တိမ်ပေါ်ကရက်စွဲများ

thit minNovember 12, 20111min13915

ကဗျာလို့သူဟာသူကင်ပွန်းတပ်ပြီး

အထုပ်အပိုးပြင် အတွေးအိမ်ကဆင်းသွားတာဘဲ…။

ရေနောက်တာနဲ့ မြက်ကြမ်းတာ

ဘယ်ကြော်ငြာသင်ပုံးမှာတွေ့နိုင်မယ်ဆိုတဲ့

ဖော်မြူလာကို တော့ ဘယ် ခေတ်မှာမှကို

မတည်ထွင်နိုင်တာကလဲ “လေ” စရာဘဲတဲ့ ….။

ဦးတည်ချက်နဲ့ရည်ရွယ်ချက်ကို

ပုလင်းတလုံးထဲ ထဲ့ပြီး

ပင်လယ်ထဲမျှောတဲ့ပုံပြင်ကိုပြောပြရင်း

ပွင့်လင်းပြီးအရိုင်းဆန်တဲ့ မုန်တိုင်းတွေ ရယ်

ရိုးသားမှုရဲ ့လေပြေညင်းတွေရယ်ကို

အိုဗာဝိတ်တင်ပြီး မောင်းနှင်သွားတဲ့ကဗျာကားကို

ငါမတားခဲ့နိုင်တာတော့ ဝန်ခံတယ် ……………… ။

ရနံ့ဖောက်ခွဲရေးသမား ပန်းခင်းကြီးရယ်

တေးသံမြှားတွေ အဆက်မပြတ်ပစ်တတ်တဲ့ ငှက်ငယ်တွေကြားမှာ

စမ်းရေသောက်ရတဲ့ နေ့တွေကိုလဲ ဘဝင်မမြင့်ဘဲ မင်းဖြတ်မောင်းသွားပါ …………။

အကွေ့အကောက် ချောက်ကမ်းပါးတွေက တောင်ပြိုနေ့ကံကြမ္မာဆိုးတွေနဲ့

ပစ်တင်ရှုံ့ချစကား ဆူနာမ်ီလှိုင်းထန် ကမ်းခြေမှာကယ်နိုင်သူဝေးတဲ့ညတွေမှာလဲ

မင်း ဖီးနစ် ဖြစ်နေပါစေ………………….။

ပြန်လာဘို့ ဆိုတာကတော့

တံခါးမှ မရှိတာလေ

ဖွင့်တာလဲ မရှိ ပိတ်ထားတာလဲ မရှိ ဘူး မဟုတ်လား…….။

ကန့်လန့်ကာကျခါနီး

ဒီနေ့လဲ “နေလုံး” ရဲ့ ဒိုင်ယာရီ မှာ

ငါ့အတွေး အိမ်လေးအတွက် အိမ်ငှါးအလိုရှိသည်ဆိုပါလား………

ရက်စွဲတခုကိုတိမ်ပေါ်မှာရေးပြီး၊ ကြည့်နေရင်း

စောင့်နေရတာမျိုး ထပ်လုပ်ရအုန်းမှာပေါ့နော်…………။

~~~~~~~~~~~~~~~~~~~~~~~~

အားလုံးကိုကျေးဇူးတင်ပါသည်။

မောင်သစ်မင်း

15 comments

  • ကိုရင်စည်သူ

    November 12, 2011 at 5:38 pm

    ကိုသစ်မင်းလည်း ဒရမ်မာတိုတိုထိထိတွေ
    သိပ်ရေးတတ်သကိုး…
    နောက်လည်း ဒီလိုခံစားချက်
    တိုတိုထိထိတွေ ဆက်ရေးပါအုန်းဗျာ…
    အားပေးနေပါ့မယ်…

  • ပေါက်ဖော်

    November 12, 2011 at 5:43 pm

    ဟိုက်..
    တော်ကီတွေလန်းသဟ
    😯

  • windtalker

    November 12, 2011 at 7:02 pm

    ဘယ်တော့မှ အိုမင်းခြင်း မရှိမဲ့
    ဖီးနစ်ကဗျာရှင် ကိုသစ်ပါပေတကား

  • aye.kk

    November 12, 2011 at 7:35 pm

    ကဗျာကိုငယ်ငယ်လေးထဲက ဝါသနာပါတယ်
    အလယ်တန်းကျောင်းသူဘဝကတည်းကပါ တစ်နေ ့မှာတော့ဆရာကပြောတယ်
    ကြီးလာတဲ့အခါ နိုင်ငံကိုအလုပ်အကျွေး ပြုမှာလားလို ့မေးတယ်
    ပြုမှာပါဆရာလို ့ပြန်ဖြေခဲ့တယ် ဒါဆိုရင်တစ်နေ ့နေ ့အချိန်မှာ အကြောင်းကြောင်းကြောင့်
    တက္ကသိုလ်ပညာ မသင်ကြားဖြစ်ခဲ့ရင် ကဗျာစာပေမတတ်မှာ စိုးလို ့ဆိုပြီးကဗျာစာပေ ရေးသားနည်းကို
    အချိန်ယူပြီး သင်ပြပေးခဲ့တယ် နိုင်ငံကိုတကယ်ချစ်မြတ်နိုးရင် စာပေကဗျာနဲ ့အလုပ်ကျွေးပြုနိုင်စေဘို့
    ဆိုပြီး ရည်ရွယ်ချက်ထားရှိနိုင်ဖို ့ သင်ကြားပေးခဲ့ဘူးပါတယ် ကဗျာကောင်းကောင်းတွေကို အရမ်းနှစ်သက်
    သဘောကျတယ် ကိုသစ်မင်းရဲ ့ကဗျာကိုလည်းနှစ်သက်တယ် အားပေးနေမယ်လို ့ပြောပါရစေ..

  • koyinmaung

    November 12, 2011 at 8:08 pm

    ကိုသစ်မင်းရေ….
    အားပေးသွားပါတယ်….

  • TTNU

    November 12, 2011 at 8:58 pm

    ကဗျာချစ်တဲ့ ဆရာသစ်ရေ

    တိမ်ပေါ်မှာရေးမဲ့ ရက်စွဲ အတွက် ဖတ်ရင်း
    လွမ်းသွားမိပါတယ်။

    • thit min

      November 13, 2011 at 8:26 am

      ကိုရင်စည်၊
      ညီပေါက်ဖော်
      ညီမောင်ပေ
      ဘရာသာကိုရင်မောင်တို့ရေ……

      အားပေးတာအထူးကိုကျေးဇူးတယ်ပါတယ်။စိတ်ကူးမိတာရေးလိုက်တာပါ။
      ရေးလိုက်တော့စိတ်ကျေနပ်သွားတယ်။
      အားပေးကြတော့ကြည်းနူးတယ် ပေါ့ခင်ဗျာ။
      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

      အေး ကေကေ ရေ…………..

      ကဗျာရေးတာသိတယ် ဆိုရင်
      အသာတွေးကာကြည့်မနေပါနဲ့ကွယ်။
      လူတကာ ငေး စရာ အတွေးဖြာ
      ကဗျာ တပုဒ် လောက်တော့
      ရေးကာ အသာထုတ်
      ဝါသနာ သရုပ် ထား ပုံ
      အများ အုံ ရအောင်
      ကဲ “သမား ဂုဏ်ပြ” ။
      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

      ဆရာမကြီးရေ
      ကျနော် ဆယ်တန်းတုန်းက သင်ရတဲ့ကဗျာရော ၊ မသင်ရတဲ့ကဗျာရော Book အုပ်ထဲရှိတာအကုန် အရကျက်တာ။
      ကဗျာ တင် မဟုတ်ပါဘူး။
      မြန်မာစာကိုပါ ချစ် တာ။
      နန္နသူ ရေးတဲ့ “ဟယ် လူသွမ်း၊ တောက်တပို ဟူဘိ” တို့ ဘာတို့ ငယ်ငယ် ကအိမ်မှာ လူကြီးတွေကိုလိုက်ပြောလို့
      “အရူး” တဲ့။(^^)

  • kai

    November 13, 2011 at 6:34 am

    ဒီလိုရေးနည်းတွေကို.. လေဒီခိုင်ကတော့ ကြိုက်တယ်..။
    ကြိုက်ဆို.. သူလည်းအဲလိုတွေရေးတာပဲ..။ 😆

    ကျုပ်ကတော့..
    ခံစားပြီး (ဆရာသစ်နဲ့အတူ) ကဗျာကားမောင်းချင်မိပါရဲ့
    အလေးအပင်မကြိုက်ပါဘူး…
    တနိုင်ဝန်တင်ထားတဲ့ကဗျာကား ရွာနားကမခွာခင်
    နှုတ်ဆက် …
    မဆုံးတဲ့ရက်ကို စွန့်ထွက်ရယုံတင်ပါ..။ ။

    • thit min

      November 13, 2011 at 8:38 am

      ကျေးဇူးပါ ဆရာခိုင် ရေ………………
      ဆရာ့ကတော် ကဗျာများလဲ တင်ပြီးသားရှိရင် ညွန်းပါအုန်း။

      တကယ်ကကျနော် ရေးလေ့ရှိတာက ကာရန် ကဗျာပါ။
      ရွာထဲကလူတွေရဲ့ ကာရန်မဲ့လေးတွေကိုContribution လုပ်ချင်လို့စမ်းရေးနေတာပါ။

      ~~~~~~~~~~~~~~~~~~~~
      ဒီလိုလေးဖြစ်သွားအောင်လို့ပေါ့နော်………………….

      ရွာသား ရွာ သူ အတူ တူ
      ညီတူ စပ်ဆိုကြ
      ရွာ့ပတ်ဝန်းကျင် နေ့စဉ်ပင်
      ပို့စ်တင်၊ကော်မန့်ကြ၊
      ရွာ၏ အကျိုး နိုင်ငံအကျိုး
      အမျိုးမျိုး အကြံပြုကြ၊
      ဂေဇက် ဂုဏ်အင်
      ရွာ့အသွင်
      ရွှေစင်လိုဝင်းပ။

      • ကြောင်ကြီး

        November 13, 2011 at 11:57 am

        ရွှေစင်လိုဝင်းပ
        ဘေချင်လို့ဟင်းထ
        လှေတင်ဖို့ပြင်းပြ
        မြွေမြင်သမို့ငြင်းရ
        ဂွေဆင်လို့ယင်းကြွ
        ဖေခင်တို့တင်းလှ။။။ 😮

  • ကြောင်ကြီး

    November 13, 2011 at 11:54 am

    နားမလည်လို့
    ကျားသူငယ်မှာ
    ငါးဝယ်ကာ
    မနားသယ်ရတယ်
    အားငယ်လိုက်တာ…အဟင့်။။။။။ 😥

  • “စိတ်ပိန်နေတဲ့တိမ်”
    စိတ်ပိန်လွန်းလို့ပါဗျာ။
    ဖြစ်နိုင်ရင် တိမ်ထဲမှာအိမ်ဆောက်ချင်တယ်။
    တစ်ရက်နဲ့တစ်ရက်အကုန်မြန်ချက်ကတော့
    တစ်နှစ်ဆိုတဲ့ကာလ ဘာမှ မကြာလိုက်ဘဲ
    တစ်ပါတ်လည်လည်လို့လာပြန်ပါရော။
    သဘောကောင်းချင်ယောင်ဆောင်ထားတဲ့
    အပြုံးအတုတွေနဲ့အိမ်ရှင်ကလဲ၊
    တစ်နှစ်ပြည့်ပြီဆိုသဟာနဲ့
    လခတိုးတောင်းရအောင်
    အချုးိကောင်းကောင်းနဲ့
    အခင်းတွေဆင်တော့တာပါဘဲ။
    အဲသဟာကြောင့်
    ရက်စွဲတွေလဲ တိမ်ထဲလွင့်
    အိမ်တွေကိုလဲ တိမ်ထဲလွင့်
    ပိန်ပြီးရင်ပိန်နေတဲ့ကျုပ်စိတ်ကိုလဲ
    တိမ်တွေထဲကို လွှင့်ပစ်ချင်လိုက်တာဗျာ။
    နည်းသိရင်းပေးစမ်းပါ့။
    ကျေးဇူး အထူးကိုတင်ရှိမှာပါ။

  • comegyi

    November 14, 2011 at 1:25 am

    ကိုသစ်ကြီးက ဒီဇိုင်းတစ်မျိုးနဲ့အားထုတ်ပြန်တာမို့
    လေသံတစ်မျိုးနဲ့မန်းပါရစေ
    ရေလည် လန်းသဗျာ…….

  • ba gyi

    November 14, 2011 at 10:05 am

    ကိုသစ်ကြီးရေ၊
    ကဗျာ ဆိုတာ အတွက်
    ဖွင့်တာ၊ပိတ်တာမရှိတဲ့ (တံခါးမရှိတာပိုကောင်းပါတယ်လေ)။
    ငါ့ အတွေးအိမ်လေးအတွက် အိမ်ငှားအလိုရှိသည် ဆိုရင်-
    ကဗ္ဘာ တစ်ပါတ် စီးမျောနေတဲ့ တိမ်တွေပေါ်မှာ
    ကိုသစ်ကြီးကိုယ်စား
    ကျွန်တော် ကြော်ငြာ လိုက်ကပ်ပေးလိုက်ပါ့မယ် ။
    အဲ — ပွဲခတော့ ပေးရမယ်နော်—-၊
    ဒေါ်လာသန်းနဲ့ချီတောင်းတဲ့ လူစားထဲတော့မပါပါဘူး။
    ကျနော် ခရီးထွက်နေလို့သည်နေ့မှရုံတက်ပြီးဖတ်ရတယ်၊ ဝင်မန့်တာ နောက်ကျသွာတယ် ဆော်ရီးနော်။

  • blackchaw

    November 14, 2011 at 12:14 pm

    တိမ်ပေါ်မှာရေးထားတဲ့
    ရက်စွဲလေးတစ်ခုက
    ဒီနေ့ပဲ ရောက်ရှိလာခဲ့ပါပြီဗျာ။

Leave a Reply