ကျွန်ုပ်သည်…

ကျွန်ုပ်သည် ပေတံတစ်ချောင်းဖြစ်သည်…

ကျွန်ုပ်၏အတိုင်းအတာဖြင့် အခြားအခြားကိုတိုင်းတာသောအခါ…

ကျွန်ုပ်ထက် ရှည်သည်လဲရှိ၏… တိုသည်လဲရှိ၏…

 

ကျွန်ုပ်သည် ထီးတစ်ချောင်းဖြစ်သည်…

ကျွန်ုပ်၏အကာအကွယ်ဖြင့် အခြားအခြားကိုကာကွယ်သောအခါ…

ကျွန်ုပ်လက်လှမ်းမီသည်လဲရှိ၏… မမီသည်လဲရှိ၏…

 

ကျွန်ုပ်သည် ထောင်တန်တစ်ရွက်ဖြစ်သည်…

ကျွန်ုပ်၏တန်ဖိုးဖြင့် အခြားအခြားကိုဝယ်ယူသောအခါ…

ကျွန်ုပ်ပေးချေနိုင်သည်လဲရှိ၏… မပေးချေနိုင်သည်လဲရှိ၏…

 

ကျွန်ုပ်သည် နာရီတစ်လုံးဖြစ်သည်…

ကျွန်ုပ်၏မိနစ်စက္ကန့်ဖြင့် အခြားအခြားကိုစောင့်ဆိုင်းသောအခါ

ကျွန်ုပ်စောင့်ဆိုင်းနိုင်သည်လဲရှိ၏… မစောင့်ဆိုင်းနိုင်သည်လဲရှိ၏…

 

ကျွန်ုပ်သည် လူသားစင်စစ်တစ်ဦးဖြစ်သည်…

ကျွန်ုပ်၏အတ္တဖြင့် အခြားအခြားကိုနှိုင်းယှဉ်သောအခါ…

ကျွန်ုပ်သည်းခံနိုင်သည်လဲရှိ၏… သည်းမခံနိုင်သည်လဲရှိ၏…

 

ကြောင်ဝတုတ်

ဩဂုတ်လ၊ ၂၀၁၂

23 comments

  • maung khinmin

    August 22, 2012 at 11:22 am

    ကျွန်ုပ်အကြောင်း
    တဖျောင်းဖျောင်းဖြင့်
    ပမာဖြင့်နှိုင်း
    တဒိုင်းဒိုင်းပစ်
    လူစင်စစ်တဲ့
    ကြောင် မစစ်တော့
    ရင်ဖွင့် လာသည်
    ကျွန်ုပ်သည် ….. တဲ့ဗျားးးး

  • nozomi

    August 22, 2012 at 1:09 pm

    ကျွနှ်ပ်တွင် ငါးသိန်း ရှိသည်
    တချို့ လူများအတွက် များပြားသောပိုက်ဆံဖြစ်သော်လည်း
    တချို့ လူများအတွက် စကားထဲ ထည့်ပြောရန်ပင် မလိုလောက်အောင် နဲပါးသော ပိုက်ဆံလဲ ဖြစ်၏ ဆိုတာရော မထည့်ဘူးလား 😀

  • etone

    August 22, 2012 at 1:31 pm

    ကျွန်ုပ်သည် အမည်ခံ အိမ်ထောင်ဦးစီးဖြစ်သည် ။
    မိန်းမချစ်ဖို့ အရေး အလေးပေးတွေးသောအခါ ………
    ထမင်းလည်း ချက်ရသော အခါလည်း ရှိသည်…… ထမင်း မစားရသောနေ့လည်း ရှိသည် … 😆

    ကျွန်ုပ်သည် အိမ်ရှင်ထီး တစ်ယောက်ဖြစ်သည် ။
    အိမ်စရိတ်သက်သာစေရေး ရှာကြံတွေးသောအခါ ………
    အခွန်လွတ်ဈေး သွားရသော အခါလည်း ရှိသည် …….. ငါးစိမ်းသည်နဲ့ ရန်ဖြစ်ရသောနေ့လည်း ရှိသည် … :mrgreen:

    ကျွန်ုပ်သည် သဘောထား ကြီးသူ တစ်ဦးလည်း ဖြစ်သည် ။
    အိမ်တွင်းရေး အဆင်ပြေဖို့ တွေးသော အခါ ………
    မိန်းမပူဆာသမျှ ဝယ်ပေးရသည်လည်း ရှိသည် ။ ယောက္ခမ ပူဆာသမျှ ဝယ်ကျွေးရသည်လည်း ရှိသည် ။ 😛

    ဟီးဟီး …. ဆက်မရေးတော့ဘူး …….. ချစ်ကိုကြီး လှုပ်တုတ်လှုပ်တုတ်ကြောင်ဝတုတ်ကို အားနာလာလို့ …… ခွိခွိ ။ တော်ကြာ သူမိန်းမကြောက်တာ .. ရပ်သိရွာသိ … ကမာ္ဘကသိဖြစ်ကုန်မှာစိုးတယ် … :mrgreen: ဒါတောင် .. ပြောရှာသေးတယ် … ကြောက်တာမဟုတ်ဘူး … ချစ်တာတဲ့ …. ခွိခွိ 😆

  • kotun winlatt

    August 22, 2012 at 1:36 pm

    ကျွန်ုပ်သည်…ခဲတံတစ်ချောင်းဖြစ်သည်..
    ရေးရင်းမှားသွားသောအခါ ဖျက်ရန် အဖျက်တစ်ခုပါ၏။
    ရေးရင်းဖျက်ရင်းဖြင့် ခဲဖျက်ကုန်လေသောအခါ…
    အမှား..အမှားးးအမှားးးတွေထပ်ကာ…ထပ်ကာ…ထပ်ကာ….
    အမှားနယ်ပယ်တွင် ကျင်လည်လျှက်ရှိပေသည်။။။။။။

  • လေပြေ ရိုင်း

    August 22, 2012 at 2:12 pm

    ကျွန်ုပ်သည် ကြောင်တစ်ကောင်ဖြစ်၏…
    ကျွန်ုပ်၏ လက်တို့ဖြင့် အစာရှာဖွေသောအခါတွင်
    ခုန်အုပ်ရသည်များလဲရှိ၏… အုပ်ဆောင်းမှ၍ ငါးကြော်စားရသည်လည်းရှိ၏…

    ဒီပို့စ်တင်ခဲ့သူကား ကိုကြောင်ဝတုတ်ဖြစ်၏…
    ဒီပို့စ်ဖြင့် ကျွန်ုပ်နှလုံးသားကို တိုင်းတာသောအခါတွင်
    နှစ်သက်မှုလည်းဖြစ်သည့်အပြင် ငါးကြော်စားချင်စိတ်.. အဲလေ..မှားပြီ…
    အခါခါဖတ်ချင်စိတ်ဖြစ်ခဲ့ရပါ၏…လို့…..
    ကဗျာလေးက ရိုးပြီးရှင်းနေတာပဲ သိပ်ကြိုက်တယ်…

  • ရွှေ ကြည်

    August 22, 2012 at 2:14 pm

    အားပါးပါး ကိုကြောင်ဝတုတ်ရေ ကောင်းလှချည်လား။
    မန့်တွေကလည်း ရှယ်တွေချည်းပါလား။
    ကိုကြောင်ဝတုတ် မအိတုံရေးထားတာတကယ်လားဗျ 😀

  • Shwe Ei

    August 22, 2012 at 3:56 pm

    ကျွန်ုပ်သည် ဖက်တီးကတ် ဖြစ်၏
    အချို့တံခါးပေါက်များသည် ကျွန်ုပ်ကိုယ်ဖြင့်ဝင်ဆံ့သော်လဲ
    အချို့တံခါးပေါက်များမှ မဝင်ဆံ့သောကြောင့်
    လှေခါးထစ်မှာ ငုတ်တုတ်မေ့သောအခါလဲရှိ၏ 😀

  • ahnyartamar

    August 22, 2012 at 4:00 pm

    ကျွန်ုပ်သည် သင်္ခါရ လောက၌ နေ၏။
    ကောင်းမှုကုသိုလ်လည်း လုပ်၏။
    အတ္တများဖြင့်လည်း နေ၏။

  • မဟာရာဇာ အံစာတုံး

    August 22, 2012 at 5:38 pm

    ကျွန်ုပ်သည် ရေပေါ်က ဖော့တုံးကဲ့သို့ ဖြစ်လေ၏
    ထို့ကြောင့် အနှစ်မရှိ .. ပေါ့လေ၏ ..
    သို့ဂလိုကြောင့် ..
    လူသားစင်စစ်ဖြစ်သူ ဥကြောင်ဝတုတ်ဂျီးမှနေ၍
    သည်းခံဒေါ်မူဘာရန် .. 😀

  • pooch

    August 22, 2012 at 7:41 pm

    ကျွန်ုပ်သည် ငရုတ်သီးတတောင့်ဖြစ်၏
    စားလိုက်လျှင် စပ်ပြီး ထိမိလျှင် ပူသောကြောင့်
    ဆတ်ဆတ်ထိမခံသော သူဟု ခင်မင်ရင်းနှီးသူများမှ
    မှတ်ချက်ပေးခြင်းကို ခံရလေ၏ 😀

  • မောင်ပေ

    August 22, 2012 at 7:43 pm

    ကျုပ် သည် ဂေဇက်တွင် ဓါတ်ကျနေသော ဘိုးတော်ပေ ဖြစ်ပေတော့သည်တကား

  • အရီးခင်လတ်

    August 22, 2012 at 9:37 pm

    ကျွန်ုပ်သည် ပေကြိုးတစ်ချောင်း ဆိုပိုကောင်းမယ်။
    အရပ်ရော၊ ဗိုက်ပါ တိုင်းလို့ရတော့ ပိုအဆင်ပြေမယ်။

    ကြုံလို့ ချစ်စနိုး နောက်တာ၊ ချိတ်ချိုးနဲ့။
    ဒီတော့ “သည်းခံနိုင်သည်လဲရှိ၏” လို့ လုပ်ပါ ကြောင်ဝလေးရေ။ 😀

  • padonmar

    August 22, 2012 at 11:15 pm

    ကျွန်ုပ်သည် software တစ်ခုဖြစ်၏
    ကျွန်ုပ်၏ version ဖြင့် အခြားအခြားကို အလုပ်လုပ်ကြည့်ရာ
    အဆင်ချောသည်လည်းရှိ၏ အဆင်မချောသည်လည်းရှိ၏

  • သမာဓိ

    August 22, 2012 at 11:18 pm

    ကျွန်ုပ်သည်မြန်မာပြည်မှ.. ကော်နက်ရှင်ဖြစ်သည်..
    ကျွန်ုပ်ကို မုန်းကြသူလည်းရှိသည်..
    ဆဲကြသူလည်း ရှိသည် …
    ကျွန်ုပ်ရောက်မလာလျင် စောင့်ရင်းစောင့်ရင်းဖြင့်..
    သမာဓိ တည်ကုန်ကြလေသည်။

  • Mလုလင်

    August 23, 2012 at 12:21 am

    ကျွန်ုပ် သည် ကျွန်ုပ်ဖြစ်၏။
    ကျွန်ုပ် နှင့် အခြားအခြား ကို နှိုင်းယှဉ်ကြည့်ရာ
    ကျွန်ုပ် တိုသည်လဲ ရှိသည်၊ ရှည်သည်လဲ ရှိသည်။

  • ကို ခင်ခ

    August 23, 2012 at 10:28 am

    ကျွန်ုပ်သည် ဆေးလိပ်သောက်တတ်သော်လည်း နေရာရွေး၏။
    အရွေးမှန်သည်လည်းရှိ၏ အရွေးမမှန်သည်လည်းရှိ၏။
    အရွေးမှန်က အပြစ်ပြောသူလည်းရှိ၏ အပြစ်မပြောသူလည်းရှိ၏
    အရွေးမမှန်က အပြစ်ပြောသူလည်းရှိ၏ မပြောဘဲနှာခေါင်းအုပ်သူလည်းရှိ၏။
    ထိုကြောင့် မကောင်းသော လုပ်ရပ်ပါသကား။

  • သုရှင်

    August 23, 2012 at 2:26 pm

    သုရှင်သည် ခပ်ပိန်ပိန်ဖြစ်သည်
    ကောင်မလေးများက ထိုပိန်ခြင်းကို ကြိုက်သည်လည်းရှိသည် ။
    မကြိုက်သည်လည်းရှိသည်။ ( ကြော်ငြာစာ )

  • ကြောင်ဝတုတ်

    August 23, 2012 at 3:47 pm

    အမှတ်(၁)… ကြောင်ဝတုတ်သည် အီးတုံးဖွသကဲ့သို့ မိန်းမကြောက်သူမဟုတ်ကြောင်း မဟာပထဝီမြေကြီးသက်သေတည်၍ ပြောကြားလိုက်သည်…

    အမှတ်(၂)… ကြောင်ဝတုတ်ဆိုသောသူသည် အတည်အခန့်ရေးလျှင်လဲ ဟာသဟုသာထင်ကြသောကြောင့်… ဝမ်းသာမိပြန်သည်…

    အမှတ် (၃)… လာရောက်အားပေကြသူများ… ကျေးဇူးပါဗျို့…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • မဟာရာဇာ အံစာတုံး

      August 23, 2012 at 7:46 pm

      အထက်ပါကဲ့သို့ ..
      ကိုကြောင်ဝတုတ်ဆိုသူမှ
      အမှတ်စဉ် (၁) အား ပြောကြားပြီးသည်နှင့် ချက်ချင်းဆိုသလိုပင် ..
      မဟာပထဝီ မြေကြီးမှ တဟီးဟီး မြည်သံ ထပေးလိုက်လေ၏ ..
      အဘယ်ကြောင့်နည်း ဟူမူကား …

  • မွန်မွန်

    August 24, 2012 at 5:26 pm

    မွန်မွန် သည် ကော်ဖီတစ်ခွက်ဖြစ်၏။ အချိုထည့်သည်လည်းရှိ၏။ အချိုမပါသည်လည်း ရှိ၏။ သို့သော် အခါးပါမှသာ ကော်ဖီပီသ၏။ 🙂

  • မိုးတိမ်

    August 24, 2012 at 9:07 pm

    ကျွုန်ုပ်သည် အရက်တစ်ခွက်ဖြစ်၏
    နည်းနည်းသောက်လျှင်နည်းနည်းမူး၏
    များများသောက်လျှင် များများမူး၏
    ရေများများရောလျှင် ရှုးများများပေါက်ပြီးမမူးတော့။

  • အလင်းဆက်

    August 24, 2012 at 9:22 pm

    ကျွန်ုပ်သည်….
    အလင်း တစ်စ..ဖြစ် ၏
    ကျွန်ုပ် ၏ အလုင်းများဖြင့်…ဆက်သွယ်ပေးချင် ၏ ။

    ထို ့ကြောင့်..ကိုကြောင်ဝတုတ် ၏ ပို ့စ်ကို ဖတ်ပါ ၏ ။

    😀

Leave a Reply