ဆင်းရဲခြင်းနဲ့ချမ်းသာခြင်း .. ဘာကွာခြားသလဲ

fattyApril 23, 20111min15113

တချို့ဆင်းရဲတယ် တချို့ချမ်းသာကြတယ် ..။
ပစ္စည်းဥစ္စာဓန ကိုပြောတာပါ ..။
စိတ်ဆင်းရဲခြင်း စိတ်ချမ်းသာခြင်းကို မဆိုလိုပါ ..။
အဲ .. ဘာကွာခြားလဲဆိုတော့ …………..
ကျနော့အထင်ပြောရရင် .. ကွာခြားတာက အဆင်ပြေမှုမပြေမှုလို့ဘဲထင်တယ် …။
ငွေကြေးချမ်းသာသူတွေက .. ပူနေရင်အေးအောင်လုပ်နိုင်တယ် …။
ဒါမှမဟုတ်အေးတဲ့နေရာ သွားပြီးနေနိုင်တယ် …။
ဆာရင် ဝအောင်စားနိုင်တယ် ….။
ကလေးအတွေးတွေများဖြစ်နေမလားမသိဘူး ….။ ကျယ်ကျယ်ပြန့်ပြန့် တွေးမိရင်ရေးပေးကြပါ …။

13 comments

  • ဆူး

    April 23, 2011 at 4:39 pm

    ငွေကြေး ဥစ္စာ ဆင်းရဲ သူကော ချမ်းသာ သူကော..
    ဘယ်လို လူဘဲ ဖြစ်ဖြစ် အသိမပါရင်တော့.. ဘယ်တော့ မှ စိတ်ချမ်းသာမှာ မဟုတ်ဘူး။

  • ဆူး

    April 23, 2011 at 4:47 pm

    ပရတောဃောသ(သူတောင်ကောင်းတရားနာခြင်း)
    ယောနိသောမနသိကာရ(နှလုံးသွင်းမှန်ခြင်း)

    စတာတွေကို အသိလို့ သုံးနှုန်းသွားတာဖြစ်ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 23, 2011 at 4:59 pm

    ဒီအကြောင်းတွက်ကတော့
    လောကီလောကုတ္တရာနှစ်ကြောင်းနဲ ့ပြောရရင်တော့
    ဆုံးနိုင်မည်မထင်
    သာမန်ဘဲတွေးရရင်တော့
    ပိုက်ဆံရှိတာကောင်းတာပေါ့
    အကုသိုလ်နဲနဲပေါ့တယ်
    ဆိုလိုတာက
    ကိုယ့်မှာရေလာတော့
    ခိုးဖို ့ဝှက်ဘို ့သူတစ်ပါးပစ္စည်းကြံစည်ဘို ့
    ဖြစ်မလာတော့ဘူးပေါ့နော
    ဒါပေမယ့် ရေလာလို ့
    ရေအားကိုးနဲ ့လိုက်ပြစ်မှားတာတွေကလည်းတစ်မျိုးသွားဦးမယ်
    ချမ်းသာပြီး မကျမ္မာရင်လည်းတစ်မျိုး
    ဘယ်လောက်ရှိရှိလိုချင်နေသေးရင်ဆင်းရဲတာကလည်းတစ်မျိုး
    ရှိလို ့ခိုးသူတွေကိုကြောက်ရတာကလည်းတစ်မျိုး
    ရှိပေမယ့် ဝယ်စားလို ့မရတဲ့အရပ်မှာနေရပြန်ရင်လည်းတစ်မျိုး
    အောလပုံပေါ့ ဘကြီးရာ

    • ဆူး

      April 24, 2011 at 2:02 pm

      ရေလာအောင် အကုသိုလ်နည်း တဲ့ အလုပ် ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့။
      လောဘကြောင့် သူများ ဒုက္ခရောက်အောင် လုပ်ပြီး သူများ မျက်ရေနဲ့ ခြေဆေးနေတဲ့ လူချမ်းသာတွေတော့ ပါမယ် မထင်ဘူးနော်။

  • MaMa

    April 24, 2011 at 3:33 am

    ချမ်းသာခြင်းနဲ့ ဆင်းရဲ့ခြင်းမှာ စိတ်ချမ်းသာခြင်းနဲ့ ကိုယ်ချမ်းသာခြင်းဆိုပြီး နှစ်ပိုင်းခွဲရမယ် ထင်တယ်။ ကိုယ်ချမ်းသာရင် စိတ်ချမ်းသာခြင်းအချို့ကို ပြောင်းလဲရယူနိုင်တယ်။ စိတ်ချမ်းသာခြင်းကလည်း ကိုယ်ချမ်းသာခြင်းကို ပေးတာပဲ။ ဒါပေမယ့် ကိုယ်ချမ်းသာခြင်းက အလုံးစုံး စိတ်ချမ်းသာခြင်းကို မပေးစွမ်းနိုင်ဘူး။

  • phyo1980

    April 24, 2011 at 3:37 am

    အရမ်းအဖိုးတန်တဲ့ နာရီတစ်လုံးနဲ့ တန်ဘိုးနည်းတဲ့ နာရီတစ်လုံးဒါပေမဲ့ရလိုက်တဲ့အချိန်ကတော့တူတူပါဘဲ ၂သိန်းတန်နာရီ ၁၂နာရီထိုးရင် ၁သောင်းတန်နာရီအလည်း ၁၂ နာရီပါဘဲ…အဖိုးတန်လွန်းလို့၂၄နာရီထက်ပိုမရပါဘူး။
    ဆင်းရဲတာချမ်းသာတာအဓိကမကျပါဘူး။တန်ဘိုးရှိရှိနဲ့ ဖြတ်သန်းနိုင်ဘို့သာအဓိကကျပါတယ်။

  • nature

    April 24, 2011 at 10:26 am

    ဂျော်နီအောင်ပုရေးတာတော်တော်လေးပြည့်စုံပါတယ်။

  • kai

    April 24, 2011 at 10:42 am

    အောက်ကဆောင်းပါးကို အီးမေးလ်ကရထားတာ ပြန်တင်ပေးတာပါ..။
    ကြာလှပါပြီ..။
    Maslow’s hierarchy of needs ကိုမူရင်း အင်္ဂလိပ်လိုဖတ်ချင်ရင် (http://en.wikipedia.org/wiki/Maslow%27s_hierarchy_of_needs )မှာကြည့်ပါ..။

    ကျုပ်ပြောချင်တာက…
    …ဆင်းရဲချမ်းသာဆိုတာဟာ… လူသားတွေဘဝတွေမှာ တော်တော်အရေးပါတယ်လို့ပါပဲ..။
    ဆင်းရဲလာတဲ့အခါ.. လူသားဟာ..တော်တော့ကို ပေါက်တပ်ကရတွေလုပ်တတ်ပါတယ်..။ ဘာမှလည်း ကောင်းကောင်းမွန်မွန်… မတွေးခေါ်မစဉ်းစားနိုင်တော့ပါဘူး..။
    ကျုပ်က .ထပ်ပြီး….ပြောင်းပြန်ဖြည့်တွေးပေးချင်တယ်…။
    လူဟာ..အတွေးအခေါ်မှားရင်.. ဘဝတခုလုံးမှောက်ပါတယ်..။
    အဲဒီလိုအတွေးအခေါ်မှားသူတွေ ..စုနေတဲ့ပမာဏလိုက်ပြီး.. ရွာ၊မြို ့..ပြည်နယ်..နိုင်ငံ… ဘဝဘဝတွေ..စုံလုံးမှောက်ပါတယ်..။
    ========================================

    လူ့အလိုနတ်မလိုက်နိုင်သော်ငြားလည်း……
    Maslow’s Hierarchy of Needs

    -ကိုလတ်တူး-

    ကျွန်ုပ်တို့လူသားအားလုံး လူ့ဘဝသက်တမ်းတလျာက် မိမိအလိုကို မိမိကိုယ်တိုင်ဖြည့်ရင်း ဖြတ်သန်းကြီးပြင်းလာကြပါတယ်။ အလို၊ လိုအပ်မှု “(Need)” အရာကို စွမ်းဆောင်ကြ၊ ဖြည့်ဆည်းကြပါတယ်။ “အလို” ဟာ အသက်ရင့်ကျက်လာတာနဲ့ အမျှ၊ စားဝတ်နေရေးပြေလည်တာနဲ့အမျှ၊ ပညာရည်မြင့်မားလာတာနဲ့အမျှ ပြောင်းလဲလာခဲ့ပါတယ်။

    ဒီ”အလို” နဲ့ ပြောင်းလဲမှု အဆောက်အအုံကို Abraham Maslow ဆိုသူ ရုရှားနွယ်ဖွား တဦးက အထက်မှာ ပြထားတဲ့ အတိုင်း (Model) ပုံစံတခုဖော်ပေးခဲ့ပါတယ်။ ဒီ Model ကို The Hierarchy of Needs- Maslow’s Theory လို့ခေါ်တွင်ခဲ့ပါတယ်။ Maslow က လူသားတွေရဲ့ အလိုကို ဖြည့်ကြရာမှာ အဆင့်ဆင့်ပြောင်းလဲ သဏ္ဍန် ကို Triangle ( တြိရိဂံ) ပုံစံနဲ့ တင်စားခဲ့ပါတယ်။ Triangle ရဲ့ အောက်ခြေ ( Base) ကနေပြီး အထက်ကို ပြောင်းလဲမြင့်တက်လာတဲ့ လူသားများရဲ့ “အလို” ဖြည့်ဆည်းမှုဟာ Traangle ရဲ့ Peak ( ထိပ်ဆုံးဆင့်) မှာဆုံးခဲ့ပါတယ်။

    ၁။ Triangle ရဲ့ အောက်ခြေ မှာရှိတဲ့ လူသားများ “အလို” တွေကတော့ လူသားတွေရဲ့ သာမန် လိုအပ်ချက်တွေ ဖြစ်ကြ တဲ့ – လေ၊ရေ၊အစာ၊ အိပ်စက်ခြင်း၊ ကာမဂုဏ်မှီဝဲခြင်း တို့ အပါအဝင်ဖြစ်ပါတယ်။ ဒါတွေမှ မရှိဘူးဆိုရင် လူသားဟာ ဖျားနာခြင်း၊ ယားယံခြင်း၊ ကိုယ်လက်မသာမယာဖြစ်ခြင်း နှင့် အင်အားချိနဲ့ခြင်းတို့ ဖြစ်လာပါတယ်။ ဒါတွေပြည့်စုံလာမှသာ လူသားဟာ တဆင့်တိုးပြီး တခြား Triangle အထက်ပိုင်းက အရာများကို ကြံဆတွေးတောဆပြုလာပါတယ်။

    ၂။ Triangle ရဲ့ နောက်တဆင့်ကတော့ လုံခြုံမှုနဲ့ အကာအကွယ်ရှိမှုဖြစ်ပါတယ်။ ဒီအဆင့်မှာ လူသားဟာ မိမိတို့မိသားစု၊ မိမိတို့အိုးအိမ် ရဲ့ လုံခြုံမှု၊ ကာကွယ်မှု၊ အလုပ်အကိုင်၊ ကျန်းမာရေး၊ ပစ္စည်းပိုင်ဆိုင်လိုမှု စတာတွေကို လိုလားပါတယ်။ ဒီအဆင့်မှာ တရားဥပဒေ ( Law and Order) လိုလားမှုကို များစွာ ေ့ရှတန်းတင်ပါတယ်။

    ၃။ Triangle ရဲ့ နောက်တဆင့်ကတော့ မိတ်ဆွေပေါင်းသင်း၊ မိသားစု၊ ချစ်ခင်နှစ်သက်သူတွေနဲ့ အေးချမ်းစွာ ပျော်ရွင်စွာနေထိုင်လိုမှု လိုလားတဲ့အဆင့်ဖြစ်ပါတယ်။

    ၄။ Triangle ရဲ့ နောက်တဆင့်ကတော့ လူသားတွေဟာ လူ့ဘောင်လောက ကို ချစ်ခင်တပ်မက်မှု၊ အဖွဲ့အစည်း အသင်းတွေမှာ ဝင်ဆန့်လိုမှု၊ အပေါင်းအသင်းအခြံအရံ များရဲ့ ဝိုင်းရံမှု၊ အောင်မြင်လိုမှု၊ မိမိကိုယ်မိမိ ယုံကြည် လာမှု၊ သူများတွေရဲ့ လေးစားမှုခံယူလိုမှု ကို လိုလားတဲ့ အဆင့်ဖြစ်ပါတယ်။ ပရိသတ်ရဲ့ အားပေးမှုကိုလည်း အင်မတန် အာသီသရှိပါတယ်။

    ၅။ အမြင့်ဆုံးအရိုက်အရာရှိတဲ့ Triangle ရဲ့ ထိပ်ဆုံးကတော့ လူသားဟာ Triangle ရဲ့ အောက်ပိုင်းမှာ ရှိသမျှသော “အလို” များကို ဖြည့်ဆည်းခဲ့ပြီးလို့ “ လိုတရ” လို့ပြောရမလောက် အဆင့်ပါပဲ။ ဒီအဆင့်မှာ ကိုယ်ကျင့်တရားကောင်းလိုမှု၊ ခွဲခြားမှု ကင်းတဲ့ လူသားဆန်ဆန် တွေးခေါ် ကြည့်မြင်လိုမှုတွေ၊ အကြောင်းအကျိုးဆင်ခြင်ဆုံးဖြတ်လိုမှုတွေ ပေါ် အခြေခံထားပါတယ်။

    လူသားဟာ ဒီအဆင့်မှာ (၁)လေ၊ရေ၊အစာ၊ အိပ်စက်ခြင်း၊ ကာမဂုဏ်မှီဝဲခြင်း၊ (၂)လုံခြုံမှုနဲ့ အကာအကွယ်ရှိမှု၊ (၃)ချစ်ခင်နှစ်သက်သူတွေနဲ့ ပျော်ရွင်စွာနေထိုင်လိုမှု ၊ (၄)လူ့ဘောင်လောက ကို ချစ်ခင်တပ်မက်မှု၊ အဖွဲ့အစည်း အသင်းတွေမှာ ဝင်ဆန့်လိုမှု၊ အပေါင်းအသင်းအခြံအရံ များရဲ့ ဝိုင်းရံမှု စည်းစိမ်ဥစ္စာနဲ့ ဂုဏ်ဒြပ်များ ရရှိခဲ့ပြီးနောက် မိမိ ဒီလောကမှာ ဘာလုပ်ချင်သလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးရတဲ့ အဆင့်ကိုရောက်လာ ပါတယ်။

    ဒီအဆင့်မှာ လူသားဟာ စွန့်စားရဲတဲ့ အလုပ်မျိုး၊ ဘယ်သူမှ မရှိသေး၊ မလုပ်သေး မကိုင်ဘူးသေးတဲ့ အရာတွေကို ကိုယ်ပိုင်တီထွင်ထိုးဖောက်လုပ်ကိုင်လာပါတယ်။

    ဥပမာပေးရမယ်ဆိုရင်-

    (၁) အမေရိကန် ကုဋေကြွယ်သူဌေး Bill Gate (ဘေးလ်ဂိတ်) ဟာ ကမ္ဘာကို ပတ်ပြီး မတိုးတက် မဖွံ့ဖြိုးသေးတဲ့ နိုင်ငံများမှာ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သူကိုယ်တိုင် ငွေသန်းနဲ့ချီပြီး မတည် ကူညီနေတာမျိုး။

    (၂) အင်္ဂလန် ကုဋေကြွယ်သူဌေး Sir Richard Branson လိုလူမျိုးဟာ Atlantic Ocean ကို ရွက်လှေ နဲ့ ဖြတ်ပြီး ကမ္ဘာ့စံချိန်တင်တာမျိုးတွေဖြစ်ပါတယ်။

    ကျနော်တို့ မြန်မာနိုင်ငံမှာတော့ အောက်ဆုံးအလွှာရှိ လူတန်းစားအများစုဖြစ်သူတွေဟာ Triangle ရဲ့ အောက်ဆုံးအဆင့်မှာ ရှိတဲ့ ရေ၊မီး၊ အစာ အစရှိတဲ့ လိုအပ်မှုတွေကို ဟိုး ကျောက်ခေတ်က (Stage) အဆင့် တုန်းမှာ လို ကျင်လည်နေရဆဲပါ။ ဒီအဆင့်နဲ့ နောက်အထက်အဆင့် ဖြစ်တဲ့ “လုံခြုံမှုနဲ့ အကာအကွယ်” ရယူလိုမှု အဆင့်ကြားမှာပဲ ထူထပ်တဲ့ အုပ်နံရံက ကမ္ဘာခြားသလောက်ကွာဟခဲ့ရပါတယ်။ မြန်မာပြည်ကို အုပ်ချုပ်နေတဲ့ အာဏာရှင် စစ်အုပ်စုကတော့ ထိပ်ဆုံးမှာ မြို့တည်ထောင်ခြင်း၊ Penguin မွေးခြင်းနဲ့၊ သူတို့နဲ့ ရင်းနီးသူတွေ၊ စီပွားရေးကိုယ်ကျိုးတခုတည်းကြည့်နေကြတဲ့ အချောင်းသမားလက်တဆုတ်စာ ကတော့ အဆောက်အဦး၊ တံတားမကျန် ၊ နံရံတကာထုံးသုတ်ခြင်း၊ ဗေဒင် ယတယာ တို့ကို အလွန်အမင်း အားကိုး ယုံကြည်ခြင်းတို့ဖြင့် ပင်ကိုယ်အရည်အသွေးမရှိပဲ ကြပ်ပူထိုးခြင်းတွေ ပြုလုပ်နေကြပါတယ်။ သံသရာ ဝဋ် ဆင်းရဲ ၊မတည်မြဲခြင်း သဘော တွေကို ဥပက္ခာ ပြု ပြီး၊ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘောရှိကြသည် ကို သိလေလျက် နဲ့ ငြင်းဆန်နေလေရဲ့။

    မြန်မာပြည်သူပြည်သားအားလုံး ဆင်းရဲနေမှု မှ ဝေးကွာနိုင်ကြပါစေ။

  • Shwe Tike Soe

    April 25, 2011 at 3:08 am

    အင်းစာတွေဖတ်ရတာ အရမ်းကိုကောင်းတယ်ဗျာ .. ဆင်းရဲတာချမ်းသာတာထက် ဘဝ ကိုတန်ဖိုးရှိရှိဖြတ်သန်းနေဖို.အရေးကြီးတယ်.. အဲဒီစကားကို ကြိုက်တယ်.. အဲဒီလိုတန်ဖိုးရှိဖို. သီလ မြဲအောင်နေရင်ရတယ် လေ နော်…

  • nozomi

    April 25, 2011 at 3:31 am

    လူတွေ ပိုက်ဆံချမ်းသာချင်ကြတာ ကိုယ်ဖြစ်ချင်တာ လုပ်နိုင်ဘို့ စားနိုင်ဘို့ သွားနိုင်ဘို့ …………..အဓိက ကတော့ စိတ်ချမ်းသာဘို့ပေါ့ ပိုက်ဆံရှာတာ စိတ်ချမ်းသာဘို့အတွက်ကို ပိုက်ဆံကြောင့် စိတ်ဆင်းရဲနေရ ရင် တစ်ခုခုတော့ မှားနေပြီထင်တယ်

  • bigcat

    April 25, 2011 at 3:31 am

    Abraham Maslow ကို ရုရှားလူမျိုးဆိုတာ အခုမှသိတယ်။ ထားပါတော့လေ သူ့ဟာသူ ဘာဖြစ်ဖြစ်ပါ။ ရုရှားမှတွေကတော့ အားကြီးsexyပဲ။ သူတို့တင်မဟုတ်ဘူး ဥရောပအရှေ့ပိုင်းသူတွေအားလုံး ဂွတ်တယ်။ ပိုးလစ်ရှ်တွေလည်း ချောမှချော။ မျက်လုံးပြာ၊ ရွှေရောင်ဆံပင်နဲ့ သွယ်သွယ်လျလျလေးတွေ၊ ဂလု…….
    ပြောရင်းနဲ့ လမ်းချော်သွားတယ်။ ရုပ်၏ပြည်စုံခြင်းထက် စိတ်ချမ်းသာခြင်းက ပိုအရေးကြီးတယ်ဆိုတာ အသက်ကြီးမှ တဖြည်းဖြည်းလက်ခံလာတယ်။ ခက်တာက သီအိုရီသာသိပြီး လူကမလိုက်နိုင်တာ။
    မနေ့ညက ဖျားချင်သလိုဖြစ်ပြီး အိပ်မပျော်ဘူး။ ကမ္မဌာန်းအမျိုးမျိုး ပြောင်းမှတ်ပြန်တော့လည်း ခေါင်းကိုက်တဲ့ ဝေဒနာကိုမကျော်နိုင်ဘူး။ ဒါနဲ့ မနက်လေးနာရီထိုးသွားတယ်။ စိတ်ကဟိုရောက်ဒီရောက်နဲ့ ဘဒ္ဒန္တဂျော်နီအောင်ပု အရင်အပတ်ကမန်းတဲ့ ပစ္စုပ္ပန်ဝါဒီတွေရဲ့ နေသာသလိုနေ၊ အစွဲမထားနဲ့ဆိုတဲ့ အယူနဲ့ပတ်သတ်လို့ တသက်လုံး လုပ်ချင်တာလုပ်ပြီး သေခါနီးမှ မစွဲဘဲမသေနိုင်တာကို သူအိပ်ပျော်အောင်ကြိုးစားပေမဲ့ မရတဲ့အကြောင်းဆီ စိတ်ရောက်သွားတယ်။ တခါထဲဆက်ပြီး သူလားမသိဘူးရေးတဲ့ ပယောဂဆရာ စုန်းကဝေကုတာ သူ့အစီအရင်တွေမနိုင်တော့ နောက်ဆုံးလက်ပစ်ဗုံးထုတ်သုံးလိုက်မှ ကိစ္စပြီးသွားတယ်။ ဒါနဲ့ကျနော်လည်း အကြံရပြီး ချောင်ဆိုးပျောက်ဆိုးရည် နိုက်ကွေးလ် နှစ်ဇွန်းလောက် မျိုလိုက်မှ အိပ်လို့ရသွားတယ်။
    ဒီတော့ မနိုင်ဘဲနဲ့ ပညတ်ကိုလည်း မပယ်နဲ့ ပရမတ်ကိုလည်းမလွယ်နဲ့။ ကြားမှာ ကားယားခွနေပါ။

    • ဆူး

      April 25, 2011 at 7:07 am

      နေမကောင်းတဲ့ အခါ စိတ်ဆိုတာ သွားချင်ရာ သွားတဲ့ အတွက် စိတ်ကို ပစ္စုပန်တည့်တည့် ထားဖို့ ဆိုတာ.. လေ့ကျင့်ထားတဲ့ လူ မဟုတ်ရင် လုံးဝ မဖြစ်နိုင်ပါဘူး။
      အသက်ရှူတာကို.. ငါရှူတယ်.. နာလာတဲ့ အခါ.. ငါနာတယ်သာ မှတ်… မကြာဘူး မာလကီးယား ကြွရင် ငါနာတယ်.. ငါနာတယ်.. ဒေါသဇောလေး ပါလို့.. ငရဲလား ပြိတ္တာလား ဒေါသ အကြီး အသေး ကြိုက်ရာရွေးပြီးသား ကြွစေသတည်းပေါ့။

  • weiwei

    April 25, 2011 at 4:17 am

    ပစ္စည်းဥစ္စာ ဆင်းရဲခြင်း ချမ်းသာခြင်းအတိုင်းအတာဆိုတာက လောဘရှိသူအတွက် ဘယ်လောက်ပဲရှိရှိ ဘယ်လောက်ပဲရှာရှာ ချမ်းသာတယ်လို့ ခံစားရမှာမဟုတ်ပေမယ့် လောဘနဲပြီး တင်းတိမ်ရောင့်ရဲနိုင်သူအတွက် အနဲငယ်သောဥစ္စာဓနနဲ့လည်း စိတ်ချမ်းသာနိုင်လို့ လူချမ်းသာလို့ သတ်မှတ်နိုင်ပါတယ် …
    ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်းကို ပစ္စည်းဥစ္စာနဲ့တိုင်းလို့မရပဲ မိမိစိတ်ဖြင့်သာ သတ်မှတ်လို့ရနိုင်ပါတယ် …

Leave a Reply