်၊ ခပ်ရွှယ်ရွှယ် သမီးနှစ်ယောက်နဲ့ နောက်က တော့ အိမ်ဖေါ်တစ်ယောက်…ဒါပါဘဲ…ဒီတော့ ကျွန်တော်လည်း ဘယ်အောင့်နိုင်တော့ မလဲ…

တခါတည်းဦး တစ်ဆိတ်လောက်ခွင့်ပြုပါ..ဦးတို့ဘယ်အရပ်ကလည်းလို့မေးတာ…ဒီတော့ဦး
ကကျွန်တော့်ကို သေသေချာချာ စိုက်ကြည့်ပြီးတော့..သူသမီးကို တခါလှည့်ကြည့်ပြီး..
မသင်္ကာတဲ့ မျက်နှာနဲ့ ဘာမှ မပြောဘဲ…ဆင်းသွားပါလေရောဗျာ…ကျွန်တော်လည်း ဘယ်နေနိုင်မလဲ…တခါတည်းလိုက်ပြီး မေးပြန်တာပေါ့…သူကကျွန်တော့်ကို လူပေလူတေ လို့
အောင့်မေ့တယ်ထင်ပါရဲ့…ခြေဆုံးခေါင်းဆုံးကြည့် ပြီးတော့…” အင်းစိန်က ဦးရွှေအုပ်”
လို့ ခပ်မြန်မြန်ပြောပြီး…ဆက်လက်ဆင်းသွားပါလေရော…

ကျွန်တော်လည်း စိတ်နည်းနည်းမှ မကောင်းဘဲ..” အင်းစိန်က ဦးရွှေအုပ်..အင်းစိန်က ဦးရွှေအုပ် ” နဲ့ စိတ်ထဲက အောင့်မေ့ပြီး..ဘုရားပေါ်ရောက် တစ်ရက်နှစ်ရက်နေပြီး…
ပြန်ဆင်းဆင်းလာကြရော..ကျောင်းဖွင့်လို့ ကျွန်တော်လည်းရန်ကုန်ပြန်လာပြီး..အရင်အ
ခန်းထဲရောက်တော့..ဒီမျက်နှာကြီး သွားပြီးမြင်ပြန်ရောဗျာ..ဒါနဲ့ ဝိုင်အမ်စီအေမှာ အင်းစိန်က တရုတ်ကပြား ကျောင်းသားတစ်ယောက်ရှိလို့ ဦးရွှေအုပ် အကြောင်းမေးကြည့်
တော့ ဒီလူဟာပင်စင်စား ဝန်ထောက်ဆိုဘဲ…ပိုက်ဆံလည်းအတော်ရှိသတဲ့..လာဒ်ငွေစားလို့
အထက်အစိုးရ သိခါနှီးမှာ..ရုတ်တရက် ပင်စင်ယူလိုက်တာဘဲ..ဒါဘဲသိရတော့တယ်..
ခင်ဗျာတို့ဘဲစဉ်းစားကြည့်တော့ဗျာ..အင်းစိန်က ဝန်ထောက်နဲ့ ဝိုင်အမ်စီအေက အင်္ဂတေ
ကွာတာ နဲ့ဘာဆိုင်လည်း.ပြောချင်ပြောမယ်…

ဒါနဲ့ တနေ့ကျတော့ မျက်နှာပုံဟာ…နည်းနည်းမှိန်လာသဗျ..ခါတိုင်းဖြင့် ထင်ထင်ရှားရှား ပြတ်ပြတ်သားသားကြီး…နောက်တော့ မျက်နှာပုံလောက်သာထင်တော့တယ်..မျက်စိ၊ပါးစပ်၊နာခေါင်းတို့တော့ ရေးရေးလောက်သာ
ကျန်တော့တယ်..ကျွန်တော့ အခန်းထဲလည်း လူသွားလူလာက အနည်းသား…ဘယ်သူသ
မှ တမင်တကာသွားဖျက်းစီးမှာ မဟုတ်ဘူး…ဖျက်လို့လည်းရတာမျိုးမှ မဟုတ်ဘဲ..ဒါနဲ့
မှိန်မှိန်လာလိုက်တာ….(၁၅)ရက်လောက်လည်းကြာရော…မျက်နှာတခုလုံး ပျောက်သွား
ပါလေရော..ထိုအခါ ကျွန်တော်တို့ အားလုံးကပင် အံ့အားသင့်စွာ…” ခင်ဗျားဟာ ကတော့ အတော်ကို ဆန်းကျယ်တာဘဲ…ကျွန်တော်တို့ကတော့ တခါမှ မကြားဖူးဘူး”..
ဟုပြောလိုက်မိ၏…

” ခင်ဗျားတို့ အံ့ဩတာ တော် တော်..နောက်နှစ်ရက်ကြာတော့ သူရိယ သတင်းစာ နာရေး သတင်းစာ နာရေးကြော်ငြာထဲမှာ…တစ်ခါတည်းတွေ့ပါလေရော..အင်းစိန်က ပင်စင် အငြိမ်းစား..ဝန်ထောက်မင်း ဦးရွှေအုပ်ဟာ (၁၅) လောက် မကျန်မမား ဖြစ်ပြီး
ကွယ်လွန် အနိစ္စရောက်တယ်လို့ ပါလာပါရောဗျာ”….ထိုအခါကျွန်တော်တို့မှာ..အလွန်အကျူး အံ့ဩကုန်ကြပြီး..ကျွန်တော်
ကပင် ထိုအကြောင်းကို အင်္ဂလန်ပြည်စာရေး ဆရာ ကိုနှင်ဒွိုင်း ထံသို့ ပေးပို့လျှင်ကောင်းမည်ဟု ပြောမိ၏…

ဒီလိုနဲ့ ကိုစိုးသိမ်းလည်း…ဆက်လက်ပြီး…သူ၏မျက်မှန်ကို ဖြုတ်ကာ လက်ကိုင်ပုဝါနှင့်
ပွတ်သပ်ပြီးလျှင်…” ဒီအကြောင်းနဲ့ ပတ်သက်လို့ ထူးဆန်းတာ သုံးခုရှိတယ်ဗျာ…
ပထမအချက်ကတော့…မတော်တဆ အမှတ်တမဲ့ ထင်နေတဲ့ အင်္ဂတေရာဟာ တကယ့်လူ
တစ်ယောက်မှက်နှာနှင့် တူလွန်းသဗျာ..အသက်ချင်းတောင်တူနေတယ်…
လောကဓါတ်ဆရာကြီးတွေဖြင့် နောက်တော့ ဒီအကြောင်းကို ဘယ်လိုရှင်လင်းမလဲ မသိဘူး…ပြီးတော့လည်း… ဒုတိယ တချက်က ဦးရွှေအုပ်ဆိုတဲ့ နာမည်နှင့် အုတ်အင်္ဂတေဆိုတာ…နာမည်ချင်းမဆင်တူဘူးလားဗျာ..နာမည် ကလည်း အံ့ဩစရာ
တူနေလိုက်တာ”….

ထိုသို့ပြောစဉ်တွင်…၁၁ နာရီထိုးပြီဖြစ်ပြီး..ဓါတ်မီးများကိုငြိမည်ဟု သိသဖြင့်..ကိုစိုးသိမ်း
လည်း မိမိအခန်းသို့ ထသွားမည်ပြု၏..ကျွန်တော်က လက်ကိုဆွဲထားကာ…” နေပါဦးဗျာ
ခဏ…ခင်ဗျာပြောတာ အံ့ဩ စရာ သုံးချက်ရှိတယ်ဆို…..တတိယအချက်ပြောပါဦး
လို့တောင်းပန်ရာ…ကိုစိုးသမ်းလည်း ..ဟက်ဟက်ပက်ပက် ရယ်ပြီး….”တတိယ အချက်က
တော့ ခင်ဗျားတို့ကို စိတ်ဝင်စားအောင် ကြံကြံဖန်ဖန် ပြောတာကို ခင်ဗျားတို့က ယုံတာ
အံ့ဩစရာပေါ့ဗျာ..ဂွတ်နိုက်..ကိုသန့်”…..

6 comments

  • marblecommet

    August 7, 2012 at 2:30 pm

    ပန်းအလင်္ကာ မဂ္ဂဇင်းပြန်ထုတ်တော့ အမှတ်စဉ် (၁)မှာလား
    (၂)မှာလား ဒီဝတ္ထုလေး ဖတ်ခဲ့ဖူးတယ်ဗျ
    ကျွန်တော့်စာမူလည်း ပါလို့မှတ်မိနေတာ
    ကြာပြီ မေ့တေ့တေ့ဖြစ်နေတာ
    ခေါင်းစဉ်ကိုတော့ ချက်ခြင်း သတိရတယ်
    အခုပြန်ဖတ်ရအောင် တင်ပေးလို့ ကျေးဇူးတင်တယ်ဗျာ..
    ခင်တဲ့
    ငကမ်း..

    • Ko out of...

      August 7, 2012 at 3:08 pm

      marblecommet …

      ကျွန်တော်ဖတ်ရတာကတော့…လောက အလင်းစာအုပ်တိုက်က ထုတ်တဲ့…စာစဉ် (၁) ကပါ…

      • marblecommet

        August 8, 2012 at 12:46 am

        ဟုတ်ကဲ့ဗျ ကိုအောက်
        အဲဒီ မဂ္ဂဇင်းကလည်း
        ကိုအောက်ပြောတဲ့ လောကအလင်းစာစဉ်ကပဲ
        တစ်ဆင့် ပြန်လည် ဖော်ပြတာ
        ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်…

  • kai

    August 8, 2012 at 12:59 am

    ဒီစာတွေကို..
    ဂမ္ဘီရဆိုလွှတ်ယုံတတ်တဲ့.. ဘုန်းကြီးပြောတာလွှတ်ယုံတတ်တဲ့..ဘိုးတော်ဘွားတော် နတ်ကတော်ပြောတာ.. နားယောင်တတ်တဲ့.. မြန်မာလူထုအများစုအတွက်.. သတိထားမိ.. ဖတ်မိအောင်လုပ်သင့်တယ်..။

    မြန်မာစာ သင်ရိုးညွှန်းတန်းထဲထည့်သင့်တယ်..။ 🙂

    • Ko out of...

      August 8, 2012 at 6:55 am

      ကိုခိုင်ပြောသလိုဘဲ… ကျောင်းသင်ခန်းစာ တချို့ရဲ့ စိတ္တဇဆန်တဲ့ စာတွေကြောင့် ကလေးတွေ

      နားမလည်ဘဲ…မိဘကို…ပြန်ပြန်မေးတာတွေရှိတယ်..လူငယ်လေးတွေကို လက်တွေကျတဲ့ စာ

      တွေ..သင်ရိုညွှန်းတမ်းတွေ များများပြဋ္ဌာန်းရင်တော့ အကောင်းဆုံးပေါ့…ကိုယ်သင်ပေးလိုက်လို့

      အလွတ်ဆိုလို့ ရကောင်းရလိမ့်မယ်…သို့သော် ဘဝမှာ အသုံးချလို့ မရရင် တနေ့ကျသူတို့ စွန့်ပစ်သွားကြကုန်လိမ့်မယ်…

Leave a Reply