ကျနော်သိတဲ့ မန္တလေး (၃) နှင့် မဟာ့ မဟာ ဆိုင်ကြီးများ
ဆရာနီကိုရဲ ဆုံးတဲ့ နေ့က ဒီစာလေး ရေးခဲ့ပါတယ်…။
ဒီနေ့မနက်စာရေးဆရာ နီကိုရဲ ဆုံးသွားကြောင်း e-mail ထဲကသတင်းရတော့ စိတ်မကောင်းဖြစ်မိတယ်။ မျှဝေချင်တဲ့စိတ်ကြောင့် အနီးအနားမှာ ရှိတဲ့ ကိုယ့် customers တွေကိုပြောမိတယ်၊ သိတော့ သိတယ် သိပ်မသိဘူးတဲ့။ ဘာမှခံစားချက်မရှိဘူး။
ကိုယ့်ဝန်ထမ်းကလေး တွေကိုပြောမိတော့လည်း ဒီအတိုင်းဘဲ။ ဩ ပိုပိုပြီးတော့ စိတ်မကောင်း ဖြစ်မိရပါလား။ ဘယ်လို လူတွေနဲ့များ တွေ့နေရပါ့လည်းနော်။
ဒီနေ့တော့ဗျာ ကျနော်တို့ ရွှေမန်းတလေးက မဟာဆန်သော၊ အပြောအဆို ယဉ်ကျေးသိမ့်မွေ့သော၊ customers များအားယဉ်ကျေးဖော်ရွေစွာ ဆက်ဆံတတ်သော ဆိုင်ရှင်မမ၊ အရောင်းဈေးသည်မမ တို့အကြောင်းဖောက်သည်ချ ပါရစေဗျာ။
ထမင်းစားမကောင်းလို့ ထမင်းဆိုင်သွားပြီး ဟင်းဝယ်မိပါတယ်။ ဟိုဟင်းလေးကောင်းနိုးနိုး၊ ဒီဟင်းလေး ကောင်းနိုးနိုးနဲ့ ဟိုရွေးဒီရွေးဆိုတော့ ဆိုင်ရှင်မမ ကလည်းသနားသွားတယ် ထင်ပါတယ်။ အကြံကောင်း လေးပေးရှာပါတယ်။
ဟင်းရည်လေးလည်းကောင်းတယ်တဲ့။ ဝက်နံရိုးနဲ့ ကြံမဆိုင်ဟင်းရည်တဲ့။ ကျနော်လည်း အကြိုက်ဘဲပေါ့၊ အဲဒါဆိုထည့်ဗျာပေါ့။ ဟဲ..ဟဲ အဲဒီတော့ မမက ဟင်းရည်ကလည်း ရောင်းတာဘဲနော် တဲ့၊ ကျနော်လည်း နဲနဲတော့ ကြောင်သွားတယ်။ ကျနော့် ကိုယ် ကျနော် အလကားများ လာတောင်းနေမိ လားလို့ ပြန်စဉ်းစားရသေးတယ်။ ဟဲ..ဟဲ နောက်မှ ငါလည်း လာဝယ်တာပါဘဲလို့ စိတ်ထဲက… စိတ်ထဲက ပြောမိတာ..။
ဟိုနေ့ကတော့ဗျာ နေလည်းမကောင်းနေတာနဲ့ ဆံပင်မညှပ်ဖြစ်တာလည်း ကြာသွားတော့ ဆံပင်လည်း ညှပ်ချင်တော့၊ ဆိုင်သွားပြီး ဆံပင်ညှပ်မယ် ခေါင်းလျှော်မယ်ပေါ့။ အဲဒါဗျာ ခေါင်းလျှော်နေတာ နဲနဲလေးကြာလာတော့ ကျနော်လည်း မခံချင်တော့ဘူး၊ နေမကောင်းတာ ထပ်ဖြစ်မှာ စိုးလို့ပါ၊ အဲဒါနဲ့ အမရေ ခေါင်းလေးမြန်မြန် လျှော်ပေးပါ။ ကျနော်က အခုမှ နေကောင်းခါစ မလို့ပါလို့ ပြောလိုက်မိတယ်ဗျာ။
အဲဒီတော့ မမက ခဏလေးလျှော်လည်း ဒီဈေးဘဲပေးရမှာနော် တဲ့။ ကျနော်လည်း ရပါတယ် အမရယ် ပိုပေးဆိုလည်းပေးပါမယ်၊ ခေါင်းလျှော်တာလေးသာ ရပ်ပေးပါတော့လို့ ဟဲ..ဟဲ။
တခါကလည်း စတိုးဆိုင်ကြီး တဆိုင်ဝင်သွားပြီးတော့ ဟိုကြည့်ဒီကြည့်လျှောက်ကြည့်ရင်း အကျႌ တထည့် သေချာကြည့်ချင်တာနဲ့ ညီမလေးရေ ဟိုအကျႌလေး ကြည့်ချင်လို့ လို့ပြောတော့ `အဲဒါ ……….ိ/.နော်တဲ့ ။ ဩ…..အကျႌလေးဝယ်ပြီး ဒင်းတို့ရှေ့ ခြေထောက်ဘဲ သုတ်ပြရမလား၊ ဓါးနဲ့ ဘဲနှတ်နှတ်စင်း ပြစ်ရ ကောင်းမလားလို့…အင်း….စိတ်ထဲက စဉ်းစားတာပါ၊ လက်တွေ့ကတော့ ဟုတ်ပါတယ်လေ။ ငါနဲ့လည်း ဒီအကျႌနဲ့ မတန်ပါဘူးလို့။ အေး အေး မပြပါနဲ့တော့ကွယ် လို့ပြောပြီး ကုပ်ချောင်းကုပ်ချောင်းနဲ့ ပြန်လှည့် ထွက်ခဲ့ရပါကြောင်း၊
နောက်တခါကတော့ ကျနော်ကလည်း ကျနော်ပါဘဲ၊ အစားအသောက်နဲ့ပတ်သက်ရင် တော်တော် ဂျီးများပါတယ်။ ညီမလုပ်တဲ့သူက မန္တလေးမြို့ရဲ့ မဟာ့ မဟာ mini market ကြီးတခုက မဟာငါးပိရေကျို ကိုဝယ်လာပေးပါတယ်ဗျာ၊ ကျနော်ကလည်း အဲဒါကိုတော်တော်ကြိုက်သွားပါတယ်။
ထမင်းစားရင် အဲဒီငါးပိရေကျိုနဲ့မှ စားချင်ပါတယ်။ ဗူးလေးနဲ့ ကြိုပြီးသားဗျာ။ အတို့အမြူတ်ကလည်း အစုံပါပါတယ်။ ဒညင်းသီးဆားရည်စိမ်၊ ဖန်ခါးသီး၊ သရက်ကင်းတို့ ရှောက်ရွက်တို့ အစုံပါဘဲ။ ငရုပ်သီးမှုံကလည်း လှော်နံလေးကိုသင်းလို့။
တနေ့တော့ ညီမ မပါဘဲနဲ့ ကျနော် အဲဒီ mini market ရှေ့ရောက်သွားတယ်။ ငါးပိရေကြိုကို သတိရသွားတယ်။ အဲဒါနဲ့ ကြုံတုံးဝင်ဝယ်သွားအုန်းမယ်လေဆိုပြီး ဝင်ဝယ်ပါတယ်။ ငါးပိရေကျို ၂ ဗူး၊ ကျန်တာတွေကလည်း စားစရာတွေကြီးပါဘဲ။
အဲဒါနဲ့ ပိုက်ဆံရှင်းပြီးယူသွားမယ်လုပ်တော့၊ မမတွေက ထည့်စရာမပေးဘူးဗျ။ ကျနော်ကလည်း လက်ကကိုင်ရမှာ နဲနဲများနေတော့ သူတို့နောက်မှာရှိတဲ့ mini-market နံမည်နဲ့ အိပ်ကလေးတွေကို လှမ်းကြည့်ပြီးတော့ တောင်းလိုက်မိတယ်ဗျာ။ သူများတွေလည်း ထည့်သွားတာတွေ့တာကိုးဗျ။
အဲဒါ တသောင်းဘိုးအထက်ဝယ်မှ အဲဒီအိတ်နဲ့ ထည့်ပေးပါတယ်တဲ့၊ ကျနော်လည်း နဲနဲ ရှက်သွားပြီး အိတ်ဘိုးပိုက်ဆံပေးမယ်ကွာလို့ ပြောလိုက်တော့လည်း မရောင်းပါဘူးရှင်တဲ့။
ဒါနဲ့ ကျနော်လည်း တသောင်းဘိုးပြည့်အောင်ဘဲ အထဲပြန်ဝင်ပြီး ဝယ်ရမလား၊ အစကထဲက တသောင်းဘိုး ပြည့်အောင် မဝယ်မိတဲ့ ကိုယ့်ကိုယ့်ကိုဘဲ အသုံးမကြအုံးဟဲ့ ဆိုပြီး ရိုက်ပြစ်ရ ကောင်းမလား စဉ်းစားရင်း စဉ်းစားရင်းနဲ့ ဆိုင်ပြင်ပြန်ရောက်လာကြောင်းပါခင်ဗျား။
အဲ..အဲ post လေးက မပြီးသေးဘူးနော်၊ ကျနော့် ရဲ့ အဲဒီအဖြစ်အပျက်လေးတွေ ရေးထားတာကို ညီမလုပ်တဲ့ သူကဖတ်ပြီးတော့ အဲတာ ဘယ်သူ့ အပြစ်မှမဟုတ်ဘူး ခင်ဗျားအပြစ်တဲ့.. အမလေးဗျာ၊ ဘာလို့ ကျနော့်အပြစ်လည်းလို့၊ ကျနော် ဘယ်နေရာမှာ ဘာအမှားတွေများ ကျူးလွန်မိလို့ ပါလည်းပေါ့။
နေရာတကာ စုတ်တီးစုတ်ဖတ်နဲ့ အတီးအတလုပ်နေလို့တဲ့ဗျာ..၊ ဩ..ဩ ဂလိုလား။
ဒါပေ့မဲ့ ကျနော် ကလည်း သေချာ ပြန်စဉ်းစားလိုက်တော့ ဒါကျနော့် အပြစ်မဟုတ်ဘူး၊ ကမ္ဘာကြီးပူနွေး လာတဲ့အပြစ်၊ ကမ္ဘာကြီးအပြစ်လို့၊ ပူလွန်းလို့ မနက်မနက်ရေချိုးပြီးရင် အနွမ်းဆုံးအင်ကျီလေး၊လုံချီလေး တွေရွေးရွေးဝတ်ပြီး အပူဒဏ်ကိုရင်ဆိုင်ခဲ့ရလို့၊
ဒါဘယ်သူမှာမှ အပြစ်မရှိ ကမ္ဘာကြီးအပြစ်ပါလို့ ပြောကြားရင်း ဒီ post လေးကိုရပ်နား လိုက်ပရစေတော့ဗျာ။
လေးစားစွာဖြင့်
စာရေးသူ – ရွှေစင်ဦး
.
6 comments
kai
September 13, 2010 at 5:26 am
ပို့စ်လေးဖတ်တာကြိုက်တာကြောင့်..ပွိုင့်၄၀ဝဖြည့်လိုက်ပါတယ်နော..
အယ်ဒီတာ့အကြိုက်ပို့စ်ပေါ့။
သိတယ်မဟုတ်လား…
တောင်းမှာအကွပ်တဲ့…။
ကြုံရင်တော့..ပုံမှန်ဝတ်လေ့ရှိတဲ့အဝတ်အစားလေးတွေဓါတ်ပုံရိုက်တင်ပါဦး..
နောင်လာနောက်သားများ..ရှောင်နိုင်တာပေါ့..။
Shwe Zin U
September 13, 2010 at 5:44 am
အင်း အယ်ဒီတာမင်း ရေ ပြောရရင်တော့ ပုံမှန် လည်း ထူးမခြားနား ဘဲ ကျနော် ကအဝတ်အစား ကို ဝါသနာ သိပ်မပါသလို အရောင် အဆင်းမဲ့ လေ ဝတ်ရတာ အဆင်ပြေလေ မလို့ပါ မန္တလေး ကသိပ်ပူတယ်လေ
ပွိုင့်တိုးပေးတာ ကျေးဇူးဘဲ
လေးစားစွာဖြင့်
ရွှေစင်ဦး
လင်းဝေကျော်
September 13, 2010 at 9:20 am
အင်း အဝတ်ဆိုတာထက် မြန်မာပြည်က ဈေးရောင်းသမားများက
သူတို့ကိုယ်တိုင် ချမ်းသာနေတာမဟုတ်သေးပဲ အချင်းချင်း နှိမ့်ချကြည့်ချင်တဲ့ စိတ်တွေကြောင့်ပါ။
ရှင်းပြတာမျိုးဆိုလည်း ယဉ်ကျေးစွာ နားခံသာအောင် ရှင်းပြတတ်တဲ့ ယဉ်ကျေးမှုအဆင့်တစ်ခု လိုနေသေးလို့ပါ။
kopauk mandalay
September 13, 2010 at 4:16 pm
ပထမအချက်က ရှေးလူကြီးတွေပြောတဲ့တောင်းမှာအကွပ်လူမှအဝတ်ဆိုတာမလိုက်နာလို့ဖြစ်ရတာ။
ဒုတိယတစ်ချက်ကဈေးသည်တွေဘက်က ကြည့်ရင် တစ်ချိုံသောလူလည်လူနပ်တွေက အကြံအဖန်လုပ်တာကို ခံကြရဘူးလို့ပါ။
(ကျနော်မိတ်ဆွေ ကင်မရမင်းလေးပေါ့ 2010သင်္ကြန်မှာ လုပ်ငန်းရှင်တစ်ယောက်က သူတို့ သင်္ကြန်မဏ္ဍပ်မှာ ကြဲတာ ကဲတာကို မှတ်တမ်းတင်ဘို့ သုံးရက်အပြီး
ကျပ်တစ်သိန်းခွဲနဲ့ငှားပါသတဲ့ သူတို့အတွက် ကင်မရာတစ်လုံးသီးသန့်မှတ်တမ်းတင်ဘို့ထားပေးရမယ်လို့ ဆိုပါသတဲ့။
ဒါပေမဲ့ နောက်ဆုံးရက်မှာ အဲဒီသူဌေးမင်းက X2O ကိုကြောက်လို့မလာပါဘူး။
ပိုက်ဆံရှင်းတော့ သူတို့မလာလို့ဆိုပြီးတစ်ရက်စာ လျှော့ရှင်းပါသတဲ့)
ဒါကြောင့်လဲ ဈေးသည်များကလဲ ကြိုတင်လို့ပြောတာနေမှာပါ ကိုရွှေစင်ဦးရေ။
အရင်က တစ်ယောက်နဲ့တစ်ယောက်ငွေနဲ့ချည်းမတိုင်းတာကြပါဘူး။
အခုတော့ တစ်ကျပ်ပေးတစ်ကျပ်ယူခေတ်ကိုရောက်သွားပါပြီ။
တိုးတက်ခြင်းရဲ့သင်္ကေတ တစ်ခုပေါ့။
အလုပ်ကလွဲရင်လူမူ့ရေးငဲ့ကွက်စရာမရှိဘူးဆိုတဲ့သဘောပေါ့နော်။
Gong Zhu
September 14, 2010 at 10:50 pm
အရောင်းဝန်ထမ်းတော်တော်များများက အဲ့လိုတွေချည်းပဲထင်ပါတယ် . . .
လှလှပပနဲ့ကော့ကျော့နေရင်တစ်မျိုး ၊ အိမ်နေရင်းပုံစံလေးနဲ့ဆိုတစ်မျိုး မတူကြဘူး . . . အဲဒါဘာလဲမသိဘူးနော် . . .
pan pan
September 30, 2010 at 7:59 am
အကျႌလေးထုတ်ပြခိုင်းတာနဲ့ အဲလိုကြီးပြောတာတော့ မကောင်းဘူးနော်။ ကိုယ်တိုင်လည်း ကြုံဖူးခဲ့တယ်။