၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့…

 

ဖုန်းစုတ်လေးနဲ့ ဖွဘုတ်သုံးနေတုန်း ဖတ်ရွေးဥက္ကဌ ဦးကြီးမိုက်ဆီက မက်ဆေ့ခ်ျ ဝင်လာတယ်။ ဖွင့်မကြည့်ခင်ကတည်းက စိတ်ထဲက သိနေသလိုလိုပဲ။ ဖွင့်ဖတ်လိုက်တော့လည်း ထင်တဲ့အတိုင်းပါပဲ။ ဒီတစ်ပတ် ဖတ်ရွေးဆုပို့စ်ကို မွန်မွန် တင်ပေးမလားတဲ့။ ပြီးခဲ့တဲ့အပတ်က ဦးမျိုးသန့် ပို့စ်တင်ကတည်းက ငါ့အလှည့်လည်း ရောက်တော့မယ်လို့တော့ ထင်သား။ ဒါပေမယ့် အဲဒီလောက် မြန်လိမ့်မယ်လို့တော့ မထင်ခဲ့ဘူး။ တင်ပေးမလားဆိုတော့ ဘယ်ငြင်းလို့ကောင်းမလဲ။ (ဟဲ.. အူးမိုက်က prome မှာ ခဏခဏမုန့်ဝယ်ကျွေးတယ်။) ဘယ်နေ့လဲဆိုတော့ (၉) ရက်နေ့အပြီးဆို ရပါတယ်တဲ့။ အချိန်လည်း ရတယ်ဆိုတော့ ဟုတ်ကဲ့..တင်ပေးပါမယ်ပေါ့။ စိတ်ထဲကတော့ prome မှာ တစ်ပွဲလို့ တေးထားတာ။ ဘယ်ရမလဲ။

 

တကယ်တော့ ဒီဖတ်ရွေးအဖွဲ့ကို လုံမက အရမ်းချစ်တာ။ ဒီအဖွဲ့ကြောင့် စာကောင်းတွေ ပြန်ဖတ်မိတယ်။ အကောင်းဆုံးပို့စ်မဟုတ်ပါဘူး..အကြိုက်ဆုံးပို့စ်ကို ရွေးတာပါ လို့ ဘယ်လိုပဲ ပြောနေပါစေ၊ ဖတ်ရွေးဆီက တက်လာတဲ့ပို့စ်တွေက ပို့စ်ကောင်းတွေဆိုတာတော့ ငြင်းလို့မရပါဘူး။ ဒီတော့ ရွာထဲကို အချိန်ပြည့်မဝင်နိုင်တဲ့ လုံမ၊ တစ်ခါတစ်ခါ ယနေ့ပို့စ်ကြီးဖွင့်ပြီးတော့ ငါမဖတ်ရတာ အတော်များပါလားလို့ စိတ်ဓာတ်ကျနေတတ်တာ၊ နောက်ဆုံး ဖတ်ရွေးစကာတင်ပို့စ် တက်လာရင်ကို အတော်ပျော်ပြီ။ အရင်ဆုံး စကာတင်ပို့စ်တွေထဲက မဖတ်ရသေးတာတွေ အရင်ဖတ်တယ်။ ပြီးမှ ယနေ့ပို့စ်ထဲက မဖတ်ရသေးတာတွေကို ပြန်ဖတ်တယ်။ ဒီတော့ အချိန်ကုန်လည်းသက်သာ၊ စာတွေလည်း အကုန်ဖတ်မိ၊ အဆင်ကိုပြေရော။

 

ဒီတော့ စကာတင်ထဲမပါတဲ့ပို့စ်တွေကျတော့ မကောင်းဘူးလား ဆိုပြီး ကွန်ပလိန်းတက်စရာရှိတယ်။ ဒါလည်း မဟုတ်ပြန်ဘူး။ လူတစ်ကိုယ် အကြိုက်တစ်မျိုးလို့ ရှိတယ်မဟုတ်လား။ ဒါကြောင့်လည်း ဖတ်ရွေးက တစ်ချိန်လုံးအော်နေတာ။ အကောင်းဆုံးပို့စ်မဟုတ်ပါဘူး..အကြိုက်ဆုံးပို့စ်ပါ လို့။ ဟုတ်တော့လည်း ဟုတ်တယ်။ တစ်ခါတစ်ခါ မဖတ်ရသေးတာတွေ ပြန်ဖတ်ရင်း အရမ်းကြိုက်တဲ့ ပို့စ်တွေ တွေ့တယ်။ ဒါပေမယ့် စကာတင်ထဲ ပါမလာဘူး။ ရုတ်တရက်တော့ ဒီလောက်ကောင်းတာ ဘာလို့ စကာတင်ထဲ မပါသလဲလို့ ဖြစ်သွားသေးတယ်။ နောက် ပြန်စဉ်းစားကြည့်တော့မှ စကာတင်ထဲက ပို့စ်တွေအကုန်လုံးရော ငါကြိုက်သလားလို့ ကိုယ့်ကိုကိုယ် ပြန်မေးတယ်။ ရှိတတ်တယ်၊ တစ်ချို့စကာတင်ပို့စ်တွေ အရမ်းကြီးမကြိုက်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ်နဲ့ သိပ်မနီးစပ်လို့။ ဒီပို့စ်ကပေးတဲ့အကြောင်းအရာကို ခေါင်းထဲမှာ ဗဟုသုတအနေနဲ့ သိမ်းထားရုံကလွဲလို့ ဘယ်မှာမှ ပြန်အသုံးချခွင့်မရှိတဲ့အခါ သိပ်မကြိုက်ဘူး ဖြစ်သွားတယ်။

 

ဒါကြောင့် အလုပ်တစ်ခုလုပ်တယ်ဆိုတဲ့နေရာမှာ အကြိုက်တူတာရော၊ မတူတာတွေရော ရှိတတ်စမြဲပါ။ ဘယ်လိုပဲ ဖြစ်ပါစေ၊ ကိုယ့်ပျော်နေတဲ့ နေရာလေးတစ်ခုရဲ့ ကောင်းကျိုးအတွက် (ဘာအကျိုးမမြတ်မှ မရမှန်းသိသိကြီးနဲ့) စေတနာထား၊ အိတ်စိုက် အပင်ပန်းခံ ကြိုးစားနေကြသော ဖတ်ရွေးအဖွဲ့ကြီးကို ဒီလိုကူညီခွင့်ရတာ ဝမ်းသာမိပါတယ်။ ဝမ်းသာလက်စနဲ့ပဲ ဥက္ကဌကြီး အူးမိုက်ကို စပ်စုထားပါတယ်။ (ဘာမှတော့ မဆိုင်ဘူး။) ကြီးကြီးကျယ်ကျယ်လေးပြောရမယ်ဆိုရင်တော့ အင်တာဗျူးပေါ့။ ဟဲ..ဖတ်ကြည့်ပေးကြပါဦး။

 

(၁) ဖတ်ရွေးအဖွဲ့ဝင်အင်အားလေး သိချင်ပါတယ်။ ဘယ်နှစ်ယောက်လောက် ရှိပါသလဲ။

  •  ဖတ်ရွေးအဖွဲ့ဝင်ကတော့ ကြီးမိုက် နဲ့ အတွင်းရေးမှူး အံစာတုံး အပါအဝင် အားလုံးပေါင်း (၁၇) ယောက်ရှိပါတယ်။

(၂) လူတိုင်းက လတိုင်းရွေးပေးတာလား။

  • လူတိုင်းက လတိုင်းမရွေးပေးနိုင်ကြပါဘူး..ဒါပေမဲ့အနည်းဆုံး  (၁၀)ဦးတော့ရှိတတ်ပါတယ်။ (လအလိုက်ရွေးပေးသူအရေအတွက်ကို အံစာမှအတိအကျသိလိမ့်မယ်)

(၃) ဖတ်ရွေးအဖွဲ့ဝင်တွေ ဘယ်လိုဆက်သွယ်ကြပါသလဲ။

  • အများအားဖြင့်တော့ ဂရုဂျီမေးနဲ့ဆက်သွယ်ကြတယ်..ဂျီမေး ဖွင့်ကြည့်ဖို့ အခက်အခဲရှိသူတွေ သိနိုင်အောင် ဖေ့စ်ဘုတ်ဂရုမှာလည်းရှယ်ပါတယ်။

(၄) ရွာကွပ်ပျစ်လေးမှာတော့ မကြာခဏတွေ့ဖြစ်ကြတယ်ထင်တယ်နော်။

  • အရေးကြီးတဲ့တိုင်ပင်ဆွေးနွေးစရာ၊ ဆုံးဖြတ်စရာတွေရှိရင် လူချင်းတွေ့ဆွေးနွေးကြတာ ပိုကောင်းလို့ အဲလိုအခါမှာ ရွာ့ကွပ်ပျစ်(ကိုစွယ်တော့်သင်တန်းကျောင်း)မှာတွေ့ကြပါတယ်။

(၅) အမြင်မတူတာတွေအပေါ်မှာရော ဘယ်လို သဘောထားပါသလဲ။

  • အမြင်မတူတာတွေရှိတတ်ပါတယ်…အဲဒီလိုအခါမျိုးတွေမှာ တစ်ယောက်ချင်းစီရဲ့ အကြံဥာဏ်ကို စိတ်ရှည်စွာ နားထောင်ပေးပြီး လူများစုသဘောတူရာကို ဆုံးဖြတ်ချက်အဖြစ် ယူပါတယ်။ (တစ်ခါတစ်လေတော့ ငှက္ကထကြီးက ဗီတိုအာဏာသုံးပါတယ်)

(၆) ဖတ်ရွေးဆုပို့စ်ကိုတော့ ဗော်လံတီယာတွေက တင်ပေးကြမယ်ထင်တယ်။

  • ဟိုးတုန်းကတော့ ဖတ်ရွေးအဖွဲ့ဝင်တွေကို ငှက္ကထကြီးက တစ်လတစ်ယောက် တာဝန်ပေးပြီးရေးတင်စေပါတယ်။ ခု အဖွဲ့သစ်မှာတော့ ဖတ်ရွေးဆုပို့စ်ကို ဗော်လံတီယာတွေက တင်ပေးကြပါတယ်။ ကိုမျိုးသန့်တို့၊ မွန်မွန်တို့လိုပေါ့။ ဗော်လံတီယာမရရင်တော့ ငှက္ကထကြီးတင်ရမှာပေါ့…။

(၇) ဖတ်ရွေးအဖွဲ့ရဲ့ အခက်အခဲလေးတွေ ရှိရင်လည်း ပြောပေးပါဦး။

  • ဟဲဟဲဟဲ..တစ်ခုပဲရှိတယ်..ရန်ပုံငွေပါပဲ။ ဒါလည်းနောက်ဆုံးတော့ လိုတာကို လူကြီးတွေဝိုင်းစိုက်ပီး အောင်မြင်အောင်လုပ်လိုက်ကြတာပါပဲ။

(၈) ဖတ်ရွေးအဖွဲကို အားသစ်လောင်းမယ့် အစီအစဉ်များရှိရင်လည်း သိချင်ပါတယ်။

  • ဖတ်ရွေးအဖွဲကို တကူးတက အားသစ်လောင်းဖို့တော့ မလိုသေးဘူးထင်တယ်။ ဒါပေမဲ့ဖတ်ရွေးအဖွဲ့က ၀ဲလ်ကမ်းပါ၊ ၀င်ရွေးပေးမဲ့ မည်သူ့ကိုမဆို ကြိုဆိုလျက်ပါ။ ငှက္ကထကြီးကိုယ်တိုင်တောင် ရွာထဲပို့စ်တင်ပြီး ဖိတ်ခဲ့သေးပါသကော။

(၉) ဒီလအတွက်ရော ဖတ်ရွေးအဖွဲ့ဝင်ဘယ်နှစ်ယောက်က ရွေးပေးထားပါသလဲ။

  • အံစာတစ်ယောက်သာ ပို့စ်တွေကိုကော်လက်လုပ်တာမို့ သူ့ကိုချဉ်းကပ်ပါလို့ပဲ အကြံပြုပါရစေ။

(၁၀) နောက်ဆုံးအနေနဲ့ လာမယ့် တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး နည်းနည်းလောက် ပြောပြပေးလို့ ရမလား။

  • လာမယ့် တွေ့ဆုံပွဲနဲ့ မန်းဂဇက်ချစ်သူများစာပေဆုပေးအပ်ပွဲကိုတော့ ၂၀၁၄ခုနှစ် ဇန္န၀ါရီလ (၁၂)ရက်နေ့မှာ၊ ကျင်းပနေကျ သွားလာရေးအဆင်ပြေတဲ့ ကန်တော်ကြီးထဲက ရှန်တီ စားသောက်ဆိုင်မှာလုပ်ကြဖို့စီစဉ်ထားပါတယ်။ ဆုအနေနဲ့လည်း အားလုံးစိတ်ဝမ်းမကွဲရအောင် စာပေဆုရော ကဗျာဆုရော တစ်တန်းစားတည်း အတူတူပေးဖို့ ဆုံးဖြတ်ထားပါတယ်။ စာဖြစ်ဖြစ်၊ ကဗျာဖြစ်ဖြစ် စာဖတ်သူအကြိုက်ဆုံး တစ်ပုဒ်ထွက်လာဖို့ အားထုတ်ရတာချင်း အတူတူခက်ခဲတယ်လို့ ယူဆလို့ပါ။

(interviewer လုံမလေးမွန်မွန် မေးသည်။)

အူးမိုက်ပြောထားတဲ့အတိုင်း အံစာကို ချဉ်းကပ်လိုက်တာ ဒီလ ဖတ်ရွေးပေးသူ (၉) ဦးရှိတယ်လို့ အဖြေထွက်လာပါတယ်။ စကာတင်စာရင်းကို ဂုဏ်ယူစွာ ကြေညာပါတယ်ရှင်။

(၁)

 ပြောရအုံးမယ် အလင်းဆက်ရေ
– TNA
http://myanmargazette.net/188645

(၂)
ကကြီးအကြောင်း တတို့နှစ်တို့(၁ မှ ၄)-ဆယ့်နှစ်မျိုးဂျင်းသုတ်
– padonmar
http://myanmargazette.net/188834

(၃)
မတူကွဲပြားသော လူအများစုဝေးနေထိုင်ရာ … တစ်နည်းအားဖြင့်ဆိုသော Public
– ကြောင်ဝတုတ်
http://myanmargazette.net/189189

(၄)
“ဖက်” တဲ့လား
– hmee
http://myanmargazette.net/189240

(၅)
သို့ သဂျီး (အိတ်မပါပေးစာ)
– nicolus agral
http://myanmargazette.net/189242

(၆)
နားလေးသူတယောက်ရဲ့ ဒိုင်ယာရီ
– ဘလက်ချော
http://myanmargazette.net/189249

(၇)
အရိပ်တို့ရဲ့ အစည်းအဝေး
– ကျော်ဘသစ်
http://myanmargazette.net/189575

(၈)
အ​မေ​ပြော​တော့ငယ်​​သေးတယ်​..​ရေချိုးမှသိမယ်
– ခရီးသည်ကြီး
http://myanmargazette.net/189750

(၉)
အမျိုးသားစာပေဆု… သိက္ခာရှိရှိ ရှေ့ဆက်နေဦးမယ်လို့ ..မျှော်လင့်မိပါရဲ့
– alinsett
http://myanmargazette.net/189843

(၁၀)
မျက်စောင်းထိုးခံရတော့မဲ့ တစ်ကိုယ်ရည် လွတ်လပ်ခွင့်…။
– zayarsan
http://myanmargazette.net/189999

 

နိုဝင်ဘာလအတွက် အကြိုက်ဆုံးစာပေဆုရှင် ဘယ်သူဖြစ်မလဲဆိုတာကိုတော့ လာမယ့် (၁၅) ရက်နေ့မှာ ကြေညာမှာဖြစ်တဲ့အတွက် ရင်ခုန်စွာ စောင့်မျှော်ပေးကြပါဦးလို့…

ခင်တဲ့
လုံမလေးမွန်မွန်

လုံမလေးမွန်မွန်

About လုံမလေးမွန်မွန်

has written 162 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010