ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၆
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၁
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၃
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၃
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၄
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၄
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၅
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၅
———————————————————————————————-
စာမေးပွဲဖြေဖို့ တစ်လလောက်အလိုမှာ ဂိုက်ဆရာမက အိမ်မှာလာအိပ်ပေးတယ်။ အတူတူစာသင်တဲ့ သူငယ်ချင်းကလည်း အိမ်မှာပဲ အိပ်တယ်။ ကျွန်မအတွက်ကတော့ တကယ့်ကျဉ်းထဲကျပ်ထဲပဲ။ ညဘက်ဆို (၁၂) နာရီလောက်အထိ စာကျက်ရတယ်။ မနက်ဆို (၄) နာရီမှာ နှိုးတယ်။ ဆရာမက ဘယ်လောက်တောင် ဝီရိယကောင်းလဲဆိုရင် မနက် (၃) နာရီဆို သူက နိုးနေပြီ။ အဲဒီအချိန်ကတည်းက ကျွန်မကို နှိုးချင်နေတာဆိုပဲ။ စောနေသေးလို့တဲ့။ တော်သေးတာပေါ့။ နာရီတကြည့်ကြည့်နဲ့ (၄) နာရီအထိ စောင့်တာတဲ့။ (၄) နာရီဆိုတာနဲ့ ကျွန်မကို ခေါ်ပြီ။ အိမ်ကလူတွေနှိုးရင် ပေတေပြီး ဆက်အိပ်နေသလောက် ဆရာမနဲ့ဆိုတော့ မထလို့မရတော့ဘူး။ သူငယ်ချင်းက အိမ်ရှေ့ခန်းက ကျွန်မတို့ စာကျက်တဲ့နေရာမှာ အိပ်တယ်။ ဆရာမက အိမ်လယ်ခန်းမှာ အိပ်တယ်။ ကျွန်မနဲ့အဘွားကတော့ အိပ်ခန်းထဲမှာပေါ့။ ကျွန်မမှာ အိပ်ချင်မူးတူးနဲ့ စာကြည့်စားပွဲကိုသွားရတာ။ အရှေ့ခန်းက သကောင့်သားကတော့ ခြင်ထောင်အပြင်ကိုထွက်တာနဲ့ စာကြည့်စားပွဲကိုရောက်ပြီ။ တစ်ခါတစ်ခါ သူက ခေါင်းလေးပဲ အပြင်ထုတ်ပြီး စာကျက်သေးတယ်။ ဆရာမကတော့ မှေးရင်းနဲ့ပဲ စောင့်တာပေါ့။ ကျန်တဲ့အချိန်တွေဆို နှစ်ယောက်သား မတည့်သလောက် ဒီလိုအချိန်ဆိုရင်တော့ ငြိမ်းချမ်းရေးပဲ။ တစ်ယောက်တစ်လှည့်ဆီ အသံထွက်ပေးတာ။ သူက စာအော်ကျက်နေရင် ကျွန်မက ငိုက်တယ်။ ကျွန်မ စာအော်ကျက်ရင် သူက ငိုက်တယ်။ ဆရာမက လှမ်းမေးရင်တော့ စာတွက်နေတယ်လို့ ပြောပေးတယ်။ ဒီလိုနဲ့ ကျွန်မတို့မှာ စာမေးပွဲဖြေခါနီး တစ်လလောက်ကို ဖြတ်သန်းကြလေသတည်းပေါ့။
စာမေးပွဲကြီးဖြေမယ့်အချိန်ကို ရောက်လာပြီ ဖြစ်ပါတယ်။ မြန်မာစာကျက်စာနေ့ဆိုတော့ ဂိုက်ဆရာမက မလာဘူး။ သူငယ်ချင်းကလည်း သူ့အိမ်မှာပဲ ပြန်အိပ်တယ်။ မြန်မာစာဖြေမယ့်ညဦးပိုင်းမှာ သိပ်လည်း စိတ်မလှုပ်ရှားမိပါဘူး။ ဖြစ်ချင်တော့ မြန်မာစာဆရာကြီးက မိသားစုထဲကတစ်ယောက်ရဲ့ ကျန်းမာရေးကြောင့် အလုပ်တွေရှုပ်နေတယ်။ ဆရာကြီးခမျာ တပည့်တွေဆီကို မရောက်ရောက်အောင် လာရှာပါတယ်။ ကျွန်မကိုလည်း စိတ်အေးအေးထားဖို့၊ သေချာဖြေခဲ့ဖို့ မှာတာပေါ့။ အဲဒီနေ့ ညနေဘက်တုန်းက ကျွန်မရဲ့ ဂိုက်ဆရာနဲ့ ဖုန်းပြောဖြစ်တယ်။ သူကလည်း ရန်ကုန်မှာ ဟော့ဖြစ်နေတဲ့စာတွေကို ပြောပြတာပေါ့။ အဲဒါနဲ့ ကျွန်မကလည်း ဆရာကြီးကို ရန်ကုန်မှာတော့ ဘယ်အပုဒ်တွေဟော့နေတယ် လို့ ပြန်ပြောဖြစ်တော့ ကျွန်မကို ဆူပါလေရော။ နင် ဘာတွေလျှောက်လုပ်နေတာလဲ၊ စာတွေကို ရွေးမကြည့်သွားနဲ့နော် တဲ့။ ကျွန်မကလည်း စပေါ့တွေကို မယုံပါဘူး။ ပြာပြာသလဲပြန်ရှင်းပြရတာပေါ့။ ပြောပြတာပါလို့၊ အကုန်ကြည့်သွားမှာပါလို့။ ဆရာကြီး ပြန်သွားတော့ ည (၉) နာရီလောက် ဖြစ်နေပြီ။ ဒီလိုနဲ့ ခဏလောက် စာပြန်ဖတ်ပြီး အိပ်မယ်ပေါ့။ အဲဒီမှာ ပြဿနာက စတော့တာပဲ။ စာအုပ်လည်း ပြန်လှန်ရော နောက်ပိုင်းစာတွေ မေ့ကုန်တာ။ ခေါင်းထဲမှာ ဘာမှကို မရှိတော့တာ။ ပြန်စဉ်းစားလေ စာတွေက ရောနေလေပဲ။ ရုတ်တရပ်တော့ တော်တော်လေး ပြာသွားတယ်။ ဒါပေမယ့် စိတ်ကိုတည်ငြိမ်အောင် ပြန်ထိန်းရတာပေါ့။ တကယ်တော့ ကျွန်မရဲ့ အကျင့်က စာမေးပွဲဖြေခါနီးရင် စာတွေမေ့တတ်တာ။ စာမေးပွဲခန်းထဲရောက်လို့ ဖြေပြီဆိုရင် ပြန်စဉ်းစားလို့ရတယ်။ တစ်နှစ်ပတ်လုံးကလည်း စာမေးပွဲပေါင်းများစွာကို ဖြေခဲ့တာဆိုတော့ အခုလည်း ဒါ ငါ့အကျင့်ပဲလေ ဆိုပြီး စိတ်ကို ပြန်ထိန်းရတာ။ အမေ့ကိုလည်း မပြောရဲဘူး။ အဆူခံရမှာစိုးလို့။ ဒီလိုနဲ့ (၁၁) နာရီလည်းကျော်ရော မနက်ဖြန်စာမေးပွဲကို အမှတ် (၁၀၀) ရအောင်ဖြေမယ့်ရုပ်မျိုးဖမ်းပြီး ဝင်အိပ်လိုက်ပါလေရော။
မနက်ကျတော့ (၄) နာရီလောက်မှာ အမေကနှိုးတယ်။ စာမေးပွဲရက်မှာ ကဂျီကဂျောင်ကျနေရင် အဆဲခံရမှာစိုးလို့ မထချင်ထချင်နဲ့ ထရတာပေါ့။ ဒါနဲ့ မနေ့က မေ့နေတဲ့စာတွေ ပြန်ကြည့်မယ်လည်းလုပ်ရော စာအုပ်က မတွေ့ဘူး။ ဆရာကြီးက အပုဒ်ရှည်တွေကို နမူနာဖြေပေးထားတာတွေ ရှိတယ်။ မှတ်စုသဘောမျိုး ကြည့်ရအောင်ပေါ့။ ရှေ့ပိုင်းအတွက် အပို်င်း (၁)၊ နောက်ပိုင်းအတွက် အပိုင်း (၂)။ အခုက ပြန်ကြည့်မယ်ဆိုတဲ့ အပိုင်း (၂) စာအုပ် ပျောက်နေတာ။ ဘယ်လိုမှ ရှာမတွေ့ဘူး။ အမေက အစကတည်းက ပျောက်နေတာလားတဲ့။ မဟုတ်ဘူး၊ ညကတင် ဖတ်နေသေးတယ်ပေါ့။ တစ်အိမ်လုံးလည်း ဗြောင်းဆန်နေပြီ။ မတွေ့တော့တဲ့အဆုံးတော့ အိမ်က အစ်မဝမ်းကွဲကို သူငယ်ချင်းဆီကိုလွှတ်၊ နောက်ပိုင်းအခန်းတွေ မကြည့်တော့ဘူးဆိုရင် အပိုင်း (၂) စာအုပ်လေး ငှားလိုက်ဖို့ ပြောရတာပေါ့။ သူငယ်ချင်းကလည်း စာကြိုးစားရှာပါတယ်။ စာအုပ်ပေးလိုက်တယ်။ သူ့စာအုပ်လေး ကယ်ပေလို့သာပေါ့။ ဘယ်လောက်ပဲကြည့်ကြည့် စာတွေက ခေါင်းထဲကို မဝင်တော့ပါဘူး။ ဒါနဲ့ပဲ မနက်စာလေးစား၊ ရေမိုးချိုးပြီး ကျောင်းသွားဖို့ ပြင်ဆင်လိုက်ရော။
ထုံးစံအတိုင်း အမေက ပန်း၊ ရေချမ်း၊ ဆီမီး အကုန်ကပ်ပေးထားတယ်။ ဘုရားလည်း ကန်တော့ပြီးရော အမေက စာရွက်တစ်ရွက်ထုတ်လာတယ်။ ကျွန်မရဲ့ဆရာက ဗေဒင်မေးပေးပြီး ပြန်ပေးထားတဲ့စာရွက်။ မြန်မာစာဖြေရမယ့်နေ့အတွက် ယတြာက နဖူးမှာ “က” အက္ခရာကို ရေးသွားရမယ်၊ နှင်းဆီပန်းအဝါ ဆောင်သွားရမယ်တဲ့။ တော်သေးတာပေါ့။ စတိပဲ ရေးရင် ရပြီဆိုလို့ ခဲတံလေးနဲ့ပဲ အသာလေးရေးလိုက်လို့။ နှင်းဆီပန်းကတော့ ကွန်ပါဘူးထဲ ထည့်လို့မရတော့ လက်ကကိုင်ထားရတာပေါ့။ ကျောင်းနဲ့အိမ်နဲ့က နည်းနည်းလှမ်းတော့ ဆိုက်ကားနဲ့ သွားတယ်။ အမေက လိုက်ပို့တယ်။ စိတ်လှုပ်ရှားရင် အမှားများမှာစိုးလို့ စာမေးပွဲကြီးဆိုတာကို မနည်းဖျောက်ထားပြီး ဖြေနေကျစာမေးပွဲလု့ိပဲ စိတ်ထဲထည့်ထားရတာ။ ကျောင်းရှေ့မှာလည်း လူအုပ်က မနည်းဘူး။ ဒီနှစ်က ထူးထူးခြားခြား ကျောင်းထဲကိုအဝင်မှာ အခန်းလေးတွေလုပ်ထားတယ်။ ခိုးချမယ့်စာရွက်ပါမပါ စစ်ခံရမယ်တဲ့။ ကျွန်မဝင်သွားတော့ အထဲမှာရှိတဲ့ ဆရာမတွေက ငယ်ငယ်က ထူးချွန်စာမေးပွဲတွေဖြေရင်းနဲ့ မျက်မှန်းတန်းမိပြီး သိနေတဲ့ဆရာမတွေ ဖြစ်နေတော့ သူတို့က ကျွန်မကိုဆို မစစ်တော့ဘူး။ စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ သွားသွား သမီး၊ ရတယ် တဲ့။ နှင်းဆီပန်းကိုလှမ်းကြည့်ကြတော့ ကျွန်မမှာ ရှက်လိုက်တာ။ ဖြေရမယ့်အခန်းကို ရှာလိုက်တော့ ထောင့်ခန်းဖြစ်နေတယ်။ အနောက်နဲ့ ဘေးမှာက ကော်ရစ်ဒါဆိုတော့ သိပ်မချောင်ဘူး။ ကံကောင်းတာက အခန်းထဲက စာတော်တဲ့သူငယ်ချင်း (၃) ယောက်လောက်နဲ့ အတူတူကျနေတော့ တော်သေးတယ်။ အတူတူကျတယ်ဆိုလို့ အမေက မှာလိုက်သေးတယ်။ ဘယ်အခန်းကျလဲ လို့ မေးရင် ပြန်မဖြေနဲ့တဲ့။ ကျ ဆိုတာက နိမိတ်မကောင်းဘူးတဲ့။ ဘယ်အခန်းမှာ ဖြေရမှာလဲ လို့ မေးမှ ပြန်ဖြေတဲ့။ သူငယ်ချင်းတွေက မေးမှတော့ ပြန်မဖြေလို့ မရဘူးလေ။ သူတို့ ဘယ်လိုပဲ မေးမေး၊ ငါ ဘယ်အခန်းမှာ ဖြေရမှာ လို့ ပြန်ဖြေရင်း ကျ ဆိုတာကို ထည့်မပြောဖို့လည်း ရှင်းပြရသေးတယ်။
အခန်းထဲကိုဝင်တော့လည်း ထပ်ပြီး ဘုရားကန်တော့သေးတယ်။ အဖြေလွှာမှာ ဘေးမျဉ်းတွေတားနေရင်းနဲ့လည်း သမ္ဗုဒ္ဓေကို ရွတ်နေရတာ။ မေးခွန်းလက်ထဲရောက်လာတော့ မကြည့်ရဲသေးဘူး။ မေးခွန်းစာရွက်ကို မှောက်ပြီး ဂါထာရွတ်သေးတယ်။ (ဘာဂါထာလည်းတော့ မမှတ်မိတော့ဘူး။) မြန်မာစာ ဆိုတော့ ကြာသပတေးနံ၊ (၅) ခေါက်ရွတ်တာ။ အင်္ဂလိပ်စာဆို တနင်္ဂနွေ၊ (၁) ခေါက်ပေါ့။ ပြီးမှ မေးခွန်းဘက်ကိုပြန်လှန်၊ အဖြေလွှာနဲ့ အုပ်ထားပြီး တစ်ပုဒ်ချင်းကြည့်ပြီး ဖြေတာ။ ဟိုးအောက်ဆုံးက အပုဒ်ရှည်တွေ၊ စာစီစာကုံးတွေကို ကြည့်မိလို့ မဖြေနိုင်တာတွေ ပါနေရင် စိတ်လှုပ်ရှားပြီး ကျန်တာတွေပါ အမှားပါမှာစိုးလို့ မဖြေသေးတဲ့မေးခွန်းကို အုပ်ထားတာ။ မြန်မာစာကတော့ အချိန်ကွက်တိပဲ။ (အစကတည်းက ဘယ်အပုဒ်ဆို ဘယ်နှစ်မိနစ်ဖြေမယ် ဆိုပြီး တစ်ခါတည်း လေ့ကျင့်ပြီးသားကိုး။) ဒါတောင် ကဗျာအပုဒ်ရှည်ကို ဖြေကောင်းကောင်းနဲ့ ဖြေလိုက်တာ အချိန်လစ်မစ်ကျော်သွားလို့ ပြန်စစ်ချိန်လျော့သွားသေးတယ်။ ပြန်ထွက်လာတော့ အားလုံးကွက်တိ။ အနည်းဆုံး (၈၀) ပဲပေါ့။ ကိုယ့်ကိုကိုယ်အထင်ကြီးတာများ အတော်ဆိုးတယ်။ အဲဒီတုန်းက မြန်မာစာ တစ်ဘာသာတည်းကို တစ်နိုင်ငံလုံးပထမ လိုချင်ခဲ့တာ။ ကျွန်မတို့ရဲ့ ရှေ့ (၃) နှစ်က အစ်ကိုတစ်ယောက်က (၈၃) မှတ် နဲ့ ရခဲ့ဖူးတယ်။ ဒါပေမယ့်လည်း ရှက်ရှက်နဲ့ပြောရရင် တကယ်တမ်းအောင်စာရင်းမှာ (၇၅) မှတ်ကွက်တိပဲ ရခဲ့တာ။ ကိုယ့်ကိုကိုယ် ရင်နာလို့ မဆုံးဘူး။
ပြန်ထွက်လာတော့ အမေက လာကြိုနေပြီ။ ဆိုက်ကားနဲ့ပြန်လာ၊ ဂိုက်ဆရာရဲ့ အိမ်ကို ဖြေနိုင်ကြောင်းဝင်ပြော (ဆရာကတော့ ရန်ကုန်မှာ)၊ အိမ်ရောက်တော့ အဝတ်အစားလဲပြီး မြန်မာစာဆရာကို စောင့်တာ။ အဖြေတိုက်ချင်လွန်းလို့လေ။ ဆရာကြီးကို အဖြေတွေအကုန်ပြောပြပြီးလို့ မှန်တယ် ဆိုမှပဲ ထမင်းစားပြီး အိပ်နိုင်တော့တယ်။ (၃) နာရီလောက်မှ အိပ်ရာထ၊ ရေမိုးချိုးပြီး အင်္ဂလိပ်စာကြည့်ပေါ့။ အင်္ဂလိပ်စာကလည်း အတော်ပျင်းစရာကောင်းတယ်။ ဘာဖတ်လို့ဖတ်ရမှန်း မသိဘူး။ အမှန်အတိုင်းပြောရရင် ဘာမှ ကြည့်ချင်စိတ်မရှိတော့တာ။ စာမေးပွဲရက်မှာမှ စာမကြည့်ရင်လည်း အဆူခံရမှာစိုးလို့ စာအုပ်တစ်ကိုင်ကိုင် လုပ်ရသေးတယ်။ အရေးထဲမှ မောင်လေးက ကျောင်းပိတ်ရက်မှာ ကာတွန်းစာအုပ်တွေ ငှားထားတော့ ဖတ်ချင်တာ အရမ်းပဲ။ ဒါပေမယ့် ကာတွန်းစာအုပ်ကို ကိုင်လိုက်ပြီဆိုတာနဲ့ အဆူခံရတာ။ မောင်လေးကလည်း အော်ပြီးတိုင်သေးတယ်။ ညနေ (၆) နာရီလောက်ဆို ဆရာနဲ့ ဖုန်းသွားပြော၊ အချိန်ကို မကုန်ကုန်အောင် ဖြုန်းရတာ။ နောက်ဆုံးတော့ Essay တွေ Letter တွေပဲ ထိုင်ဖတ်နေလိုက်တော့တယ်။ မနက်ဘက်လည်း ဒီအတိုင်းပဲ။ Essay Letter စာအုပ်တစ်အုပ်နဲ့ ချောင်ကပ်ပြီး ငိုက်နေတာ။ ယတြာတွေကလည်း တစ်နေ့တစ်မျိုး မရိုးဘူး။ မတူတဲ့ အက္ခရာတွေကို လက်မှာ၊ ခြေဖဝါးမှာ၊ ညှပ်ရိုးမှာ၊ နောက်ဆုံး လျှာမှာပါ ပါသေးတယ်၊ ရေးရတာ။ အဆောင်တွေကလည်း အရိုးတွေရော၊ အရွက်တွေရော စုံနေတာပဲ။ သီဟိုဠ်ရိုးဆိုလို့ အဖေ့မှာ ရွာဘက်သွားရှာရသေးတယ်။ အင်္ဂလိပ်စာကတော့ အခြေအနေသိပ်မကောင်းဘူး။ Essay ကို သိပ်မဖြေနိုင်ခဲ့ဘူး။ ဒါပေမယ့်လည်း လေကတော့မလျှော့ဘူး။ ကံကောင်းရင် ဂုဏ်ထူးပေါ့။ တကယ်တမ်းကျလည်း မထွက်ခဲ့ပါဘူး။
24 comments
black chaw
June 4, 2014 at 12:06 pm
အပိုင်း ရ ကိုစောင့်ဖတ်မယ်နော်…။
ဒီတစ်ခါတော့ ရည်းစားဟောင်း လေး ငါး ခြောက် ယောက်ကို လွမ်းတော့ဝူး…။
မဒမ်ဘလက်ကိုပဲ လွမ်းလော့မယ်…။
ဟေးဟေး…။
လုံမလေးမွန်မွန်
June 5, 2014 at 12:59 pm
ဒီခါ သူလိမ္မာသွားပီ.. 🙂
လုံမလေးမွန်မွန်
June 4, 2014 at 12:11 pm
ကိုယ့်အကြောင်းကို အပိုင်းဆက် ရေးရတာ နည်းနည်းတော့ မျက်နှာပူတယ်…
အားပေးကြတယ်မို့လားဟင်င်..
ကွန်မန့်တွေ မပြန်ဖြစ်တာတော့ ခွင့်လွှတ်ကြပါနော်..
ပို့စ်တင်ဖို့တောင် ဉာဏ်ပေါင်းစုံသုံးနေရတာမို့လို့ပါ..
black chaw
June 4, 2014 at 12:33 pm
မပူနဲ့ သမီး…ဆက်ရေး…။
ဦးဘလက်တို့က အတ္ထုပတ္တိတွေကို ဖတ်ရတာ အရမ်းအရမ်း ဝါသနာပါပါတယ်…။
ကွန်းမန့်တွေ မပြန်တာတော့ အရမ်း(အရမ်း) စိတ်…မကောင်း ဖြစ်ရပါတယ်…။
ဉာဏ်နီ ဉာဏ်နက် တွေအပြင် ဉာဏ်ပြာဉာဏ်စိမ်းလေးတွေပါ ထုတ်သုံးဗျ…။
လုံမလေးမွန်မွန်
June 4, 2014 at 12:45 pm
ကျေးဇူးအကြီးကြီးပါ အူးလေး
ဆက်ရေးလိုက်ဦးမယ် 🙂
အခုတော့ ဉာဏ်ပေါင်းစုံသုံးပြီး ကွန်မန့်တွေဖတ်နေတယ်။ ဘယ်ရမလဲ ငှဲငှဲငှဲ 🙂
surmi
June 4, 2014 at 1:28 pm
ဆယ်တန်းးးးး အသံကိုမကြားချင် စိတ်နာလွန်းလွန်းးးးးလို့
ဖတ်တော့ဖတ်ပါတယ်ကွယ်
မရဲတရဲနဲ့ဘဲပေါ့
မမန့်ဖြစ်တာတော့ ဆောဒီးးးးးးးး 🙂
လုံမလေးမွန်မွန်
June 4, 2014 at 1:49 pm
တိန်.. ဘာပုလို့ဒုန်း အူးဆာရဲ့
သာမီး ပြန်မတိုင်ပါဝူး… ပြောပြပါအူးလို့
Crystalline
June 4, 2014 at 2:03 pm
ဘုရား..ဘုရား… တစ်သက်နဲ့တစ်ကိုယ် ညဆယ်နာရီထိုးအောင်တောင် စာမကျက်ဖူးခဲ့… မနက် ၄နာရီမပြောနဲ့ ၆နာရီထခဲ့တာအစောဆုံး… အဲဒါကြောင့်လည်း :mrgreenn:
တူမလေးတစ်ယောက် ဒီမှာနေတုန်းက .. ကျောင်းတက်ရတာပျင်း… စာကျက်ရတာပျင်း..သူက အင်္ဂလိပ်စာတော့ အရမ်းစိတ်ဝင်စား… အဖေကိုယ်တိုင်သင်ပေးလို့ အသံထွက်လည်းတော်တော်ကောင်းခဲ့တယ်… အဆင့်က အလယ်အလတ်မှာပဲရှိတယ်… ကျောင်းသွားရတာ သူ့အတွက်ဝန်ထုတ်ဝန်ပိုးဖြစ်ပြီး . နောက်ဆုံးပြောရှာတယ်.. သူ ၅တန်းအောင်ရင် ကျောင်းထွက်ပါရစေတဲ့…. :)) ဟိုဖက်ရောက်သွားတော့ အရမ်းထူးချွန်ပြီး ကျောင်းပျော်သွားတယ်… အခုဆို ၁၂တန်းကို ဂရိတ်ကောင်းကောင်းနဲ့အောင်သွားပြီ….. ဆိုးတာတစ်ခုပဲ.. မြန်မာစာကို အပေါက်အလမ်းတည့်အောင်မရေးတတ်တော့ဘူး… :((
လုံမလေးမွန်မွန်
June 4, 2014 at 2:37 pm
Eeee.. ကံကောင်းချက်..
အနော်လည်း အခုတော့ one subject one night ပဲ…
ဒီမှာက ကျောင်းသွားရင် စာတတ်မလာဘဲနဲ့ စာယူလာရသလို ဖြစ်နေတယ်..အိမ်မှာမနရအောင် ပြန်ကျက်နေရတော့ ကလေးတွေက ကျောင်းမဆက်ချင်ကြတော့ဘူး ဖြစ်နေတယ်
Mahar Myanmar
June 4, 2014 at 2:07 pm
နှစ်ဘာသာ ပဲ ရှိသေးရင် မော လိုက် တာ ..
ကျုပ်တုန်း က ဘယ်လို အောင်မှန်း ကိုမသိ ဘူး
မှန်း တာ က အင်္ဂလိပ် ထွက်လာတော့ ဘိုင်အို တဲ့
ဟို မမှီ ဒီ မမှီ ….
အဲ့ဒီ လို နဲ့ ……….
လုံမလေးမွန်မွန်
June 4, 2014 at 2:38 pm
ဆယ်တန်းဆိုတာ ငရဲပါပဲ 😥
Phoe Myinttar
June 4, 2014 at 3:51 pm
ကျနော်တို့ ဆယ်တန်းတုန်းကတော့ အတန်းပိုင်ဆရာမက အမြဲတမ်းပြောလေ့ရှိတယ် စကားတစ်ခွန်းက…
နင်တို့ ဆယ်တန်းအောင် အောင်ကြိုးစားပါ
တက္ကသိုလ်ဆိုတာ လောကနိဗ္ဗာန်တဲ့…
ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်ရော… ကျနော်လည်း ဘဝတစ်ဆစ်ချိုးလေးနဲ့ ကြုံခဲ့ရတဲ့အဖြစ်လေးတွေကို မြန်မာပြည် ကိုးနတ်ရှင်ကောင်းတဲ့တချိန် ရေးချင်ပါတယ်ဗျာ…
လုံမလေးမွန်မွန်
June 4, 2014 at 4:05 pm
အနော်တို့ကတော့ တက္ကသိုလ်ဆိုတာ မူကြိုပါ 🙁
တက္ကသိုလ်အကြောင်းလေး ရေးပါဦးနော့ … ကိုးနတ်ရှင်ကို အံတုပြီးတော့ပေါ့ 🙂
kai
June 4, 2014 at 3:56 pm
ဆယ်တန်းအမှတ်နဲ့ ဘဝလမ်းတဆစ်ချိုးဖြစ်အောင်ကို ဆုံးဖြတ်တာမျိုးက.. တော်တော်မှားတဲ့ပညာရေးစနစ်လို့ထင်မိတယ်..။
လုံမလေးမွန်မွန်
June 4, 2014 at 4:08 pm
🙁 ငိုချင်တယ်
ကြိုးစားခဲ့ရတယ်.. အမှတ်ကောင်းကောင်းရတယ်.. နာမည်ကြီးတယ်ဆိုတဲ့ တက္ကသိုလ်မှာ တက်တယ်…အခုတော့ ဆယ်တန်းတောင်မအောင်တဲ့ သူငယ်ချင်းတွေက စီးပွားရေးလုပ်ပြီး အောင်မြင်လို့.. ကိုယ်တွေကတော့ 🙁
အရီးခင်
June 5, 2014 at 4:04 am
ဘယ်နိုင်ငံမှာ မဆို အမှတ်နဲ့ ဘဲ အဆုံးအဖြတ်ပေးပြီး ကျောင်းတွေ ဝင်ရတာပါ သူကြီးမင်းရယ်။
မြန်မာပြည်မှာကတော့ ကံတရား လဲ ပါရပါတယ်။
ဆိုင်ရာပိုင်ရာများ နဲ့ သိနိုင်တဲ့ ကံတရား။ :-)))
Foreign Resident
June 5, 2014 at 3:24 am
လုံမလေးမွန်မွန် says:
” ကြိုးစားခဲ့ရတယ်.. အမှတ်ကောင်းကောင်းရတယ်.. နာမည်ကြီးတယ်ဆိုတဲ့ တက္ကသိုလ်မှာ တက်တယ်…
အခုတော့ ဆယ်တန်းတောင်မအောင်တဲ့ သူငယ်ချင်းတွေက စီးပွားရေးလုပ်ပြီး အောင်မြင်လို့..
ကိုယ်တွေကတော့ ”
အွန် ၊ အွန် ၊ အွန် ။
ဆယ်တန်း ဆိုတဲ့ အဆင့်လေး တစ်ခုတည်း ကြိုးစားရုံနှင့် ၊
ဘဝကြီး တစ်ခုလုံး အောင်မြင်ချင်လို့ ၊ ဘယ်ရပါ့မလဲကွယ် ။
၁ ။
ဘဝ မှာ အောင်မြင်မှု ရစေတဲ့ နည်းလမ်းပေါင်း မြောက်များစွာ ရှိတဲ့ထဲက ၊
” ပညာ ” ဆိုတာ နည်းလမ်းငယ်လေး တစ်ခု မျှသာ ဖြစ်တယ် ။
၂ ။
အဲဒီ ” ပညာ ” ဆိုတဲ့ နည်းလမ်းငယ်လေး ထဲမှာမှ အဆင့်ပေါင်း မြောက်များစွာ ရှိသေးပြီး ၊
ဆယ်တန်း ဆိုတာ အဲဒီ အဆင့်ပေါင်း မြောက်များစွာထဲက တစ်ခု ဘဲ ရှိသေးတဲ့ဟာ ။
( ပြောရမယ်ဆိုရင် ဘဝ နှင့် ယှဉ်လိုက်ရင် သေးငယ်တဲ့ အရေးပါမှု / အဆင့်လေး ပါ )
အဲဒီလောက် သေးငယ်တဲ့ ကြိုးစားမှုလေး တစ်ခါ ( တစ်ခါ ) လောက်နှင့် ၊
ဘဝ မှာ အောင်မြင်မှု ရသွားရင် ၊ လောကကြီး ( အရမ်း ) မတရား ဖြစ်နေမှာပေါ့ ။
၃ ။
နောက်ကြုံလို့ တစ်ခု ပြောပြရရင် ။
( ဘဝ ရဲ့ အောင်မြင်မှုတွေထဲက တစ်ချက် ဖြစ်တဲ့ ငွေကြေး ချမ်းသာတာကို ပြောရရင် )
ချမ်းသာချင်ရင် ပညာ နှင့် လုပ်မစားနှင့်ကွယ် ။
ချမ်းသာချင်ရင် စီးပွားရေး လုပ်ရတယ် ကွယ့် ။
အဘ သိရသလောက် ဒိတ်ဒိတ်ကြဲ ချမ်းသာသူတွေဟာ ၊
ပညာတတ်လို့ ချမ်းသာလာတာ မဟုတ်ဘူး ။
စီးပွားရေး လုပ်တတ်လို့ ချမ်းသာလာတာ ကွယ့် ။
၄ ။
နောက်ဆုံး ၊ ချုပ်ပြောရမယ် ဆိုရင်လည်း ( ဗုဒ္ဓဘာသာ အယူအဆ အရ ဆိုရင်လည်း ) ၊
ကံ ၊ ဉာဏ် ၊ ဝီရိယ ဆိုပြီး အရေးပါမှုက အစဉ်အလိုက် လာတာလေ ။
ဉာဏ် နှင့် ဝီရိယ ၂ ခုတည်း ပြည့်စုံနေလို့ ၊ မလုံလောက်သေးဘူးလေ ။
လုံမလေးမွန်မွန်
June 5, 2014 at 1:08 pm
အနော်က ဉာဏ်ပဲရှိတာ အဘရဲ့..
အဲဒါတောင် အရင်တုန်းက .. အခုတော့ မသွေးတာကြာလို့ တုံးနေပြီလား မသိဘူး..
အဘပြောသလိုဆိုရင် ချမ်းသာဖို့အတွက် ပညာက အရေးမပါတာလား…
စီးပွားရေးလုပ်ဖို့ ပညာမလိုဘူးလား…
ပညာရေးစနစ်ဘက်ကို လှည့်ပြန်ရင်လည်း ဒီဘူတာဆိုက်သလို ဖြစ်ဦးမယ်..
ဆယ်တန်းပြီးလို့ နယ်မှာ စာပြန်သင်မယ်ဆိုရင်တောင် အခုချိန်မှာ အတော်လေး စုမိနေပြီ.. ဒါပေမယ့် ကိုယ့်ဦးနှောက်ကို ကိုးတန်း၊ ဆယ်တန်း စာလေးတွေနဲ့ ပြည့်မနေစေချင်လို့ ပညာရေးစနစ်ရဲ့ လမ်းကြောင်းအတိုင်း လိုက်လာပြီး တက္ကသိုလ်တက်ခဲ့တယ်.. ဒါပေမယ့် တက္ကသိုလ်ကနေ ရှေ့ဆက်ရင် ဘာလမ်းကြောင်းမှ ဆက်ရှိမနေဘူး.. လမ်းဆုံးနေသော ပညာရေးကိုပဲ နည်းနည်းလက်ညှိုးထိုးချင်မိတယ်.. 🙂
တိမ်မည်း
June 5, 2014 at 2:53 pm
ဒီနေရာမှာ ကျွန်တော့် နိုင်ငံခြားသား တယောက်ပြောဖူးတဲ့ စကားလေး တခုပြောပါရစေ…
သူပြောတာက….
“Don’t work to learn, learn to work…”
အကျယ်တော့ မပြောတော့ဖူးဗျာ…. (ပြောလည်း မပြောတက်ပါဖူး)
ကျွန်တော်နားလည်တာက
မလိုတာမသင်နဲ ့၊ လိုတာသင်
ဟုတ်မဟုတ်တော့ သိဖူးဗျာ…. တခါ တလေ Programming လေး ကျွန်တော်က ရေးတော့ဆိုတော့… တကယ် ကျောင်းမှာ သင်ဖူးတာက Java, C++, VB
အလုပ်ခွင်ရောက်တော့… Python, PHP, Powershell, Bash Shell စသဖြင့်ပေါ့ လိုအပ်သလို လျှောက်ကြည့်ရတာပဲ…
Foreign Resident
June 8, 2014 at 11:50 am
လုံမလေးမွန်မွန် says:
” အဘပြောသလိုဆိုရင် ချမ်းသာဖို့အတွက် ပညာက အရေးမပါတာလား…
စီးပွားရေးလုပ်ဖို့ ပညာမလိုဘူးလား ”
မွန်မွန်ရေ နောက်တစ်ခေါက် ထပ်ပြောပါရစေကွယ် ။
” ဘဝ မှာ အောင်မြင်မှု ရစေတဲ့ နည်းလမ်းပေါင်း မြောက်များစွာ ရှိတဲ့ထဲက ၊
” ပညာ ” ဆိုတာ နည်းလမ်းငယ်လေး တစ်ခု မျှသာ ဖြစ်တယ် ”
အဘ ဆိုလိုချင်တာက ၊
” ပညာ ” ဆိုတာ အရေးပါတဲ့ နည်းလမ်းငယ်လေး တစ်ခု ပါ ။
ဒါပေမယ့် ၊ အောင်မြင်ဖို့ အတွက်ကတော့ ၊
( ပညာ အပါအဝင်ဖြစ်သော ) နည်းလမ်းပေါင်းစုံကို ၊
လိမ္မာပါးနပ်စွာ လိုအပ်သလို သုံးစွဲရသပေါ့ကွယ် ။
အဘ ဘဝ နှင့်ဘဲ နှိုင်းယှဉ် ပြောပြမယ်နော် ။
အဘ ဒီ အသက်အရွယ် ကို ရောက်လာတဲ့အခါ ၊
အဘ ရဲ့ ဘဝ ကို နောက်ကြောင်းပြန် သုံးသပ်ကြည့်မိတဲ့အခါ ၊
အဘ ဘဝ အခုလို အဆင်ပြေ / အောင်မြင် ( ဆိုပါစို့ ) နေရခြင်း ရဲ့ ၊
အဓိက အကြောင်းရင်းက ၊
( အဘ ဉာဏ်ကောင်းလို့ အောင်မြင်တာလဲ မဟုတ်သလို ၊
အဘ မိဘ ရာထူး ဥစ္စာ ကြောင့်လည်း မဟုတ်ပါဘူး )
အဓိက က ၊ အဘ ဟာ ၊
” သူမိုက် ကို ရှောင်ရှားပြီး ၊ သူတော်ကောင်း ကိုဘဲ ပေါင်းခဲ့လို့ပါ ”
အဘဟာ ဘယ်တုန်းကမှ ( ဘယ်တုန်းကမှ ) ၊ သူမိုက် ကို စိတ်နှစ်ပြီး မပေါင်းခဲ့သလို ၊
သူမိုက် ကို ဘယ်တုန်းကမှ ၊ အဘ ရဲ့ အတွင်းစည်းထဲ အဝင်မခံခဲ့ပါဘူး ။
အဘ ရဲ့ ခေတ် အဆက်ဆက် အရင်းနှီးဆုံး သူငယ်ချင်းတွေဟာ ၊
အဘ ထက် တနည်းမဟုတ် တနည်းမှာ သူတော်ကောင်း ပိုဖြစ်တဲ့သူတွေ ပါဘဲ ။
padonmar
June 8, 2014 at 12:42 am
စာမေးပွဲတွက် တခါမှ ယတြာ မလုပ်ဖူးဘူး။
အန်တီဆို မြန်မာစာဂုဏ်ထူးအရမ်းလိုချင်ခဲ့တာ(အမှန်တော့ ဘာသာစုံလိုချင်တာပါပဲ)
ဒါပေမယ့် မရခဲ့ဘူး။
စကားအတင်းစပ်..
ဦးမိုက်သမီး အောဒီရတာ အတော်ကြိုးစား၊အတော်တော်လို့ပါပဲ။
ကေဇီ
June 8, 2014 at 11:39 am
ဘဝမှာ အသက်တော့ ပြန်ငယ်ချင်ပါရဲ့။
၁ဝ တန်းစာမေးပွဲ ပြန်မဖြေချင်ဘူးးး
ကိုယ်က အောင်ချင်ရုံပဲ။
ဆွေမျိုးတွေက အောဒီ ရချင်နေတာခက်တယ်။
သူတို့ဖြေရတာမဟုတ်တိုင်းးး
😥
Foreign Resident
June 8, 2014 at 11:53 am
ကေဇီ says:
” ကိုယ်က အောင်ချင်ရုံပဲ။
ဆွေမျိုးတွေက အောဒီ ရချင်နေတာခက်တယ်။
သူတို့ဖြေရတာမဟုတ်တိုင်းးး ”
ဟီ ဟိ ။
Mr. MarGa
June 11, 2014 at 11:09 am
အဟဲ… တော်သေးတယ် အဲ့တုန်းက ဖိအားတွေ မရှိတာ
(ရှိရင်လည်း စိတ်မဝင်စားပါဘူး)
အိမ်ကသာ စာမေးပွဲအတွက် ပြူးပြာနေအောင် လုပ်နေတာ ကိုယ်တွေကတော့ အေးဆေးရယ်
စာလုပ်လားမေး ကုန်းရုန်းလုပ်တဲ့အထဲ မပါဘူး
မလုပ်ဘူးလား ဆိုပြန်တော့လည်း ကြည့်တော့ ကြည့်တာပေါ့
အဲ့လိုနဲ့ မထူးမခြား အောင်လာတယ်
မှတ်မှတ်ရရ
ကိုယ်တိုင်က အရမ်းကြီး အလေးမထားခဲ့ပေမယ့် မွေးသမိခင်က အတော်လေးကို အလေးထားခဲ့ကိုတော့ သိလိုက်ရတယ်။