ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၇
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၁
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၃
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၃
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၄
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၄
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၅
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၅
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၆
ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၆
———————————————————————————————
မြန်မာစာ စာအုပ်ပျောက်တဲ့ ပြဿနာက အင်္ဂလိပ်စာဖြေမယ့်ညမှာမှ အဖြေပေါ်တော့တယ်။ စာတွေမမေ့အောင် ပုံနှိပ်စာအုပ်ကို ခေါင်းအုံးအောက်ထားမယ်ဆိုပြီး ခေါင်းအုံးကို ယူလိုက်တော့ မြန်မာစာစာအုပ်က အခန့်သား။ ဖြစ်ပုံက စာတွေမေ့ကုန်လို့ စာအုပ်ကို ခေါင်းအုံးအောက်ထားအိပ်ရင်းကနေ မနက်ကျတော့ မေ့သွားတာ။ အမေကတော့ ပွစိပွစိပေါ့။ သင်္ချာဖြေမယ့်ညမှာတော့ ဂိုက်ဆရာမက လာမယ်တဲ့။ ဒါပေမယ့် ဆရာမ မလာခင်ကတည်းက လူက အိပ်ငိုက်နေပြီ။ သင်္ချာပါဆိုမှ ဘာမှကျက်စရာမရှိဘူးလေ။ သီအိုရီတွေ ပြန်ကြည့်ရတာလည်း ပျင်းစရာကောင်းတယ်။ ဒီတော့ သင်္ချာဖြေမယ့်နေ့ဆိုတာ ခေါင်းကြည်မှဖြစ်မယ်၊ ဘာညာနဲ့ ဆိုပြီး (၁၀) နာရီကတည်းက ဝင်အိပ်တာ။ ဆရာမတောင် မလာသေးဘူး။ မနက်ရောက်တော့ ထုံးစံအတိုင်း (၄) နာရီမှာ နှိုးတယ်။ သင်္ချာစာအုပ်ကို ရှေ့ချပြီး အိပ်ငိုက်တာ ဘယ်လိုမှ ထိန်းမရဘူး။ ဆယ်တန်းတစ်နှစ်လုံးမှာ ဒီတစ်ခါအဆိုးဆုံး အိပ်ငိုက်ခြင်းပဲ။ အမေနဲ့ဆရာမက ခဏခဏသတိပေးတယ်။ သမီး..စာကြည့်လေ… ရက်ပိုင်းလေးပဲ ကျန်တော့တာ.. အိပ်မငိုက်နဲ့… ဘာညာပေါ့။ ဘယ်လိုပဲပြောပြော မရဘူး။ ဖယောင်းတိုင်နဲ့ဆိုတော့ ပိုဆိုးတာပေါ့။ တစ်ခေါက်တော့ ငိုက်လိုက်တာ စားပွဲနဲ့နဖူးနဲ့ ဆောင့်မိတာ ဒိုင်းကနဲပဲ။ နဖူးက ပူကနဲဖြစ်သွားလို့ ကုန်းအထ၊ “နင် ဘာဖြစ်နေတာလဲ..” ဆိုတဲ့ အော်သံနဲ့ ဖယောင်းတိုင်ထွန်းထားတဲ့ နို့ဆီခွက်က မျက်နှာနားက ဖြတ်သွားတယ်။ အမေ ပေါက်ကွဲပြီ။ “ဒီလောက် စာမေးပွဲရက်ထဲ ရောက်နေတာတောင် နင်က အိပ်ငိုက်နေသေးတယ်.. မဖြေချင်တော့ဘူးလား” ဘာညာဆိုပြီး ပါးစပ်ကလည်းအော်၊ လက်ကလည်း စာကြည့်စားပွဲကို လွှင့်ပစ်လိုက်တာ ဝုန်းကနဲပဲ။ လူက အတော်လည်းလန့်သွားတယ်၊ စိတ်လည်း တော်တော်တိုသွားတယ်။ ဒါပေမယ့် ဆယ်ကျော်သက်ဆိုတော့ အကျောက မသေးဘူးလေ။ ပေတေတေအချိုးနဲ့ဆိုတော့ အမေက ပိုဆိုးရော။
ကျွန်မနဲ့ အမေနဲ့က သိပ်မတူဘူး။ ကျွန်မက ကိုယ်လုပ်တဲ့အလုပ်ကို သူများဝင်စွက်ဖက်တာ မကြိုက်ဘူး။ ကျွန်မကို ဖိအားမပေးနဲ့၊ အသာပဲ ကြည့်နေ၊ ကျွန်မခေါင်းထဲမှာ အကုန်ရှိပြီးသား ဆိုတဲ့ ပုံစံမျိုး။ လိုက်ပြောနေရင် ဘာမှမလုပ်ဘဲကို ထိုင်နေတာ။ (ငယ်ငယ်က အချိုးတွေပေါ့။) အမေကကျတော့ အရမ်းဖြစ်စေချင်တော့ ကျွန်မရဲ့ အေးတိအေးစက်နဲ့ အပျင်းထူနေတဲ့ပုံစံကို လုံးဝသဘောမကျဘူး။ “ငါက ဘာမှမဖြစ်ဘူး.. နင်ပဲ အပြောခံရမှာ” ဆိုပြီး ကျွန်မကို စိတ်ပူတာ။ ကျွန်မကလည်း စာကြမ်းပိုးလိုမျိုး တစ်ချိန်လုံး စာစာစာ ဖြစ်နေတာမျိုး မနေတတ်ဘူး။ လတ်လျားလတ်လျား လျှောက်သွားပေးမှ စာကျက်ချိန်ရောက်ရင် ခေါင်းထဲကို စာဝင်တာ။ အခုလည်း ဖြစ်နိုင်ရင် အိပ်ရေးဝဝအိပ်ပြီး သွားဖြေချင်တာ။ အိပ်ချင်လျက်နဲ့ မအိပ်ရတော့ လူက စိတ်တိုနေပါတယ်ဆို အမေကပါ ဆူနေတော့ ပိုဆိုးရောပေါ့။ အဲဒါနဲ့ စာဆက်မကြည့်တော့ဘဲ မုန့်သွားစားပြီး အချိန်ဖြုန်းနေလိုက်တယ်။ ရေမိုးချိုးပြီး ကျောင်းသွားပေါ့။ အမေကတော့ ဆူပြီး စိတ်မကောင်းဖြစ်နေပုံပဲ။ ကျွန်မကတော့ ပြီးတဲ့ကိစ္စ ခေါင်းထဲ သိပ်မထည့်တတ်တဲ့သူဆိုတော့ အေးဆေးပဲ။
ဒါပေမယ့် စာမေးပွဲခန်းထဲရောက်တော့ ကံဆိုးစွာနဲ့ပဲ သင်္ချာက နည်းနည်းခက်တယ်။ သင်္ချာတော်ပါတယ်ဆိုတဲ့ သူငယ်ချင်းကို လှမ်းကြည့်မိတော့ သူကလည်း ခေါင်းခါပြတယ်။ အချိန်သာကုန်တော့မယ် (၁၀) မှတ်တန် တစ်ပုဒ်ကို ဘာရွေးရမှန်း မသိသေးဘူး။ တစ်မှတ်တန်တွေကလည်း အပေါက်တွေကျန်နေသေးတယ်။ မဖြစ်တော့တဲ့အဆုံး တစ်ပုဒ်ကိုရွေး၊ ဖြေလည်းအပြီး အချိန်လည်းစေ့ပဲ။ တစ်မှတ်တန်က (၇) ပုဒ်လောက် မဖြေရသေးဘူး။ အချိန်လည်း မရှိတော့ဘူး။ လူက ငိုချင်နေပြီ။ အဖြေလွှာလည်း အပ်ပြီးရော သူငယ်ချင်းတစ်ယောက်က အဖြေတိုက်မလို့ လှမ်းမေးတော့ ဒီမှာက မျက်ရည်အဝဲသား။ သူကလည်း အရမ်းစိတ်ပူသွားပုံရတယ်။ ဂုဏ်ထူးမထွက်ဘူးလားတဲ့။ မသိဘူးလို့ပဲ ဖြေလိုက်တယ်။ ခြေကလည်း ယိုင်နေပြီ။ သူငယ်ချင်းရဲ့ လက်မောင်းကို အတင်းကိုင်ပြီး ပြန်ထွက်လာရတာ။ ကျောင်းဝရောက်တော့ သင်္ချာသင်ပေးတဲ့ ဆရာကြီးက စောင့်နေတယ်။ တပည့်တွေဆီကနေ မေးခွန်းတွေကို လှမ်းယူပြီး ဘာမှခေါင်းထဲမထည့်နဲ့တော့၊ မနက်ဖြန်ဘာသာကိုပဲ ကြည့်တော့ ဆိုပြီး မေးခွန်းစာရွက်ကို သိမ်းပစ်လိုက်ရော။ အမေကတော့ ကျွန်မ အခြေအနေမကောင်းမှန်း သတင်းရထားပြီးပြီ။ ကျွန်မကို တွေ့တွေ့ချင်း မငိုနဲ့နော် သမီး တဲ့။ ဆိုက်ကားနောက်က ထိုင်လိုက်ပြီး တွေ့တဲ့သူကို ပါးစပ်ကသာ ပြုံးပြနေတာ ငိုချင်စိတ်က ထိန်းမရတော့ဘူး။ ဒါနဲ့ အိမ်တောင် မရောက်သေးဘူး၊ ဆရာ့အိမ်ကိုဝင်ပြီး ငိုရတယ်။ အားရပါးရကို အော်ငိုပစ်လိုက်တာ။ ဆရာ့အစ်မတွေကလည်း အားပေးကြပါတယ်။ ညီမလေးရဲ့ ဆရာတောင် (၁၀) ပုဒ်လောက် မှားခဲ့တာ ဂုဏ်ထူးထွက်တယ်၊ စိတ်မညစ်နဲ့တဲ့။ အမေကတော့ သူဆူလိုက်လိုက်တာကြောင့် စိတ်မကြည်လို့ မဖြေနိုင်တာ လု့ိ ထင်နေလားမသိဘူး။ တကယ်က အဲ့အကြောင်းက ခေါင်းထဲတောင် မရှိတော့ဘူး။
ကျန်တဲ့ဘာသာတွေကတော့ အဆင်ပြေပါတယ်။ ရူပဗေဒနေ့တုန်းကတော့ ဆရာမက ကျွန်မဆီလာတဲ့အချိန် ကျွန်မက ဆရာနဲ့ ဖုန်းပြောနေတာ။ ဆရာမမှာ ပြောစမှတ်ကိုဖြစ်လို့။ ငါကသာ စိတ်ပူပြီး သူ့ဆီသွားတာ၊ သူက အေးအေးဆေးဆေး ဖုန်းပြောနေသေးတယ်တဲ့။ ဘိုင်အိုနေ့ကတော့ နည်းနည်းထူးခြားတယ်။ စာတွေမေ့ကုန်တာ။ ဘိုင်အိုင်မဖြေခင် တစ်ရက်ပိတ်သေးတယ်။ အဲဒါလည်း စာကောင်းကောင်းမကျက်ဖြစ်ဘူး။ ဖြေမယ့်နေ့မှသာ စာမေးပွဲခန်းရှေ့အထိ စာကို တတွတ်တွတ်ရွတ်နေရတာ။ ဖြေတော့ ပုံကြောက်တဲ့ကျွန်မမှာ ပုံဆွဲခိုင်းတဲ့မေးခွန်းတွေကို ရှောင်ရတာ ကျန်ကျောင်းထက် သာမယ်ထင်တယ်။ ပုံနဲ့ စာနဲ့ ရွေးခိုင်းရင် ပုံက မဆွဲတတ်ဘူး၊ စာက မေ့နေတယ်။ နောက်ဆုံး မထူးဇာတ်ခင်းပြီး အဓိပ္ပာယ်နားလည်ပြီး စာမေ့နေတဲ့ အပုဒ်တွေကို ကိုယ့်ဘာသာကိုယ် own sentence တွေနဲ့ ရေးပြီး ဖြေလာခဲ့တယ်။ ဖြစ်ချင်တော့ ဘိုင်အိုဆရာမက အမှတ် (၉၀) ကျော်ရအောင် ကြိုးစားဆိုပြီး (အဲဒီအချိန်တုန်းက အရမ်းဈေးကြီးပြီး ကျွန်မတို့ မဝယ်နိုင်တဲ့) Uniball ခဲတံလေး လက်ဆောင်ပေးထားတာ ရှိတယ်။ စာမေးပွဲခန်းထဲက ထွက်လာရော ဆရာမကို အဲဒီခဲတံလေး ပြန်ပေးတယ်။ (ဆရာမကတော့ ပြန်မယူပါဘူး။) အခြေအနေမကောင်းဘူး ဆရာမ၊ ဂုဏ်ထူးတောင် မသေချာဘူး လို့။ ဆရာမမှာ မျက်နှာမကောင်းဘူး။ အိမ်ပြန်ရောက်တော့ စာသင်ဘောပေါ်မှာ ကိုယ့်ဘာသာကိုယ် ခန့်မှန်းအမှတ်တွေ ချရေးပြီး တွက်ကြည့်လိုက်တယ်။ အခြေအနေမဆိုးဘူးပေါ့။ အဲဒီနောက်မှာတော့ တစ်နှစ်ပတ်လုံးဖြစ်ခဲ့သမျှတွေကို ခေါင်းထဲက ထုတ်ပြီး အဝတ်အစားလဲ၊ အိပ်စက်အနားယူခြင်းဖြင့် ကျွန်မရဲ့ ဆယ်တန်းကျောင်းသူဘဝကို ပြီးဆုံးစေခဲ့ပါတယ်ရှင်။
20 comments
လုံမလေးမွန်မွန်
June 5, 2014 at 1:22 pm
ပြီးပါပြီ.. ဖတ်ပေး၊ ကွန်မန့်ပေးကြသူ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်…
MAUNG
June 6, 2014 at 7:26 am
အားလုံး ပြီးမှ မန့်မလို့ စောင့် နေတာ၊ ခု ပြီး ပြီ ဆိုတော့ မန့် ပြီ ။
၁ဝ တန်း ဘဝ ကိုယ့်ကိုယ် ကို ဆိုးလှ ပြီ မှတ် တာ ညီမ မွန် ပို့စ် တွေဖတ်ပြီး နောက်ဆုံး မှ ဟူး ကနဲ သက်ပြင်း ချမိတယ် ။
အောင်စာရင်း ထွက် မဲ့ည အတွေ့အကြုံ လေး လုပ်ပါဦး
ခင်မင်စွာဖြင့် …..
လုံမလေးမွန်မွန်
June 6, 2014 at 12:18 pm
အခုလို စောင့်ဖတ်ပြီး အားပေးနေတာ သိရလို့ ဝမ်းသာမိပါတယ် MAUNG 🙂
အနော်လည်း ကိုယ့်ကိုကိုယ်ဆိုးလှပြီ ထင်နေတာ အခုကလေးတွေက ပိုဆိုးနေတယ်။ လုံမတို့တုန်းက ကျောင်းစာက ကျောင်းမှာအပြီးသင်တာ။ အိမ်စာမပေးဘူး။ အခုက ကျောင်းတစ်ဖက်၊ ကျူရှင်တစ်ဖက်၊ အိမ်စာတစ်ဖက်နဲ့ စာကျက်ချိန်မရှိတဲ့ ကလေးတွေကို သိပ်သနားမိတယ်။
အောင်စာရင်းထွက်တဲ့နေ့က အကြောင်းကို ပို့စ်တစ်ခုထဲမှာ ရေးဖူးတယ်။ ပြန်ရှာလိုက်ဦးမယ်။
surmi
June 6, 2014 at 12:44 pm
အော် ~~~ ပြီးသွားပြီကိုးးး
ဟိုဟာ ဒီဟာ ဘာညာဘာညာတွေလဲမပါဘူး
သမီးအလိမ္မာလေး :kwi:
လုံမလေးမွန်မွန်
June 6, 2014 at 1:36 pm
ဟိ … အဲ့တုန်းက ဇာတ်လမ်းက နယ်မှာမရှိဘူးဆိုတော့ ကံကောင်းသွားတယ် 🙂
အယ်..ဘာတွေပြောမိနေပါလိမ့်
black chaw
June 6, 2014 at 12:51 pm
ဘဝ ဆိုတာ ဆယ်တန်း လောက်နဲ့ မပြီးပါဘူး…။
ဆိုတော့ တက္ကသိုလ်ကျောင်းသူ ဘဝ ကို ဆက်ရေးဖို့
တောင်းဆိုသွားပါတယ်ဗျာ…။
ဟူး…ဖတ်ရတာ မောသွားတာပဲ…။
လုံမလေးမွန်မွန်
June 6, 2014 at 1:45 pm
တက္ကသိုလ်ကျောင်းသူဘဝက သာသာယာယာပဲ။ ကျောင်းပြေး၊ ကန်တင်းထိုင်၊ စာမကျက် နဲ့ပဲ အောင်လာတာ … ရေးတော့ဘူးနော် 🙂 ်
Crystalline
June 6, 2014 at 4:10 pm
မွန်မွန်လေးတစ်ခါရေးဖူးတဲ့အထဲ..အောင်စာရင်းထွက်တာအထိပါလား.. ထွက်ခါနီးညအထိပဲပါလားလို့.. မဖတ်မိတာပဲလားမသိ… ပြိုင်ဖက်..အမ်ဘီအေတက်နေတယ်ဆိုတာတွေတောင် မှတ်မိသေးတယ်… :)) အမှန်အတိုင်းပြောရင် မွန်မွန့်အစားမောလိုက်တာ… ကိုယ် ၁ဝတန်းကိုပြန်စဉ်းစားတာ… ရန်ကုန်ကျောင်းတွေဆိုတော့ သတင်းကျွတ်ပြီး..ကျောင်းသားတွေအလာကျဲသွား.. ကျူရှင်လည်း အိမ်နားတွေမှာပဲယူပြီး… အသေအိပ်ခဲ့တာလား.. တခါမှ ၁ဝနာရီထိုးထိကျက်ဖူးတာမရှိ.. စာတွေကိုချတွက်ခဲ့တာမရှိ… ကျက်စာရော..တွက်စာရော.. စာအုပ်ကိုင်ပြီး အိပ်ဖတ်တာ.. အဲတော့လည်း အိပ်ပျော်သွားရော… :mrgreenn:
လုံမလေးမွန်မွန်
June 6, 2014 at 5:23 pm
ထွက်တဲ့အထိပါတယ် မမဂျီး.. (ကြွားထားတာလေ. ဟိ)
http://myanmargazette.net/151296
http://myanmargazette.net/151328
ဒါနဲ့ မမဂျီးက ဘယ်နှစ်ခုနှစ် ဆယ်တန်းအောင်တာလဲဟင်င် (အစ်သည်ဟု မှတ်ပါ..)
alinsett (gazette)
June 6, 2014 at 6:05 pm
ဒီအထိလည်း လိုက် ဖတ်လာပါကြောင်းးး
padonmar
June 8, 2014 at 12:33 am
မောသွားတာပဲ၊ကိုယ်တိုင်ဖြေခဲ့တာ အဲလောက် စိတ်မမောခဲ့ဘူး။
စာမေးပွဲ ဖြေတုံးလည်း မငိုခဲ့ရဘူး။
အောင်စာရင်းထွက်မှ ငိုမိတာ။
အရီးခင်
June 8, 2014 at 4:09 am
လုံမ
ဇာတ်သိမ်း က rush ဖြစ်နေသလားလို့။
အရီး ၁ဝတန်းတုန်းက လုံမလောက် မကြိုးစားခဲ့တာတော့ အမှန်ဘဲ။
ဒါကြောင့်လဲ ကိုယ်လိုချင်တဲ့ လိုင်းမရခဲ့ တာ ဆန်းတော့မဆန်းပါဘူး။
ဒီနေ့ ၁ဝတန်း စာမေးပွဲ အောင်စာရင်း အထွက် အမှတ်တရ ဖြစ်အောင် ဒီ Post ကို စဉ်ရေးထားတာထင်ရဲ့။
ဒီနှစ် အောင်ချက် ဘယ်လိုလဲ။
kyeemite
June 11, 2014 at 2:11 pm
ဒီနှစ်အောင်ချက် ထိပ်ဆုံးကပြေးတယ်ဆိုတဲ့ မွန်ပြည်နယ်တောင် ၄၆%လားပဲရှိတယ်လို့ဖတ်လိုက်ရတယ်…
တပြည်လုံးမှာတော့ ၃၀%ပဲရှိသတဲ့( Eleven Mediaကပြောတာ)
သမီးနေတဲ့ ကျောင်းကတော့ဒီလို…
Sanchaung SHS (2)
all D-18
5 D-20
4 D-12 နဲ့
အောင်ချက်က 95.98% တဲ့
တကျောင်းလုံးမှာ bio 6ယောက်, eco 3ယောက် ပေါင်း 9ယောက်ပဲ ကျတယ်တဲ့ အရီးမုတ်ဆိတ် ခင်ဗျား
ကေဇီ
June 8, 2014 at 11:45 am
ဟုတ်တယ်။ အောင်စာရင်းထွက်တဲ့ ထိတော့ ရေးလေ လုံမလေးးးး
နည်းနည်း ချုပ်တာ မြန်လိုက်တာ။
ကိုရီးကားလိုပဲ။
စာမေးပွဲကို စိတ်လှုပ်ရှားရင် စာကို ပိုမေ့တတ်တာထင်တယ်။
အမတုန်းကတော့ ကိုယ်ဘေးနားက လူတွေက အကုန်ကြောက်ပြီး ကိုယ်က ဘာ ကြောက်ရမှန်းကို မသိတာ။
😀
snow smile
June 9, 2014 at 8:13 am
၆ မ ဖတ် ရ သေး ဘူး
ရ က ခု မှ ဖတ် ရ တာ
ဆက် ရေး အုန်း နော်
အ သေး စိတ် မှတ် မိ နိုင် လွန်း တဲ့ မွန် မွန်
စာ ရေး ကောင်း တဲ့ မွန် မွန်
တ က္က သိုလ် စာ မေး ပွဲ တွေ အ ကြောင်း ဆက် ရေး ပါ
Mr. MarGa
June 11, 2014 at 11:19 am
တစ်ချိန်လုံး သယ်လာတဲ့စာက အခုမှ ကသောကမျော သိမ်းသလိုကြီး
မကျေနပ်ဘူး ပြန်ပြင်ရေး 🙂
တစ်ချိန်လုံး ဖတ်လာတဲ့သူ နင်သွားတယ်
ဒါပဲ… :mrgreenn:
ဦးကြောင်ကြီး
June 11, 2014 at 11:51 am
အမွမ်နဲ့ကြောင် ကျူ ရှင်လစ်ပီး ကောက်ရိုးပုံထဲ ခြိမ်းတွေ့ဒါကြလော့ အပါဗူး… ငအံယေ အမြှ အမြှ…
လုံမလေးမွန်မွန်
June 12, 2014 at 11:10 am
သိမ်းတာနည်းနည်းမြန်သွားတယ်။ 🙂
ငါရေးတာ အရမ်းရှည်နေပြီလား. . . အသေးစိတ်ကျလွန်းနေလား ဆိုပြီးအမြန်သိမ်းသလို ဖြစ်သွားမိတယ်။ နောက်ခါ အဲ့လို မလုပ်တော့ဘူးနော်။ အခုလို အစအဆုံး တောက်လျှောက်အားပေးလာသူအပေါင်းကို ကျေးဇူးအထူးတင်ပါတယ်လို့။
Ma Ma
June 13, 2014 at 7:07 pm
ကွန်ပြူတာပျက်နေတဲ့အချိန်တက်လာတဲ့ပိုစ့်မို့ မဖတ်ဖြစ်ဘူး။
နောက်တော့လဲ ရှေ့အပိုင်းတွေ မဖတ်ရသေးတာနဲ့ အဆက်အစပ်ရှိမှာ မဟုတ်ဘူးဆိုပြီး မဖတ်ဖြစ်ဘူး။
ခုမှ ဒီအပိုင်းကို ဖတ်လိုက်တော့မှ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် လုပ်ချင်လာမိတယ်။
နောက်ဆုံးနှစ် (၁ဝတန်း မဟုတ်ဘူး) မှာ သူများတွေ လိုင်ဘရီသွား စာကြိုးစားနေတဲ့အချိန်မှာ အအိပ်မပျက် အစားမပျက် ပေ့ါပျက်ပျက် နေခဲ့တယ်။
ကိုယ့်ကိုယ်ကို စာဖတ်ရမယ် စာဖတ်ရမယ်လို့ သတိပေးပြီး အိမ်အပေါ်ထပ်တက် လှေကားသော့ပိတ်ပြီး အိပ်လိုက်တာ အိမ်သားတွေက ထမင်းစားဖို့ခေါ်တာမရလို့ ဘာများဖြစ်သလဲဆိုပြီး တံခါးအတင်းခေါက်ကြ အော်ကြတာ ဘေးအိမ်တွေကကြားပြီး ဝိုင်းကြည့်ကြတယ်တဲ့။ 😀
ကိုယ်ကတော့ အဲလောက်ဖြစ်မှန်းမသိပဲ နိုးလာမှ အေးအေးဆေးဆေး အောက်ထပ်ဆင်း ထမင်းစားဖို့လုပ်တော့မှ အဖြစ်အပျက်ကို သိတော့တယ်။
အဲဒီရာဇဝင်က လူစုံတိုင်း ဟားစရာကြီးကို ဖြစ်လို့။ :P:
ကိုယ့်တုန်းကလည်း ကျားကုပ်ကျားခဲကြိုးစားလာတာ မဟုတ်တော့ ကလေးတွေကို စာဖတ်ဖို့ အတင်းအကြပ် ဖိအားမပေးချင်ဘူး။
Ma Ma
June 13, 2014 at 7:28 pm
ကျားကုတ်ကျားခဲ :p: