ရုပ်သေးရုပ်ပွဲတော်
“ရုပ်သေးရုပ်ပွဲတော်”
========================
တိတ်ဆိတ်မှောင်မိုက်နေသော လမ်းကျဉ်းလေးဝယ် ထိုင်နေသူအများအပြားရှိပါသည်။ သူတို့သည် မျှော်လင့်ခြင်းကြီးစွာဖြင့် ကောင်းကင်ဆီသို့မော့ကြည့်နေကြသည်။ ထိုတိတ်ဆိတ်မှောင်မိုက်နေသော လမ်းလေးမှာပင် လှုပ်ရွနေကြသူများလည်းရှိပါသည်။
“ဘယ်တော့လာမှာလဲ”
“ဘယ်တော့လာမှာလဲ”
တိုးသဲ့သဲ့မေးသံများသည် တိတ်ဆိတ်ခြင်းကို ရံဖန်ရံခါ ဖေါက်ထွက်လာကြ၏။ သို့သော် ထိုမေးခွန်းသည် မေးခွန်းသာဖြစ်လျှက် အဖြေမရှိ။ အဖြေမရှိခဲ့။
လမ်းကျဉ်းလေးဝယ် အလင်းတချို့ စိုက်ခနဲ စိုက်ခနဲ ကျလာသည်။ ထိုအလင်းတို့အား လိုက်ဖမ်းနေကြ၏။ ကိုယ့်ဘေးနားသို့ အလင်းကျလာပါလျှက် မမြင်ကြသူတွေကလည်း အများအပြား။
“မလာသေးဘူးလား”
“ခုထိ မလာသေးဘူးလား”
“မျှော်ရတာ ပင်ပန်းလှပြီ”
လူတချို့၏ တီးတိုးရွတ်ဆိုသံသည် သိပ်မကျယ်လောင်တော့။ အလင်းဖမ်းသူအများအပြား၏ လှုပ်ရွသံသည်သာ ဖုံးလွှမ်းသွား၏။
“ဟော ဟိုနားမှာ ဟေ့”
“ဒီမှာဟ ဒီမှာ”
……………………………..။
“အလင်းရှင်သည် အမှောင်ကို ခွင်းဖို့ကြိုးစားသော်ငြား လူသားတို့၏ စာနာမှုမရှိခြင်းကို တွေ့မြင်ရသောကြောင့် အမှောင်ကိုမခွင်းပဲ ကောင်းကင်ထက်သို့ ပြန်သွားလတံ့”
ရုတ်တရက် ကြားလိုက်ရသော စကားသံကြောင့် အလင်းဖမ်းသူများကော၊ အလင်းကို မမြင်ရ၍ တိတ်ဆိတ်နေကြသူများပါ ရုတ်တရက် လန့်ဖျပ်သွားကြသည်။ ဒီအမှောင်ကို မခွင်းနိုင်တော့ဘူးလား ဆိုသည့် မေးခွန်းများစွာတဝဲလည်လည်ဖြင့် အသံရှင်ကို လိုက်ရှာနေကြ၏။ သိပ်မကြာခင်မှာပင် အသံရှင်ကို အမှောင်ပျပျတွင် တွေ့လိုက်ရ၏။
ယပ်တောင်တစ်ချောင်းကို ကျောတွင်စိုက်လျှက် လက်တွင်တော့ ဓါတုဆေးများဖြင့်ပြုလုပ်ထားသည့် မီးလင်းလက်ကောက်များ ဝတ်ဆင်ထားသည့် လူတစ်ယောက်။ ထိုသူ့သဏ္ဍာန်ကို ကြည့်ရုံမျှဖြင့် စိတ်မနှံ့ဟု သိသာနေသည်။ သို့သော် လူအားလုံး မလှုပ်ရဲဘဲ တိတ်ဆိတ်ငြိမ်သက်စွာ တွေးတောနေကြသည်။
သဘင်သည်စကား၊ အရူးစကား၊ ကလေးစကားတို့ကို မျက်နှာလွှဲခဲပစ်မလုပ်သင့်ဟူသည့် ရှေးက ချန်ထားခဲ့သည့် စာသားကို တွေးးတောနေကြသည်။ သို့ဆိုလျှင်ဖြင့် ဒီအရူး၏ စကားကို သေချာစဉ်းစားသင့်သည် ဟု တွေးသူ အများအပြားရှိသလို တချို့ကလည်း စိုက်ခနဲစိုက်ခနဲကျလာသော အလင်းများအား ကောက်ယူဖို့ ချောင်းမြောင်းနေကြပြန်၏။
ထို့နောက် ထိုစိတ်မနှံ့သူက လမ်းကျဉ်းလေးတွင်ပင် ရပ်လျှက် အလင်းစများအား ကောက်ခါငင်ကာဖြင့် လိုက်ကောက်နေပြန်သည်။ ထို့နောက် အလင်းရှာမတွေ့သူတချို့အား အလင်းစပေးလိုက် ကောက်လိုက်လုပ်နေသဖြင့် ကျန်သူတို့မှာ မတွေးအားတော့။ သူတို့ပါ အလောတကြီးလိုက်ကောက်ကြပြန်၏။ စိတ်မနှံ့သူပေးသော အလင်းကြောင့် လူတချို့သည်လည်းအလင်းကို ရှာဖွေနိုင်စွမ်းရှိလာပြန်သည်။
“အလင်းတွေဝယ်ချင်ပါတယ် အလင်းတစ်စအတွက် အမိုးတစ်စိတ် နဲ့ လဲပါ့မယ်။”
ကြည်လင်ပြတ်သားသော အသံများကြောင့် လမ်းကျဉ်းလေးထဲမှ လူအပေါင်းသည် အသံလာရာသို့လှည့်ာကည့်လိုက်ကြ၏။ လူကြီးလူကောင်းပုံဝတ်ဆင်ထားသော အမည်းရောင် ကမ္ဗလာများထံမှ အသံထွက်လာခြင်းဖြစ်သည်။ အမိုးမရှိ၊ အကာမရှိ၊ အိမ်မရှိ၊ ယာမရှိ ဆိုသည့်နာမည်ဖြင့် လမ်းကျဉ်းလေးတွင် နေလာတာကြာပြီဖြစ်သော သူတို့အတွက်တော့ အမိုးတစ်စိတ်ဟူသည် ကြီးမားသည့် ဆွဲဆောင်မှုကြီးဖြစ်သည်။
စိတ်မနှံ့သည့်အရူးမှလွဲ၍ ကျန်သူများ၏ မျက်နှာတွင် အနီရောင်သမ်းလာသည်။ ထို့နောက် အလင်းကောက်ဟန်မှာ ကနဦးကလို ငြိမ်ငြိမ်သက်သက်မဟုတ်တော့ပဲ ပြေးခွကျော်လွှားကာ ကောက်နေကြသည်။ အလင်းမမြင်သူတချို့ကလည်း ကိုယ့်ဘေးနားမှာရှိလိုရှိငြား လက်ဖြင့် မှန်းသမ်းရမ်းကာ ကောက်ကြ၏။ ကံကောင်းသူတချို့ရှိသလို ကံဆိုးမြဲဆိုးနေသူလည်း ရှိသည်။
အရူးသည် ခေါင်းကို ဖြည်းဖြည်းလေးလေး ခါလိုက်ရင်း အမည်းရောင်ကမ္ဗလာများဆီသို့ တည့်တည့်လျှောက်သွားလေ၏။
“ဘာ့ကြောင့် အလင်းကို ဝယ်ချင်ရတာတုန်း”
“အရူးက အရူးလို နေစမ်းပါ”
“ဘာ့ကြောင့် အလင်းကို ဝယ်ချင်ရတာတုန်း”
အရူး၏ ထပ်မေးသံကြားတော့ အမည်းရောင် ကမ္ဗလာတစ်ခုက ဖြေသည်။
“သူတို့ဆီမှာ အလင်းတွေများရင် ကျုပ်တို့ အမှောင်တွေ အတွက် နေရခက်မှာပေါ့ဗျ အားလုံးစုစုစည်းစည်းနဲ့ အလင်းကို တူတူကောက်လိုက်ကြရင် အလင်းထုကြီးက ကျုပ်တို့ကို ဖယ်ထုတ်မှာလေ ခုလိုကျတော့ အမိုးတစ်စိတ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက ်အလင်းကောက်ရင်း သူတို့စိတ်တွေ မသန့်ရှင်းတော့ဘူး တွေ့လား အဲဒီအချိန်ကျ အလင်းရှင်လည်း သူှုလူတွေရဲ့ စိတ်ညစ်ထေးမှုကိုကြည့်ပြီး အလင်းကို ပြန်ရုတ်သိမ်းလိုက်မှာပဲ အဲဒီအခါ ဒီကမ္ဘာက ကျုပ်တို့ရဲ့ ကမ္ဘာ ဖြစ်မြဲဖြစ်နေမှာပေါ့”
အရူးက ခေါင်းခါလိုက်သည်။ ထို့နောက် အော်ကြီးဟစ်ကျယ်ဆန်စွာ အော်ဟစ်လိုက်သည်။
“ကြားကြလား”
မည်သူမျှ သူ့ကို လှည့်မကြည့်။
“ကြားကြလား”
တစ်ယောက်နှင့်တစ်ယောက် ခုန်ပျံကျော်လွှားကောင်းနေကြဆဲ။
“ကြား ကြ လား”
ထို့နောက်တော့ ခုန်ပျံကျော်လွှားသံများမှလွဲ၍ မည်သည့်အရာမျှ မကြားရတော့။ အသံမထွက်ပဲ အော်ဟစ်နေသည့် အရူးတစ်ယောက်နှင့် ခုန်ပျံကျော်လွှားနေသည့် လူစုကြီးသာ ကျန်ခဲ့တော့၏။ အမည်းရောင်ကမ္ဗလာများကတော့ ကျေနပ်စွာ လက်ပိုက်ငေးကြည့်နေကြဆဲ။
ထိုအချိန်မှာပင် အရူး၏ မျက်ဝန်းများ ရုတ်တရက်ပြုံးသွား၏။ ထို့နောက်တော့ ကျေနပ်စွာ ခေါင်းတငြိတ်ငြိတ်လုပ်နေပြန်သည်။ ထို့နောက် အမည်းရောင်ကမ္ဗလာများကို လက်ညိုးထိုးကာ ဟားတိုက်ရယ်မောပြန်၏။ သို့သော် အသံမထွက်။ အမည်းရောင်ကမ္ဗလာများကတော့ အရူးကို ကြောင်အစွာ ပြန်ငေးကြည့်နေကြသည်။
“ဒီအရူးတော့ စိတ်မနှံ့တော့ဘူးထင်တယ်”
“ကြည့်ရတာ ပိုပိုဆိုးလာတယ်ထင်ပ”
ထို့နောက် သူတို့၏ မျက်လုံးများကို အပြိုင်အဆိုင် အလင်းကောက်နေကြသော လူစုကြီးထံသို့ လွှဲလိုက်ပြန်သည်။
အရူးကတော့ သူတို့ကို ဟားတိုက်ရယ်မောရင်း
“အဖန်တီးခံအချင်းချင်း ဘာ့ကြောင့် တိုက်ခိုက်နေကြပါသလဲ” ဟု ရွတ်ဆိုကာ လမ်းကျဉ်းလေးထဲမှ ထွက်ခွာသွားတော့၏။
လူစုကြီးကတော့ အပြိုင်အဆိုင် အလင်းကောက်ဆဲ။ အမည်းရောင်ကမ္ဗလာများသည်လည်း ကျေနပ်နှစ်သိမ့်နေကြဆဲ။
ရည်ဝေ(လင်းရောင်ခြည်)
http://yiwai-yng.blogspot.com/2013/11/blog-post_5.html
2 comments
ဂျူးနဲ ့ဘာမှ မဆိုင်တဲ့ ရာဂျူး
November 22, 2013 at 7:27 am
good story.
TNA
November 22, 2013 at 5:01 pm
မော်ဒန်စာစုထင်ပါ့ အားပေးသွားပါတယ် နားတော့သိပ်မလည်သလိုပဲ