သူ့ကို

teekockJanuary 15, 20121min33812

ဈေးဝယ်ဖို့အတွက် ကျွန်မအမြဲရွေးခြယ်တဲ့ supermarket ကတော့ City Mart ပါပဲ။ ကျွန်မအိမ်နဲ့လဲ သိပ်မဝေးတဲ့အပြင် ဝယ်သူကိုအမြဲ အပြုံးနဲ့ဝန်ဆောင်မှုပေးပြီး ပစ္စည်းမှန်ဈေးမှန်ကိုသာ ရောင်းချတဲ့ဆိုင်ဖြစ်လို့ပါ။ အပ်ကစလို့ လျှပ်စစ်ပစ္စည်းအထိ အကုန်အစုံလဲရ စားစရာ ဟင်းချက်စရာပါဝယ်လို့ရလို့ ကျွန်မ အထူးပဲနှစ်ခြိုက်မိပါတယ်။

“နွားနို့တောင်ကုန်နေပြီ”
“ညဘက်စားဖို့ ပေါင်မုန့်လေးဖြစ်ဖြစ်ဝယ်ခဲ့ပါဦးကွယ်”
“သတင်းကျွတ်အတွက် လက်ဆောင်ခြင်းတွေ သမီးတွေ့ခဲ့တယ်မေမေ”
“မင်္ဂလာဆောင်လက်ဖွဲ့ဖို့ အိပ်ယာခမ်းနားလေးဖြစ်ဖြစ် မီးပူလေးဖြစ်ဖြစ် ကြည့်ခဲ့ရမလား”

ဒါတွေက ကျွန်မမနက်ရုံးမသွားခင် မေမေနဲ့အမြဲပြောဖြစ်နေကြပေါ့။ ညနေတိုင်း ကျွန်မပုံမှန်ထမ်းဆောင်ရတဲ့တာဝန်ကတော့ မေမေမှာလိုက်တဲ့ပစ္စည်းစာရင်း ကျွန်မလိုအပ်တဲ့ပစ္စည်းစာရင်းစာရွက်လေးကိုင်ရင်း ဈေးဝယ်ခြင်းလေးလက်ကချိတ်လို့ City Mart မှာအဝယ်တော်ဆင်းရတာပါပဲ။ လိုအပ်တာလေးတွေလဲဝယ်ရင်း promotion လေးတွေလဲ စပ်စုရင်းနဲ့ နေ့စဉ်နဲ့အမျှသွားဖြစ်တာ အရောင်းဝန်ထမ်းကလေးမလေးတချို့နဲ့တောင် ရင်းနှီးနေပါပြီလေ။

အသက်၄ဝနားချဉ်းကပ်နေပြီဖြစ်တဲ့၊ ကုမ္ပဏီတစ်ခုရဲ့ မန်နေဂျာမမတစ်ယောက်အတွက် တခြားလဲ အပျော်အပါးသွားစရာမရှိပါဘူး။ သူတစ်ပါးကိုအားကိုးဖို့မလိုအပ်တဲ့ အခြေအနေအဆင့်အတန်းတစ်ခုမှာရှိနေတဲ့… အဲ့ဒိထက်ပို၍…. ချောမောသိမ်မွေ့တဲ့ အပျိုကြီးမမတစ်ယောက်အနေနဲ့ ကျွန်မရဲ့ဟန်ဟာ အနည်းငယ် မျက်နှာထားတင်းသလိုရှိပေမယ့် သူတို့လေးတွေ ကျွန်မကိုနှုတ်ဆက်မြဲ၊ ကျွန်မကလဲ ပြုံးပြမြဲ……

……………………………………………………………………………………………………….

ထုံးစံအတိုင်း ကား Parking ကို ခက်ခက်ခဲခဲထိုးရတာကလွဲရင် အဲ့ဒီ့နေ့က အရာအားလုံးဟာ အဆင်ပြေချောမွေ့ပြီး ပုံမှန်အတိုင်းစီးဆင်းနေတဲ့ နေ့တစ်နေ့ပါ။ ဆရာမဂျူးရဲ့စကားကို ငှားသုံးရရင် “ထိုနေ့ကမိုးမရွာပါ” ပေါ့။ ကားပေါ်ကဆင်း… City Mart ထဲဝင်… ကျွန်မရဲ့ လိုအပ်သည်များစာရင်းနဲ့ခြင်းကလေးဆွဲလို့……ပုံမှန်ညနေခင်းလေးတစ်ခုကို ဖြတ်ကျော်နေတဲ့ကျွန်မ။ ဟိုငေး ဒီငေးနဲ့……………….။

ကျွန်မ မြင်ကွင်းထဲမှာ…. ကျွန်မ မြင်ကွင်းထဲမှာ အဝါနုရောင်ယူနီဖောင်းလေးနဲ့ သူ……….၊ သူက ပိုးဖလံလေးများလား…။

ကျွန်မ သူ့ကိုမြင်လိုက်တဲ့အချိန်လေးမှာ ကျွန်မ အသက်ရှူဖို့ ခဏလေးမေ့သွားခဲ့တယ်ရှင်….။

လန်းဆန်းတက်ကြွစွာနဲ့ Customer ကို ရှင်းပြပြောပြနေတဲ့ ဆယ်ကျော်သက်အရွယ်အရောင်းဝန်ထမ်းကောင်လေးတစ်ယောက်…………..

ဖြူစင်ဝင်းမွတ်လွန်းတဲ့ သူ့မျက်နှာလေးမှာ စိမ်းညို့နက်မှောင်နေတဲ့ ဆက်လုနီးပါး မျက်ခုံးတန်းလေးတွေက ကျွန်မကို ဆွဲဆောင်နေတာလား….။

နီးစွေးစွေးနှုတ်ခမ်းပါးလေးတွေက ရွှင်ရွှင်လေးပြုံးနေတဲ့ သူ့ပုံရိပ်က ကျွန်မကို ညှို့ငင်နေတာလား…။

တစ်ချက်တစ်ချက် နှုတ်ခမ်းပါးလေးကိုဖိကိုက်ရင်း မျက်လုံးကိုထောင့်ကပ်လိုက်တဲ့အခါ ပေါ်လာတတ်တဲ့ တစ်ဖက်တည်းသော ပါးချိုင့်လေးက ကျွန်မကို သိမ်းသွင်းနေတာလား။

မြင့်မားတဲ့အရပ်အမောင်းနဲ့လိုက်ဖက်လှစွာတဲ့ ရင်အုပ်ကျယ်ကျယ်ကိုတော့ ကျွန်မ သေချာမကြည့်ရဲခဲ့ဘူး။

သေချာတာတစ်ခုကတော့ ကျွန်မရဲ့ အမြဲတင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတွေက သူပြုံးတာကိုကြည့်ပြီး ပြုံးယောင်ယောင်ဖြစ်လို့…။ သူ့အပြုံးမှာ ကျွန်မ အလိုလိုလိုက်ပြီး ခေါင်းငြိမ့်မိတော့မလို့…။ အို… နောက်ဆုံး ကျွန်မ သူ့ဆီ တန်းတန်းမတ်မတ်လျှောက်သွားမိတော့မလို့………………..။

ဒါပေမယ့် ကျွန်မက ခင်မိမိသော်ပဲ။ အချစ်ဆိုတာကို မယုံကြည်လို့၊ အချစ်ဆိုတာကို ပူလောင်တယ်လို့ ယူဆထားလို့ ဘယ်သူ့ကိုမှ မတိမ်းညွတ်ပဲ အခုချိန်ထိ ကျွန်မတစ်ယောက်တည်းရပ်တည်လာတာ။ ပြီးတော့ ယောက်ျားဆိုတာ ယုံကြည်ရတာမျိုးမဟုတ်ဘူး။ ရှင်တို့ သိတဲ့အတိုင်းပဲ ကွယ်ရင်မေ့၊ တွေ့သေအောင်လွမ်း ဆိုတာမျိုးတွေ။ အိုင်တွေ့ ခြေဆေးတတ်တာမျိုးတွေလေ။

အို……….. ကျွန်မ.. ကျွန်မဘာတွေတွေးနေမိပါလိမ့်…။ အဟတ်…….။ ကျွန်မအတွေးနဲ့ကျွန်မ ပြန်ရယ်ချင်သွားတယ်။
ဟုတ်တယ်လေ။ အရောင်းဝန်ထမ်းလေးက Customer ကို သူ့ဟာသူ Service ပေးနေတာ။ ကျွန်မရပ်ကြည့်နေမှန်းလဲ သူသိတာမဟုတ်။ ကျွန်မကလဲ သွားရင်းလာရင်း ဘာတွေလျှောက်တွေးနေမိမှန်းမသိ။ ဘယ့်နှယ့်ကြောင့် ကျွန်မက ဘာစိတ်ကူးပေါက်ပြီး အချစ်ဆိုတဲ့အကြောင်း ယောက်ျားတွေအကြောင်းသွားတွေးလိုက်မိတာပါလိမ့်…….။
ကိုယ့်အတွေးနဲ့ကိုယ်တောင် ရှက်မိပါရဲ့ရှင်……..။

……………………………………………………………………………..

သီချင်းတွေသိပ်နားမထောင်ဖြစ်တဲ့ကျွန်မအတွက် သူ… တာဝန်ကျရာ Music Counter ကတော့ ကျွန်မအတွက် နဲနဲသူစိမ်းဆန်နေသလားလို့။ ကျွန်မရဲ့ပုံမှန်ညနေခင်းတွေမှာ ပိုလာတဲ့ အလေ့အထလေးကတော့ City Mart ထဲရောက်ရင်ဖြင့် Music Counter ဘက်ကို အကြောင်းမဲ့သတ်သတ် ပတ် မိခြင်းပါပဲ။

အခွေတွေကို ဟိုဟာရွေး၊ ဒီဟာရွေး။ ဟိုအခွေရှိလား ဒီအခွေရှိလား စကားမရှိစကားရှာ အိန္ဒြေမဲ့တွေမလုပ်ဘူးဆိုတာတော့ ပြောနေစရာတောင်လိုမယ်မထင်ဘူး။ ယုတ်စွအဆုံး သူ့ကို ကျွန်မ ခိုးတောင်မကြည့်ပါဘူး။ တခါတလေ (အဲ့ဒီ့တခါတလေ ကိုရဖို့အတွက် ကျွန်မ ရက်ပေါင်းများစွာ စောင့်ရတတ်ပါတယ်) သူက အပြုံးနဲ့နှုတ်ဆက်တဲ့အခါမှာတောင် အသိအမှတ်ပြုခေါင်းဆတ်ပြရုံကလွဲလို့ ကျွန်မရဲ့ လှုပ်ရှားမှုတွေ ရိုးသားခဲ့ပါတယ်။

တစ်ခါတစ်ခါတော့ City Martက မန်နေဂျာတွေကို စိတ်တိုမိတယ်။ Cosmetic Counter မှာမဟုတ်ရင်တောင် စားသောက်တန်းတို့ မီးဖိုချောင်သုံးပစ္စည်းတန်းတို့မှာ တာဝန်ချထားလို့မရဘူးလား။ ဘာလို့ ကျွန်မနားမထောင်တဲ့ Music ဘက်မှာမှ သူ့ကို ကျောက်ချထားရတာလဲ။ ပျံတန်တန် ထတတကောင်မလေးတွေနဲ့တွေ့သွားတော့ မခက်လား။

အို……. ခင်မိမိသော်တစ်ယောက် မဆီမဆိုင်တွေတွေးမိပြန်ပါပြီ….။

…………………………………………………………………………..

ဒီလိုနဲ့ မှတ်မှတ်ရရ ၂လတိတိရှိတဲ့နေ့မှာပေါ့။ ကျွန်မသူ့ကို မတွေ့ရတော့ပါဘူး။ ပထမတုန်းကတော့ သူ နေမကောင်းလို့လား၊ သူ… Morning Shift များဖြစ်သွားလား၊ သူ… တခြား Branch ကိုများရောက်သွားလား…….. နဲ့ လားပေါင်းများစွာနဲ့ အဲ့ဒီ့ညနေ။

နောက်နေ့လဲ ရုံးမှာ အဆင်မပြေ၊ အမှားမှားအယွင်းယွင်း၊ စိတ်နဲ့လူနဲ့မကပ်တာလဲ သူနဲ့တော့ မဆိုင်လောက်ပါဘူးနော်။ ဒီလိုနဲ့ ကာတအတန်ကြာပြီးတဲ့အခါမှာတော့…

………………………………………………………………………………………………

ကျွန်မတို့ ကုမ္ပဏီ ကျွန်မဌာနမှာ Marketing အတွက် ဝန်ထမ်းအင်အားဖြည့်ဆည်းမှာဖြစ်တာကြောင့် ကျွန်မပါ အင်တာဗျူးထိုင်တဲ့အထဲ ပါရမယ်တဲ့။ အချိန်မစခင် လျှောက်ထားသူတွေရဲ့ ကိုယ်ရေးရာဇဝင်လေးတွေ ကျွန်မ ဖတ်ကြည့်နေမိတယ်။ အဲ့ဒီ့မှာ….. အဲ့ဒီ့မှာ သူ လဲ ပါလာတယ်ရှင်တို့ရေ…

CVဓာတ်ပုံလေးထဲကနေ ပြုံးစစလေး ကျွန်မကိုကြည့်နေလိုက်တာ အင်တာဗျူးမေးရမယ့်ကျွန်မရဲ့ ရင်ခုန်နှုန်းက ဖြေရမယ့် လျှောက်ထားသူတွေနဲ့ မခြားလောက်ဘူးထင်တာပဲ။

အမယ်… နံမယ်က ဘာတဲ့…… ။ ကျွန်မ မခေါ်ရဲဘူးရှင်ရယ်….။ ချစ်ကိုကို.. တဲ့။
အသက်က ၂၂။ (ကျွန်မက ဆယ်ကျော်သက်လို့ထင်ခဲ့တာ.. လွဲသွားတယ်)
စီးပွားစီမံနဲ့ ဘွဲလေးတစ်ခုရထားပြီး Certificate တွေပါတွဲထားလိုက်သေးတယ်။
အရင်ကုမ္ပဏီတွေရဲ့ ထောက်ခံချက်Recommendation လေးတွေတောင် ပါသေး။ (ဒါဆိုလဲ အဲ့ဒီ့တွေမှာပဲ ဆက်လုပ်ပေါ့ကွာ.. နော့ရာ)

………………………………………………………………………………………………

တစ်ယောက်ပြီးတစ်ယောက် မေးခွန်းလေးတွေကို ကျွန်မတို့ ၃ယောက်အလှည့်ကျမေးရင်း မကြာခင်မှာပဲ သူ့အလှည့်ရောက်လို့လာခဲ့ပါပြီ။
ဝင်ဝင်လာချင်းပဲ သူကျွန်မကို အရင်ဆုံး တွေ့လိုက်ပြီး ကျွန်မကို သူမှတ်မိကြောင်း သူ့ရဲ့ ရင်းနှီးနွေးထွေးတဲ့ အပြုံးရွှင်ရွှင်လေးက သက်သေပြနေပါတယ်။

ကျွန်မဟာ အမှန်တရားကိုသာ မြတ်နိုးသူပါ။ အမှန်တကယ်အရည်အချင်းမရှိဘဲ နေရာတစ်ခုကို ကျွန်မကြောင့် အချောင်ရလိုက်တာမျိုးကို မနှစ်သက်သူပါ။

သူ့အရည်အချင်းတွေက CV စာရွက်ပေါ်မှာပဲရှိပြီး လက်တွေ့အသုံးကျမကျ ကျွန်မဘယ်လိုသိနိုင်မလဲ။
(ဟောတော့……. ပြောရင်းဆိုရင်း…… သူ့ Englishလေးက မဆိုးဘူးရှင်….)

ပြီးတော့ အပျိုကြီးမမက ကောင်လေးချောချောလေးကိုလဲ မြင်ရော တန်းခန့်လိုက်တော့တာပဲဆိုပြီးများ ကဲ့ရဲ့ခံရမှာတော့ ကျွန်မ အကြောက်ဆုံးပါပဲ။

သူ ကျွန်မတို့ဆီမှာအလုပ်ဝင်ရင် ကျွန်မပျော်သွားမှာလား၊ ဒါမှမဟုတ် ကျွန်မကိုယ်ကျွန်မ ဆုံးမပဲ့ပြင်နေရတာနဲ့ စိတ်ပဲကျဉ်းကြပ်မလားဆိုတာတွေးရင်း တစ်ယောက်တည်း အဖြေမထွက်နိုင်ခင် သူ့အလှည်ပြီးဆုံးသွားခဲ့ပါပြီ။

………………………………………………………………………………………………………………………

သူထွက်သွားပြီးတဲ့နောက် ဦးခင်ဇော်ရဲ့ “ကဲ… ဒေါ်ခင်မိမိသော်…. ဒီတစ်ယောက်ရော ဘယ်လိုသဘောရလဲ..” ဆိုတဲ့မေးခွန်းကို ကျွန်မ ဘယ်လို ဖြေလိုက်ရပါမလဲရှင်…

ခင်မိမိသော်

(တီးကော့ခ်)

12 comments

  • thit min

    January 15, 2012 at 4:23 pm

    နာမဝိသေသများကိုသုံးစွဲခြင်းဖြင့် သင်၏ ပြောလိုသောအဓိက “အချက်”ကိုဖုံးကွယ်နိုင်ပါသည်။
    (ဒီနည်းကိုဘယ်သူ့မှမပြောရဘူးနော်)
    ဆရာသဘောကျရင်(သို့)ဦး– သဘောကျရင်၊လုပ်ငန်းအတွက်သင့်တော်မယ်လို့ထင်ရင်၊ဒီထက်ကောင်း
    သူမရနိုင်တော့ဘူးလို့ထင်ရင်၊ သူ့အနေအထားကလက်ခံနိုင်တယ်လို့ဦး–ကယူဆရင်၊ဒီအသက်အရွယ်
    ဒီအရည်အချင်းနဲ့လက်မလွှတ်သင့်ဘူးလို့ထင်ရင် “ခန့်လို့ရလိမ့်မယ်လို့ကျွန်မတော့ထင်မိပါရဲ့ရှင်”။
    ——–ပြီးပါပြီ————-
    (^^)သစ်

    • inz@ghi

      January 15, 2012 at 8:34 pm

      ဆြာက ဆြာပါပဲဗျာ ……
      လေးစားပါ၏ဆြာ ….

      နီဟွန်းဂေါ ဒဲယ်အရယ်ဘ …အူမစုဂိလု ခန်းဆိုင်းဘန်း ဒဲခိလုရှိ… …..ဖူခိုက်အိ အဲ့အိဂေ့ါ စုခိးလု…ပုလပ်စ်စု အာလဖာ..
      ဘိရုမာဂေါ့မိုး ဘွန်းပိုးတဲ့ခိန ခိလဲရိဒဲ့ တဲ့ခိတိုးန ဟနရှိခတ ဂ မွတ်တဲ့လု ခတ ဒက်စ်နဲ…..

      😀

  • weiwei

    January 15, 2012 at 4:47 pm

    ဒီစာလေးဖတ်မိတော့ city mart မှာ တစ်ခါကြုံခဲ့တာလေး သတိရသွားမိတယ် …
    ဘယ်ကောင်တာလဲတော့ မမှတ်မိတော့ဘူး … ကောင်တာတစ်ခုမှာပဲ ဟိုရွေးဒီရွေးလုပ်နေတုန်း အမြင့်ကဟာကို ယူမလို့ ကြိုးစားနေချိန်မှာ အရောင်းဝန်ထမ်းကောင်လေးတစ်ယောက်က …
    “အန်တီ နေနေ … သား ယူပေးမယ် ” … တဲ့ ….
    ကိုယ့်ကိုကုယ်ပြန်ငုံ့ကြည့်တော့လဲ ဒီလောက်မအိုစာသေးပါဘူး .. သူ့ကိုကြည့်တော့လဲ သိပ်မငယ်လှပါဘူး … ဘာလို့ အဲဒီလို အပြုအမူရှိတာလဲလို့ အံ့ဩသွားမိတယ် … 🙂

    • Thel Nu Aye

      January 16, 2012 at 12:43 pm

      ဟုတ်ပါ့။ အရောင်းဝန်ထမ်းမလေးတယောက်ကလဲကျွန်မကိုအန်တီတဲ့။ သူ့ကိုကြည့်ရတာ ၃ဝ မအောက်နိုင်တော့ပါဘူး။ ကျွန်မကလဲပြန်ပြောလိုက်တယ်။ ရပါတယ်သမီးရယ်လို့။ အဲဒီကျမှရီပြီးအမတဲ့။ အမျိုးသားကတော့အားပေးပါတယ်။ ဟုတ်လို့ခေါ်တာနေမှာမနာနဲ့တဲ့။

  • စိန်ပေါက်ပေါက်

    January 15, 2012 at 4:56 pm

    ဒီမယ် အပျိုဂျီး..ဒေါ်ခင်မိမိသော်…
    သများကို ရိသဲ့သဲ့.အိနွဲ ့နွဲ ့ လာလုပ်ပါနဲ ့..
    သများမှာ ချစ်ရတဲ့ ကိုကိုချိတယ်ချင့်.တိရဲ့လား..
    ညှင်း..ညှင်း..ညှင်း….

    အဲလိုဆို ဘိုလုပ်မရဲ ဟင် 🙄

    • MaMa

      January 16, 2012 at 1:36 pm

      အဲလိုဆိုရင်လည်း ကိုရင်ပုဆီ ပို့လိုက်တာပေ့ါ။
      (ဒီနှစ်အတွင်း မဆဲရဟု သဂျီး အမိန့်ထုတ်ထားတယ်နော်။) 😆

      • စိန်ပေါက်ပေါက်

        January 16, 2012 at 1:45 pm

        ဒီနှစ်အတွင်း ဆဲတာတွေကို အထူးကြပ်မတ်သွားမှာဖြစ်ပါတယ်
        ထောင်ခြောက်ဆင် ဆဲဆိုခိုင်းတဲ့ပို ့စ်များ ရှောင်ကြစေလိုပါတယ်နော့
        😀

  • windtalker

    January 15, 2012 at 7:18 pm

    ဪ…
    ငတို ့ရွာနှယ်….
    စင်ဂဲဂျီးများ ရွာလို ့ကို မပြောရဘူး
    အခုပို ့စ် ကို ဖတ်ပြီးမှ
    ဂေဇက်တွင် စာရေးသူ
    စင်ဂဲဂျီး တစ်ဦး ထပ်တိုးလာကြောင်း
    သဂျီးကိုယ်စား မှတ်တမ်းတင်လိုက်ပါ၏
    ဟီဟိ

  • inz@ghi

    January 15, 2012 at 8:29 pm

    >>>ကျွန်မတို့ ကုမ္ပဏီ ကျွန်မဌာနမှာ Marketing အတွက် ဝန်ထမ်းအင်အားဖြည့်ဆည်းမှာဖြစ်တာကြောင့် ကျွန်မပါ အင်တာဗျူးထိုင်တဲ့အထဲ ပါရမယ်တဲ့။>>>

    Marketing Dept: လားဗျ….?

  • Khin Kha

    January 16, 2012 at 12:42 pm

    weiwei ကအိုစာတာမဟုတ်လောက်ဘူး၊ ကောင်းလေးကပိုငယ်ချင်တာဖြစ်မှာပါ။
    ပြီးတော့အဲဒီနေ့က weiwei လူကြီးစတိုင်ထုတ်ထားလို့လည်းဖြစ်မှာပေါ့။

    • weiwei

      January 16, 2012 at 1:29 pm

      အန်တီခေါ်ခံရတာကို အံ့ဩလို့မဟုတ်ဘူး .. သူ့ကိုယ်သူ သား လို့ ပြောတာကို အံ့ဩတာပါ …. ဒီလောက်အရွယ်ရောက်နေပြီ လူကြီးစိတ်မဝင်သေးဘူးဆိုတော့ ….

  • Harumoto

    January 16, 2012 at 1:51 pm

    “ကဲ… ဒေါ်ခင်မိမိသော်…. ဒီတစ်ယောက်ရော ဘယ်လိုသဘောရလဲ..”
    ဆိုတဲ့မေးခွန်းက အဓိပ္ပါယ် ၂ မျိုး များပေါက်သလားလို့။
    ဦးခင်ဇော်က ဒေါ်ခင်မိမိသော် အပျိုကြီး အတွေးများ ဂျေးများ နေတာကို ခပ်ရွဲ့ရွဲ့ မေးတာများလား။
    ဒါဆို ဒေါ်ခင်မိမိသော်..ဘယ်လိုုုများတွေးမလဲ..

Leave a Reply