သရဲလိုက်ခံရတဲ့ကြောင်လေး -၂

ကြောင်လေးNovember 10, 20111min14311

သရဲလိုက်ခံရတဲ့ကြောင်လေး -၂

 

ကျွန်တော်တို့နှစ်ယောက်လည်း ထွေရာလေးပါးပြောရင်းသောက်လိုက်တာ သုံးဂျားကုန်သွားပါတယ်။ ထွက်လာတုန်းက ထမင်းစားမယ်ဆိုတဲ့ခေါင်းစဉ်ဟာ ဦးတည်ချက်ပြောင်းသွားပြီးထမင်းလည်းမစားနိုင်ကြ တော့ပါဘူး။   တော်တော်လည်းထွေနေပါပြီ။

“အကို သီချင်းဆိုချင်တယ်ဗျာ ၊နေရာကောင်းကောင်းရှိတယ်မလား”

“ရှိတော့ရှိတယ်ကွ၊အခုနှစ်နာရီတောင်ထိုးတော့မယ် မင်းမပြန်သေးဘူးလား”

“ဟာ  အကိုကလည်းအခုအချိန်ပြန်လို့က နေပူလို့သေရောပေါ့၊နေအေးမှပြန်မယ်ဗျာ.. နည်းနည်းအနားသွားယူလိုက်ဦးမယ်”

“ပြီးရောကွာ၊ ခုနက မင်းမိန်းမ ဘာမှာတာလဲ အဲဒါအရင်သွားဝယ်ထားလိုက်”

“အော်ဟုတ်တယ်  ဝက်အူချောင်းမှာတာအကို ”

“ဘယ်လောက်ဝယ်မှာလဲ ”

“တပိဿာလောက်”

“ဟာ အများကြီးဘာလုပ်ဖို့လဲ”

“ပေးသင့်တာပေးဖို့အကိုရာ၊နောက်ပီးရေခဲသေတ္တာထဲထည့်ထားပြီး မနက်ထမင်းကြော်နဲ့စား၊ဟင်းမရှိတဲ့အခါအလွယ်တကူ ကြော်စားတာပေါ့”

ဒီလိုနဲ့ ဆိုင်ရောက်တော့ တပိဿာဝယ်၊ ဝက်အူချောင်းတွဲတွေကို သုံးထုပ်ခွဲပြီး သတင်းစာစက္ကူနဲ့ပတ်၊ ကျွတ်ကျွတ်အိတ်ထဲထည့်ပြီး ခုန ဝယ်လာတဲ့ မုန့်ထုပ်တွေ အောက်မှာထားလိုက်ပါတယ်။ မုန့်ထုပ်ပေါ်မှာတော့ပါလာတဲ့ သားရေအိတ်လေးကိုတင်လုက်တောခြင်းပေါ်ကိုအတော်ကျော်ထွက်နေပါတယ်။ ဆိုင်ကယ်ပစ္စည်းဆိုင်မှာ ခြင်းအုပ်တဲ့ပင့်ကူအိမ်သားရေကြိုးတစ်ခုဝယ်ပြီး အုပ်လိုက်ပါတယ်။  နောက်ပြီးကာရာအိုကေကိုသွားပြီးနှစ်နာရီလောက် အချိန်ဖြုန်းလိုက်ပါတယ်။  သီချင်းဆိုရင်းတစ်ရောက်ဘီယာတစ်လုံးထပ်မှာပြီး   သောက်လိုက်ပါသေးတယ်။  ငွေကုန်သံပြာ ဆိုင်ကထွက်တော့ လေးနာရီကျော်နေပါပြီ။

“ကဲဟေ့ကောင် ငါသွားတော့မယ် ၊ မင်းလဲပြန်တော့၊နေအေးနေပြီ၊ တစ်ယောက်တည်းသွားတာမှောင်သွားရင်မကောင်းဘူး”

“ဟုတ်ကဲ့”

ကျွန်တော်တို့နှစ်ယောက်လမ်းခွဲလိုက်ကြပါတယ်။ ကျွန်တော်မြို့ပြင်ဖက်ကိုရောက်တော့ နှစ်ဆိုင်လောက်ထပ်တွေ့တယ် ၊နေပူရှိန်ကလည်း မကျသေးတော့ စိတ်ကလည်သွားပါတယ်။ အနင်းအနှိပ်ကလေးခံရအောင် ဆိုင်ထဲဝင်လိုက်ပါတယ်။

“အကိုဘာလိုပါသလဲ”

“ကိုယ်လုံးသေးသေး ဝိတ်ပေါ့ပေါ့ တစ်ယောက်ထည့်ကွာ၊ငါကအနင်းသိပ်မခံနိုင်ဘူး”

“အကို မာဆပ်က ပိတ်ထားတယ်အကို၊ သီချင်းဆိုလို့တော့ ရမယ်။”

“ငါက အခုသီချင်းဆိုပြီးမှထလာတာကွ၊ မဆိုချင်တော့ဘူး”

“မတူဘူးအကို၊ ဒီမှာက အခွေထိုးတဲ့စနစ်မဟုတ်ဘူး၊ကွန်ပျူတာစနစ်နဲ့ စက်တွေလည်းကောင်းတယ်၊ကောင်မလေးတွေလည်းလန်းတယ်၊အကိုပျော်သွားမှာပါ”

“ဒါဆို သီချင်းကောင်းကောင်းဆိုတတ်ပြီး သဘောကောင်းတဲ့ ကောင်မလေးတစ်ယောက်ထည့်ကွာ”

ကျွန်တော်လည်းဆိုင်ထဲဝင်ပြီးပြန်မထွက်ချင်တော့တာနဲ့ ထပ်ဝင်လိုက်ပါတယ်၊ တိုတိုပြောရရင် တစ်နာရီလောက်အချိန်ဖြုန်းရင်း ဘီယာတစ်လုံးထပ်သောက်လိုက်ပါတယ်။ ဆိုင်ကထွက်တော့ ၅ နာရီ ၂ဝ လောက်ဖြစ်နေပါပြီ၊ ပြန်ဖို့ အချိန်အတော်ပါပဲ။ အရင်လည်းဒီအချိန်ပြန်နေကျပါ၊တခါတလေ ဒါ့ထက်တောင်နောက်ကျပါသေးတယ်။ ဆိုင်ကယ်ကိုမှန်မှန်လေးမောင်းထွက်လာခဲ့ပါတယ်၊ လူကတော့ဇရက်မင်းစည်းစိမ် မကတော့ပါဘူး၊ လမ်းကလည်းကျောက်ခဲ စားသွားရင် တောင် အစာကျေနိုင်တဲ့လမ်းပါ။ တစ်နာရီလောက်မောင်းတော့ တော်တော်မှောင်လာပါပြီ။ လမ်းမှာလည်းအိမ်ခြေ တွေမရှိတော့တဲ့နေရာရောက်လာတော့ သီချင်းတစ်ပုဒ်ကိုလွတ်လွတ်လပ်လပ်အော်ဆိုလိုက်ပါတယ်။ အရင်တုန်းကလည်းတစ်ယောက်တည်းသွားသွားအဖော်နဲ့ပဲသွားသွားဒီလိုပဲဆိုနေကျပါ။

“ဖိတ်စာတစ်စောင်ရောက်လာ…ကျွန်တော်တော့မသွားရဲပေါ့ဗျာ၊ ကျွန်တော့သူငယ်ချင်းပါ … မင်္ဂလာပွဲကျင်းပခဲ့တာ…ခမ်းနားသမို့ကြောက်သဗျာ… … အင်းလျားလိတ်ဟော်တယ်ကန်သာယာ… ..ပုဆိုးအသစ်မရှိကျွန်တော်မသွားပါ………၊ ဝတ်စရာဆိုကျွန်တော့မှာ….ချည်လုံချည်က ပါးပါးလေးဗျာ၊ ကားဆိုတာစီးစရာ.. အမြန်ယာဉ်က နှစ်ကျပ်တဲ့မစားသာ.. မွဲလွန်းလှပေါ့ဗျာ လက်ဖွဲ့ဖို့ဆိုတာမလွယ်ပါ……..၊နှစ်ကျပ်တစ်မတ်နဲ့ ထီတစ်စောင်လေးပါ…..”

ငယ်ငယ်ကဆိုခဲ့ဖူးတဲ့  စိုးလွင်လွင်ရဲ့ ငယ်သူမို့သီချင်း ကို ကြယ်တစ်လုံးပြန်ဆိုထားတဲ့ သီချင်းလေးကို အားရပါးရကြီးအော်ဆိုလာခဲ့ပါတယ်။

“ဖိနပ်ဆိုရင်လဲ … မပြတ်ရုံတမယ်ပဲ… ချိတ်ဘယ်ညာတွယ်ကာစီးရတယ်….၊                   မိုးရွာရင်လဲ…      ထီးမဆောင်နိုင်ပဲ …..   ခြုံစရာမလုံရင် ပုဆိုး…မပြေးပြီ…၊   ညဆိုရင် အိပ်တယ်…….

ဒီနေရာကိုအရောက်မှာ ဆိုင်ကယ် ဂိုက်ဟာတချက်ရမ်းသွားပါတယ်၊ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ဟိုးရှေ့မှာကားတွေဆိုင်ကယ်တွေခနခနမှောက်တယ်ဆိုတဲ့ အပင်ကြီးရောက်တော့မှာပါ၊ လှမ်းကြည့်လိုက်တော့ လူနှစ်ယောက်မတ်တပ်ရပ်နေပါတယ်။ လူကကြက်သီးတွေထပြီး ခေါင်းလည်းနဲနဲကြီးသွားပါတယ်။ အသိတွေပြောကြတဲ့ အဲဒီနေရာအကြောင်းဟာ ခေါင်းထဲရောက်လာတာပါ၊ အဲဒီနေရာဟာ ကားတွေဆိုင်ကယ်တွေကို လူတစ်ယောက်လှမ်းတာနေကျနေရာပါ၊အနားရောက်ရင် တော့ ဘယ်သူမှ မရှိတော့ဘူးလို့ပြောပါတယ်။

ကျွန်တော်လည်းဆိုင်ကယ်ကို သတိနဲ့သေချာထိမ်းမောင်းလိုက်ပါတယ်၊ အနားရောက်တော့လူလဲမတွေ့ရတော့ပါဘူး၊ဘယ်ပျောက်သွားလဲမသိပါဘူး၊ ဆိုနေတဲ့သီချင်းလဲ ဘယ်ရောက်သွားမှန်းသတိမရတော့ပါဘူး။ ဆိုင်ကယ်ဂိုက်ကိုကိုင်ရတာ ပိုလေးလာသလိုပါပဲ၊ တချက်တချက် ထထခုန်ပြီး ရမ်းထွက်သွားပါတယ်၊ ရှေ့ကိုထိုးထားတဲ့မီးဟာလည်းပျောက်ပျောက်သွားပါတယ်။ ဆိုင်ကယ်မီးခွက်ကိုကြည့်လိုက်တော့ ရှေ့ကခြင်းထဲကိုသတိထားမိလိုက်ပါတယ်၊ မုန့်ထုပ်တွေကိုအပေါ်ကထည့်ထားပေမဲ့၊ ဝက်အူချောင်းတွေနဲ့ မုန့်ထုပ်ဟာ အရှေ့တခြမ်းအနောက်တခြမ်းဖြစ်နေပါတယ်၊ကျွတ်ကျွတ်အိတ်ကလည်းပွင့်နေပြီး သတင်းစာစက္ကူတွေကပြဲနေပါတယ်၊ ဝက်အူချောင်းတွေကိုမြင်နေရပါပြီ။ လူကလည်းကြောက်ပြီး အမူးပြေချင်သလိုဖြစ်သွားပါတယ်၊အာရုံပြောင်းတဲ့အနေနဲ့ လမ်းကိုသာအာရုံစိုက်ကြည့်ရင်း ပါးစပ်ထဲတွေ့တဲ့သီချင်းတပုဒ်ကိုကောက်ဆိုလိုက်ပါတယ်။

” အသက်ကျော်အရွယ်ဟိုင်းအပျိုကြီးတစ်ယောက်အကြောင်းပါ…….                 (ရွာထဲက အပျိုကြီးတွေအကြောင်း ကိုပြောတာမဟုတ်ပါဘူး)    အသက်နှစ်ဆယ်တုန်းက အတော်လှတာ…. ကိုယ်ကြိုက်သော်လည်းသူမကြိုက်ပါပဲမုန်လာဥလုပ်နေတာ…..                                 ထိုအခါ အရပ်ထဲပြောနေတာ ..ရွာနားမြက်ကို ရွာနွားမစားလည်း…     ကျွန်တော်ကတော့ စားမှာရှေ့ဆုံးပင်…အဲဒီတုန်းက အပျိုကြီးရဲ့ပါးစပ်ဖျားမှာ ..     မမောရှာမပမ်းရှာ..ပြောထွက်သဗျာ၊ပြောထွက်သဗျာ  အော်….ဟော်……မတူမတန်ဘူးတဲ့  ( ဒန့်  ဒန့် ) ခွေးကောင်လေးရာ…..ဂလုံး  ဒုံး .ကျွီ

သီချင်းထဲက ဒန့်ဒန့် ဆိုတာက တီးလုံးပါ၊ ဂလုံးဒုံးဆိုတာက ဆိုင်ကယ်က စီးနေရင်းဂိုက်တစ်ဘက်စွဲသွားပြီးဂျိုင့်ခွက် တစ်ခုထဲ ထိုးကျသွားတာပါ။ကျွီ ဆိုတာက ဘရိတ်ကိုအလန့်တကြားစောင့်နင်းလို်က်တဲ့အသံပါ။ သီချင်းထဲ  ဖီးလ်  ဝင်နေတဲ့ကြောင်လေး အလန့်တကြားဖြစ်ပြီးကြည့်လိုက်တော့ ဝက်အူချောင်းနှစ်တွဲဟာ ဆိုင်ကယ်ခြင်းအပေါ်ကိုတဝက်လောက်ကျော်ပြီးတွဲလောင်းဖြစ်နေပါတယ်၊ စက္ကူထဲမှာလဲချောင်နေပါပြီ၊ မျက်စေ့ရှေ့မှာ ပြုတ်ကျတာလဲမမြင်မိပါဘူး။ ဘယ်များရောက်သွားပါလိမ့်၊အပြင်ထွက်နေတဲ့ နှစ်တွဲကို ခြင်းအုပ်တဲ့ ပိုက်အောက်ပြန်ထိုးထည့်ပြီးဆိုင်ကယ်ကို ဆက်စီးလာပါတယ်။ သီချင်းလဲဆက်မဆိုနိုင်တော့ပါဘူး၊လမ်းကိုကြည့်လိုက်၊ခြင်းကိုကြည့်လိုက်နဲ့လာရင်းက   ခြင်းထဲကဝက်အူချောင်းတွဲဟာ ခြင်းအုပ်တဲ့ပိုက်ကိုကျော်ပြီးထွက်လာပါတယ်၊ ညာလက်ကလီဗာကိုင်ရင်းဘယ်လက်နဲ့လှမ်းပြီးခြင်းထဲပြန်ထည့်၊ ခဏကြာ နောက်တဖက်ကတတွဲကခြင်းပေါ် ကျော်ထွက်လာလိုက်၊လှမ်းထည့်လိုက် လုပ်လာရပါတယ်။ဘယ်လောက်မှမကြာပါဘူး၊ဝက်အူချောင်းလေးဟာ   ခေါင်းလေးတစ်ထောင်ထောင်နဲ့   ခြင်းပေါ်ကျော်တက်လာတာပါပဲ၊ ကျွန်တော်လည်းပြန်မထည့်ပဲအသာလေးမာင်းလာခဲ့ပါတယ်။ ဝက်အူချောင်းတစ်တွဲဟာလက်ညှိုးနှစ်ဆစ်လောက်အတောင့်လေး ဆယ်တောင့်လောက်ပါ ပါတယ်။တဝက်ကျော်လောက်အပြင်ကိုတန်းလန်းထွက်တော့မှ ကျွန်တော်လည်းလှမ်းပြီးပြန်ထည့်ဖို့လုပ်ပါတယ်။ နဲနဲခက်သွားပါပြီ ၊သေချာမိမိရရ ပင့်ကိုင်ဖို့လုပ်လိုက်တော့ ကျွန်တော်လက် ဟာအေးကနဲ အရာတစ်ခုကို သွားထိမိလိုက်ပါတယ်၊ကျွန်တော်လည်းဒိန်းကနဲဖြစ်သွားပြီးခေါင်းနားပန်းကြီးသွားပါတယ်၊ ဆိုင်ကယ်လဲလမ်းဘေးဘက်လည်ဆင်းသွားတော့ လက်နှစ်ဘက်နဲ့ ့ပြန်ထိမ်းလိုက်ပါတယ်၊ ဝက်အူချောင်းတွဲကတော့ အောက်ကိုလျောကနဲ ထွက်ကျသွားပါတယ်။

ဆိုင်ကယ်လဲပေါ့သွားတယ်လို့ထင်လိုက်ပါတယ်။သရဲတစ်ကောင်တော့ ကျွန်တော့နောက်လိုက်လာတယ်လို့ခန့်မှန်းမိလိုက်ပါတယ်။ကျွန်တော်လည်း ဆက်မောင်းလာပါတယ်၊အမူးကတော့နဲနဲပြေချင်သလိုဖြစ်လာပါတယ်၊ ဒီအချိန်မှာ နောက်ကညိမ့်ကနဲတချက်ဖြစ်သွားပါတယ်၊လူတစ်ယောက်နောက်က တက်ထိုင်လိုက်တဲ့ပုံပါ၊ဆိုင်ကယ်ကလည်းအသွားနဲနဲနှေးသွားပါတယ်၊ လီဗာကိုနဲနဲပိုတင်လိုက်တော့ စက်မနိုင်ပဲဆီခေါက်တဲ့အသံ တဂေါက် ဂေါက်ထွက်လာပါတယ်၊ အရှိန်နဲနဲရတော့မှလီဗာလျှော့ပြီးပုံမှန်မောင်းလိုက်ပါတယ်၊ ဒါပေမဲ့လီဗာကိုအရင်ကထက်ပိုတင်ထားရတဲ့ အနေအထားဖြစ်နေပါတယ်၊ကျွန်တော့ကျောနောက်မှာ တစ်ယောက်ယာက်လိုက်လာတဲ့ ပုံစံမျိုး ခံစားနေရပြီးကျောထဲမှာချမ်းစိမ့်ချမ်းစိမ့်နဲ့၊ ယားကျိကျိလိုလိုဖြစ်လာပါတယ်၊နောက်ကျောမလုံဘူးဆိုတာဒီလိုခံစားမှုမျိုးပဲ ထင်တယ်လို့တွေးမိပါတယ်။ခုန ရှေ့ ကဝက်အူချောင်းလိုက်ဆွဲတဲ့သရဲဟာ တတွဲရသွားလို့ ကျွန်တော်ဆိုင်ကယ်နောက်က ထိုင်လိုက်ရင်းနဲ့ စားပြီးအေးအေးဆေးဆေးလိုက်လာတာဖြစ်မှာပါ။ ဒီလိုနဲ့ လမ်းက စားသောက်ဆိုင်လေးတစ်ဆိုင်ကိုရောက်တော့ ခဏဝင်နားလိုက်ပါတယ်၊လူတွေများရင် သရဲလဲလှည့်ပြန်သွားနိုင်တယ်ဆိုတဲ့အတွေးနဲ့ပါ။ ဆိုင်ကယ်ကိုလမ်းဘေးမှာထောင်ခဲ့ပါတယ်၊ ဆိုင်ထဲရောက်တော့ ဝီစကီနှစ်ပက်နဲ့ရေသန့်တစ်ဗူး မှာလိုက်ပါတယ်။အမြည်းကတော့ အမဲကြော်ပဲရတယ်ဆိုတော့တစ်ပွဲမှာလိုက်ပါတယ်၊

ဝုတ်…ဝုတ်..ဝုတ် …

ဝုတ်…ဝုတ်..ဝုတ် …

ဂီး..ဂီး   ဝုတ်…ဝုတ်..ဝုတ် …

ကျွန်တော်ဆိုင်ထဲဝင်ကတည်းက ခွေးက စွတ်ဟောင်ပါတော့တယ်၊ဆိုင်ရှင်ကမောင်းထုတ်လဲမရပါဘူး၊ဆိုင်ရှေ့ကိုမာန်ဖီရင်း မဲဟောင်နေပါတယ်။ ဆိုင်ရှင်က ” ဒီခွေးမ ဒီနေ့မှဘယ်လိုဖြစ်နေလဲမသိဘူး၊ ဆိုင်ကိုနေ့တိုင်းလူတွေဝင်ထွက်စားသောက်နေတာ တစ်ခါမှ မဟောင်ဘူး”   လို့ပြောပြီးခွေးကိုအတင်းမောင်းထုတ်လိုက်ပါတယ်။

အု..ဝု..ဝူ…..အူ………………….

အု..ဝု..ဝူ…..အူ………………….

အု..ဝု..ဝူ…..အူ……  အုန်း

ခွေးဟာနောက်ဖေးဖက်ပြေးသွားတုန်းမှာပဲ လမ်းရဲ့ဟိုဘက်ခြမ်းကခွေးနှစ်ကောင်က စူးစူးဝါးဝါးအူလိုက်ပါတယ်၊ ဆိုင်ဘက်ကခွေးကလည်းလိုက်အူပါတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော့ဆိုင်ကယ် ဟာ  အုန်းကနဲ ပစ်လဲသွားပါတယ်။ ဆိုင်က ကောင်လေးက မြေလဲမပျော့ပါဘူး အကိုဒေါက် ထောက်တာ တခြမ်းစောင်းသွားတယ်ထင်တယ်လို့ပြောပြီးဆိုင်ကယ်ကိုသွားထောင်ပေးရင်း လမ်းတဖက်က ခွေးတွေကိုခဲနဲ့ ပေါက်ထုတ်လိုက်ပါတယ်၊

အု..ဝု..ဝူ….အီ ….ကိန်..ကိန်..ကိန်

အု..ဝူ….ဝုတ်..ဝုတ်..ဝုတ်

ဆိုင်ထဲကခွေးကတော့တဝုတ်ဝုတ်နဲ့ဟောင်နေစဲပါပဲ။ ကျွန်တော်အရက်နောက်နှစ်ပက်ထပ်မှာတော့ အမျိုးသမီးတစ်ယောက်လာချပေးရင်း” ဒီခွေးမ ဒီနေ့မှဘာဖြစ်နေလဲမသိဘူး” လို့ပြောပါတယ်၊ ကျွန်တော်က “ကျွန်တော့်ဆိုင်ကယ်ပေါ်မှာ ဝက်အူချောင်းတွေပါလာတော့အနံ့ရလို့ဟောင်နေတာဖြစ်မယ်ထင်တယ်” လို့ပြောလိုက်ပါတယ်၊

အမျိုးသမီးလဲ ကျွန်တော်ကို တအံ့တဩနဲ့ မျက်လုံးပြူးကြည့်ပြီး လှည့်ထွက်သွားပါတယ်။ ဆိုင်ထဲမှာ တခြားတစ်ယောက်နဲ့ ခေါင်းခြင်းဆိုင်ပြီး တတွတ်တွတ် ပြောရင်းကျွန်တော့ကို လှမ်းလှမ်းကြည့်နေကြတာ သတိထားမိလိုက်ပါတယ်။ ကျွန်တော်လည်းငွေရှင်းပြီးဆိုင်ကယ်ကို ဆွဲထွက်လာခဲ့ပါတယ်။ လမ်းကတော့တော်တော်ကြမ်းပါတယ်၊ကျောက်ခဲတွေပေါ်နေတဲ့နေရာမှာဆိုလူကို ဗိုုက်ဗရေတာနဲ့ ကိုင်လှုပ်နေသလိုပါပဲ၊ လူကတော့ဝီလေးပက်အရှိန်နဲ့ တော်တော်လေးထွေနေပါပြီ။ဝက်အူချောင်းတွေကလည်း ထုံးစံအတိုင်းခေါင်းလေး ထောင်ထောင်ထလျှက်ပေါ့၊ လက်နဲ့ပြန်ထည့်လိုက်၊မောင်းလိုက်ဆိုင်ကယ်က တဖက်ပါသွားလိုက်နဲ့ ပေါ့။ သရဲကတော့ကျွန်တော်နဲ့အတူပါလာမြဲပဲထင်ပါတယ်။

ကျွန်တော်လည်း အာရုံပြောင်းတဲ့အနေနဲ့ သီချင်းအပိုင်းအစ တစ်ခုကိုခပ်ကျယ်ကျယ်အော်ဆိုလိုက်ပါတယ်။

” ကြင်နာသူနဲ့..ချိန်းတွေ့သော..ညမှာပေါ့..ချစ်သူအိမ်ထဲရောက်လာပါပြီ…….

ကြည်ဖြူစွာအသဲ စကားတွေပြော..သတိတွေလစ်..စကားသံကျယ်သွားတဲ့အခါမှာ…….

တံခါးဖွင်းစမ်းလို့အသံပေး..(တိတီ..တိတီ..) ခက်ပြီဘဲ့နှယ်လုပ်မလဲ..(တိတီ..တိတီ..)

တံခါးဖွင့်ခိုင်းတာကျွန်မရဲ့ဖေဖေပါပဲ………

ကြင်နာသူလဲ ပြူတင်းပေါက်လေး..ဖွင့်ကာပဲ..တအား ခုန်ချပြီးပြေးပါရော…..

ရင်ခုန်စွာနဲ့ ..တခါးကိုဖွင့်..ကျွန်မအဖေလဲ..အခမ်းကိုကြည့်ပြီးမျက်နှာပျက်……

ဖိနပ် ကလေးများ………အူးးးး  …ဝု…ဝူးးး…ဝူ……စကားမပြောတော့……

အူးးး…ဝု…ဝူးးးး..ဝူ…..-  –  -”

အု..အု..အူ……ဝု…ဝူးးးးးးး

အု..အု..အူ……ဝု…ဝူးးးးးးး

အု..အု..အူ……ဝု…ဝူးးးးးးး

 

လမ်းဘေး တဲစုလေးတစ်ခုကိုဖြတ်အသွားမှာ တဲစုထဲကခွေးတအုပ်ရဲ့ဆွဲဆွဲငင်ငင် အူလိုက်တဲ့အသံဟာ ကျွန်တော်ဆိုနေတဲ့သီချင်းသံ နဲ့ရောထွက်လာပြီး ကျွန်တော့အသံကိုလွှမ်းသွားပါတယ်။ ကျွန်တော်လည်းလန့်ဖြတ်သွားပြီးသီချင်းတပိုင်းတလက်စနဲ့ဆက်မဆိုနိုင်ပဲ ရပ်သွားပါတယ်။ ပျောက်နေတဲ့ကြောက်စိတ်တွေပြန်ပေါ်လာကာကျောထဲက စိမ့်ကနဲချမ်းလာပါတယ်။  စောစောကဆိုင်ထဲမှာလူတွေနဲ့ အတူမီးအလင်းရောင်ထဲနေတုန်း ကြားရတဲ့ခွေးအူသံဟာ ဘာမှမဖြစ်ပေမဲ့၊ အခုမှောင်မှောင်မဲမဲထဲ  လူမနီး သူမနီးမှာကြားလိုက်ရတဲ့ ခွေးအူသံဟာကျွန်တော့အတွက် တော်တော် စိတ်ချောက်ခြားသွားပါတယ်။ ကြက်သီးတွေဟာတကိုယ်လုံးမှာ ကြက်ဟင်းခါးသီးလောက်ထ သွားပြီးချွေးသီးချွေးပေါက်တွေဟာ ဇီးဖြူသီးလောက်လှိမ့်ဆင်းလာတယ်လို့ခံစားမိပါတယ်။

ဒီလိုနဲ့ မြို့နဲ့နီးလာပါပြီ၊ လေးမိုင်လောက်ပဲလိုပါတော့တယ်၊ ကတ္တရာလမ်းလဲဖြစ်သွားပါပြီ၊ ဝက်အူချောင်းတွေ ခေါင်းထောင်မထတော့ပေမဲ့ ဆိုင်ကယ်ကတော့ ဟိုဖက်ကိုဆွဲသွားလိုက်၊ဒီဘက်ကိုဆွဲသွားလိုက်ဖြစ်မြဲပါပဲ။

မြို့စွန်ရောက်တော့ လမ်းမီးတွေလင်းလာပါပြီ၊ အိမ်တွေလည်းရှိလာပါပြီ၊ လူသွားလူလာလဲရှိလာပြီဆိုတော့ ကြောင်လေးမကြောက်တော့ပါဘူး၊ အိမ်ကိုတန်းမောင်းပြီးအိမ်ရောက်တော့ အိမ်ဖော်ကောင်မလေးကို

“ဟဲ့ဂက်မီးဖို ဖွင့် ၊ဒီ ဝက်အူချောင်းတွေကိုအကုန် ထည့်ပြုတ်လိုက်”   လို့ပြောပြီးဆိုင်ကယ် ခြင်းအုပ်ကိုလှန်ပြီး ထုတ်လိုက်တော့ အထုပ်ကောင်းတစ်ထုတ်နဲ့ နောက်တစ်ထုပ်ကသုံးပုံတစ်ပုံပဲကျန်ပါတော့တယ်၊ တစ်ထုပ်နဲ့သုံးပုံနှစ်ပုံလောက်ကပျောက်သွားပါတယ်။ မဒန်ကြောင်လေးက

“ဟဲ့ အများကြီးကိုဘာလု့ိတစ်ခါတည်းပြုတ်ရမှာလဲ” လို့မေးပါတယ်၊

“ဘာမှအများကြီးမဟုတ်ဘူး၊လမ်းမှာသရဲစားလို့ ကုန်ပြီ၊အခုလည်း သရဲပါလာလို့ မီးနဲ့တခါတည်းပြုတ်ခိုင်းတာ”

“ရှင်က လည်းမူမူရူးရူးနဲ့ ဘာတွေလျှောက်ပြောနေတာလဲ ၊ကလေးတွေလန့် ကုန်အုံးမယ်”

“လန့်ရင်လန့် မလန့်ရင်နေ၊ သရဲကတော့ပါလာတယ်၊ယုံရင်လဲပြုတ်လိုက်၊မယုံရင်လဲဒီတိုင်းထားလိုက်၊ ငါတော့အိပ်တော့မယ်”    လို့ပြောပြီးရေချိုးခန်းထဲဝင် ခြေလက်ဆေးပြီး အိပ်ခန်းထဲဝင် တန်းအိပ်လိုက်ပါတယ်။

မနက်မိုးလင်းလို့ အိပ်ယာထတော့ ကြောင်လေးတကိုယ်လုံးကိုင်ရိုက်ထားသလိုဖြစ်နေပါတယ်၊ လမ်းကတော်တော်ကိုကြမ်းတယ်မလား၊ ၊ မျက်နှာသစ်နေရင်း ခေါင်းထဲကငြီးစီစီဖြစ်နေပါတယ် ၊ မနေ့ကသုံးပင်လိမ်ထားတဲ့အရှိန် ကရှိတယ်လေ၊  လဘက်ရည်ဆိုင်သွားပြီးလီမွန်တီးလေးဆွဲလိုက်မှ ဖြစ်မယ်လေ။  မနေ့ကသရဲလိုက်ခံရတဲ့အကြောင်း စဉ်းစား လိုက်ရင်း ဆိုင်ကယ်ကို အိမ်အပြင်တွန်းထုတ်လိုက်တော့ နောက်ဘီးမှာလေမရှိပဲပြားနေပါတယ်။

ကြောင်လေး သရဲမယုံပါ။     ။

သူကြီးနှင့် ရွာသူရွာသား  အားလုံး ကို ခင်မင်လေးစွာဖြင့်

ကြောင်လေး။

 

 

 

11 comments

  • small cat

    November 10, 2011 at 9:07 am

    ဒုတိယ သီချင်းနဲ့ တတိယ သီချင်းရဲ့မူရင်းနာမည်ရေးဖို့မေ့နေခဲ့လို့ ရေးဖို့ဝင်လာတာ၊
    ဒါပေမဲ့ မရေးတော့ပါဘူး၊ ရွာသူရွာသားတွေပဲခန့်မှန်းလိုက်ကြပါ၊
    မှန်တဲ့သူကို ပြုတ်ထားတဲ့ ဝက်အူချောင်းတွေ အကုန်ကျွေးပါမယ်။
    သရဲနဲ့ အတူတူလုစားကြပေါ့။

  • koyinmaung

    November 10, 2011 at 9:59 am

    ဒုတိယသီချင်းက အောင်ခြင်းရှစ်ပါ…
    တတိယသီချင်းက သူများနဲ့ညားတဲ့ငါ့ရည်းစား
    ဟုတ်တယ်မို့လားကြောင်လေးရေ…ဟေဟေ့……….

  • ကြောင်ကြီး

    November 10, 2011 at 11:06 am

    ၁။။။ ဘီယာဒီလောက်များများ သောက်တာတောင် တခါမှ သေးမပေါက်တာ အံ့ရော။။
    ၂။။။ ဆိုင်ကယ်ဘီး လေလျော့လို့ ဖြစ်တာလို့ ဆိုချင်သလား။ ဒါဆို သဂျီးကိုဖားတာပဲ။။

  • ကိုရင်စည်သူ

    November 10, 2011 at 1:51 pm

    အောင်ကြူလေး ဒီသရဲက ဝက်အူချောင်းမှ လိုက်တာဆိုတော့
    သရဲမဖြစ်မည်ထင်ပါကြောင်း…
    အမငီး.. ထွေရာလေးပါးပြောလို့ ၃ဂျား ကုန်တယ်… တကယ်အားရရင်
    ဘယ်လောက်တောင်ကုန်မလဲမတိ…
    အောင်ကြူလေးနဲ့ သွေးတူတယ်ပြောရမယ်..
    ကိုရင်တို့ သောက်ပြီးစားပြီး အိမ်ပြန်တယ်ဆိုတာ ရာဇဝင်မှာကိုမရှိဘူး..
    ဘာတဲ့.. ဟိုသီချင်း…
    ” ကောင်းကင်မှာ ပျံသန်းရလည်း ငှက်တွေကြားမှာ သိမ်းငှက်လိုနေချင်….
    မြိုင်တောယံမှာ ကျက်စားရလည်း သားကောင်များအလယ် ခြင်္သေမင်းဖြစ်ချင်..”
    ဘာလုပ်မှာလဲ….. ရွာထဲက ကြောင်ညီနောင်တွေရေ…

  • windtalker

    November 10, 2011 at 2:37 pm

    ဝက်အူချောင်းတော့ မကြိုက်ဘူး ဗျ
    ကြက်ဖင်ဆီဖူး နုနုကလေးတွေကို ခြမ်းပြီး ကျွတ်ကျွတ်ကြော် ရယ်
    ဝက်နံရိုးကို အိနေအောင် ကင်ထားတာရယ် နဲ ့ဆို
    ခေါင်းမဖော်နိုင်အောင် မသောက်တတ်ပေမယ့် ၊ တဇွတ်ဇွတ်တော့ သောက်မိမှာ အမှန်ဘဲ

  • small cat

    November 10, 2011 at 3:07 pm

    အကိုကြောင်ရေ ဘီယာသောက်ပြီးရှူရှူပေါက် (တာရေး) ဖို့ သတိရပါတယ်၊ စာကလည်းအကြောရှည်နေ၊
    အတိအကျလည်းထည့်ရေးဖို့မလို(မသင့်) ဘူးထင်လို့ချန်ထားလိုက်တာပါ။
    ကိုရင်မောင်ရေ မဟုတ်သေးပါဘူး၊ သံစဉ်သွင်းပြီးဆိုကြည့်လို့အဆင်ပြေလား၊ကျွန်တော် စမ်းကြည့်လိုက်ပါ့မယ်။
    ကိုရင်စည်နဲ့ ကိုပေရေ အကြိုက်ခြင်းတူကြသူတွေမို့ တပွဲတလမ်းတော့တွေ့ချင်စမ်းပါဘိ၊
    ကြောင်လေးကသောက်ရင် “မဝသေးဘူး” ဆိုတဲ့ ကြောင်မျိုးဗျ။

  • Tauid

    November 10, 2011 at 4:43 pm

    ဒါနဲ့ အကိုမိန်မ က
    ဝက်အူချောင်းကိုကြော်လိုက်လား၊မကြော်လိုက်ဘူးလား။

  • ပေါက်ဖော်

    November 10, 2011 at 5:46 pm

    ဝက်အူချောင်းက ဆိုုင်ကယ်ခုန်လို ့ပြုတ်ကျကျန်ခဲ့လေသလား..
    သရဲက အစားနဲလို ့..ဝက်အူချောင်း..အကုန်မယူစားတာလား..
    ဆိုင်ကယ်ကို ဘာနဲ ့…မီအောင်လိုုက်လာသလဲ….
    သရဲက ဘယ်နှကောင်လဲ..ပိန်လား..ဝလား..အထီးလား..အမလား..
    ဟီး.ဟွီး..ဟွီး..နောက်ဒါနော့..

  • koyinmaung

    November 10, 2011 at 10:21 pm

    ဝက်အူချောင်းကိုကြိုက်ပုံရတော့ အင်….ဒီသရဲ ရိုဟင်ဂျာသရဲတော့ဖြစ်ဟန်မတူဘူး
    ရွာထဲကတရုတ်သရဲ ကပေါက်ဖော် ဖစ်မယ်ထင်တယ် ………………………………….

  • Diamond Key

    November 11, 2011 at 1:33 pm

    ှဝက်အူချောင်းကြိုက်လေသူ သရဲ ရဲ့ ဆိုင်ကယ်ကယ်ရီ ကိုကြောင်လေးသည် လဘက်ရည်ဆိုင်သွားပြီးလီမွန်တီးလေးဆွဲလိုက်ပြီးမှာ
    မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့်
    မနေ့ကလမ်းမှာ
    ဝက်အူချောင်းကျန်လေးများ ရှိလေအုံးမလားရယ်လို့
    သွားချောင်းနေကြောင်းပါ
    ရွာသူရွာသား အပေါင်းတို့။

  • small cat

    November 11, 2011 at 3:38 pm

    ရွာထဲကလူတွေ သီချင်းမဖော်နိုင်ကြလို့ ဟင့်လေးပေးလိုက်မယ်။
    ဒုတိယသီချင်းက မပန်းပွင့်ရဲ့အကြောင်း၊ဆိုတဲ့သူက အကြွေးများနဲ့ ဝိုုင်းနေတဲ့သူ။
    တတိယသီချင်းက ခြေနင်းပျောက်တဲ့ ကောင်မလေးတစ်ယောက်အကြောင်း၊သီချင်းဟောင်း အခုမှပြန်ဆိုထားတာ။

Leave a Reply