ဒညင်းသီးနှင့်ချက်သော ဝက်နို့အုံသား
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်းတောရှိ အယူတော်မင်္ဂလာခြံအတွင်းသို့ ကျွန်ုပ်၏မိတ်ဆွေဟောင်း ကိုပီတာဆိုသည့် လူကြီးတစ်ဦး ရောက်ရှိလာလေ၏။ ၎င်းကိုပီတာကြီးသည် စိတ်မနှံ့သူတစ်ဦးဖြစ်၏။ ကျွန်ုပ်နေထိုင်ခဲ့သောရပ်ကွက် မှ လူများသည် ၎င်းအား အရူးပီတာဟု ခေါ်ကြကုန်၏။ ကျွန်ုပ်ကမူထိုသို့မခေါ်ရက်ပါ။ သူသည် ကျွန်ုပ်ကို လွန်စွာခင်မင်၏။ ကျွန်ုပ်ရှိ ရာအရပ်သို့ ရောက်လာတတ်မြဲလည်းဖြစ်၏။ ကိုပီတာကြီးသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း.. “ဟေ့..ဖိုးအောင်ထွန်း၊ ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်” ဟု သူ၏ ထုံးစံအတိုင်း ကိုးရိုးကားရား နှုတ်ဆက်လေ၏။
ကျွန်ုပ်သည် ၎င်းအား ကျွန်ုပ်၏ခြံမှ ဖျော်သော မနောမယ လက်ဖက်ရည်တစ်ခွက်တိုက်လိုက်၏။ ၎င်းက မသောက်မိကျွန်ုပ်အား.. “ဘာလဲ..” ဟု မေးလေ၏။ ထိုအခါ ကျွန်ုပ်က.. “သောကရ တက် မပွေရအော ခင်ဗျားကို မနောမယ လက်ဖက်ရည်တိုက်တာ” ဟု ပြောလိုက်လျှင် သူသည် ကျွန်ုပ်တိုက်ကျွေးသော လက်ဖက် ရည်ကို တစ်ငုံမျှသောက်ပြီးနောက်.. “ဘဲရီးဂွတ်ဒ်၊ ဘဲရီးဘတ်ဒ်..” ဟု ပြောလေ၏။ “နေစမ်းပါဥိး ကိုပီတာကြီးရဲ့၊ ဘာတွေဂွတ်ဒ်ပြီး ဘာတွေဘတ်ဒ်နေပြန်တာတုံး” ဟု ကျွန်ုပ်ကမေးလိုက်လျှင် ၎င်းက.. “သောကရတက်မပွေရအောင် မနောမယလက်ဖက်ရည်ဆို တာ ကောင်းတယ်၊ ဒါပေမဲ့ လက်ဖက်ရည်က ခါးတယ်၊ စကားက ကောင်းတယ်၊ လက်ဖက်ရည်က ခါးတယ်၊ ဒါကြောင့် သောကရ တက်ပွားတဲ့ လက်ဖက်ရည်ခါးလို့ ပြောရင်ကောင်းတယ်” ဟု ပြောကာ ရယ်မောလေတော့၏။
ထို့ကြောင့် ကျွန်ုပ်က.. “ကိုပီတာကြီးမှာ အားနာတယ်ဆိုတာ မရှိဘူးနော်၊ ပြောချလိုက်တာပဲ” ဟု ပြောလိုက်ရာ ကိုပီတာကြီးက.. “အားနာတယ်ဆိုတာ ဘာဖြစ်တာလဲ သိလား၊ ပြောချင်ပါလျက် အပြောရခက်နေတာကို အားနာတယ်လို့ ခေါ်တာကွ၊ ငါက ဘယ်တော့မှ အပြောရမခက်ဘူး၊ အဲဒါကြောင့် ငါ့မှာ အားနာတယ်ဆိုတာ မရှိဘူး၊ ဘာဖြစ်လို့ အပြောရခက်မှာ လည်းကွာ၊ မကြိုက်တာကို မကြိုက်ဘူးလို့ ပြောမယ်၊ ကြိုက်တာကို ကြိုက်တယ်လို့ပြောမယ်၊ ဘယ်ကိစ္စမဆို ကိုယ့်ရဲ့အတွင်းစိတ်နဲ့ပဲ မှတ်ကျောက်တင်မယ်၊ သူများကြိုက်လို့ ကိုယ်က လိုက်ပြီးကြိုက်စ ရာမလိုပါဘူး” ဟု ပြောလေ၏။
ထို့ကြောင့် ကျွန်ုပ်က.. “နေစမ်းပါဦး ကိုပီတာကြီးရယ်၊ ကိုယ်ကမကြိုက်ဘဲနဲ့ သူများကြိုက်တာနဲ့ လိုက်ပြီး ကြိုက်တဲ့ကိစ္စမျိုးရှိကြလို့လား” ဟု မေးလိုက်ရာ.. “ရှိတယ်ကွ၊ စာအုပ်တစ်အုပ် ဆိုပါတော့ကွာ၊ ပညာတတ် အသိုင်းအဝိုင်းနဲ့ တတ်သိနားလည်တဲ့ လူတွေက အရမ်းကြိုက်ကြတယ်၊ ငါ့အိမ်နားက ဂွတိုဆိုတဲ့ကောင်က သူလည်း ဘာမှနားမလည်ဘဲ အဲဒီစာအုပ် ကို အရမ်းကြိုက်ပြနေတယ်၊ ငါသိပါတယ်ကွာ၊ အဲဒါကို မကြိုက်ဘူးဆိုရင် သူ့ကို လူတွေက အထင်သေးသွားလိမ့်မယ်ထင်ပြီး သူက ခပ်သည်းသည်းလေး ကြိုက်ပြနေတာ၊ အဲဒီလိုပဲကွ ဟန်ဘာဂါဆိုတဲ့ ပေါင်မုန့်အသား ညှပ်မုန့်တွေ ပေါ်ကာစမှာ ဂွတိုဟာ သူလည်း တကယ် မကြိုက်ဘဲနဲ့ ဟန်ဘာဂါကို နေ့တိုင်း ဝယ်စားပြနေတယ်၊ နောက်တော့ ပီဇာဆိုတဲ့ မုန့်တစ်မျိုးပေါ်ပြန်ရော၊ အဲဒီအခါမှာလည်း သူဟာ ပီဇာမုန့်ကို တကယ်မကြိုက်ဘဲနဲ့ ဝယ်စားပြန်နေရရှာတယ်၊ ကြိုက်ချင်ယောင် ဆောင်ပြနေရရှာတယ်၊ အဲဒီလိုလူစားမျိုးတွေရှိ တယ် ငါ့လူ၊
ငါကတော့ အဲဒီအထဲ ဘယ်တော့မှမပါဘူး၊ ငါတကယ်ကြိုက်တာကိုမှ ကြိုက်တယ်လို့ပြောတာ၊ ငါမကြိုက်တာဆိုရင် ဘယ်သူနဲ့တူအောင်ဆိုပြီး တစ်ခါမှလိုက်ပြီး မကြိုက်ဖူးဘူး” ဟု ကိုပီတာကြီးက ပြောလေ၏။ “ကဲပါဗျာ ဒါတွေထားလိုုက်ပါတော့ ဒီနေ့မနက်စာခင်ဗျားကြိုက်တာကိုပဲ ပြောပါ၊ ကျုပ် ချက်ပြီးကျွေးပါမယ်” ဟု ကျွန်ုပ်ကပြောလိုက်လျှင် ကိုပီတာကြီးက.. “ဈေးထဲမှာ တညင်းသီးကြီးကြီးကို နှစ်ခြမ်းခွာ ဝက်နှိ့အုံသားကို အဲဒီတညင်းသီး နှစ်ခြမ်းထဲမှာထည့်၊ ပြုတ်ပြီး ထွက်မသွားအောင် နှီးနဲ့တုပ်၊ ပြီး တော့ ဝက်သားရောတညင်းသီးပါ နူးအိနေအောင် ဆီပြန်ချက်စမ်းပါကွာ၊ အဲဒါက ဟင်းကိုပြောတာ၊ ဟင်းချိုကတော့ သခွာသီးဟင်း ချိုလေးချက်ပါကွာ၊ ငါးပိရည်ကိုတော့ ခပ်စပ်စပ်လေးဖျော်ကွ၊ အဲဒီငါးပိရည်ထဲမှာ ကြက်သွန်ဖြူ ကြက်သွန်နီ၊ ဂျင်းလည်းထောင်းပြီး ထည့်ကွာ၊ ငါးမီးဖုတ်ကလေးပါ ထည့်လိုက်ရင် ပိုတောင်ကောင်းသေးတယ်၊ တို့စရာကတော့ များများမလုပ်နဲ့ကွာ၊ ပဲတီချဉ်လောက်ဆို တော်ပါပြီ၊ ပြီးတော့ ငါ မင်းကို ပြောရဦးမယ်။
ငါ့ဘဝက သူများကျွေးမှစားရတဲ့ ဘဝကွ၊ ဖွယ်ဖွယ်ရာရာ မပြောတတ်ပါဘူး၊ ထမင်းစား ပြီးရင် အချိုတည်းဖို့ ကတော့ ဘုံသီလို့ခေါ်တဲ့ ကုလားအချိုမုန့်အလုံးလေးတွေနဲ့ ရေနွေးကြမ်းကောင်းကောင်းဆို လုံလောက်ပါပြီး အဲ ဒါတွေ စားပြီးရင်တော့ ငါးသုံးလုံး တစ်လိပ်တိုက်ဦးနော်၊ သိပ်လည်းအစားအသောက်ပေါ်မှာ ဇီဇာမကြောင်ပါဘူးကွာ၊ ဒါလောက်ဆို ရင်တော်ပါပြီ” ဟု ဖြည်းညင်းစွာ ပြောလေ၏။ “ကိုပီတာကြီး ခင်ဗျားကတော့ တကယ့်ကိုပါပဲဗျာ၊ အားကိုမနာတတ်ဘူး၊ စိတ်ထဲရှိ တာ အကုန်ပြောတော့တာပဲ” ဟု ကျွန်ုပ်က ပြောလိုက်ရာ ကိုပီတာကြီးက..
“ဟကောင်ရ၊ ငါတို့က ရိုးတယ်ကွ၊ တွေးရင်လည်း အ ဖြောင့်ပဲတွေးတယ်၊ ပြောစရာရှိလည်း အဖြောင့်ပဲ ပြောတယ်၊ ဒါကြောင့် ငါ့မှာ အားနာတာတွေဘာတွေ မရှိပါဘူးကွာ အားနာတယ် ဆိုတဲ့ အရည်အချင်း ငါ့မှာ ရှိကိုမရှိဘူး” ဟု တွင်းတွင်းကြီး ပြောလေတော့၏။ “ကျုပ်ဖြင့်ဗျာ၊ ကိုပီတာကြီး နေပုံ၊ ထိုင်ပုံ၊ ပြောပုံ ဆိုပုံ ကို အားကျလိုက်တာ၊ ဘယ်လောက်များ ရိုးသားသလဲ၊ ဘယ်လောက်များ ပွင့်လင်းသလဲ တကယ်ပါဗျာ၊ တကယ့်ကို အားကျတာ…” ဟု ကျွန်ုပ်က လှိုက်လှိုက်လှဲလှဲကြီး ချီးမွမ်းပြောဆိုမိလေ၏။
ထိုအခါ၌ ကိုပီတာကြီးက.. “တစ်ခါက တောအုပ်ကြီးတစ်ခုအတွင်းကို လူနှစ်ယောက် ဖြတ်သန်းခရီးနှင်ခဲ့ဖူးတယ်၊ တစ်ယောက်က အတွေးအခေါ်သမား၊ တစ်ယောက်ကတော့ ဘာမှမတွေးတတ်ရှာဘူး၊ သူကလုပ်စရာရှိတာကို ချက်ချင်းလုပ်မယ်ဆိုတဲ့ လူစား၊ ဘာမှကို မစဉ်းစားတတ်ဘူး၊ တောနက်ထဲလည်း ရောက်ရော လေကြီးမိုးကြီး ကျပြီး နှစ်ယောက်စလုံး လမ်းပျောက် သွားကြတယ်ကွဲ့ အဲသည်လို လမ်းပျောက်သွားပေမဲ့ လျှပ်စီးက ဖျန်းကနဲ့ ဖျန်းကနဲ့ လက်တာပေါ့ကွယ်၊ အဲသည်လို လျှပ်စီးလက်တဲ့ အခါအခါမှာ အတွေးအခေါ်သမားက ကောင်းကင်ကိုမော့ကြည့်ပြီး “လျှပ်စီး ဘာကြောင့် လက်တယ်၊ လျှပ်စီးလက်တဲ့အခါမှာ ဘယ်ောလက်လင်းသွားတယ်၊ လျှပ်စီးတစ်ကြိမ်လက်တာနဲ့ နောက်တစ်ကြိမ်လက် တာ အချိန်ဘယ်လောက်ကြာတယ်” ဆိုတာတွေကို တွက်ချက်ပြီး စဉ်းစားတယ်ကွဲ့ ရှေ့ဆက်ပြီး မလျှောက်ဘူး၊
လက်တွေ့လုပ် တတ်တဲ့လူကတော့ လျှပ်စီးလက်တဲ့အခါတိုင်းမှာ လမ်းကိုရှာပြီး လမ်းမြင်တာနဲ့ အတင်းပြေးသွားတာပဲ၊ သူကတော့ လျှပ်စီးတစ်ခါ လက်တိုင်း လမ်းကိုတွေ့တယ်၊ တွေ့တဲ့လမ်းအတိုင်း ပြေးသွားတယ်၊ အတွေးအခေါ်သမားကတော့ ရပ်နေတယ်ကွဲ့၊ လျှပ်စီးလက် တဲ့အခါမှာ လျှပ်စီးအကြောင်းကို တွေးခေါ်နေတယ်၊ အဲဒီတော့ကွာ လျှပ်စီးလက်လို့ လမ်းကိုမြင်တာနဲ့ အဲဒီလမ်းအတိုင်းပြေးသွားတဲ့ လူက တောအုပ်ကြီးက ထွက်သွားနိုင်တာပေါ့၊ လျှပ်စီးလက်တာကို သဘောကျပြီး လျှပ်စီးလက်တဲ့ အလင်းရောင်ကို ကျေနပ်နေတဲ့ အတွေးအခေါ်သမားကတော့ တောကြီးမျက်မည်းထဲက မထွက်နိုင်ရှာဘူး၊
အဲဒီလိုပဲကွာ ဒီကမ္ဘာကြီးမှာ အားကျစရာကောင်းတဲ့ ဆရာသခင်တွေက လျှပ်စီးပေါင်းများစွာ လက်ြပြီးပါပြီကွာ၊ ဥပမာ လောက်ဇူးတို့၊ ချောင်ဖူးတို့၊ ကျွန်ဖြူးရှပ်စ်တို့ စတဲ့ ပုဂ္ဂိုလ်ကြီးတွေ ဟာ ကမ္ဘာလောကကြီးကို အလင်းရောင်ပေးခဲ့ပါတယ်၊ ဒါပေမဲ့အချိန်ကာလဆိုတဲ့အရာနဲ့ ကြည့်လိုက်မယ်ဆိုရင် သိပ်ပြီးတိုတောင်း လွန်းပါတယ်၊ ကမ္ဘာလောကကြီးကို လျှပ်စီးလက်သလို အလင်းရောင်း လှစ်ပြခဲ့ တဲ့ပဂ္ဂိုလ်ထူးကြီးတွေပါပဲ၊ အဲဒီအလင်းရောင်ကိုမြင် တာနဲ့ လမ်းတွေ့ပြီဆိုရင် အလင်းရောင်မှာ ကျေနပ်နေဖို့ မဟုတ်ဘူး၊ သူတို့ပြတဲ့ အလင်းရောင်မှာ တွေ့ရတဲ့လမ်းအတိုင်း အတင်း ပြေးသွားရမှာ မဟုတ်တား၊
အခုတော့ မင်းက အဆိုးဆုံးပဲ၊ ငါလို အရူးပီတာကြီး လက်ပြတဲ့ မှုန်တိမှုန်ဝါး အလင်းရောင်ကလေးကို အားကျနေပြန်ပြီ၊ ငါကကောဘယ်လောက်ကြာကြာ လက်ပြနိုင်မှာတုန်း၊ အချိန်ကာလဆိုတဲ့ ကြီးမားတဲ့အရာကြီးနဲ့ နှိုင်းယှဉ်လိုက်ရင် မျက်စိတစ်မှိတ်ပဲရှိပါတယ်ကွာ၊ အဲဒါကြောင့် ပီတာကြီးကို အားမကျပါနဲ့၊ ပီတာကြီး လက်ပြတဲ့မဖြစ်စလောက် အလင်းရောင်ကလေး မှာ မင်းအနေနဲ့ မြင်ရတဲ့ မှုန်တိမှုန်ဝါးလမ်းကလေးမှာ အမြန်ဆုံးပြေးလျှောက်သွားပါ မောင်အောင်ထွန်း” ဟုဆိုကာ ကျွန်ုပ်၏ကျော ကုန်းကို သူ၏လက်သီးကြီးဖြင့် အုန်းကနဲ့ ထုကာ တဟားဟားရယ်မောရင်း သွက်လက် လွတ်လပ်သော ခြေလှမ်းများဖြင့် ခြံအတွင်း မှထွက်သွားလေတော့သတည်း။
PS : အဘမင်းသိင်္ခ၏ စာပေများကို လေးစားကြသော စွဲလန်းကြသော လွန်စွာနှစ်သက်ကြသော ကျွန်တော့်၏ ဂေဇက်မိတ်ဆွေများအတွက် အဘမင်းသိင်္ခနှင့် ကိုပီတာတို့၏ ဝတ္ထုတိုများကို အလျဉ်းသင့်သလို ကြိုးစားရေးပေးသွားပါမည်။
11 comments
Moe Z
December 14, 2011 at 4:05 pm
ဖတ်သွားပါတယ်ကိုရင်စည်သွပ်
ဒညင်းသီးတော့မကြိုက်လို့ လက်တည့်စမ်းပြီးမချက်တော့ဘူး
ကြိုက်တဲ့သူတွေပဲစားပါစေ 😛
“ဘီလူးကြီး”ogre
December 14, 2011 at 4:12 pm
ဒဒွေးဒညင်းသီးကိုကြိုက်တယ်တယ်
ထှောညှာ လဲကြိုက်တယ်
ကိုရင် ဒီတစ်ခါချက်ကြွေးရမယ်နော် ..
ကိုရင်စည်သူ
December 14, 2011 at 4:25 pm
ကျနော်ဒီတစ်ခေါက်ပြန်လာလို့ ပိဆံလေး
စို့စို့ပို့ပို့ပြန်ပါလာရင် မင်္ဂလာဆောင်ဖြစ်ရင်
ဘတ်ချလာနိုက်စ်ကျရင် ကိုရင်တို့ မစားဖူးတဲ့
အမြည်းကောင်းလေးတွေ ချက်ပေးပါ့မယ်လို့
ကတိပေးပါတယ်ဗျာ… ဖိတ်ရင်တော့ လာဖြစ်အောင်
လာပေးကြပါဗျာ…ဘဲရီးဂွတ်… ဘဲရီးဘဒ်..
ဂေဇက်မှာ စာတွေအများကြီးဝင်ရေးနေရလို့ ဘဲရီးဂွတ်ဒ်… 😆 😆
ရေထဲပြန်မရောက်သေးတော့ ဘကြိုင် ဘိုင်ကျနေလို့ ဘဲရီးဘတ်ဒ်… 🙁 🙁
နီကီတာ
December 14, 2011 at 4:37 pm
ခေါင်းစဉ်ဖတ်ထဲက အီလည်လည် ဖြစ်သွားတယ်…
ကိုရင် ဗေဒင်လိုင်းကနေ
စားကြမယ်ဟေ့ ကောင်းကောင်း ကို
ရောက်သွားတာလား 😀
inz@ghi
December 14, 2011 at 4:53 pm
ဘဏ္ဏာရေးဝန်ဂျီးက အောက်က ပိတ်ပီး မန့်မှာ ကြိုသိနေတော့..
အမြည်းဖိုးကုန်မှာစိုးလို့ …ကိုယ်တိုင်ချက်ကျွေးမယ်များ
ကြိုပြောထားသလားမသိ ….
ချက်တတ်ရင်လည်း အသာနေတာမဟုတ်ဘူး..
တသက်လုံးသင်္ဘော နဲ့ မီးဖိုချောင် ပဲ ကူးနေရမယ့်
အန ္တရယ်ကြိုမမြင်ရှာဘူး ကိုး ….ကျွတ်ကျွတ်…
😀
😛
windtalker
December 14, 2011 at 8:58 pm
ကရင်စူသီ အဲဒီ့ အသီးက နှူးဘာတွေ ဆိုလား ဘာဆိုလား ဘဲ ၊ ဟိုခေးမလေး ရေးတင်တာလေ
ငါ့နှယ် ဘီယာဆိုင်ရောက်လို ့အဲ့အသီး မြင်တိုင်း သတိရမိတယ် သိလား
နှူးဘာ နဲ ့နို ့အုံ နဲ ့တော့ တွေ ့ကြပြီပေါ့ ၊ ဟွင်းဟွင်း
kai
December 15, 2011 at 4:07 am
ကိုရင်ရယ်..
စားကောင်းမှာသေချာပေမဲ့..
ဧရာမအတက်စာတွေချည်းပါလား.. ဒညင်းသီးနဲ့..ဝက်နို့အုံသား..
ဂစ်ဂစ်…
MaMa
December 15, 2011 at 7:37 am
ကိုရင်စည်သူရေ-
ဟက်ပီးဘတ်ဒေး လို့ နောက်ကျစွာ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
12 Dec မှန်း သိပေမယ့် အဲဒီရက်က ကိုရင် ဘတ်ဒေးနွှဲပျော်နေတယ် ထင်ပါ့။
ပိုစ့်မတင်လို့ ပြောလို့ မရလိုက်ဘူး။
အားနာတတ်တဲ့ အရည်အချင်းမရှိတဲ့ ကိုပီတာကြီး
လူတိုင်း၊ နေရာတိုင်း၊ အချိန်တိုင်းမှာတော့ ရလိမ့်မယ် မထင်ဘူး။
(သူများကျွေးမှ စားရတာမို့ ဇီဇာမကြောင်ဘူးဆိုပြီး ချက်ခိုင်းတဲ့ ဟင်းတွေ၊ အချိုတွေက သွားရေကျစရာ) 😀
thit min
December 15, 2011 at 8:50 am
ညီလေးစည်သူရေ…….
မွေးနေ့ဆိုတာမသိလိုက်လို့ကွ။
ကိုယ်လဲ နောက်ကျစွာ၊ခင်မင်စွာ နှုတ်ဆက်လိုက်ပါတယ်ဟေ့။
ဟတ်ပီးဘတ်ဒေး ပါညီလေးရေ။
မွေးနေ့မှ စိတ်သစ်လူသစ်နဲ့ ရည်မှန်းချက်ကိုပေါက်မြောက်အောင်မြင်ပါစေကွာ။
စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေ ညီလေးရေ။
(^^)သစ်မင်း
Novy
December 15, 2011 at 10:23 am
တော့ကစည်သူ
ဝက်သားနဲ့ ဒညင်းသီးတော့ ချက်စားဘူးတယ်
ဝက်ရဲ့ နို့အုံသားတော့မဟုတ်ဘူး
မွေးနေ့အကျော်လေးမှာ ရွာသူ/သားတွေကို ချက်ကြွေးပါလားဟင်
ps. ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေနော်
ကိုရင်စည်သူ
December 15, 2011 at 9:07 pm
ကျွန်တော့်မွေးနေ့ဆုတောင်းပေးကြတဲ့
သူငယ်ချင်းအားလုံး ကျေးဇူးတင်ပါတယ်နော့…
အကျိုးရှိပြီး မှတ်သားရမယ့် စာပေလေးတွေလည်း
တတ်နိုင်သလောက် ရွာထဲမှာ ကြိုးစားရေးပေးပါ့မယ်ဗျာ…
ဒီကြားထဲမှာ အမှားတွေပါခဲ့ရင်လဲ မနေ့တနေ့ကမှ
ဆယ်ကျော်သက်မပြည့်တပြည့် ကလေးလေးဖြစ်တဲ့ 😳 😳
ကိုရင့်ကို နားလည်ခွင့်လွှတ်ပေးပါနော့… 😛 😛