အချိန်က မှတ်မှတ်ရရ… ၂၀၁၄ခုနှစ် တပ်မတော်နေ့…

အလုပ်ပိတ်ရက်မို့… မိန်းမနားကပ်… မိန်းမချက်ကျွေးတဲ့ထမင်းလေးစားပြီး အဆီလေးရစ်နေတုန်း..

နေ့လည် (၁)နာရီလောက်မှာ စစ်တွေရုံးက Logisitc တစ်ယောက် ကျွန်တော့်ဖုန်းကို ဆက်လာတယ်…

ပိတ်ရက်တွေကို ရုံးကဖုန်းဆက်တော့ လေးတိလေးကန်စိတ်နဲ့ပဲ ဖုန်းကိုကိုင်လိုက်မိတယ်…

 

တစ်ဖက်က…

အစ်ကိုရေ… ကွန်ပျူတာတွေ ဘယ်လိုလုပ်ရမလဲတဲ့…

ခပ်နောက်နောက် ကျွန်တော်က ရေဆေးပြီး နေလှန်းထားလိုက်လို့ ပြောလိုက်မိသေးတယ်…

ပြီးတော့မှ… တစ်ဖက်နေ ဘယ်ဟာတွေဖြုတ်သယ်လာရင်ရမလဲ ဆက်မေးပါတယ်…

ဒီလိုထူးဆန်းတဲ့မေးခွန်းကို ဖြေဖို့ ကျွန်တော်မေးခွန်းတစ်ခုထပ်မေးရပါတော့တယ်…

 

“စစ်တွေမှာဘာဖြစ်လို့လဲဟင်…”

ဖြစ်တာကတော့ တပ်မတော်နေ့မတိုင်ခင်ညပိုင်းက စစ်တွေမြို့ပေါ်မှာရှိတဲ့ NGO တွေ UN တွေရဲ့ ရုံးတွေ… ကုန်လှောင်ရုံတွေကို ဒေသခံလူတွေက အင်အားသုံးပြီး ဖျက်ဆီးလိုက်တဲ့အကြောင်းနဲ့… ကျွန်တော်တို့ ရုံးလဲ ပျက်ဆီးမှုရှိပြီး အရေးကြီးဒေတာတွေ ပြန်သယ်ဖို့အကြောင်းကို ပြောပါတော့တယ်..

အကျိုးအကြောင်းကတော့… မာတေဇာဆိုတဲ့ NGO တစ်ခုက နိုင်ငံခြားသူအမျိုးသမီးတစ်ယောက်က သာသနာ့အလံကို မဖွယ်မရာလုပ်သတဲ့…

သိပ်ခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုနဲ့ ရှိရှိသမျှ NGO ရုံးတွေ… UN ရုံးတွေကို လူအင်အားသုံးပြီး ဖျက်ဆီးလိုက်ကြတော့တာပဲ… ကားတွေ… မော်တော်ဆိုင်ကယ်တွေကို ဖျက်ဆီး…

တော်သေးတယ်… ညစောင့်ဝန်ထမ်းတွေ ဘာမှမဖြစ်ကြလို့…

လုပ်ရမယ့် အဆင့်ဆင့်ကိုပြောပြပြီး… ကျွန်တော်ဖုန်းချလိုက်တယ်…

အခုအချိန်မှာအရေးအကြီးဆုံးက Server ထဲက Hard Disk ၂လုံးရရေးပဲ… ကျန်တာတော့…

ပစ္စည်းသင်္ခါရ… လူသင်္ခါရပေါ့

ဖုန်းချလိုက်ပေမယ့်… ခေါင်းထဲမှာ နိုင်ငံခြားသူက သာသနာ့အလံကို မဖွယ်မရာလုပ်သတဲ့…

ဒီအကြောင်းကို အစာမကြေဖြစ်ရပါတယ်…

အကြောင်းက ဒီလိုပါ…

ကျွန်တော်တို့ရဲ့လုပ်ထုံးလုပ်နည်းတွေမှာ လုံခြုံရေးအဆင့်တွေရှိပါတယ်…

ဘယ်လုံခြုံရေးအဆင့်ရောက်ရင် ဘယ်လိုနည်းလမ်းတွေလိုက်နာရမယ်… ဘယ်စည်းကမ်းတွေမဖောက်ရဘူး…

ဘယ်စာရွက်တွေ… ဘယ်အချက်အလက်တွေက အရေးကြီးတယ်ဆိုတာ နိုင်ငံခြားသားတင်မက… မြန်မာနိုင်ငံသား ဝန်ထမ်းတွေမှာလဲ လိုက်နာရမယ့်ဟာတွေ အကုန်လုံးအစီတစဉ် ထုတ်ပြန်ထားပြီးသားပါ…

NGO တစ်ခုက ဝန်ထမ်းတစ်ယောက်အနေနဲ့ ဒီလိုအလုပ်မျိုးလုပ်မယ်ဆိုတာကို မယုံနိုင်အောင်ပါဘဲ…

အဲဒါနဲ့ စစ်တွေမြို့မှာရှိတဲ့ မိတ်ဆွေတွေကို လှမ်းတီးခေါက်ကြည့်တော့လဲ… အကျိုးအကြောင်းမခိုင်လုံပေမယ့်…

သူတို့အားလုံး ကြားတဲ့သတင်းက ကျွန်တော်ကြားတဲ့သတင်းနဲ့ တစ်ထပ်ထဲပါပဲ…

အဲဒီညက ကျွန်တော် အိပ်ယာဝင်နောက်ကျခဲ့တယ်… ခေါင်းထဲမှာ မေးခွန်းတွေအပြည့်…

ရခိုင်ပြည်နယ်ကို NGO တွေအနေနဲ့ လုံခြုံရေးအဆင့်တင်းကြပ်ထားတဲ့အချိန်မှာ ဒီလိုလုပ်ရပ်မျိုး ဝန်ထမ်းနိုင်ငံခြားသူတစ်ယောက်အနေနဲ့ လုပ်ပါ့မလား…

—————————————————————–

နောက်တစ်နေ့မနက်ရောက်တော့…

အလုပ်ကို စောစောရောက်ဖြစ်တယ်…

ရုံးခန်းထဲဝင်လိုက်တာနဲ့ ကျွန်တော့အထက်က သူငယ်ချင်းပေါင်းပေါင်းနေတဲ့ နိုင်ငံခြားသားမျက်နှာက စိုးရိမ်ပူပန်မှုတွေ… စိတ်ဆင်းရဲမှုတွေကို အနားမယူနိုင်သေးတဲ့ဖိအားတွေနဲ့ ပေါင်းပြီးတွေ့လိုက်ရတယ်…

ကျွန်တော်တို့ အစည်းအဝေးတွေထပ်ခါလုပ်ခဲ့ကြတယ်…

ပျက်ဆီးဆုံးရှုံးမှုတွေကို အလှူရှင်အဖွဲ့အစည်းတွေဆီ ဘယ်လိုအစီရင်ခံကြမလဲ…

စစ်တွေမှာရောက်နေတဲ့ တစ်ခြားနယ်က မြန်မာနိုင်ငံသားဝန်ထမ်းတွေ… နိုင်ငံခြားသားပညာရှင်တွေကို ဘယ်လိုရန်ကုန်အရောက်ပြန်ခေါ်ကြမလဲ… မေးခွန်းပေါင်းများစွာနဲ့ တစ်နေကုန်ခဲ့တယ်… အဖြေအားလုံး မထွက်ပေမယ့် တစ်ချို့အစီအစဉ်တွေကို အပြတ်ဆွဲနိုင်ခဲ့တယ်…

တစ်နေ့လုံး ခေါင်းမထောင်နိုင်လောက်အောင် အစီအစဉ်တွေဆွဲ မဖြစ်အနေလုပ်ရမယ့် အလုပ်တွေတန်းစီလုပ်ရင်း

ညနေပိုင်းရောက်တော့မှ ပြသနာရဲ့အရင်းအမြစ်ကို စပြီးသိခဲ့ရပါတယ်…

 

အဖြစ်ကတော့ ဒီလိုဗျာ…

အဲဒီရက်ပိုင်းမှာ သန်းခေါင်းစာရင်းကောက်ခံမှုနဲ့ ရိုဟင်ဂျာအကြောင်းကိုအခြေခံပြီး… ထောက်ခံသူတွေရဲ့ အိမ်တိုင်းမှာ သာသနာ့အလံထောင်ပြီး ဆန္ဒဖော်ထုတ်မှုတွေရှိခဲ့တယ်ဆိုပါတယ်…

စစ်တွေအရေးအခင်းမဖြစ်ခင် တစ်ပတ်လောက်ကမှ စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တောခရီးထွက်ခဲ့တဲ့ ကျွန်တော့် သာသနာ့အလံတွေတွေ့ခဲ့ပေမယ့် ခေါင်းထဲမထည့်ဖြစ်ခဲ့ပါဘူး…

အဲဒီတော့ မာတေဇာရဲ့ကုန်သိုလှောင်ရုံကို ငှားထားတဲ့ပိုင်ရှင်ကြီးကလဲ ဆန္ဒတွေဖော်ထုတ်လို့ မာတေဇာကုန်လှောင်ရုံမှာ သာသနာ့အလံတော်ကို သွားရောက်ထောင်ပါသတဲ့…

လူပိန်းအတွေးနဲ့တွေးကြည့်ပါစို့ဗျာ…

နေရာတစ်နေရာကို လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုကို တရားဝင်စာချုပ်နဲ့ ငှားရမ်းလိုက်ပြီးဆိုကတည်းက စာချုပ်သက်တမ်းမပြည့်မချင်း ငှားရမ်းထားသူအပိုင်ပါပဲ… ငှားရမ်းထားသူက ပိုင်ရှင်နဲ့ချုပ်ဆိုထားတဲ့ စာချုပ်ကို မဖောက်ဖျက်မချင်း ပိုင်ရှင်အနေနဲ့ ဘယ်အရာမှ ဝင်ရောက်စီမံပိုင်ခွင့်မရှိပါဘူး… ဒါကားတစ်ချက်…

နောက်တစ်ချက်က နိုင်ငံတကာအဖွဲ့အစည်းအားလုံးရဲ့ စံနှုန်းအရ…

မည်သည့် လူမျိုး… ကိုးကွယ်သည့်ဘာသာ ကိုမှ ဘက်လိုက်ထောက်ခံသော အပြုအမူဘာကိုမှ လုပ်ခွင့်မရှိပါဘူး… ဒါဟာ UN တွေရော NGO အားလုံးရဲ့ တူညီတဲ့ စည်းကမ်းတစ်ခု…

အဲဒီတော့ မာတေဇာက နိုင်ငံခြားသူက သူ့ငှားထားတဲ့သိုလှောင်ရုံကြီးမှာ သာသနာ့အလံတွေ့ခြင်းဟာ…

ပထမတစ်ချက်… အဖွဲ့အစည်းရဲ့ဘက်မလိုက်ဘူးဆိုတဲ့ဥပဒေသကို ချိုးဖောက်သလိုဖြစ်နေတယ်…

ဒုတိယအချက်… သန်းခေါင်စာရင်းကောက်တဲ့နေရာမှာ ကန့်ကွက်တဲ့အပြုအမူဖြစ်တဲ့ သာသနာ့အလံထောင်ခြင်းဟာ အစိုးရကိုဆန့်ကျင်ခြင်းဖြစ်တဲ့အတွက် အစိုးရနဲ့နားလည်မှုစာချွန်လွှာ (MOU) ထိုးထားတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ အစိုးရကို ဆန့်ကျင်ရာရောက်နေပါတော့တယ်…

ဒီအချက်နှစ်ချက်ကြောင့် အဆိုပါနိုင်ငံခြားသူက… သာသနာ့အလံတော်မြတ်ကြီးကို သူ့သိုလှောင်ရုံကနေဖြုတ်ချပြီး… သွေးရိုးသားရိုးပဲ အစောင့်ကို သိမ်းဆည်းခိုင်းတယ်လို့ UN နဲ့ NGO အသိုင်းအဝိုင်းမှာ မျက်မြင်သက်သေများနဲ့တကွ သတင်းပို့တာကိုရရှိခဲ့ပါတော့တယ်…

ကဲ… ဒီနေရာမှာ… အမှိုက်ကစပြီး ပြသာဒ်မီးလောင်ပါပြီး…

အရပ်ထဲမှာတော့ နိုင်ငံခြားသူက သာသနာ့အလံကို စကဒ်လိုဝတ်ပြီး လမ်းသလားသလိုလို…

အလံတော်ကိုဖြုတ်ချပြီး မဖွယ်မယာပြုလုပ်သလိုလိုနဲ့ အပျက်အပျက်ကနေ နှာခေါင်းသွေးအတောင့်လိုက် ထွက်ပြီး ကမ္ဘာမှာ ရွှေမြန်မာတို့ အရှက်ဗြန်းဗြန်းကွဲပါတော့တယ်…

စစ်တွေအရေးအခင်းရဲ့ နောက်ဆက်တွဲအနေနဲ့…

ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ ဒုက္ခသည်ပေါင်း ၅သောင်းကျော်… တစ်ပူပေါ်တစ်ပူဆင့်သလို…

သောင်းဂဏန်းရှိတဲ့… ဝန်ထမ်းပေါင်းများစွာ… အလုပ်လက်မဲ့ဖြစ်တော့မယ့်အနေအထားဆိုက်ရောက် သွားပါပြီ…

ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ ဒုက္ခသည်ပေါင်း ၅သောင်းကျော်ကို အစိုးရအဖွဲ့အစည်းတွေဖြစ်တဲ့ ကျန်းမာရေးဌာနက ဘာမှလုပ်မပေးနိုင်သလို… အလုပ်လက်မဲ့ဖြစ်တော့မယ့် ဝန်ထမ်းသောင်းဂဏန်းကိုလဲ အစိုးရက အလုပ်ဖန်တီး မပေးနိုင်ပါဘူး…

စစ်တွေကို အခြေခံပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေအများဆုံးတည်နေရာဖြစ်တဲ့… ဘူးသီးတောင်… မောင်တောဒေသ… ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသတွေရဲ့ လုပ်ငန်းစဉ်တွေ ရပ်တန်းက ရပ်သွားပါပြီ…

နောက်ဆက်တွဲအနေနဲ့ နယ်မြေခံ အိမ်ပိုင်ရှင်တွေ… ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်တဲ့လုပ်ငန်းရှင်တွေကို UN နဲ့ NGO စတဲ့အဖွဲ့အစည်းတွေရဲ့ အလုပ်တွေကို လက်မခံဖို့… အိမ်တွေ ရုံးခန်းဖွင့်ဖို့ မငှားဖို့… အဖွဲ့အစည်းတွေကို ကုန်ပစ္စည်းရောင်းချခြင်းမပြုဖို့အထိ ချိန်းခြောက်တာတွေ လက်ရှိငှားရမ်းထားသူတွေ… လုပ်ငန်းရှင်တွေရဲ့ အိမ်ရှေ့မှာ လူစုချိန်းခြောက်တဲ့အဆင့်အထိရောက်ခဲ့ပါတယ်…

အဲဒီလိုပဲ… UN စတဲ့နိုင်ငံတကာအဖွဲ့အစည်းများအားလုံးက ရခိုင်ဒေသကို လုံခြုံမှုအဆင့်တိုးမြှင့်လိုက်ပြီး… ငပလီနဲ့ မြောက်ဦးလိုလိုဒေသတွေကို နိုင်ငံတကာခရီးသည်များသွားရောက်ခြင်းကို လျှို့ဝှက်ကန့်သတ်ခဲ့ပါတယ်…

ပြန်စဉ်းစားရင်… ဒီအခြေအနေရဲ့နောက်ဆက်တွဲမှာ…

ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးလုပ်ငန်းတွေ… ခရီးသွားလုပ်ငန်းတွေအပြင် နိုင်ငံတကာကူညီထောက်ပံ့မှုတွေ ဘာမှမရတော့ဘဲ… အထီးကျန်ဒေသတစ်ခုဆီကို ဦးတည်ပြီးသွားပါတော့တယ်…

အဲဒီလိုပဲ…

အခုအချိန်မှာ စစ်တွေရဲ့ အိမ်ငှားခတွေဟာ အရင်ကထက် ၂ဆမက ခုန်တက်သွားပါတယ်…

နိုင်ငံတကာအဖွဲ့အစည်းတွေကို ငှားရမ်းရဲတဲ့ ပိုင်ရှင်တွေနဲသထက်နဲသွားလို့ပါ…

တစ်နည်းပြောရရင် စစ်တွေ အိမ်ခြံမြေဈေးကွက် ပျက်သွားပါပြီ… ဒါဟာလဲ ရခိုင်ပြည်နယ်အတွက် ကောင်းကျိုးလို့တော့ ကျွန်တော်မထင်ပါဘူးဗျာ…

 

နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အမြင်ကိုကြည့်ကြရအောင်…

ကူညီထောက်ပံ့မှုတွေပေးဖို့ သူတို့ကို အစိုးရက တရားဝင်ဖိတ်ခေါ်ခဲ့တာပါ…

အဲဒီလိုပဲ… အစိုးရနဲ့နားလည်မှုသဘောတူစာချွန်လွှာလက်မှတ်ထိုးပြီး ဒေသဖွံ့ဖြိုးမှုကို လာရောက်ကူညီသူတွေအနေနဲ့… လူမှုအဖွဲ့အစည်းက လက်မခံရင်ဖြင့် သူတို့ဘက်က အောင်မြင်စွာ တပ်ခေါက်သွားရုံအပြင် နစ်နာမှုမရှိပါဘူး… ဒီနေရာမှာ မလုပ်ရလဲ တခြားနေရာတစ်ခုမှာ သွားလုပ်ရုံပါပဲ…

ဒီလိုပဲ… မြန်မာနိုင်ငံသားတွေအမြင်ကလဲ…

ဒီ ဘူးသီးတောင်… မောင်တောလိုဒေသတွေမှာပဲ NGO တွေအနေနဲ့ စုပြုံနေပြီး…

ကျန်တဲ့ဒေသတွေကို ဘာလို့မလုပ်ကြလဲဆိုတဲ့အမြင်ရှိနေပါတယ်…

ဒါကတော့ Dry Zone လို့ခေါ်တဲ့ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသကို ဖွံ့ဖြိုးရေးလုပ်ငန်းတွေသွားရောက် လုပ်ကိုင်ဖို့ အစိုးရအနေနဲ့ သိပ်ပြီးသဘောမတွေ့တာကို ကျွန်တော်တို့ သိရှိရပါတယ်…

ဘာ့ကြောင့်သဘောမတွေ့ဘူးလဲဆိုရင်… အစိုးရအနေနဲ့ မြန်မာနိုင်ငံအလယ်တည့်တည့်မှာ ငတ်နေတယ်… ဖွံ့ဖြိုးမှုနောက်ကျနေတယ်ဆိုတာမျိုးကို အစိုးရ သိက္ခာအရ မဖြစ်စေချင်သမို့…

ရခိုင်ဒေသမြောက်ပိုင်း ဘင်္ဂလာဒေ့ရှ်နဲ့ နယ်စပ်မှာပဲ… ဟိုဘက်ကလူလိုလို… ဒီဘက်ကလူလိုလိုနဲ့ ရောချပြီး အဟာရဖွံ့ဖြိုးမှုမရှိဘူးတို့… အစာရေစာရှားပါးမှုတို့ကို ခေါင်းစဉ်တပ်ချင်လို့ပါ…

Dry Zone နဲ့ တခြားသောမြန်မာနိုင်ငံအပိုင်းမှာ ရခိုင်ဒေသထက်ဖွံ့ဖြိုးမှုအထောက်အကူအဖွဲ့တွေနည်းပါးရခြင်း ရဲ့ အကြောင်းအရင်းပါပဲ…

အဲဒီတော့ ရခိုင်ဒေသခံတွေကလဲ NGO တွေ UN တွေက ဒီနေရာမှာပဲ ဒီလူတွေကို ကူညီနေတယ်ဆိုတဲ့ အမြင်မျိုးမြင်သထက်မြင်လာပါသေးတယ်…

ထပ်ရှိပါသေးတယ်… နိုင်ငံတကာအဖွဲ့အစည်းတွေလာတဲ့အခါ… အိမ်အကောင်းစားတွေငှားနေတယ်… ဟိုတယ်အကောင်းစားတွေမှာတည်းတယ်… ကားအကောင်းကြီးတွေစီးတယ်… ဆိုပြီး… ပြောဆိုကြတာလဲ ကြားဖူးကြလိမ့်မယ်…

Logistic စည်းမျဉ်းအရတော့…

လုံခြုံမှုမရှိတဲ့နေရာမှာ ရုံးခန်းဖွင့်ခြင်း၊ တည်းခိုးခြင်းကို သေချာစိစစ်တားမြစ်ပါတယ်… ဒါကလဲ သူ့ရဲ့ ပြည်တွင်း ပြည်ပက ဝန်ထမ်းတွေရဲ့ လုံခြုံရေးကိုအလေးထားတာပါ…

ကားအကောင်းစားတွေစီးတယ်ဆိုတာ Parado တို့ Land Cruiser တို့လို Off-road ကားတွေ သုံးပြီးတော့ လုံခြုံတဲ့ခရီးသွားလာမှုကိုစီစဉ်ကြတာပါ… ကျွန်တော်တို့ရဲ့လုပ်ထုံးလုပ်နည်းထဲမှာ အဲဒီကားမျိုးတွေကို ကားအကောင်းစားလို့ စာရင်းမသွင်းထားပါဘူး… ဒါဟာ လုပ်ငန်းသုံး Truck ကားတွေပါပဲ… ကျွန်တော်တို့ရဲ့ အခေါ်အဝေါ်ကိုက Truck ကားပါပဲ…

Ferrari တို့ Lamborghini တို့လို ဇိမ်ခံပြိုင်ကားတွေသုံးတာမဟုတ်ပါဘူး… အဲ… ဒါပေမယ့် မြန်မာပြည်က သူဌေးလူတန်းစားက ဒီကားတွေကို ဇိမ်ခံစီးနေကြတော့ သူဌေးသုံးဇိမ်ခံကားလို့ ထင်နေတာအဆန်းမဟုတ်ဘူးဖြစ်နေတာပေါ့…

—————————————————————–

လာမယ့်ရှေ့တစ်ပတ်… ကျွန်တော် ရခိုင်ပြည်ကို တာဝန်အရခြေဆန့်ပါဦးမယ်…

ပျက်ဆီးသွားတဲ့ သိုလှောင်ရုံက ကုန်တွေကို လုံခြုံစိတ်ချရအောင်နေရချထားဖို့… အရေးပေါ်ဆက်သွယ်ရေးစနစ်တွေနဲ့ ရုံးအသစ်ကို အခြေချဖို့ တာဝန်ယူထားပါပြီ…

နှစ်လိုဖွယ်ကောင်းတဲ့ ပင်လယ်စာတွေနဲ့ လှပတဲ့ရှုခင်းတွေရှိတဲ့ ရခိုင်ပြည်ကို…

ရုပ်ဆိုးအကျီးတန်တဲ့ အဓိကရုန်းတွေနောက်ထပ်မဖြစ်စေလိုပါဘူး…

တစ်နေ့ ကျွန်တော်တို့အကူအညီပေးခဲ့ဖူးတဲ့ ရခိုင်ပြည်နယ်ကြီး တိုးတက်မှုကို သက်ရှိထင်ရှားရှိချိန်မှာ မြင်ချင်ပါသေးတယ်…

တကယ်တော့ ရခိုင်ဒေသဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့အနောက်ဖက်မှာရှိတဲ့ နိုင်ငံသားတွေနေထိုင်ရာ အေးချမ်းသာယာတဲ့ နယ်မြေတစ်ခုသာ ဖြစ်စေချင်တာတစ်ခုပါပဲခင်ဗျား…

 

ခင်မင်လျက်-

ကြောင်ဝတုတ်

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...