” ပြန်လည်တူးဖော်ပြီး နုတ်ဆက်မယ် “

 

 

ဒီဂဇက် ရွာသားအမည် ကျွန်တော် ခင်ခ ပါ။

ကျွန်တော် ၂၀၁၂ ခုနှစ် မေလ (၁၈) ရက်နေ့မှာ ဒီဂဇက်ရွာသားအဖြစ် မှတ်ပုံတင်ပြုက စတင်ဝင်ရောက် ပိုစ့်ရေး ခဲ့တာပါ။

ကျွန်တော် ပထမဆုံး ရေးတင်ခဲ့တဲ့ ပိုစ့်ကတော့သမ္မတကြီးဦးသိန်းစိန်၏ ကျန်းမာရေး သတင်း “ Posted by ခင်ခ on May 18, 2012 in Copy/Paste | 14 comments

” မနေ့က နေ့လည်ပိုင်းမှာ ရန်ကုန်မြို့ သမ္မတကြီးနေအိမ်တွင် သမ္မတကြီးဦးသိန်းစိန်မူးလဲကြောင်း သိရပါတယ်။ဦးသိန်းစိန်ဟာ ၆၈နှစ်ရှိပြီး နှလုံးခုံနှုန်းကိုထိန်ညှို့ သောစက်တပ်ဆင်ထားသူဖြစ်ပြီး၊ ဆီးချိုဆိုင်ရာ ကျန်းမာရေးအားနည်သူဖြစ်ကြောင်းနဲ့ စိတ်ရောကိုယ်ပ်ပင်းပန်နေချိန်မို့အခုလို ဖြစ်တာဟု သူနှင့်နီးစပ်တဲ့ အသိုင်းအ၀ိုင်းကဆိုပါတယ်။”

အစချီတဲ့ သတင်းကို ဘာရေးတင်ရမှန်းမသိစဉ်ဆိုတော့ ပိုစ့်လုပ်ရေးပြီး စတင်ခဲ့တာပါ။ အဲဒီပိုစ့်ကို ရွာစ၀င် တဲ့နေ့ ဖြစ်သော ၂၀၁၂ခုနှစ် မေလ (၁၈) ရက်နေ့မှတင်ခဲ့တာပါ။

ကျွန်တော်တင်တဲ့ အဲဒီပထမဆုံးပိုစ့်မှာ ၀င်ရောက်မန့်ခဲ့တဲ့ ဦးဆုံးသူကတော့

ဟိန်း ၀င်း (ထားဝယ်သား) says:

အ၀င်အထွက်များလို့ မူးနောက်သွားတာနေမှာပါ …

 

ကျွန်တော်၏ ရွာသက်တမ်း(၂)နှစ်ကျော်ကာလအတွင်းမှာ အခုထိ စာပေ နဲ့ ကဗျာ ပိုစ့်စုစုပေါင်း (၄၀၈) ပုဒ် ရေးတင်ခဲ့ပါတယ်။

အဲဒီရေးသားတင်ခဲ့တဲ့ ပိုစ့်တွေထဲက စာရေးသူအကြိုက်ဆိုမလား ကျွန်တော်အကြိုက်ပြောရမလား ပိုစ့် တစ်ချို့ကို ပြန်လည်တူးဖော် တင်ပြချင်ပါ တယ်။ ကျွန်တော်ကြိုက်ပေမယ့် အများကတော့ ကြိုက်ချင်မှ ကြိုက်ကြမှာပါ၊ ကျွန်တော်အရေး ရသပိုင်း မကောင်းမှန်းသိလို့လည်း ဖတ်ရွေးအဖွဲ့ကို ကျွန်တော်ပိုစ့်တွေ ထဲ့မရွေးပါနဲ့လို ကြိုတင်တောင်းပန်ထားခဲ့ဘူးပါတယ်။

 

(၁) ပထမဆုံးပြန်တင်ပြချင်တဲ့ပိုစ့်က ” ရေရောင်းကြသူများ “

http://myanmargazette.net/136338

 

အဲဒီထဲမှာ ကျွန်တော်တို့ငယ်ငယ်က စေတနာသဒ္ဒါနဲ့ အလုပ်ကိုလုပ်ခဲ့ကြပေမယ့် မျက်မှောက်ခေတ်အခြေအနေ မှာတော့ တန်ဖိုးကိုအဓိကထားလုပ်လာခဲ့ကြပြီ ကောင်းတာရချင်ရင် ညီမျှတဲ့တန်ဖိုးပေးရမယ် ဒါကလည်း ခေတ် ကိုကပြောင်းလဲလာခဲ့တာပါ၊ အဲလိုပြောင်းလဲလာခဲ့တဲ့ခေတ်မှာ ဟိုတုန်းက စေတနာသဒ္ဒါနဲ့ ရှာဖွေလုပ်ကိုင်ကြ တာကို ပြန်တမ်းတမိဟန်လေး မရေးတတ်ရေးတတ်ရေးဖြစ်ခဲ့တာပါ။ ပိုစ့်အမြည်းအနေနဲ့………….

” ကျွန်တော်တို့ခပ်ရွယ်ရွယ် အသက်၁၀~၁၅နှစ်ဝန်းကျင်လောက်က ရန်ကုန်နဲ့မန္တလေး ရထားနဲ့ ခရီးသွားခဲ့ ကြစဉ်တုံးက လမ်းခရီးမှာရထားရပ်တဲ့ ကျောက်ဆည်၊ပျဉ်မနား၊ တောင်ငူ၊ဖြူး၊ပဲခူး အဲဒီလိုလမ်းဘူတာ တွေမှာ ရထားခေတ္တရပ်နားဖို့ ဆိုက်ရောက်လာပြီဆိုရင် ရေအိုးလေးတွေ ခေါင်းပေါ်ရွက်ပြီး ရေ-ရမယ် ရေ-ရမယ် လို့ အော်ပြီး ရထားဘေးနား ရောက်လာတတ်ကြတဲ့ ရေရောင်းကြသူများကိုတွေ့ခဲ့ဘူးတယ်နော်။ သောက်ချင်တဲ့ သူတွေ ကလည်း ရေအိုးလေးတွေရဲ့ အဖုံးပေါ်မှာပါတဲ့ ရေခွက်လေးတွေနဲ့ခပ်သောက်ကြ၊ သယ်သွားချင်တဲ့ သူတွေအတွက်လည်း သူတို့ကထဲ့ပေးကြ၊ မျက်နှာသစ်ချင် သုံးချင်တဲ့သူ တွေအတွက်လည်း လိုသလောက် ခတ်သုံးကြပြီး ကျသင့်တဲ့တန်ဖိုး အနေနဲ့လည်း သောက်သုံး သူတွေရဲ့ စေတနာ ရှိသလောက်ပေးခဲ့တာကိုဘဲ ယူတတ်ကြပြီး အဆင်မပြေလို့မပေးခဲ့ကြလည်း ကုသိုလ်ပါလို့ထားတတ်ကြတဲ့ ရေရောင်းကြသူများ ဟိုး တစ်ခေတ်တစ်ခါက ရှိခဲ့ကြပါတယ်။”

 

(၂) ဒုတိယမြောက်ပြန်တင်ပြချင်တဲ့ပိုစ့်က မနေနိုင်လို့ ပြောပါရစေ။ “

http://myanmargazette.net/144402

အဲဒီပိုစ့်ထဲမှာတော့ တိုင်းပြည်တစ်ခုကို တကယ်တိုးတက်စေချင်တယ်ဆိုရင် အတွေးအခေါ် အယူအဆ အမြင်တွေ ဟာ ဆန်းသစ်နေဖို့လိုပါတယ် ရှေးရိုးစွဲ လှေထိုးကြီးရိုးရိုး ရပ်တည်မှုဘဲရှိနေရင် အဲဒီတိုင်းပြည် တိုးတက်သင့် သလောက်မတိုးတက်နိုင်ပါဘူး၊ ဒါကြောင့် လူငယ်ခြေတက်တွေကို မွေးထုတ်ကာနေရာ ပေးသင့် တဲ့အကြောင်း ကို ဘုရားပွဲဇာတ်စင်မြင်ကွင်းနဲ့နှိုင်းပြီးစာတိုလေးရေးဖြစ်ခဲ့တာပါ။ ပိုစ့်အမြည်းအနေ နဲ့……

“ဟို နောက်က ကလေးတွေ အဲဒီက ကာထားတဲ့ သစ်သားတန်းတွေပေါ် သိပ်မတက်ကြနဲ့လေ အကုန်လုံးကျိုးကုန်မှာပေါ့၊ မမြင်ရရင်လာ ဒီရှေ့မှာ လာထိုင်ပြီး ကြည့်ကြ၊ ရှေ့ဆုံးတန်းကလူကြီးတွေ ကလေးတွေအတွက် နေရာနည်းနည်းလေး ချန်ပေးပြီး နောက်လေးနည်းနည်း ဆုတ်ပေးကြရင် ကလေးတွေ အတွက် လည်း အမြင်ကောင်းသွားမယ်၊ အားလုံးလည်း အဆင်ပြေသွားမယ်ဗျာ။ လုပ်ပါကူညီစိတ်လေးနဲ့ လုပ်ကြပါဗျာ။ လာလာ ကလေးတွေ ရှေ့လာ´´ ဆိုပြီး ဘုရားပွဲလေး တစ်ခုမှာ…………………”

“ကလေးအုပ်စုလိုက်“ ဟေး  ဟေး ´´ ဆိုပြီးအပြေးအလွှားရှေ့ကိုဝင်လာကြတော့ ရှေ့ဆုံးကလူကြီးတွေလည်း မလွှဲသာလို့ နောက်ဆုတ်ပေးလိုက် ကြရတာပေါ့၊ ဒါတောင် အသံကြားလိုက်သေးတယ် “ အတော်ရှုပ်တဲ့ ကလေးတွေကွာ   ကောင်းကောင်းကို မထိုင်ရဘူး´´တဲ့။”

 

(၃) တတိယမြောက်ပြန်တင်ပြချင်တဲ့ပိုစ့်က ” ဟင်းတောင်းထဲမှာ ပါလာသမျှ “

http://myanmargazette.net/145739

အဲဒီပိုစ့်ထဲမှာတော့ ကျွန်တော်တို့တွေနေ့စဉ်စားသုံးနေတဲ့ သား ငါး အသီး အရွက် အဟာရ တွေထဲက ဘယ် အရာက အကျိုးပြုတယ် ဘယ်ဟာကိုတော့ ချင့်ချိန်စားသင့်တယ် ကျန်းမာရေးအတွက် ဘယ်အရာကိုတော့ ပိုစားသင့်တယ်ဆိုတာကို ဈေးဝယ်ဟင်းတောင်း(ခြင်းတောင်း)တစ်ခုအဖြစ် တင်စားပြီး စုကာစီကာ ကျန်းမာရေး အတွက်မျှဝေရေးဖြစ်ခဲ့တာပါ။ ပိုစ့်အမြည်းအနေနဲ့ …………….

” နေ့စဉ်စားတဲ့ အစားအစာအဖြစ် ဟင်းတောင်းထဲက တိရိစ္ဆာန်တွေရဲ့ အတွင်းကလီစာမှာ ကိုလက်စထရော အများအပြားပါတတ်ပါတယ်၊ ဥပမာ- သသည်း၊ နှလုံး၊ အူ ၊ အစာအိမ် ၊ ဂဏန်းအဆီ၊ ပုဇွန်းခေါင်းတို့လိုပါ။ အစားအစာကို ဆီရွှဲရွှဲနဲ့ ကြော်လှော်ချက်ပြုပ်ရင် အဆီတွေကို အများကြီး စုပ်ယူထားနိုင်ပါတယ်၊ ဒါကြောင့်  ပေါင်းတဲ့၊ ပြုပ်တဲ့၊ ဆီပြန်ရေပြန်နပ်တဲ့၊ သုတ်တဲ့နည်းဖြင့် စီမံတဲ့ဟင်းတွေနဲ့ ပိုသင့်တော်ပါတယ်၊”

” တစ်ချို့က  ဟော့ပေါ့စားကြတယ်၊ ဟော့ပေါ့ထဲမှာ အဆီများတာတွေကို သတိပြုမိရဲ့လား၊ ဟော့ပေါ့ထဲမှာ ငါးအသားလုံး၊ ငါးဖယ်ထုပ်၊ ဥဖက်ထုပ်၊ နဲ့ ၀က် ဥဏှောက်တွေမှာ အဆီတွေ အများကြီးပါနေ လို့ အဲဒါတွေကိုတော့ အကောင်းဆုံးက ရှောင်သင့်ပါတယ်၊ ဟော့ပေါ့စားသုံးရင် ဟင်းရည်မျက်နှာပြင်မှာ ဆီတွေဖုံးမနေစေဘဲ ဆီနည်းနည်းပါတဲ့ ဟင်းရည်ကြည်နဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီအမှုန့်များများ ထည့်စား ပါ။ အစာစားရာမှာလည်း စားကောင်းတိုင်း အ၀စားခြင်း မပြုသင့်ပါ၊”

 

“ဟင်းတောင်းထဲမှာ သွေးချိုကျစေတဲ့ ဟင်းသီးဟင်းရွက်တွေလည်းပါနိုင်ပါတယ်၊ သွေးချိုကျစေတဲ့ ဟင်းသီး ဟင်းရွက်တွေကတော့ ကြက်နားရွက်မှို၊ ကြက်ဟင်းခါးသီး၊ မုန်လာဥနီ၊ ကန်စွန်းရွက်၊မျောက်ဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နဲ့ ဟင်းရွက်ညို Laver တို့ဖြစ်ပါတယ်။”

 

(၄) စတုတ္ထမြောက်ပြန်တင်ပြချင်တဲ့ပိုစ့်က ” ကိုယ့်အိုးကိုယ်ဆန် တန်ရုံပေါ့ “

http://myanmargazette.net/203344

အဲဒီပိုစ့်ကတော့ အရမ်းသုံးစွဲနိုင်တဲ့ သူတွေကိုကြည့်ပြီးတော့ ကိုယ်အဲလောက်မသုံးစွဲနိုင်လို့ စိတ် ဓာတ်ကျအားငယ်စရာမလိုသလို၊ ကိုယ်သုံးနိုင်တာလဲ ကိုယ့်မိဘအရိပ်ကြောင့်ဆို ကိုယ့်အလှည့်ကျ ဒီထက်သုံးနိုင်အောင် ကြိုးစားဖို့ မနာလိုမရှု့စိတ်တွေမရှိကြဖို့ရေးဖြစ်ခဲ့တာပါ။ ပိုစ့်အမြည်းအနေ နဲ့…………….

” ငါသား ဘီဒိုထဲမှာ ငွေကြိုက်သလောက်ယူသွား
ကားသော့က တိုင်မှာချိတ်ထားတယ်
သူငယ်ချင်းတွေလည်း ခေါ်လိုက်အုံးကွယ်
သူဌေးကြီးက ပေးရှာတယ်။”

 

(၅) ပဉ္စမမြောက်ပြန်တင်ပြချင်တဲ့ပိုစ့်က “ရေးတော့အဖေ ဖတ်တော့အမေ´´

http://myanmargazette.net/180426

အဲဒီပိုစ့်ကတော့ မိသားစုလို့ဖြစ်တည်လာကြပြီဆိုရင် လူပျိုဘ၀လို သုံးဖြုန်းနေလို့မပြီးတော့ဘူး ကိုယ် အိမ်ထောင်၊ ကိုယ့်မိသားစု တင့်တယ်ဖို့ မိဘဖြစ်တဲ့ အဖေရော အမေတွေရော အရေးပါလာသလို မလိုအပ်ဘဲ သုံးဖြုန်းစားသောက်နေကြတာတွေမဖြစ်စေချင်တဲ့ရည်ရွယ်မှုလေးနဲ့ ရေးဖြစ်ခဲ့တာပါ။ စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဆိုသလိုပေါ့ဗျာ၊ ပိုစ့်အမြည်းအနေနဲ့ …………….

” ကျောင်းသူ – “အရင်နေ့တွေက ငါ့ အိမ်ကကားကရောက်နှင့်နေတော့ နင် အခုလို စောင့်ရတာ ငါ မသိဘူး လေ၊ ဒါနဲ့နေပါအုံး ဘာလို့အဲလိုစောင့်ရတာလဲ အဲလိုနောက်ကျရင် နင်အဖေကရော ကားမောင်းတဲ့ဦးကြီးကို မဆူဘူးလား´´

ကျောင်းသား – “ကားမောင်းတာ ငါ့အဖေကိုယ်တိုင်ဆိုတော့ ဘယ်သူသွားဆူရမှာလဲဟ ပြီးတော့ နင်တို့ အိမ်လို နင့်အဖေက ကားတစ်စီး နင်အမေက ကားတစ်စီး နင်ကျောင်းသွားပြန်ကြိုပို့ဖို့က ကားတစ်စီး အဲလို ဟုတ်ဘူးဟ ငါ့ကို ကျောင်းပို့ကျောင်းကြိုလုပ်တဲ့ကားနဲ့ ငါ့အဖေက တက်စီ(အဌားကား) ဆွဲတာလေ၊ တစ်ခါ တလေ ကျောင်းပို့ဖို့အိမ်ကထွက်ရင်းနဲ့ လမ်းမှကားဌားမယ့်သူတားရင် အဖေကရပ်ပေးပြီး အဆင်ပြေတယ်ဆို ခရီးသည်ကို ခေါ်တင်လာလို့ ခရီးသည်က ၃-၄ ယောက်ဆို ငါက ကားနောက်ခန်းပြောင်းပြီး ကျောင်းကိုလိုက်ရ တာဟ´´”

“သား မိသားစုတစ်ခုမှာ အဖေနဲ့အမေရှိတဲ့အခါ အဖေတွေက စီးပွားရှာကြတယ် ငွေရှာကြတယ် အမေတွေက အိမ်ထောင်တာဝန် သားသမီးတာဝန်တွေ ထိန်းနေကြတာပေါ့၊ အဖေတွေက စီးပွားငွေ ကြိုးစားရှာကြတဲ့အခါ မိသားစု ဘ၀လှအောင် ကိုယ်ရှာတဲ့စီးပွားငွေကို မဖြုန်းတီးဘဲ မိသားစုနဲ့ ကိုယ့်အတွက် လိုအပ်တာဘဲ သုံးရင် အဲဒီအဖေတွေဟာ ဘ၀စာမျက်နှာကို လက်ရေးလှလှရေး တတ်ကြတာပေါ့၊ အဲလိုဆိုရင် အဲဒီမိသားစုရဲ့အမေတွေအတွက် ကံကောင်းတာပေါ့ ဖြုန်းတီးငွေ မရှိလို့ လောက်ဌတဲ့အပြင် စုမိဆောင်းမိလေးရှိတော့ နာရေးဖျားရေးဖြစ်ရင် ရင်မမောရသလို နာရေးဖျားရေး မရှိတော့လည်း ပိုလျှံစုမိပြီး ကြီးလာတော့ ချမ်းသာစွာနေရတာပေါ့သားရယ် မိသားစုတစ်စုမှာ ဘ၀ စာမျက်နှာကို ရေးတော့အဖေ ဖတ်တော့အမေ တဲ့ မှတ်ထားနော်သားတဲ့´´

 

(၆) ဆဌမမြောက်ပြန်တင်ပြချင်တဲ့ပိုစ့်က “FAMILY ဆိုသော မိသားစု´´

http://myanmargazette.net/186442

အဲဒီပိုစ့်ကတော့ လက်ထပ်ထိမ်းမြားအိမ်ထောင်တစ်ခုတည်ဆောက်ပြီး ဖြစ်ပေါ်လာတဲ့ မိသားစုကိုခေါ်တဲ့ အင်္ဂလိပ်စာလုံးလေးနဲ့ မိသားစု ချစ်ချစ်ခင်ခင်နေသင့်တဲ့အကြောင်းလေးရေးဖြစ်ခဲ့တာပါ။ ပိုစ့်အမြည်းအနေ နဲ့……………..

” စာလုံးအဓိပ္ပါယ်လေးတွေရဲ့ ရှေ့ဆုံးစာလုံးတွေကို တစ်လုံးစီစုလိုက်တော့ FAMILY ဆိုတဲ့ မိသားစု ဆိုတာ လေးဖြစ်တည် တာမို့ အတော်ကို အဓိပ္ပါယ်ပြည့်စုံတဲ့ စကားစုလေးပါ။ ဒါကြောင့် “မိသားစုလေး သာယာလှပ စေဖို့ ဖေနဲ့မေတို့ ထာဝစဉ် ချစ်ကြပါစို့ ´´လို့ “

 

 

(၇) နောက်ဆုံးပြန်တင်ပြချင်တဲ့ပိုစ့်က ” နံပါတ်ဘယ်လောက်မှန်း မသိသော တိုကင် “

http://myanmargazette.net/203248

အဲဒီပိုစ့်ကတော့ သံဝေဂနဲ့ယှဉ်ပြီး သေခြင်းတရားကို သတိမူမိစေဖို့ ကြီးငယ် အရွယ်မရွေး ဘယ် အချိန် သေဆုံး မယ်ဆိုတာမသိကြလေတော့ ကိုယ့်အနေနဲ့ လုပ်သင့်တာလေးတွေကို လုပ်ကြ ဖို့တိုက်တွန်းချင်တဲ့ရည်ရွယ်ချက် လေးနဲ့ရေးဖြစ်ခဲ့တာပါ။ ပိုစ့်အမြည်းအနေ နဲ့…………….

” ကျွန်တော်တို့ငယ်ငယ်က အခုလိုပုပ္ပလိဂ္ဂဘဏ်တွေမရှိဘူး အစိုးရဘဏ်ဘဲရှိတော့ ငွေသွားထုတ်ရင် ငွေထုတ်စာရွက်ထပ်တဲ့အခါ တိုကင်နံပါတ် ပြန်ပေးလိုက်တယ်။ မိမိနံပါတ်ကိုကြည့်ပြီး ဘယ်အချိန်လောက် ထုတ်လို့ရမလဲ မှန်းပြီး ဟိုဟိုဒီဒီသွားလို့ရတယ် ဆိုလိုတာက နံပါတ်စဉ် ဂဏန်းနည်းနေရင် မြန်မြန်ကိုယ့် အလှည့်ရောက်ပြီး နံပါတ်စဉ် ဂဏန်းများနေရင် အတော်ကြာမှ ကိုယ့်အလှည့်ရောက်မယ်ပေါ့ “

” အခြားတိုကင်နံပါတ်က နံပါတ်စဉ်ခေါ်လို့ အဆင်သင့် မရှိသေးရင် နောက်လူအလှည့်ကျော်ခေါ်ပြီး နောင်မှ အရင်ခေါ်မရသူကို ပြန်ခေါ်တဲ့ အလှည့်ကျော်စနစ်ရှိ ချင်ရှိနိုင်ပေမယ့် ထိုမရဏ တိုကင်နံပါတ် ကတော့ အလှည့်ကျော်စနစ်မရှိဘဲ ကျရောက်နံပါတ်အတိုင်း ကြီး ငယ် ချမ်းသာ ဆင်းရဲ မဲ ဖြူ မရွေး တိတိကျကျပင် ခေါ်ငင်သွားတတ်ကြသည်သာဖြစ်ပေသည်။”

 

ကျွန်တော်ရေးသီခဲ့တဲ့ပိုစ့်တွေထဲက ပြန်လည်ထုတ်နုတ်ကာ တူးဖော်မိတာပါ။

ဒီ ဂဇက်မှာ မန်ဘာဝင်ပြီး စာတွေ၊ ကဗျာတွေ၊ ဓာတ်ပုံတွေ စသည်ဖြင့် ပိုစ့်တင်ကြမယ်၊ သူတစ်ပါးက အဲလို ရေးတင်တဲ့ပိုစ့်တွေ ၀င်ရောက်ကာ မန့်ကြမယ် ဘယ်လိုဘဲလုပ်လုပ် ရွာသူား တစ်ယောက်၏ တစ်ကြိမ်အတွက် အမြင့်ဆုံး သက်တမ်းသည် ပွိုင့်တစ်သိန်းပင်ဖြစ်ပါသည်။ ထိုပွိုင့်တစ်သိန်းနား အကပ်ဆုံးသူသည် Top Ten စာရင်းဝင် ထိပ်ဆုံးတွင်တည်ရှိသော်လည်း ထိုပွိုင့်တစ်သိန်းပြည့်ပြီးသည့်အခါ ဂဇက်မှာ ထိပ်ဆုံးစားရင်းဝင် မှတ်တိုင်တစ်ခု စိုက်ခွင့်ရ စိုက်ထူပြီး လွန်မြောက်ရင်တော့ “ကျေနပ်ဆုံးအချစ်ရေတစ်ကပြန်စဟေ” ဆိုသလို နောက်တစ်ကြိမ် အတွက်ပြန်စရ စမြဲမို့ တစ်ကြိမ်အတွက် အမြင့်ဆုံးသက်တမ်းကို ကျွန်တော် ခင်ခ ပထမ မြောက်မှတ်တိုင် ပွိုင့်တစ်သိန်းကို ဒီပိုစ့်ရေးတဲ့အချိန်မှာရရှိခဲ့ပါပြီမို့ ကျွန်တော်တကယ်ဝမ်းမြောက်ပိတိဖြစ်နေ ပါတယ်။ ထို ပွိုင့်တစ်သိန်းထိ ဟုတ်တာ မဟုတ်တာတွေကို အမျိုးမျိုးရေးခွင့်ပေးခဲ့သော ဒီဂဇက်၏ သဂျီးမင်း ကိုလည်း အထူးပင်ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။

ဒါကြောင့် ” ပထမမြောက် ခင်ခ” အနေနှင့် ဂဇက်၏ပွိုင့်တစ်ကြိမ်သက်တမ်းပြည့်ပြီ ဖြစ်သောကြောင့် ရွာသူား အားလုံးကို လေးလေးစားစား အရိုအသေပြု နုတ်ဆက်ခဲ့ပါတယ်နော်။

ဒုတိယအကြိမ်သက်တမ်းအတွက် ဒုတိယမြောက်ခင်ခ လာပါလိမ့်မယ်ဗျ။

 

အားလုံးကိုကျေးဇူးတင်စွာဖြင့်-

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..