မင်္ဂလာပါခင်ဗျ… “ဦးကျောက်ခဲမေတ္တာဝေတယ်… ဂဇက်ပရိတ်သတ်တွေ ပန်းနာထကြပါစေ”လို့လည်း ရက်ရက်စက်စက် မေတ္တာမပို့ရက်ပါဘူး ၊ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ ဦးကျောက်ခဲ ကိုယ့်အကြောင်းကိုယ်ပြောရရင်တော့ ဒီရက်ထဲမှာ အလုပ်က အားသလိုလို မအားသလိုလိုခင်ဗျ ။ ဒီတော့လည်း ထုံးစံအတိုင်း တောအကြောင်း တောင်အကြောင်း ပြောဖော်ပြောဖက် ဂဇက် ဖတ်ရွေးဥက္ကဋ္ဌ ဦးကြီးမိုက်ကို လှမ်းငြိရတာပေါ့ခင်ဗျာ ။ ကိုယ့်အသက်အရွယ်ကလည်း ဟိုမကျသည်မကျဆိုတော့ ပျော်ပျော်နေတတ်တဲ့ ဦးကြီးမိုက်နဲ့ အဖွဲ့ကျတာလည်း မဆန်းလှပါဘူး ။ တကယ်တော့ ဂဇက်ဆိုတာ သဘောမတူတာရှိရင် ငြင်းကြခုန်ကြ ဖဲ့ကြရွဲ့ကြပေမည့် နှလုံးသားချင်းနီးစပ်သူတွေ စုစည်းမိတဲ့ အွန်လိုင်းပေ့ခ်ျ မို့ အချိန်တန်တော့လည်း ပြီးသွားတာပါပဲ ။ အခုလည်း စပ်စုချင်တာလေး ရှိတာမို့…

“ဗျို့… ဥက္ကဋ္ဌဂျီး ဆြာမိုက်… ကျန်းခန့်သာလို့ မာတော်မူပါစ”
“ဟေ့လူ ကိုကျောက်… ကျုပ် လူ နေကောင်းတယ် ၊ ဒါပေမယ့် စိတ် နေမကောင်းဘူး ။ ခင်ဗျားကျုပ်ကို ဥက္ကဋ္ဌဂျီးလို့ နောင်မခေါ်ပါနဲ့ ၊ ကျုပ် ကိုယ့်ထမင်းကိုယ်စားပြီး သူများအမြင်ကပ်ခံရတဲ့ အဲဒါကြီးကို မလုပ်တော့ဘူး”
“ဟာဗျာ… ဒီလောက်လေး စ မိ နောက်မိတာ စိတ်မဆိုးပါနဲ့ ငှက်ကထဂျီးရယ်”
“တင်းဒယ်ဗျ … တင်းဒယ် ။ ဂဇက် သာရေးနာရေးအဖွဲ့လေးလည်း ပျက်မှာစိုး ၊ ခင်ဗျားတို့လည်း အတင်းဝိုင်းတွန်းလို့ လုပ်ရတာ ။ အခုတော့ စိတ်ကုန်ပြီ”
“အဲ… အဲ… ပစ္စည်းမဲ့ဒေါသတွေ ကျောက်စ်ဘက်ကို လှည့်မလာပါနဲ့ ဆရာသမားရယ် ။ ဂျူလိုင်လအတွက် ဖတ်ရွေးအကြိုက် ဘယ်သူများရသလဲ မေးချင်လို့ပါ”
“ဟမ်… ဥက္ကဋ္ဌမဟုတ်တော့လို့ ကျုပ်လည်းမသိသေးဘူး ၊ သိချင်ရင် အကြားအမြင် ဗေဒင်သာမေး ၊ သွား မေးရင် ကျုပ်ကိုလည်း အဖော်ခေါ်ဗျ ။ ဟောသည့်မှာတော့ ဆန်ကာတင် စာရင်းပဲ” ဟု ဆိုပြီး အောက်ပါစာရင်းအား ဦးကျောက်ခဲကိုပေးပါတော့တယ် ။

 

၂၀၁၄ ဂျူလိုင်လအတွက် ဖတ်ရွေး ဆန်ကာတင် စာရင်း

၁။ မရိုးနိုင်သော တစ်ညတာများ –  Nyo Win
၂။ မောင့်ဗစ်တိုးရီးယား  – pooch
၃။ ရွှေတြိဂံသို့ အလည်တစ်ခေါက်(၁) မှ (၈)  – wei wei
၎။ ဖြတ်သန်းခဲ့သော ပလက်ဖေါင်းများ –  ကိုပေါက် (မန္တလေး)
၅။ ပုလင်းနက် နှစ်လုံး  –  မောင်ဘလှိုင်
၆။ ညငှက်တစ်ကောင်ရဲ့ ရင်ဖွင့်သံ – l u lu
၇။ ဖေ့စ်ဘွတ်ခ်ကို စွန့်ခွာကြသူများ (ညီမလေးဖတ်ဖို့) –  htet way
၈။ ၀န်ရှင်တော်ရွှေဖလား –  marblecommet
၉။ ညီလေးအလင်းဆက်နှင့် မြန်မာစာချစ်သူ…..(၂) – ရွှေညာသား
၁၀။ လူဆိုး လူမိုက်ကြီးရဲ့ သမီးရေးတဲ့စာ….Her experiences –  kyeemite
၁၁။ ဂျိုး စာစုများ –  marblecommet
၁၂။ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု – Teashop ရိုးရာ –  ဇီဇီခင်ဇော်
၁၃။ ည မဆန်တဲ့ ည –  Mr. MarGa

 

ဟိုက်ရှားဘား ဆန်ကာတင်ရွေးထားတာတွေကလည်းရှယ် ၊ ကိုယ့်ဖာသာဖတ်ပြီး ဘယ်ပို့စ် ဆုရနိုင်မယ်ဆိုတာကို မမှန်းဆနိုင်လို့ ဆြာမိုက်ကို မေးခါမှပဲ “ထောင်မင်းကြီးကယ်ခါမှ ထောင်လုံးလုံးကျကိန်း”ကို ရောက်တော့တယ် ခင်ဗျ ။ ကြိုသိချင်ရင် အကြားအမြင် ဗေဒင်သာမေး ဆိုတော့ … အဲဒါမှအခက်ကြုံတာပါပဲ ။ တကယ်တော့ ဦးကျောက်ခဲက ဗေဒင်ပညာကို ယုံတယ်လည်းမဟုတ် ၊ မယုံဘူးလည်းမဟုတ် … ဟိုလိုလိုသည်လိုလိုပါ ။ ဘာရယ်မဟုတ် စိတ်အပန်းပြေတယ်လို့ သဘောထားပြီး လမ်းကြုံရင်မေးလိုက်တာကလွဲလို့ ဘာမှစွဲစွဲလန်းလန်းမရှိပါဘူး ။ အတိတ်ကိုဟောရင် ပြုံးနေလိုက်တယ် ၊ ဟုတ်တယ်လေ … ကိုယ်ဖြစ်ခဲ့တာကိုယ်အသိဆုံး ။ အဲသည်တော့ ကိုယ့်အကြောင်း ကောင်းတာပြောရင် ပီတိဖြစ် ၊ မကောင်းတာပြောရင် ဤဗေဒင်ဆရာ ဟောကိန်းမမှန် လို့ သဘောပိုက်လိုက်တာပဲ ။ အကောင်းအဆိုး ဘာမှစိတ်ထဲမရှိပါဘူး ၊ ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်တတ်သတဲ့ ။

 

ဒီနေရာမှာ စကားလမ်းကြုံလို့ ဖောက်သည်ချရရင် ဦးကျောက်ခဲထက် အသက်ကြီး ဝါကြီးတဲ့ ကိုဇော်ကြီးဆိုတဲ့ မိတ်ဆွေတစ်ဦးကတော့ အတော်လေးကို ဗေဒင်မေးတာဝါသနာထုံပါတယ် ။ ယောက်ျားတန်မဲ့ ဗေဒင်လျှောက်မေးတယ်ဆိုရင်လည်း ခံရမှာပဲ ၊ သူကိုယ်တိုင်က လွန်လွန်ကြူးကြူးကိုး ။ ဆိုရရင်တော့ နာမည်ကြီး ဗေဒင်ဆရာဆိုရင် မမေးဖူးတဲ့သူမရှိသလို ၊ ဗေဒင်မှန်သတဲ့ဆိုတာနဲ့ တပွဲတလမ်း အကဲစမ်းဖို့ အဆင်သင့်ဖြစ်နေတတ်တဲ့ အစ်ကိုကြီးပါ ။ အနှီ ကိုဇော်ကြီး ဗေဒင်အမေးကောင်းလို့ မဟာအရှက်တော်ကွဲခဲ့ရဖူးတဲ့ဇာတ်လမ်းမှာ မောင်ကျောက်ခဲလည်း ဆွမ်းခံရင်း ငှက်သင့်ဖူးတာမို့ အခု ဦးကြီးမိုက်တိုက်တွန်းတော့ အတော် ကျောချမ်းသွားပါတယ် ။

 

ဦးကျောက်ခဲရဲ့ ဖြစ်အင်ကို ပြန်ပြောရရင်တော့ လွန်ခဲ့သော ၁၉၉၁ခုနှစ် ဝါလကင်းလွတ်တဲ့ သီတင်းကျွတ်ပြီးအခါသမယပေါ့ခင်ဗျာ…
အိမ်ထောင်ပြုချင်နေရှာတဲ့ ကိုဇော်ကြီး သူ့ဘော်ဒါတွေကို အဖော်စပ်မရလို့ မောင်ကျောက်ခဲကို ထုံးစံအတိုင်း ဗေဒင်မေးသွားဖို့ အဖော်ခေါ်ပါတယ် ။ မောင်ကျောက်ခဲကလည်း ကားဆီ လူဆီ ဒကာခံမယ်ဆိုရင် မြောက်ဝင်ရိုးစွန်းတောင် လိုက်ရလိုက်ရဆိုတော့ သူပေးတဲ့လိပ်စာအတိုင်း မြောက်ဥက္ကလာအဝိုင်းကြီးနားက ဗေဒင်ဆရာအိမ်ကို ချီတက်ကြတာပေါ့ ။ လိပ်စာထဲကအတိုင်း လမ်းသွယ်အတွင်းကိုဝင်မိတယ်ဆိုရင် ဟိုအိမ်သည်အိမ်က စူးစမ်းတဲ့အကြည့်တွေနဲ့ ကြည့်ကြတယ်ခင်ဗျ ။ မောင်ကျောက်ခဲလည်း နှစ်လိုဖွယ်အပြုံးကိုဆောင်ပြီး “ဗေဒင်ဆရာကြီး ဦးလူအေး” ရဲ့အိမ်ကို မေးလိုက်တယ်ဆိုရင်ပဲ မောင်ကျောက်ခဲရဲ့အပြုံးထက် သာလွန်တဲ့အပြုံးတွေနဲ့ လှိုက်လှိုက်လှဲလှဲ နတ်လမ်းညွန်လုပ်လို့ အိမ်အထိလိုက်ပို့ကြပါတယ်…။ မောင်ကျောက်ခဲတို့စိတ်ထဲမှာတော့ ဤ ရပ်ကွက်သူရပ်ကွက်သားများသည် မြန်မာပီပီ အလွန်လူမှုရေးသိတတ်ပေစွ အလွန်ကူညီတတ်ပေစွ … လို့ပေါ့ ခင်ဗျာ ။

 

ညွှန်လိုက်တဲ့အိမ်ဂေဟာကိုရောက်သွားတော့ ဗေဒင်ဆရာကြီး ဦးလူအေးကို ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ပါတယ် ၊ ပိန်ပိန်ပါးပါး အငြိမ်းစားကျောင်းဆရာကြီးပါ ။ လာရင်းကိစ္စကို အတိုချုံးပြီးရှင်းပြတော့ အတော့်ကို တိုးညှင်းတဲ့ အသံနဲ့ ပညာကြေး ငါးကျပ်တစ်မတ် တင်ခိုင်းပါတယ် ၊ ဟောတာမှန်ရင် သဒ္ဒါသလောက် ထပ်ပူဇော်ပေါ့ခင်ဗျာ ။ ပညာကြေးပူဇော်အပြီးမှာတော့ ဆရာကြီးက “ငါ့တူတို့… အဘက ဗေဒင်ဟောရင် အသံကျယ်တယ်ကွယ် ။ နောက်ပြီး အဘဟောလို့ မပြီးမချင်း ထွက်မသွားရဘူး” လို့ သူ့စည်းကမ်းကိုပြောတယ်ခင်ဗျ ။ အဟတ်… အခုတောင် သူပြောနေတာကို မနည်းနားစိုက်ထောင်နေရတာ ၊ အသံသာ မကျယ်လို့ကတော့ ငုတ်တုတ်ငိုက်ကိန်းရှိတာမို့ … “အားမနာပါနဲ့ခင်ဗျ အဘစိတ်ကြိုက်သာဟောပါ ၊ ကျနော်တို့ ဗေဒင်မေးဖို့လာတာ ဘယ်ကိုမှ ထွက်သွားစရာအကြောင်းမရှိပါဘူး” လို့ ကိုဇော်ကြီးက ဝမ်းသာအားရ ကတိပေးပါတယ် ။ ဆရာကြီးလည်း ၃ကြိမ် ၃ခါ မေးအပြီးမှာတော့ အိမ်တံခါးကို ဂျက်ချ ၊ ဘုရားစင်ရှေ့က ဗေဒင်စားပွဲမှာထိုင် ၊ ဟိုခြစ်သည်ခြစ် ခြစ်ပြီး ၊ အားရပါးရ လော်စပီကာကွဲလောက်အောင် အသံဝါကြီးနဲ့ အော်လိုက်တာက …

 

“အင်္ဂါသား အထွန်းဖွား မောင်ဇော်ကြီး ၊ မွေးနက္ခတ်က လူနက္ခတ် ။ ရတနာသုံးပါးဦးထိပ်ထား… မမှန်ရင် အလျော်ပေးမယ့် ဟောသည့်က ဆြာလူအေး … အဟောခန်းဖွင့်မယ်ဟေ့”

ဆိုင်းမပါ ဗုံမဆင့် အနှီ ပိန်ပိန်သေးသေး ဆရာကြီးဦးလူအေးနှုတ်က ဂေါ်ဇီလာလောက်အသံကြီးထွက်လာတာမို့ ကိုဇော်ကြီးရော မောင်ကျောက်ခဲရော အတော်ဖြုံသွားတယ်ခင်ဗျ ။ ကိုဇော်ကြီးလည်း လန့်သွားတဲ့အမူအယာကိုပြင်ရင်း…
“အဲ အဲ … ဒီလောက်မကျယ်လည်း ကျနော်တို့ ကြားရပါတယ်ခင်ဗျ ။ ဆရာကြီး သက်သက်သာသာဟောပါ” လို့ လေချိုသွေးလိုက်တော့…

“ဟေ့… မောင်ရင်တို့… လူအေးက ပညာမလျှိုဘူး ၊ မာန်နဲ့ ဋ္ဌာန်နဲ့ဟောတတ်လို့ မောင်ရင်တို့ကို သဘောတူလားလို့ မေးပြီးသား ။ မရဘူး… အခုဆက်ဟောမယ်….”

 

တကယ်ပါခင်ဗျာ တားမနိုင် ဆီးမရ ၊ အဲသည့်ဆရာကြီး ဟောလိုက်တာ ကိုဇော်ကြီးဖင်မှာ ဝဲရှိတာရော ၊ သောကြာဂြိုလ်ခုံမောက်ပြီး ရာဇမတ်ကွက်တောင်ပါသတဲ့ဆိုတာရော ၊ စိတ်ကူးအတော်ယဉ်တတ်တယ်ဆိုတာရော ၊ သူ့ကောင်မလေးက အစားပုတ် အအိပ်မက်ဆိုတာရော ၊ အပျင်းထူပြီး အလှမက်တယ်ဆိုတာရော… ကောင်းတာတွေရော မကောင်းတာတွေရော စုံလို့ပါပဲခင်ဗျာ ။ မောင်ကျောက်ခဲကတော့ ကာယကံရှင်မဟုတ်လို့ ဘေးကနေ တခွိခွိရယ်နိုင်ပေမယ့် ကိုဇော်ကြီးခမျာမှာတော့ မျက်နှာကြီးရှုံ့တွနေတာ ခရမ်းသီးကို နေလှမ်းထားသလိုပါပဲ ။ အားရပါးရ သူမြင်တာတွေကို ဟောအပြီး “မောင်ရင် ဘာသိချင်သေးလဲ” ဆိုတော့ ကိုဇော်ကြီးလည်း အထွန့်မတက်နိုင်ပဲ “ပြည့်စုံပါပြီ” ဆိုပြီး ပြာပြာသလဲ ပြန်ဖြေပါတယ် ။ မောင်ကျောက်ခဲကို ဟောပေးမယ်ဆိုတော့ … “ကျနော် ဘာသာခြားပါခင်ဗျ” လို့ လိမ်တုတ်ရတာပေါ့ … မဟုတ်ရင် အော်ကြီးဟစ်ကျယ် ရှက်စရာကြီးလေ ။

 

မောင်ကျောက်ခဲ မဟောခိုင်းမိတာ ကံကောင်းတယ်ခင်ဗျာ ။ ဘာဖြစ်လို့လဲဆိုတော့ ဦးလူအေးအိမ်က ပြန်အထွက် အိမ်ရှေ့မှာ ရပ်ကွက်ထဲကမိန်းမတွေအစ ဆိုက်ကားဆရာအဆုံး ပရိတ်သတ်က မနည်းဘူးခင်ဗျ ။ အပြုံးပန်းတွေ ဝေဝေဆာဆာနဲ့ ဆရာဦးလူအေးရဲ့ ကိုဇော်ကြီးကွက်စိပ်ကို နားသောတဆင်နေကြတာလေ ။ အခုမှသဘောပေါက်တယ်… အဲဒါကြောင့် လိုလိုလားလားနဲ့ ဆရာကြီးရဲ့အိမ်ဂေဟာကို “အရောက်ပို့”တာကိုး ။ မောင်ကျောက်ခဲကတော့ မရှက်စဖူး ရှက်သွားပေမယ့် ရှေ့မျက်နှာ နောက်ထားလို့ ဟန်ကိုယ့်ဖို့ ခပ်တည်တည်နဲ့ ကားရှိရာကို သွားတဲ့အချိန် ကိုဇော်ကြီးကတော့ မျက်နှာကြီးနီရဲပြီး ခေါင်းငိုက်စိုက်ချလို့ အနောက်ကနေ လိုက်လာပါတယ် ။ အဲသည့်မှာ ရွှတ်နောက်နောက် ရပ်ကွက်ထဲက အမျိုးသမီးတွေ မကြားတကြားပြောပုံက…
“ဟယ်… မထင်ရဘူးနော် ၊ ဖင်မှာ ဝဲရှိသတဲ့… အဟိ အဟိ”
“အမလေး ကြောက်စရာကြီး ၊ သောကြာဂြိုလ်ခုံမှာ ရာဇမတ်ကွက်တောင်ပါသတဲ့တော်ရေ့”
“….xo x iii xoo xiii….”
အနှီကဲ့သို့ စုံစီနဖာ ဝိုင်းဝန်းအားပေးလိုက်ကြတာကြောင့် မောင်ကျောက်ခဲနဲ့ ကိုဇော်ကြီးလည်း ထူပူပြီး ကားမောင်းထွက်လာလိုက်ကြတာ မြောက်ဥက္ကလာအဝိုင်းကြီးနားလောက်ရောက်မှ သတိပြန်ကပ်ပါတယ် ။

 

အခုလည်းဗျာ “၂၀၁၄ခု ဂျူလိုင်လအတွက် ဖတ်ရွေးဆုရှင်” ဘယ်သူလဲဆိုတာကို စပ်စုချင်စိတ်က ထိန်းမနိုင်တားမရ ၊ ဆြာမိုက်က သူလည်းမသိဆိုတော့ … သူအကြံပေးသလို အကြားအမြင် ဗေဒင်မေးရကိန်းကို ဆိုက်နေပြီလေ ။ အိုဗျာ… ဖြစ်ချင်ရာဖြစ်… ဟိုးလွန်ခဲ့တဲ့ အနှစ် ၂၀ကျော်လောက်က အဖြစ်ဆိုးလို မဟာ့မဟာအရှက်ကွဲကိန်းတော့ မရှိလောက်ဘူးလို့ ကိုယ့်ကိုယ်ကိုအားတင်း… ဆြာမိုက်ကို အဖော်ပြုပြီး အကြားအမြင် ဗေဒင်မေးဖို့ ချီတက်ရတာပေါ့ခင်ဗျာ…။
ဟုတ်ကဲ့… ဒီတခါမေးမယ့် ဆြာက… ဂဇက်တခွင် ပြဲပြဲစင် ၊ မ တစ်လုံးကြေ မသိတာမရှိ ၊ နတ်ပင့် နတ်တင် ၊ ခေါစာကျွေးတာပါ အထူးကျွမ်းကျင်တဲ့…

ပုံစားဆရာဂျီး အွန်လိုင်းဗေဒကဝိ ဆြာဆာမိ” ဖြစ်ပါတယ် ခင်ဗျား….

 

 

 

 

မကြာမီရက်ပိုင်းအတွင်းမှာ တင်ဆက်မည့် “ဧဝံမေသုတံ – ၂၀၁၄ခု ဂျူလိုင်လအတွက် ဖတ်ရွေးဆုရှင်” ကို စောင့်မျှော်ကြပါလို့… :k:

ဦးကျောက်ခဲ

About ဦးကျောက်ခဲ

ဦး ကျောက်ခဲ has written 55 post in this Website..

   Send article as PDF