ဆရာသစ် ရေ၊ ကျနော်တို့သင်တန်းလေး ( ၅ ) လပြည့်ပါပြီဗျို့။
ဆရာသစ်ရေ
စာတွေပြန်ရေးလာလို့ကျေးဇူးပါဗျို့။ဆရာသစ်ရဲ့ စာတွေကို တတ်နိုင်သမျှ ကူးယူထားပါတယ်၊
ကျနော်တော့ရွာနဲ့ နဲနဲဝေးနေခဲ့ရလို့ပါ။ (ရှေ့ လျှောက် ပို ဝေးဘို့ တောင် မြင်နေသေး….ဟေး….ဟေး )
ဒီနေ့ ၁၁ ဒီဇင်ဘာ၂၀၁၂ ဆိုရင် အမှတ် ( ၁၁၁/ ၃) ပထမထပ်၊ ရန်ကုန်-အင်းစိန်လမ်းမကြီး။ ဆင်ရေတွင်းမှာ ကျနော်ဖွင့်ထားတဲ့ “စွယ်တော်ရွက်” လျှပ်စစ်လက်တွေ့ လေ့ကျင့်ရေးသင်တန်း လေး သက်တန်း ( ၅ ) လ ပြည့် ပါပြီ။
စီးပွားရေး အရ ရပ်တည်နိုင်စွမ်း မရှိသေးပေမယ့် ဆက်လက်ကြိုးစားသွားအုံးမှာပါ။
ဆရာသစ်တို့ ကျနော်တို့ မြင်ထားခဲ့တာတွေ တကယ်မှန်နေကြောင်း ပြောပါရစေဗျို့။ လက်တွေ့ကျွမ်းကျင်မှုရှိတဲ့ Skillful Technicians/ Engineers တွေ အများကြီးလိုအပ်နေတဲ့ အချိန်ကာလကြီး ဖြစ်လာနေပါပြီ၊ ဒါပေမယ့် လူငယ်တွေ အဆင်သင့်မဖြစ်ကြသေးတာ ထင်ရှားနေတုံးပါ။ဆရာကြီး ဦးအောင်သင်းကတော့ ခေတ်လူငယ်လေးတွေအပေါ် အားမလို အားမရဖြစ်ပြီး “ လှေကားတွေ တစ်ခုပြီးတစ်ခုလိုက်ရှာ၊ အဲဒီရှာထားတဲ့လှေကားတွေ ပုခုံးပေါ်ထမ်းပြီး လျှောက်သွားနေကြတယ်၊ လှေကားတစ်ခုခုကို အသုံးချပြီး အပေါ်တက်ကြည့်ဖို့တော့ မကြိုးစားကြဘူး ” လို့ မှတ်ချက်ပေးထားခဲ့ဘူးတယ်ခင်ဗျ။
ကျနော် သတိထားလိုက်မိတာတစ်ခုကတော့ လူငယ်တွေခမျာ အပေါ် မတက်ရဲကြတာက သူတို့ထမ်းထားရတဲ့လှေကားတွေ မခိုင်မှန်းသိနေကြလို့ပါခင်ဗျ၊ သိဆို အဲဒီလှေကားတွေက သူတို့ကိုယ်တိုင် တည်ဆောက်ခဲ့ကြရတာတွေလေ၊ စရွေးမကိုက်ခဲ့တာ၊ ရိုက်စရာသံမရှိလို့ ဝါးနှီးလေးနဲ့ တုတ်ထားခဲ့ရတာ၊တေ့ဆက်ကလေးဆက်ခဲ့ရတာ၊…ဟိုဟာလို ဒီဟာမပါဖြတ်သန်း…ခဲ့ရတာ…. တွေဆိုတော့ကာ သူတို့မတက်ရဲကြတာကိုလည်း အပြစ်မတင်ရက်တော့ပါဘူးဗျာ။ လက်လှမ်းမှီသလောက် ကိုယ့်နားရောက်လာတဲ့ ကလေးတွေကိုဘဲ သံကူရိုက်ပေး၊ ဘိုးနတ်ကူကြပ်ပေး၊ တုတ်ထားခဲ့ရတဲ့ ဝါးနှီးနေရာကို Binding Wire နဲ့ပြန်လဲခိုင်း နဲ့ဘဲ သူတို့ရထားတဲ့လှေကားတွေ ခိုင်အောင် ကူညီပေးနေရတော့တာပါ။ လှေကားခိုင်မှန်းသိမှ သူတို့လေးတွေ ရဲရဲတင်းတင်း အပေါ်တက်ရဲကြမှာဟုတ်?။
ကျောင်းဆင်းထားတဲ့ ကလေးတွေခမျာ လက်တွေ့လေ့ကျင့်မှုတွေ မရှိသလောက်ဖြစ်နေခဲ့တာခင်ဗျ။
ကျနော့် သင်တန်းကျောင်းလေးရဲ့ မျော်မှန်းထားခဲ့တဲ့ သင်တန်းသားတွေက
GTI, GTCတက်နေဆဲ ကျောင်းသားကျောင်းသူတွေပါ၊ ကျောင်းတွေမှာ လက်တွေ့အားနည်းနေတုံး အပြင်ဘက်ကနေကူညီဖြည့်ဆည်းသင်ကြားပေးနေချင်တာ ကျနော့် ရည်မှန်းချက်ပါ။
ဒါပေမဲ့ တကယ်လာတက်သွားခဲ့တာက မမပဒုမ္မာ စီစဉ်စေလွှတ်ပေးခဲ့တဲ့ လုပ်ငန်းခွင်က ဝန်ထမ်းတွေပါ၊ သူတို့တတွေ လျှပ်စစ်ကြောင့် အန္တရာယ်မဖြစ်ရအောင် လေ့ကျင့်သင်ကြားပေးလိုက်ရပါတယ်၊ ၅ယောက် တစ်သုတ်၊ ၆ယောက် နှစ်သုတ် စုစုပေါင်း ၁ရ ယောက်ပါ၊
လျှပ်စစ်ဆိုင်ရာ ဗဟုသုတတွေ အများကြီး ရသွားကြတယ်လို့ ယုံကြည်ရပါတယ်။ ကျနော့်သင်တန်းလေး အစကောင်း အရှိန်ရသွားအောင်ကူညီပေးခဲ့တဲ ့ မမပဒုမ္မာ ကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။
ဆရာသစ်ရေ၊ ဟိုး အရင် ကျနော် မုံရွာ ကျောင်းမှာသင်ပေးခဲ့ရတဲ့ တပည့်လေးတွေ ဆက်သွယ်ပေးလို့ ရောက်လာသူတွေကြတော့ ကျောင်းဆင်း ( B.E ဘွဲ့ ရ ) တွေ ခင်ဗျ၊
ကျနော့် ပို့စ် တွေမှာ ရေးပြခဲ့ဘူးသလို ဆရာ-ကျောင်းသား အချိုး၊ လက်တွေ့သင်ကြားချိန် နည်းပါးမှု၊ လက်တွေ့ပစ္စည်းနည်းပါး ဒါမှမဟုတ် အသုံးပြုသင်ကြားပေးမယ့် ဆရာ မလုံလောက်မှု စတာ စတာတွေကြောင့် ကျနော့်ဆီမှာ အခြေခံက စ ပြီး သင်ပေးနေရပါတယ်၊ တစ်ယောက်ကတော့ စလုံးကိုရောက်သွားပါပြီ၊ ပြင်ပလောကကြီးရဲ့လက်တွေ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနေပါပြီ။
နောက်လထဲမှာ ထပ်သွားမယ့်သူတွေလည်းရှိနေလို့ ကျနော့် မူလသင်ရိုး ( Modules ) တွေ အပြင် တခြားသိသင့်သိထိုက်တာတွေကိုပါ ဖြည့် စွက်သင်ကြားပေးနေမိပါတယ်။
ကျနော့် လက်တွေ့သင်တန်းလေးမှာ
Module No 1 က အခြေခံလျှပ်စစ်သွယ်တန်းတတ်ဆင်ခြင်းပါ။ လျှပ်စစ်အန္တရာယ်ကင်းဝေးအောင် လိုက်နာကျင့်သုံးသင့်တဲ့ ဆောင်ရန် ရှောင်ရန်တွေက စပြီး သင်ပေးပါတယ်၊ ခလုတ် မီးပွင့် ဆက်သွယ်နည်းတွေ၊ Two Way Switch အသုံးပြုပုံတွေ၊ မီးချောင်းတွေရဲ့ တည်ဆောက် အလုပ်လုပ်ပုံတွေ အပြင် သင်တန်းသားတွေ သိချင်လို့ စပ်စုသမျှ Transformer အကြောင်း လျှပ်စစ် ဓါတ်အား ထုတ်လုပ်- ဖြန့်ဖြူး-သုံးစွဲပုံတွေပါ သင်ပေးဖြစ်ပါတယ်၊ သင်တန်းကာလ ၁၂ နာရီ အနဲဆုံးဖြစ်သွားပါတယ် ( ကျနော် လျာထားခဲ့တာ ၆ နာရီပါ ) သိချင်တတ်ချင်သူတွေ အတွက် ကိုယ်သိသလောက် ကူညီရှင်းပြ သင်ကြားပေးနိုင်ခဲ့တာမို့ ပျော်နေပါတယ်ခင်ဗျ။ သင်တန်းကြေးက ၅၀၀ဝကျပ် ဘဲယူဖြစ်ပါတယ်။
Module No 2 က အခြေခံ လျှပ်စစ်တိုင်းတာနည်းများ ( မီတာ တိုင်းတာခြင်း ) ပါ၊
သင်တန်းကြေး ယူဘို့ရည်မှန်းထားခဲ့ပေမယ့် Module 1 သင်ယူသူတိုင်းကို အပိုလက်ဆောင်အဖြစ် အခမဲ့သင်ပေးလိုက်တော့တာပါဘဲ။
တစ်ဆင့်မြင့် Motor Control ပတ်လမ်းတွေလေ့ကျင့်နိုင်ဘို့အတွက်တော့
Module No 3 – Direct On Line Starter,
Module No 4 – Forward- Reverse Starter,
Module No 5 – Star- Delta Starter နှင့်
Module No 6 – Sequence Control Circuit များ။ ဆိုပြီး Module ၄ ခု သတ်မှတ်ထားပါတယ်၊
အခြေခံအကျဆုံး ဖြစ်တဲ့ Parts of Motor Starter ကနေစပြီး ရှင်းလင်းသင်ကြားလေ့ကျင့်ပေးရပါတယ်၊
လူတစ်ယောက်- ပစ္စည်း တစ်စုံ နှုံးနဲ့ လက်တွေ့ လေ့ကျင့်သင်ကြားပေးနေပါတယ်၊
တစ်ချိန်ကို အများဆုံးသင်တန်းသား ၆ယောက် ဘဲ လက်ခံမယ်လို့ မူချထားပါတယ်ခင်ဗျ၊ တစ်ယောက်ချင်းစီ အနီးကပ်လေ့ကျင့်ပေးနိုင်အောင်လို့ပါ။ လက်ရှိတက်ရောက်နေတဲ့ အဖွဲ့ဆို သင်တန်းသူ ၄ ယောက်ထည်းနဲ့ သင်ပေးနေတာပါ၊
Motor Control Technology Module တစ်ခုကို လျာထားလေ့ကျင့်ချိန် အနည်းဆုံး၁ဝနာရီ ကနေ ကျွမ်းကျင်သည်အထိလေ့ကျင့်ခွင့်ပေးထားပါတယ်၊ သင်တန်းကြေးကတော့ Motor Control Module တစ်ခုစီကို ကျပ် တစ်သောင်း စီဘဲ ကောက်ခံပါတယ်။
သင်တန်းတက်နေသူတွေ သိချင်လို့မေးသမျှ၊ သိသင့်တယ်လို့ကျနော်ထင်သမျှ အပိုဆောင်းသင်ပေးနေမိပါတယ်ဆရာသစ်ရေ။
ကျနော်တို့ကိုအင်းစိန် စက်မှုဆရာဖြစ်သင်သင်တန်းက လေ့ကျင့်ပေးလိုက်တာက “ကျောင်းသားတကယ်မတတ်ရင်ဆရာ့မှာအပြစ်ရှိတယ်၊ဆရာညံ့လို့ကျောင်းသားစာမေးပွဲကျရတာ ” တဲ့ခင်ဗျ၊ ကျနော့်ဆီမှာ သင်တန်းတက်သွားသူတွေ အမှန်တကယ် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားအောင် ၊ ပြင်ပလောကကြီးရဲ့ ပြင်းထန်လှတဲ့စိမ်ခေါ်မှုတွေကို ရဲရဲရင့်ရင့်ရင်ဆိုင်နိုင်အောင်၊သင်ပေးနိုင်ဘို့ဘဲ အာရုံထားနေမိတော့တာမို့ပါ၊ရွာထဲကို အ ဝင်ကျဲသွားခဲ့ရင် နားလည်ပေးပါနော်။
ဆရာသစ်ရေ၊
နောက်တစ်ခေါက်ပြန်ရောက်လာခဲ့ရင် ဆုံပါရစေဗျို့။
ကျနော့် ဟန်းဖုန်း ဝ၉-၄၅၀၀၀၇၃၄ရ ကိုဆက်သွယ်ပေးပါ၊ ဆရာသစ်ဆီက ဝေဘန် အကြံပြုတာလေးတွေ လက်ခံပါရစေခင်ဗျ။ ( ကျန်တဲ့ ရွာသူရွာသားတွေ ဆီကရောပေါ့ )။
ကျနော် စွယ်တော်ရွက် ကတော့ ရွာသားကြီး ဦးဦးပါ ဆီကရထားခဲ့တဲ့ “နောက်တစ်လဆက်လက်ရှင်သန်နိုင်ရေး” အစွမ်းကုန်ကြိုးစားလျက်ရှိနေပါကြောင်း။
ရွှင်လန်းချမ်းမြေ့ကြပါစေ၊ အနာရောဂါကင်းကြပါစေ။
With Respect,
Swal Taw Ywet.
20 comments
မောင့်ကျက်သရေ ဂီ့
December 11, 2012 at 2:20 pm
ကျက်သရေရှိတဲ့ သတင်းလေးအတွက် ဝမ်းမြောက်ဝမ်းသာ မိပါကြောင်း
သတင်းပို့သွားပါတယ် ဆြာစွယ်တော်ရွက်ရေ..
တော်သေးဘီ
ခင်တဲ့
ဂီ
Swal Taw Ywet
December 16, 2012 at 7:18 pm
ကိုဂီရေ
ပထမဆုံးမန့်ပြီးအားပေးခဲ့တာ ကျေးကျေးပါ။
မန်းဂဇက်ကရှင်သန်ခွင့်ပေးခဲ့တဲ့ စွယ်တော်ရွက်ကို ရပ်တည်နိုင်အောင် စောင့်ရှောက်အားပေးနေကြတာလည်း မန်းဂဇက်က ရွာသူားတွေပါဘဲဗျာ။ ရွာသားတစ်ယောက်ဖြစ်ခွင့် ရခဲ့လို့ ဂုဏ်ယူမိပါတယ်ခင်ဗျ။
စကားအတင်းစပ် – စိုင်လေးတွေမပစ်တော့ဘူးလားဗျို့၊ ရွာထဲမှာ Heavy Metal တွေများနေသလားလို့ ကိုဂီတို့တောလည်ထွက်ထားတာလေးတွေမျှော်နေမိလို့ပါ။
ရွှင်လန်းချမ်းမြေ့ပါစေ။
With respect,
Swal Taw Ywet.
surmi
December 11, 2012 at 2:40 pm
အမှန်က ကျနော်ကိုယ်တိုင်လာတက်ချင်နေမိပါတယ်
အင်းစိန်လမ်းက အမြဲသွားနေရပေမဲ ့ အပြေးအလွှားဖြစ်နေလို ့
အစ်ကို ့သင်တန်းကို မဝင်နိုင်ခဲ ့ပါဘူး
တစ်နေ ့ (မကြာခင်) လာခဲ ့ပါဦးမယ် ။
ဘယ်အချိန်များ အားသလဲဆိုတာလေး
လာဖြစ်ရင်ဖုန်းကြိုဆက်ပါ ့မယ် ။ကျနော်လည်း ရွာထဲအဝင်ကျဲနေပါတယ်
နောက်ဆို ပိုဆိုးမယ်ထင်တယ် အစ်ကိုရေ
လေးစားလျှက်
မောင်ဆာမိ
Swal Taw Ywet
December 16, 2012 at 7:24 pm
ကိုဆာမိရေ
ဆက်မယ့်ဖုန်းကိုမျှော်နေမိပြီဗျို့၊
အင်းစိန်လမ်းပေါ်သွားလာလှုပ်ရှားနေရသူခြင်းဆိုတော့ ဆုံကြရအောင်ပါ။
ကိုဂီ နဲ့ ကိုဆာမိ ရှေ့နောက်မန့်ထားတာမြင်လိုက်ရတော့ ဂစ္ဆာမိ ကိုတောင် သတိရမိသွားသေး၊
လတိုင်းလက်ရွေးစင်တွေထဲပါနေတဲ့ ကိုဆာမိနဲ့ အပြင်မှာဆုံချင်ပါတယ်ဗျို့။
ဆုံကြဦးစို့ရဲ့။
With respect,
Swal Taw Ywet.
koyinmaung
December 11, 2012 at 3:09 pm
တဖက်တလမ်းကနေလူငယ်တွေကို..
မများလှတဲ့နှုန်းထားတွေနဲ့စေတနာအရင်းခံ ကူညီသင်ကြားပေးနေတဲ့
စွယ်တော်ရွက်ရေ…
နောင်တချိန်ကိုယ့်ရဲ့စေတနာအကျိုးပြန်လည်ခံစားရမှာပါ…
ဒီထက်ပိုအောင်မြင်ပါစေလို့ဆုတောင်ပေးလိုက်ပါတယ်ဗျာ….
Swal Taw Ywet
December 16, 2012 at 7:26 pm
ကိုရင်မောင်ခင်ဗျား၊
ဆုတောင်းပေးထားတာလေး အတွက် ကျေးဇူးပါဗျာ၊ လူငယ်လေးတွေသူတို့ခြေထောက်ပေါ်သူတို့ ရဲရဲ ရပ်နိုင်မှ ကျနော်တို့နိုင်ငံရဲ့ အနာဂါတ်ကောင်းနိုင်မှာမို့လို့ပါ။
အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးရမှာက ကျနော်တို့တာဝန်ဟုတ်။
ရွှင်လန်းချမ်းမြေ့ပါစေ။
With respect,
Swal Taw Ywet.
kai
December 11, 2012 at 3:36 pm
နိုင်ငံခြားကနေပြန်လာ.. ကိုယ့်ပညာတွေကို.. သင်တန်းလေးဖွင့်.. ဖြန့်ဝေပေးနေတဲ့.. ဆရာစွယ်တော်ရွက်အတွက်.. ဂုဏ်ယူမိပါကြောင်း..ပြောပါရစေ…။
စကားစပ်လို့..
ပြီးခဲ့တဲ့တနင်္ဂနွေက.. အာအိုင်တီကျောင်းဆင်း.. အဂျင်္င်နီယာတယောက်ရဲ့.. ဆွေးနွေးဟောပြောပွဲအယ်လ်အေမှာ သွားတက်နားထောင်လိုက်သေးတယ်..
သူကလွန်ခဲ့တဲ့.. အနှစ်၃ဝကျော်က.. ပီစီကွန်ပျူတာရဲ့.ပါဝါစနစ်ထဲက.. ထရန်စစ္စတာတခုကိုထီထွင်ခဲ့သူပေါ့..။
စတန်းဖို့က.. အင်ဂျင်နီယာဘွဲ့ မာစတာနဲ့ပြီးထားသူဖြစ်ပါတယ်..။
ဟောပြောပွဲက.. entrepreneurship အကြောင်းပြောတာပါ..
ကျုပ်ပြောလိုရင်းက..
သူကလည်း.. အခုလာမယ့် ရန်ကုန်က.. အာအိုင်တီဆရာကန်တော့ပွဲတက်မှာဖြစ်တဲ့အကြောင်း..ပြောလို့ပါ..။
တက္ကသိုလ်တွေကို.. ဒေါ်လာသန်းချီလှူလေ့ရှိသူမို့.. မြန်မာအင်္ဂျင်နီယာလောကအတွက်. မျှော်လင့်ချက်ကလေးပါ.. ထားမိပါတယ်ဆိုတဲ့အကြောင်း….။ :harr:
Shwe Tike Soe
December 11, 2012 at 3:53 pm
ကိုဆွယ်တော်ရွက်ရေ…
အရမ်းကို ဝမ်းသာမိပါတယ်ဗျာ… အစ်ကိုလို လက်တွေ. သင်ကြားစေတနာထားမှုတွေကို လေးစားမိပါတယ်..
ကျွန်တော် လဲ အစ်ကိုလို ခံယူပြီး ကွန်ပျူတာ ဘာသာရပ်တွေကို သင်ကြားပေးနေပါတယ်…
တစ်ခါတလေ ကျောင်းသားတွေ ရဲ. သင်ယူခံယူမှုအပိုင်းကို ကြည့်ကြည့်ပြီး စိတ်ပျက်မိတာအမှန်ပါပဲဗျာ…
အစ်ကို ရည်ရွယ်ချက်လေး ကောင်းနေတာကြောင့် အစ်ကို. သင်တန်းလေး ရပ်တည်မှုခိုင်မာမယ်ဆိုတာ ကျွန်တော်က တော့ ယုံကြည်တယ်ဗျာ….
နောက်ထပ် နှစ်ပေါင်းများစွာ နည်းပညာ အသစ်အသစ်တွေ ဖြန်.ဝေ ရင်း ဆက်လက်ရှင်သန်နိုင်ပါစေ….
MaMa
December 11, 2012 at 4:33 pm
ပျောက်ချက်သားကောင်းနေလို့တောင် ပြောမိသေးတယ်။
လုပ်ငန်းတစ်ခု အခြေတည်အောင် တောင့်ခံနိုင်ဖို့တော့ အများကြီးလိုပါတယ်။
ရေရှည်မှာတော့ စေတနာက ရောင်ပြန်ဟပ်ပါလိမ့်မယ်။
အောင်မြင်ပါစေ :hee:
koaung
December 11, 2012 at 5:11 pm
: လူငယ်တယောက်အနေနဲ ့ တတ်ထားတဲ ့ပညာကိုု ဖြန် ့ဝေနိုုင်တာကိုုက လေးစားလောက်ပါရဲ ့ဗျာ
ဆက်လက်အောင်မြင်ပါစေဗျား ဝမ်းမြောက်လျက်
ဇမ္ဗူ့လောကပါလကြောင်ဝတုတ်
December 11, 2012 at 5:19 pm
အစ်ကိုကြီးစွယ်တော်ရွက်ရေ…
အစ်ကို ဒီသင်တန်းလေးကို သံယောဇဉ်ရှိမှန်းလဲသိပါတယ်…
အခက်အခဲတွေအများကြီးနဲ့ ကြိုးစားအရှိန်ယူနေရမှန်းလဲ နားလည်ပါတယ်…
အစ်ကိုတတ်ထားတဲ့ ပညာတွေကိုဒီထက်ပိုပြီး မျှဝေနိုင်တဲ့အခွင့်အရေးများရပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်ဗျာ…
ခင်မင်လျက်-
ကြောင်ဝတုတ်
ကိုပေါက်(မန္တလေး)
December 11, 2012 at 5:39 pm
လီတစ်သန်းအတွက်စလိုက်တဲ့ခြေလှမ်းတစ်လှမ်း
ယိမ်းယိုင်မသွားအောင် မနည်းကြီးကို ထိန်းထားရတယ်ဆိုတာကို သဘောပေါက်ပါ၏
မောင်ပေ
December 11, 2012 at 6:48 pm
၅လပြည့်မှသည် နောင်နှစ်ပေါင်း၅ဝမက အဓွန် ့ရှည်စေသော်
မင်းနန္ဓာ
December 11, 2012 at 7:11 pm
..
အဲဒီစကားလေးတွေ တကယ်မှန်တယ်ဗျာ..
ကျွန်တော်အပါအဝင် ကျွန်တော့်ပတ်ဝန်းကျင်မှာကို အစိုးရအလုပ်ကထွက်ပြီး ပြင်ပ စီးပွားရေးလောကထဲကို ခြေလှမ်းချရမှာ ယုံကြည်ချက် မရှိတဲ့သူတွေ အများကြီး..
စွယ်တော်ရွက်သင်တန်းလေး ငါးလမှ ငါးနှစ် နှစ်ပေါင်းငါးဆယ်မက ရှေ့ဆက်လှမ်းနိုင်ပါစေ
thit min
December 11, 2012 at 9:42 pm
ကိုစွယ်တော်ရွက်ရေ
ကျနော် အလုပ်ရှုပ်တဲ့ရက်တွေများတဲ့ဒီနှစ်ထဲမှာ ဂေဇက်ကိုကောင်းကောင်းမရောက်နိုင်ခဲ့ပေမဲ့
ကိုစွယ်တော်ရွက်ရဲ့သတင်းကိုဖတ်ရပြီး တကယ် စ နေပြီလို့ဆိုပြီးဝမ်းသာရပါတယ်။
ခုနောက်ပိုင်းလဲ ဝင်လိုက်မဝင်လိုက်နဲ့ ရသလောက်ကြိုးစားပြီးဝင်ရတာပါ။
အခုညမှ ဝင်ဖြစ်လို့ ဒီပို့စ်လေးကိုတွေ့လိုက်ရတာနဲ့ ကျနော် အချိန်လုပြီး ကွန်မန့်ရေးလိုက်ပါတယ်ခင်ဗျ။
~~~~~~~~~~~
ပထမအချက်အနေနဲ့………..
၁။ကိုယ့်ကိုကိုယ်ယုံကြည်မှု၊စာရိတ္တစိတ်ချရမှူအပိုင်းတွေ အားနည်းနေသေးတာလေးတွေကို ပြင်ပေးရင်း
သင်ပေးစရာကို တတ်အောင် သင်ပေးခြင်း။
၂။သင်ပေးစရာရှိတာသက်သက်ကိုဘဲ တတ်အောင် သင်ပေးခြင်း။
၃။သင်ပေးစရာသက်သက်ကိုဘဲ (တတ်တတ်မတတ်တတ်)သင်ပေးခြင်း။
ဆိုတဲ့ ဆရာတပည့်သင်ကြားရေး ပုံစံ ၃ မျိုးထဲက ပုံစံ ၁ အရအကောင်းဆုံး သင်ကြားပေးနေတဲ့
အာစရိယ ကိုစွယ်တော်ရွက်ရဲ့ လုပ်ဆောင်ချက်အတွက် ဂုဏ်ယူပါတယ်ဗျာ။
ဒုတိယအချက်အနေနဲ့………
ကိုစွယ်တော်ရွက်ရဲ့စာထဲမှာမရေးထားဘဲ ဖတ်ရတဲ့ ဆရာစိတ်ကလေးကိုလေးစားစွာမြင်ရပါတယ်။
ဘယ်လိုမျိုးလဲ ဆိုတော့..
ကျနော် အရင်ကလဲပြောဘူးမယ်ထင်ပါတယ်။
ကျနော်တို့တပည့်ဘဝ စာသင်ကြားခဲ့ရစဉ်က ကိုယ်နဲ့အတန်းတူသူငယ်ချင်းတွေ စာပြိုင်ဘက်တွေ
အပေါ် မနာလိုစိတ်တွေဖြစ်ဘူးကြမှာပါ။
ဒီလိုဘဲ လောကလူ့ဘဝမှာ ကိုယ့်ထက်သာရင်မနာလို စိတ် တွေ ဝင်တတ်ကြတာလဲ ထုံးစံပါဘဲ။
သာမန်ပုထုဇဉ်လူသားတွေမဟုတ်လားဗျာ။
ဒါပေမဲ့ ဆရာက တပည့်ကို မြင်တဲ့အမြင်ကြတော့ ကိုယ့်ထက်တော်စေချင်တဲ့စိတ်တွေဖြစ်လာတတ်တယ်။
ကိုယ်သင်လိုက်တာအကုန်လုံး တတ်သိပြီး သူကပိုတတ်သွားရင်လဲ မနာလိုတဲ့အပြင်အရမ်းဝမ်းသာရတာ
မိဘပြီးရင် သွေးမတော်သားမစပ်တဲ့ ဆရာ ဆိုတဲ့ လူ မျိုးဘဲ ရှိမှာလို့ တွေးမိတယ်။
အဲဒီလိုမျိုး ဆရာစိတ်ကို ရလိုက်တာ လောကဓမ္မ(လောကအမှန်တရား) နဲ့ နီးစပ်သွားတာမလို့စီးပွါးရေးအရ
မအောင်မြင်သေးပေမဲ့ ဆရာဦးရွှေအောင်စကားအရပြောရရင် အတ္တကို ပါးသထက်ပါးအောင်လုပ်နိုင်လို့
လောကီလောကုတ် ချမ်းသာကိုရမှာပါလို့ ဆိုပါရစေ။
တတိယ အချက်အနေနဲ့က……
ကိုစွယ်တော်ရွက် ရေ
၁။ ခေတ်အလိုက်လက်တွေ့လုပ်စားနိုင်တဲ့ အတတ်ပညာတခုခု အထူးပြုသင်ကြားတာမျိုး
စဉ်းစားကြည့်ပါလား။
ချက်ခြင်းဝင်ငွေရနိုင်မဲ့ ပညာမျိုးကိုဆိုလိုတာပါ။
(ခုသင်နေတာတွေကလဲ အဲဒီလိုမျိုးတွေပါဆိုရင်တော့ အိုကေပါတယ်နော်)
အရင် ၂ရ လမ်းထဲမှာကျနော့သူငယ်ချင်းတယောက် မော်တာကွိုင်ပါတ်တဲ့အလုပ်လုပ်ပါတယ်။
ရေမော်တာပြင်ပါတယ်။
ခုခေတ်ဆို ကားဝိုင်ယာရင်း၊ အော်ဒီယိုတွေ နဲ့ အလုပ်ဖြစ်တာတွေလဲကြားနေရပါတယ်။
စောစောပိုင်းက သူငယ်ချင်းတယောက်ကတောင် ကားဒိုင်ခွက်အယ်ရာတွေပြင်တဲ့ အလုပ်
အတွက် ဒီကပစ္စည်းမှာ လို့ စကားပြောဖြစ်တာတွေရှိပါတယ်။
၂။ မြန်မာပြည်ဆိုတာ အဟောင်းပြင်သုံးတာများတဲ့ နိုင်ငံဆိုတော့ တီထွင်ပြီးတခုခုအသစ် မလုပ်
နိုင်ရင်တောင် အဟောင်းကိုအကောင်းဆုံးပြင်တာမျိုး(ဒီဇိုင်းအသစ်)အနေနဲ့ လုပ်နိုင်ရင်လဲ ကောင်းပါတယ်။
၃။နောက်ဆုံးတခုကတော့ ဈေးကွက်ဆာဗေး ရှိရင်ကောင်းပါတယ်။
ဘယ်လိုပစ္စည်းမျိုးက ဘယ်လောက်ဈေး၊ဘယ်နယ်ဘက်အဝယ်များတယ်၊ဘယ်လိုဝင်ငွေအဆင့်
လောက်ဆိုသုံးနိုင်တယ်ပေါ့ဗျာ။ အဲဒါ က ကိုယ်လုပ်တဲ့အလုပ်တိုင်းမှာလူတိုင်းသိထား၊ရှိထားသင့်တာဗျ။
သိပ်ကြီးကြီးကျယ်ကျယ်ကြီးမဟုတ်ပါဘူး။
ဥပမာ ဆန်ကုန်သည်က ဘယ်နယ်ကဆန်ကောင်းတယ်၊ဘယ်ဈေးနဲ့ရောင်းလို့ဘယ်လောက်မြတ်တယ်
ဆိုတာမျိုးပါဘဲ။
ဒါပေမဲ့ ကုန်သည်ရိုးရိုးထက် ကိုစွယ်တော်ရွက်ကသာတာက ပစ္စည်းတွေရဲ့မူလအကြောင်းအရာ၊ဇစ်မြစ်၊
တွေကိုပါသိထားသူ ပညာရှင်မဟုတ်လား။
~~~~~~~~~~~~~~~~~~~~~~
ကျနော် သိသလောက်ပြောပြတာပါ။အကြံပေးတယ်ဆိုတာထက် ဆွေးနွေးကြည့်တာမျိုးလို့ယူဆပေးပါဗျာ။
ရန်ကုန်ရောက်ရင်ဆက်သွယ်နိုင်ဖို့ကြိုးစားပါ့မယ်။
လောလောဆယ်တော့ အိုဗာစီးမှာဘဲ ကူးလိုက်သန်းလိုက်အလုပ်လုပ်လိုက်နဲ့ ရှုပ်နေသေးလို့ မြန်မာပြည်ကိုပြန်
လာမဲ့ ရက်တော့မသိသေးပါဘူး။
~~~~~~~~~~~~~~~~~~~~~~~
စိန်ခေါ်မှုတွေကိုကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ။
သင်တန်းနေရာ= ဆင် ရေတွင်း နဲ့ သင်တန်းအမည် =စွယ် တော်ရွက် ကရှေ့က
ဆင် စွယ် ကိုခဏထားကြည့်ရင် ရေတွင်းနဲ့ တော်ရွက် ကက်ကင်းမိနေတာလေးက လှသဗျား။
အောင်မြင်မှာပါ ဆရာစွယ်တော်ရွက်ရေ။
————————————————
ခင်မင်စွာဖြင့်
သစ်မင်း
Mobile
December 12, 2012 at 12:36 am
အင်မတန် ကောင်းမွန်တဲ့ လုပ်ငန်းစဉ်တွေပါဗျာ။
အားပေးပါ၏ ။ အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါကြောင်း . . . . .
kyeemite
December 12, 2012 at 1:01 pm
လှေကားဥပမာလေးပေးသွားတာ
သဘောကျတယ်ဗျာ…အမှန်ပဲကိုစွယ်တော်ရေ…
ဒီနေ့ ဒီအချိန်မှာ ကိုစွယ်တော်လို လက်တွေ့
သင်တန်းတွေ များများလိုတယ်ဗျို့….
အစမှာခက်ခဲမှု့တွေရှိပေမဲ့ အခုတောင်(၅)လ ကျော်ဖြတ်ခဲ့ပီပဲဗျာ..
ကျိန်းသေ အောင်မြင်မှာပါ…
ကြော်ငြာလေးတော့ အားစိုက်ပါဗျို့…
မသိသူတွေ လိုနေရက်နဲ့ ကျော်သွားမှာစိုးလို့ပါ…
ခင်မင်လျှက်…
ကြီးမိုက်။
ဦးကြောင်ကြီး
December 14, 2012 at 10:29 am
ငါးနှစ်ပြည့်
ဝါးမျှစ်ပွေ့
ကျားသစ်တွေ့
အားဖြစ်စေ့..။
padonmar
December 26, 2012 at 1:17 am
စွယ်တော်ရွက်ရဲ့ တပည့်တွေကတော့ အလွန်သဘောကောင်းတဲ့ ဆရာ၊မတတ်တတ်အောင်သင်ပေးတဲ့ ဆရာလို့ ချီးကျူးနေကြပါတယ်။
လုပ်ငန်းခွင်ထဲရောက်ပြီးသားသူတွေအတွက် တကယ်တတ်ဖို့က အဓိကပေမယ့်
အလုပ်မရသေးသူတွေအတွက်ကတော့ အများအသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်လေးရရင် ထမင်းစားလက်မှတ်ဖြစ်လို့ အဲဒီကိစ္စလေးလည်း အခွင့်ရရင် ကြိုးစားပါအုံး။
Mg Paing
January 22, 2013 at 4:29 pm
ဖေဖေ ရေ….သားက အခုမှ ဂေဇက်ထဲစရောက်တာဆိုတော့ ဖေဖေရဲ့ပိုစ့်တွေလိုက်ရှာရင်း ခေါင်းတောင်မူးသွားတာပဲ….. 🙂 ။အဖေ နဲ့ သား ဆွေးနွေးမှုမျိုးမဟုတ်ပဲနဲ့ စာရေးသူ နဲ့ စာဖတ်သူ ဆွေးနွေးတဲ့ပုံစံမျိုး သားပြောကြည့်ပါရစေ။အင်းစိန်သင်တန်းက ဆောင်ပုဒ်လေး – “ကျောင်းသား တကယ်မတတ်ရင် ဆရာ့မှာ အပြစ်ရှိတယ်”။အခု သားတို့ရတနာပုံဆိုက်ဘာစီးတီး ဒုတိယနှစ် EMI-2022- Electrical Machines ဘာသာရပ် ပထမနှစ်ဝက် သင်ရိုးနဲ့ ဒုတိယနှစ်ဝက်သင်ရိုးမှားနေတယ်။ဆရာမ ဘယ်လိုလုပ်ရမှာလဲ။အထက်စီစဉ်ပေးထားတဲ့အတိုင်း ဒီစာအုပ်သင်ရိုးအတိုင်းဆက်သင်ရမှာလား။ဒါမှမဟုတ် ကျောင်းသားတွေ တကယ်တတ်အောင် ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် သင်ရိုးပြောင်းသင်ရမှာလား။ဆရာမ မှာ ဘာလုပ်ပိုင်ခွင့်မှ မရှိဘူးလို့ သား ထင်တယ်။ဖေဖေလည်း ဒီဘာသာရပ်ရဲ့သင်ရိုးပုံနှိပ်စာအုပ်ကို မြင်ဖူးပါတယ်။အဆက်အစပ်မရှိတာတွေ အများကြီးလို့တောင် သားကို ပြောဖူးတယ်။ဒီအတွက် လက်ရှိအနေအထားအရဆိုရင်တော့ “ကျောင်းသားတကယ်မတတ်ရင် ပညာရေးစနစ်မှာလည်း အပြစ်လုံးဝရှိပါတယ်” လို့ သားအမြင်ကို ပြောပြပါရစေ…….