ငယ်ငယ်တုန်းကတော့ တစ်ခုခု အထူးတဆန်းတွေ့ရင် အနားရှိတဲ့သူကို လက်ကလေးတို့ပြီး ဟိုမှာကြည့်စမ်းပါဦး သည်မှာကြည့်စမ်းပါဦးနဲ့ ခေါ်ခေါ်ပြရတာ အမောပါ။ လူကြီးတွေက တောကျရန်ကောဆိုပြီး ဟန့်ဟန့်ထားလို့သာ နေရတယ်။ လူကတော့ အထူးအဆန်းတွေ့ရင် ကိုယ့်ဘာသာ အသာကြည့်မနေပဲ သူများတွေ မမြင်သေးဘူးထင်ပြီး အော်ကြီးဟစ်ကျယ် လက်ညှိုးထိုးတတ်တာ အကျင့်ကိုပါလို့။ အရွယ်ကလေးရလာတော့မှ အိုက်တင်ကလေးခံတတ်လာပြီး “ဪ ဒါလေးများ” လို့ သိပြီးချင်ယောင်ဆောင်တတ်လာတယ်။ စိတ်ထဲက တအံ့တဩဖြစ်လည်း မှင်နဲ့မောင်းနဲ့ မသိသလို နေတတ်သွားပြီ လို့ထင်ခဲ့တာ။ ခုတစ်ခေါက် ဂျပန်ရောက်တော့မှ အဲဒီရောဂါက သူငယ်နာ မစင်သေးမှန်း သတိထားမိလာပါတယ်။ အနားဘယ်သူမှ မရှိလို့ ကိုယ့်ဗမာအချင်းချင်းပဲ ရှိရင် မေရီချက်ပမန်စကူးက ကလေးလေးတွေ အတန်းထဲ ဧည့်သည်လာလို့ လက်ဟန်ခြေဟန်နဲ့ အတင်းပြောသလို လက်ညှိုးတထိုးထိုးနဲ့ အတင်းတုတ်ကြပါတယ်။ အတူတူလာတဲ့သူချင်းမို့ အံ့ဩတာချင်းလည်း တူတူပါပဲ။ […]